← Chapters

အဲ့ဒါက ထောင်ချောက်တစ်ခုပဲ

Vol. 138 Ch. 1923

အဲ့ဒါက ထောင်ချောက်တစ်ခုပဲ

Vol. 138 Ch. 1923

‘လူသားမျိုးနွယ်ဆီ ကပ်ဘေးယူဆောင်လာမဲ့သူ...’

ထိုစကားကို ပြောလိုက်သူမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ် မဟုတ်လျှင် ကျန်းရီ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအတောအတွင်း မသေမျိုတစ်ပိုင်း ရသေ့ကြီးက အပြင်ထွက်လာပြီး လူသားမျိုးနွယ်ကို ကူညီခဲ့သည်။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် မသေမျိုးတစ်ပိုင်းမျိုးနွယ်၏ ဂုဏ်သတင်းက မွှေးနေပေသည်။

မဟာဧကရာဇ်လေးပါးကလည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လေးစားကြသည်။ ထို့ကြောင့် သူတို့အောက်မှ လူများကလည်း လိုက်၍လေးစားကြသည်။ ကောလာဟလများကလည်း ဆယ်ဆ၊ အဆတစ်ရာပို၍ ချဲ့ကားလာသည်။ ရုတ်တရက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လူသားမျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်လာပြီး သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာပေသည်။

သို့ဖြစ်၍ ကျန်းရီသည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး လူသားမျိုးနွယ်၏ လျှို့ဝှက် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်ရမည်ဟု ထင်ခဲ့သည်။ လူသားမျိုးနွယ် အန္တရာယ်ကြုံနေရချိန်တွင် သူက ထွက်ပေါ်လာပြီး လူသားမျိုးနွယ် တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်ရန် ကူညီခဲ့သည်။ ရန်သူများပင် ထိုကဲ့သို့သော လူတစ်ယောက်ကို လေးစားရသည် မဟုတ်လော။

သို့သော် ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လူသားမျိုးနွယ်ဆီ ကပ်ဘေးယူဆောင်လာမည့်သူဟု ပြောလိုက်မည်ဟု မျှော်လင့်မထားပေ။

ကွာခြားမှုက အလွန်ကြီးနေသည်။ ထို့ကြောင့် ကျန်းရီ မယုံဝံ့သေးဘဲ စိတ်ဝင်တစား မေးလိုက်လေသည်။

“ကောင်းကင်ဧကရာဇ်... လူသားမျိုးနွယ်က ဒီအခြေအနေဘဲ ရောက်နေပြီ။ မသေမျိုးတစ်ပိုင်း ရ‌သေ့ကြီးက လူသားမျိုးနွယ်ဆီ ကပ်ဘေးယူလာတော့ရော ဘာအကျိုးရှိမှာ မို့လို့လဲ။ လူသားမျိုးနွယ် ဖျက်ဆီးခံလိုက်ရရင် မသေမျိုးတစ်ပိုင်းမျိုးနွယ်လည်း မကြာခင်မှာ ဖျက်ဆီးခံရမှာ မဟုတ်လား။ ပြီးရင် ကပ်လောကထဲက မျိုးနွယ်အားလုံးရဲ့ အလှည့် ရောက်လာမှာပဲ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ ပြန်မေး၏။

“လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မဲ့ အခြေအနေတောင် ရောက်နေပြီလား။ လူသားမျိုးနွယ်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည်။ သူ နိုးထလာခဲ့သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူ လက်ရှိကောင်းကင်ဘုံအကြောင်းကို သိမထားချေ။

ကျန်းရီသည် အခြေအနေကို အသေးစိတ် သွက်လက်စွာ ရှင်းပြလိုက်သည်။ အဖွဲ့အစည်းအသီးသီး၏အကြောင်း၊ ကောင်းကင်မိစ္ဆာဘုံအကြောင်း၊ သူ တမလွန်ဘုံမျိုးနွယ်၏ ပိုင်နက်ထဲတွင် လုပ်ခဲ့သည့် အကြောင်းများနှင့် လူသားမျိုးနွယ်က ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ကို မည်သို့ပြန်သိမ်းပိုက်ခဲ့သည့်အကြောင်းများကို ပြောပြလိုက်ပေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တစ်နာရီကြာအောင် နှုတ်ဆိတ်သွား၏။ ထို့နောက် သူ အလေးအနက် ပြောလိုက်သည်။

“ပြဿနာတစ်ခု ရှိနေတယ်၊ ပြဿနာကြီးတစ်ခု။ မင်တဲက အစောကြီးကတည်း ပြန်ကောင်းနေလောက်ပြီ။ ဘာလို့ သူက ကောင်းကင်စကြဝဠာဘုံကိုပါ အရေးမစိုက်ရတာလဲ။ ဘာလို့ သူက လူသားမျိုးနွယ်ကို တိုက်ခိုက်ခွင့် ပေးရတာလဲ”

ကျန်းရီသည်လည်း ထိုပြဿနာကို တွေးမိခဲ့ဖူး၏။ သို့သော် ထိုစဉ်က သူ့တွင် များစွာတွေးတောနေရန် အချိန်မရှိခဲ့ပေ။ ယခုတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း ပြောနေပြီဖြစ်ရာ သူ သွက်လက်စွာ မေးလိုက်သည်။

“ကောင်းကင်ဧကရာဇ်... ပြဿနာက ဘာပါလဲ”

“တမလွန်ဘုံဧကရာဇ်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သေချာစွာ ပြော၏။

“တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာပြီးနေလောက်ပြီ။ မင်တဲ သူ့တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့တာ တမလွန်ဘုံဧကရာဇ်ဆီက ညွှန်ကြားချက်‌တွေ ရခဲ့လို့ ဖြစ်မယ်။ တမလွန်ဘုံဧကရာဇ်က အဲ့ဘုံတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူသားမျိုးနွယ်ကို‌ ပေးခဲ့တာပဲ။ အဲ့ဒါက ထောင်ချောက်တစ်ခုပဲ”

“ဟာ သွားပြီ”

ကျန်းရီ၏ မျက်နှာ ဖြူဖျော့သွား၏။ အကယ်၍ တမလွန်ဘုံဧကရာဇ်က ပြန်လည်ထွက်ပေါ်လာပြီးနေပြီး သူ့အစီအစဉ်များကို အကောင်အထည်ဖော်နေလျှင် ဤတစ်ခေါက်တွင် လူသားမျိုးနွယ်က ကျားဂူထဲ ဝင်သွားသော သိုးတစ်ကောင်လို ဖြစ်နေပေလိမ့်မည်။ လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားအားလုံးလည်း သေသွားနိုင်သည်။ ထိုပညာရှင်များနှင့် သူတို့၏စစ်တပ်များ ကျဆုံးသွားပါက လူသားမျိုးနွယ်အနေဖြင့် တမလွန်ဘုံမျိုးနွယ်ကို ခုခံရန် မည်သည်ကို မှီခိုရမည်နည်း။

“အရမ်းလည်း မစိုးရိမ်ပါနဲ့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တစ်ခဏမျှ တွေးတော၍ ဆက်ပြော၏။

“မင်း မသေသေးသ၍ လူသားမျိုးနွယ်ရဲ့ စွမ်းအားကြီး သိုင်းသမားတွေ အဆင်ပြေမှာပါ။ အခု မင်းက ငါ့ရဲ့ဆက်ခံသူပဲ။ မင်းလက်ထဲမှာ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ရှိတယ်။ တမလွန်ဘုံဧကရာဇ်က မင်းကို မသတ်နိုင်သေးဘဲ ရန်သူကို သတိပေးမှာ မဟုတ်ဘူး။ အခု မင်းက သူ့ရဲ့ အဓိကရန်သူပဲ”

“ကျွန်တော် သိပြီ...”

ကျန်းရီ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ တစ်ခဏမျှ ထပ်တွေးပြီးနောက် သံသယနှင့် မေးလိုက်လေသည်။

“မဟုတ်သေးဘူးထင်တယ် ကောင်းကင်ဧကရာဇ်။ တကယ်လို့ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာပြီးနေပြီဆိုရင် ကျွန်တော် တမလွန်ဘုံမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ပုန်းနေခဲ့တုန်းက သူ ကျွန်တော့်ကို ဘာလို့ မသတ်ခဲ့တာလဲ။ တကယ်လို့ တမလွန်ဘုံဧကရာဇ်သာ ရေခဲအရင်းအမြစ်မြေရိုင်းဆီ ရောက်လာမယ်ဆိုရင် ကျွန်တော် သေချာပေါက် သေသွားမှာပဲ”

“အဲ့ဒါကို ရှင်းပြဖို့က လွယ်ပါတယ်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ မျက်ဝန်းများ၏ ဉာဏ်ပညာဖြင့် တောက်ပနေ၏။ သူ ရှင်းပြသည်။

“ဘာလို့လဲဆိုတော့ ဒီတစ်ခေါက် တမလွန်ဘုံဧကရာဇ်က တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲ... လူသားတစ်ယောက်အနေနဲ့ ပြန်ဝင်စားလာလို့ပဲ။ အဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အရမ်းမသင်္ကာစရာကောင်းနေတယ်။ ဒါပေမဲ့ ငါ သူ့ကို ကိုယ်တိုင်မမြင်ရသေးတော့ အတပ်တော့မပြောနိုင်ဘူး”

“ဗျာ...”

ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွား၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ်လော။ ထိုသတင်းမှာ တုန်လှုပ်ဖွယ်ပင်။

လက်ရှိတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက လူသားမျိုးနွယ်၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်နေသည်။ အကယ်၍ သူသာ အလစ်တိုက်ခိုက်လိုက်မည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်၊ ချီလင်းဧကရီနှင့် အခြားသူများ အချိန်မရွေး သေသွားနိုင်ပေသည်။

“အဲ့ဒါက သံသယတစ်ခုပါပဲ။ အများကြီး စိုးရိမ်မနေပါနဲ့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တွေးတွေးဆဆနှင့် ပြောသည်။

“မကြာသေးခင်အတောအတွင်း ထွက်ပေါ်လာခဲ့တဲ့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတိုင်းက တမလွန်ဘုံဧကရာဇ် ပြန်ဝင်စားတဲ့သူ ဖြစ်နိုင်တယ်။ တမလွန်ဘုံဧကရာဇ်က ဉာဏ်ကောင်းတတ်သွားပြီ။ သူက လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားပြီး အတွင်းကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။ ကမ္ဘာဦးကောင်းကင်ဘုံမှာ ကောင်းကင်ကိုးပါးကြယ်အစီအရင်ရှိတယ်။ သူ့အနေနဲ့ အဲ့ဒါကို ဖျက်ဆီးဖို့က အရမ်းခက်မှာ။ အဲ့အစီအရင်နဲ့ လူသားမျိုးနွယ်ရဲ့ လျှို့ဝှက်စွမ်းအားကြီးသိုင်းသမားတွေအကုန် ပေါင်းလိုက်မယ်ဆိုရင် သူရဲ့ ရုပ်ခန္ဓာက ထပ်ပြီး ဖျက်ဆီးခံနိုင်တယ်”

“ကျွန်တော်တို့ ချီလင်းဧကရီနဲ့ တခြားသူတွေကို သတိပေးလိုက်သင့်လား”

ကျန်းရီသည် ချီလင်းဧကရီကို လေးစား၏။ ထို့ပြင် ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများလည်း ရှိနေသေးသည်။ အကယ်၍ တမလွန်ဘုံဧကရာဇ်က သူတို့ကို တစ်ယောက်ချင်း လျှို့ဝှက်သတ်ဖြတ်လိုက်မည်ဆိုလျှင် သူတို့ သေရပေလိမ့်မည်။

“မလိုပါဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြတ်သားစွာ ပြောသည်။

“မင်း ဘယ်မှသွားလို့ မဖြစ်ဘူး။ အခု မင်းလုပ်ဖို့လိုတာက ကျင့်ကြံဖို့ပဲ။ အမည်မဲ့ကျင့်စဉ်ကို ဆက်ကျင့်ကြံပါ။ ပြီးတော့ မင်းရဲ့ ထူးဆန်းတဲ့ အနှစ်သာရကိုလည်း အပြည့်အဝနားလည်နိုင်အောင် ကြိုးစားပါ။ ပြီးရင် မီးအရင်းအမြစ်နဲ့ ရေခဲအရင်းအမြစ်ကို ထိန်းချုပ်နိုင်ဖို့လုပ်။ ပြီးတော့... အချိန်တစ်ခုနေရင် မီးနဂါးဓားရဲ့ နောက်ဆုံးကျန်တဲ့ အစိတ်အပိုင်းကို သွားရှာ”

“နောက်ဆုံးအစိတ်အပိုင်းလား၊ အဲ့ဒါက ဘယ်မှာလဲ”

ကျန်းရီ၏ မျက်လုံးများ လင်းလက်လာ၏။ ချီဟုန်ပင် နောက်ဆုံးအစိတ်အပိုင်းကို အာရုံမခံနိုင်သေးပေ။ သို့သော် ယခု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က နိုးထလာပြီဖြစ်ရာ သူ ၎င်းအစိတ်အပိုင်း၏နေရာကို သိလောက်ပေသည်။ မီးနဂါးဓားမှာ သူ၏လက်နက် မဟုတ်ပါလား။

“ကောင်းကင်ဘုံခုံရုံးမှာ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ‌ပြောလိုက်သည်။

“အရင်တုန်းက ငါ ငါ့ရဲ့ရုပ်ခန္ဓာကို မီးရှို့ပစ်ပြီး နတ်ဘုရားလက်နက်ကို အပိုင်းခုနစ်ပိုင်း ခွဲပစ်ခဲ့တယ်။ ငါ နှစ်ပေါင်းများစွာ နေခဲ့တဲ့ ကောင်းကင်ဘုံခုံရုံးကိုလည်း မေရုအာကာသထဲ ပြောင်းရွှေ့ခဲ့တယ်။ တမလွန်ဘုံဧကရာဇ်က ငါ့နတ်ဘုရားလက်နက်ကို ရမသွားအောင်လို့ နောက်ဆုံးအစိတ်အပိုင်းကို ငါ ကောင်းကင်ဘုံခုံရုံးထဲမှာ ထားထဲ့တယ်။ တမလွန်ဘုံဧကရာဇ် အပါအဝင် ဘယ်သူမှ အဲ့မေရုအာကာသထဲကို ဝင်လို့မရဘူး။ မင်းပဲ အဲ့ဒါကို သွားယူနိုင်မယ်”

“ကောင်းပါပြီ”

ကျန်းရီ အထင်ကြီးသွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဉာဏ်ပညာက အမှန်ပင် ပင်လယ်ကဲ့သို့ နက်ရှိုင်းပေသည်။ သူသည် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်ကို မည်သူမှ မရနိုင်အောင် စီစဉ်ခဲ့သည်။ ဤတစ်ခေါက် မိုးပြာမဟာဧကရာဇ်က မီးနဂါးဓားကို ယူသွားနိုင်ခဲ့လျှင်ပင် ၎င်း၏စွမ်းအားအပြည့်အဝကို သုံးနိုင်မည် မဟုတ်ပါ။ သူ နောက်ဆုံးအစိတ်အပိုင်းကို မရှာနိုင်ဘဲ ရှိနေမည် မဟုတ်ပါလား။

‘ကျင့်ကြံရမယ်...’

ကျန်းရီ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ယခု သူ ရီဖျောင်ဖျောင်နှင့် အခြားသူများကို ခေါ်လာနိုင်ခဲ့ပေပြီ။ ထို့ကြောင့် သူ စိုးရိမ်နေစရာ မလိုတော့ပေ။ ချီချင်ချန်နှင့် ဝိညာဉ်ဘုရင်တို့မှာတော့ အပြင်တွင် ကျန်ခဲ့သေးသည်။ သို့သော် ကျန်းရီ သူမတို့အကြောင်းကို မတွေးမိအောင် သူ့ကိုယ်သူ ဖိအားပေးထားသည်။ သူ မသေသေးသ၍ ချီချင်ချန်နှင့် ဝိညာဉ်ဘုရင်တို့လည်း ဘေးကင်းလိမ့်မည် မဟုတ်ပါလား။ မိုးပြာမဟာဧကရာဇ်က အရူးတစ်ယောက် မဟုတ်ပေ။ ချီချင်ချန်တို့ကို သတ်လိုက်ခြင်းက ကျန်းရီကို ပိုဒေါသထွက်သွားစေခြင်းသာ ရှိပေလိမ့်မည်။

ကျင့်ကြံခြင်းအကြောင်း တွေးမိသောအခါ ကျန်းရီ၏ ရင်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာ၏။ သူ တစ်ခဏမျှ တွေးတောကာ မေးလိုက်သည်။

“ကောင်းကင်ဧကရာဇ်... အရှင့်ရဲ့ အမည်မဲ့ကျင့်စဉ်က အရမ်းဆန်းကြယ်လွန်းတယ်။ ကျွန်တော့်ခန္ဓာကိုယ်လည်း ထူးထူးဆန်းဆန်းတွေ ဖြစ်နေပြီ။ ပြီးတော့ ကျွန်တော် လေ့လာနေတဲ့ လျှပ်စီးအနှစ်သာရကလည်း အရမ်းရှုပ်ထွေးတယ်။ အဲ... ကျွန်တော်က မီးအရင်းအမြစ်နဲ့ ရေခဲအရင်းအမြစ်ကို ဘာလို့စုပ်ယူနိုင်ရတာလဲ။ အမည်မဲ့ကျင့်စဉ်ကြောင့်လား၊ လျှပ်စီးအနှစ်သာရကြောင့်လား”

“ငါလည်း မသိဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အဖြေက ကျန်းရီကို မှင်တက်သွားစေ၏။ ထိုအမည်မဲ့ကျင့်စဉ်ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဖန်တီးထားခြင်း မဟုတ်လော။ သို့သော် ယခုတွင် သူလည်း မသိဟု ဆိုနေသည်လော။

“ကောင်လေး.. ငါ့ကို အဲ့လို ကြည့်မနေနဲ့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ဉာဏ်များသော မြေခွေးအိုတစ်ကောင်ကဲ့သို့ ပြုံးကာ ရှင်းပြလိုက်၏။

“အဲ့ကျင့်စဉ်က ငါ့ရဲ့နောက်ပိုင်းနှစ်တွေမှာ ငါ မတော်တဆ ဖန်တီးနိုင်ခဲ့တဲ့ ကျင့်စဉ်တစ်ခုပဲ။ ငါကိုယ်တိုင် အဲ့ကျင့်စဉ်ကို မကျင့်ဖူးဘူး။ အဲ့တော့ အဆုံးသတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ငါလည်း မသိဘူး။ မင်း မီးအရင်းအမြစ်နဲ့ ရေခဲအရင်းအမြစ်ကို စုပ်ယူနိုင်တဲ့ကိစ္စအတွက် ငါလည်း ခေါင်းရှုပ်နေတာပဲ။ အဲ့တော့ မင်း အဲ့အကြောင်းတွေကို တွေးမနေနဲ့။ ဆက်သာကျင့်ကြံလိုက်။ ဘာပဲဖြစ်ဖြစ် မင်းက လူထူးလူဆန်းတစ်ယောက် ဖြစ်နေပြီးပြီပဲ။ ပိုထူးဆန်းသွားတော့ရော ဘာဖြစ်မှာမို့လို့လဲ”

“ဗျာ...”

ကျန်းရီ မျက်လုံးပင့်လိုက်၏။ ထို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို အစမ်းသပ်ခံတစ်ယောက်အဖြစ် သဘောထားနေသည်လော။ စမ်းသပ်မှုပြီးလျှင် သူ့ကို စွန့်ပစ်လိုက်မည်လော။ သို့သော် ဤအခြေအနေမှတော့ လူထူးလူဆန်းတစ်ယောက် ဖြစ်လာသည်ဖြစ်စေ၊ မိမိကိုယ်ကိုယ် ဖျက်ဆီးမိလိုက်သည်ဖြစ်စေ သူ အရေးစိုက်မနေနိုင်တော့ပေ။

“မစိုးရိမ်ပါနဲ့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ယုံကြည်မှုရှိရှိ ပြုံးလိုက်၏။

“ငါ မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီးပါပြီ။ ဘာလို့ အဲ့လိုတွေ ဖြစ်လာတယ်ဆိုတာကို ငါ နားမလည်ပေမဲ့ အဲ့ဒါက ကောင်းတဲ့ကိစ္စတစ်ခုပဲ ဖြစ်မှာပါ။ ကြည့်ရတာ... မင်းက မသေမျိုးလောကရဲ့ တံခါးကို ဖွင့်နိုင်တဲ့ ကပ်လောကထဲက ပထမဆုံးပုဂ္ဂိုလ် ဖြစ်တော့မဲ့ပုံပဲ။ မင်း မသေမျိုးခန္ဓာကိုယ်ကို ရပြီး ထာဝရ ရှင်သန်နိုင်လိမ့်မယ်”

***

All Chapters