ကပ်လောက၏ အဆုံး
Vol. 138 Ch. 1925
ငါးရက်ကြာပြီးနောက် ကောင်းကင်စကြဝဠာဘုံထဲရှိ တမလွန်ဘုံမျိုးနွယ်စစ်တပ်တစ်ခုလုံး ရှင်းပစ်ခံခဲ့ရည်။ ထွက်ပြေးသူ အနည်းငယ်သာ လွတ်သွားခဲ့သည်။ ပတ်ဝန်းကျင်မှ ဆန်းကြယ်နယ်မြေများကိုလည်း ရှင်းလင်းပြီးဖြစ်သည်။ ဆန်းကြယ်နယ်မြေ တစ်ဝက်ကျော်ကို ရှင်းလင်းပြီးနောက် ကျန်သော ဆန်းကြယ်နယ်မြေများထဲမှ တမလွန်ဘုံမျိုးနွယ်ဝင်များက စတင်ထွက်ပြေးခဲ့ကြလေသည်။ အခြေအနေ တည်ငြိမ်ရန် အချိန်တစ်ခုသာ လိုပေတော့သည်။
လူသားစစ်တပ်သည် ထောက်လှမ်းရေးများစွာ စေလွှတ်၍ အနီးရှိ ဘုံကြီးနှစ်ခုဖြစ်သော ကောင်းကင်အံ့ဖွယ်ဘုံနှင့် ကောင်းကင်အဖော်မဲ့ဘုံတို့ကို ထောက်လှမ်းစေခဲ့သည်။ တမလွန်ဘုံမျိုးနွယ်က ထိုဘုံနှစ်ခုကိုတော့ အဆုံးခံမည့်ပုံ မပေါ်ပေ။ သူတို့သည် ထိုဘုံနှစ်ခုကို တင်းကြပ်စွာ စောင့်ကြပ်နေကြသည်။ မင်တိနှင့် ထိပ်တန်းတမလွန်ဘုံဘုရင်တစ်စုသည် ထိုဘုံနှစ်ခုတွင် ဖြန့်ကျက်ထားသည်။ အနီးရှိ ဆန်းကြယ်နယ်မြေထဲတွင်လည်း စစ်တပ်များ ပြည့်နှက်နေသည်။ အကယ်၍ လူသားမျိုးနွယ်သာ ထိုဘုံနှစ်ခုကို ကျူးကျော်မည်ဆိုလျှင် တမလွန်ဘုံမျိုးနွယ်က မည်သည့်နည်းနှင့်မဆို ခုခံပေလိမ့်မည်။
ထိုသတင်းကို ရသောအခါ လူသားမျိုးနွယ်က အပြည့်အဝ စိတ်အေးသွား၏။
အကယ်၍ တမလွန်ဘုံမျိုးနွယ်က လူသားမျိုးနွယ်ကို ဘုံအားလုံး ပေးမည်ဆိုလျှင် လူသားမျိုးနွယ်က ယူဝံ့မည် မဟုတ်ပါ။ ယင်းမှာ တမလွန်ဘုံမျိုးနွယ်၏ အကြံအစည်ဖြစ်နိုင်သည် မဟုတ်ပါလား။ လူသားမျိုးနွယ်စစ်တပ်က သေးငယ်သည်။ ထို့ကြောင့် သူတို့ ဆက်မတိုက်ဝံ့သေးပါ။ လက်ရှိတွင် ဘုံးသုံးခုကို အပြည့်အဝ သိမ်းပိုက်နိုင်လိုက်ခြင်းမှာပင် ကောင်းနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့ မည်သို့ ဆက်တိုက်ခိုက်နိုင်မည်နည်း။
ထိုဘုံသုံးခုတွင် ဆန်းကြယ်နယ်မြေများစွာနှင့် အရင်းအမြစ်များစွာ ရှိသည်။ ထိုအရင်းအမြစ်များက တမလွန်ဘုံမျိုးနွယ်အတွက် အသုံးမဝင်လောက်သော်လည်း လူသားမျိုးနွယ်အတွက် အလွန်အဖိုးတန်သည်။ လူသားမျိုးနွယ်ကို ဆယ်စုနှစ်အနည်းငယ် ပေးလိုက်လျှင် ထိုအရင်းအမြစ်များကို သုံး၍ ပညာရှင်များစွာ မွေးထုတ်နိုင်မည်ဖြစ်သည်။
မဟာဧကရာဇ်လေးပါးသည် ကမ္ဘာဦးကောင်းကင်ဘုံနှင့် ဓာတုဘုံခုနစ်ခုမှ လူများစွာကို ထိုဘုံသုံးခုသို့ ရွှေ့ပြောင်းလာစေ၏။ လူသားမျိုးနွယ်ကို ကလေးပိုယူရန်လည်း အားပေးသည်။ မျိုးဆက်သစ်များက ပါရမီပါလျှင် ထိုသူများကို အတူစုဝေး၍ ပျိုးထောင်ပေးမည်ဖြစ်သည်။
ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် ဓာတုဘုံခုနစ်ခုမှ မျိုးနွယ်ကြီးများ ဝမ်းသာအားရ ဖြစ်သွားကြ၏။ သူတို့မျိုးနွယ်များက ရှင်းပစ်ခံရနိုင်ခြေရှိသော်လည်း သူတို့သာ ဘုံကြီးသုံးခုသို့ သွားလိုက်မည်ဆိုလျှင် နယ်မြေကြီးတစ်ခုစီကို ပိုင်ဆိုင်နိုင်လောက်သည်။ ထို့ကြောင့် မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များသည် တစ်ခုပြီးတစ်ခု ချက်ချင်းပြောင်းရွှေ့လာကြသည်။ သူတို့သည် မျိုးနွယ်၏ တစ်ဝက်လောက်ကို ရွှေ့ပြောင်းစေခဲ့ပေသည်။
ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများမှာမူ မလှုပ်ရှားကြပေ။ သူတို့၌ ကမ္ဘာဦးကောင်းကင်ဘုံမှ နယ်မြေများရှိသည် မဟုတ်ပါလား။ ကမ္ဘာဦးကောင်းကင်ဘုံက အလုံခြုံဆုံးနေရာဖြစ်သည်။ သို့သော် နယ်မြေမပိုင်ထားသော မျိုးနွယ်ငယ်လေးများကမူ ချက်ချင်းပင် စာရင်းပေး၍ သူတို့၏မျိုးနွယ်များကို ရွှေ့ပြောင်းကြလေသည်။
ဘုံသုံးခုတွင် နယ်မြေမည်မျှ ရှိပါသနည်း။ အရင်းအမြစ်မည်မျှ ရှိပါသနည်း။ ဆန်းကြယ်နယ်မြေမည်မျှ ရှိပါသနည်း။ ယခု သူတို့ ထိုဘုံသုံးခုသို့ သွားလိုက်လျှင် နယ်မြေတစ်ခုနှင့် အဆုံးမဲ့သော အရင်းအမြစ်များကို ရပေလိမ့်မည်။ ထိုအခါ သူတို့၏မျိုးနွယ်များက ဆယ်နှစ်၊ နှစ်နှစ်ဆယ်အတွင်း အဆပေါင်းများစွာ အင်အားပိုကြီးလာပေလိမ့်မည်။ မည်သူက ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို လက်လွတ်ခံနိုင်မည်နည်း။
ဆယ်ရက်ကြာပြီးနောက် ကောင်းကင်စကြဝဠာဘုံထဲတွင် ကောင်းကင်ကိုးပါးကြယ်အစီအရင် ဆင်ပြီးသွား၏။ ထိပ်သီးအားလုံး စိတ်အေးသွားကြသည်။ သူတို့တွင် ထိုအစီအရင်ရှိထားပါက တမလွန်ဘုံမျိုးနွယ် လာရောက်တိုက်ခိုက်လျှင်ပင် ကောင်းကင်စကြဝဠာဘုံမှာ အချိန်အတော်ကြာအောင် တောင့်ခံနိုင်ပေလိမ့်မည်။ ထို့ပြင် ကောင်းကင်စကြဝဠာဘုံထဲတွင် တက်ရန်၊ ဆုတ်ရန် သုံးနိုင်သော တည်နေရာပြောင်းရွှေ့အစီအရင်များစွာရှိသည်။ လူသားမျိုးနွယ်သည် မျှော်လင့်ချက်အလင်းရောင်ကို မြင်လိုက်ရပေပြီ။
***
ကောင်းကင်စကြဝဠာဘုံထဲရှိ အကြီးဆုံးရဲတိုက်ထဲတွင် မိုးပြာမဟာဧကရာဇ်နှင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးတို့က လျှို့ဝှက်ခန်းတစ်ခန်းထဲ၌ ထိုင်နေကြ၏။ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်သော်လည်း မိုးပြာမဟာဧကရာဇ်မှာ မျက်မှောင်ကြုတ်နေဆဲပင်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အသွင်အပြင်က အလွန်ထူးခြားသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်၏ အငွေ့အသက်က တက်လှမ်းခဲ့သော မသေမျိုးတစ်ပါး၏ အငွေ့အသက်ကဲ့သို့ဟု ဆိုမည်ဆိုလျှင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အငွေ့အသက်ကမူ စစ်မှန်သော မသေမျိုးတစ်ပါး၏ အငွေ့အသက်ကဲ့သို့ဖြစ်သည်။ သူ့ဆံပင်များက တစ်ခေါင်းလုံးဖွေးနေသည်။ သို့သော် သူ့အသားအရေက ကလေးတစ်ယောက်၏ အသားအရေကဲ့သို့ နီထွေးနေသည်။ သူ့တွင် အဖြူရောင်မုတ်ဆိတ်ရှည်များလည်းရှိသည်။ သူ့ဟန်ပန်အမူအရာကလည်း ကြော့ရှင်းပြီး သူ့စကားတိုင်းက သူ့ကို မသေမျိုးအစစ်အမှတ်တစ်ပါးကဲ့သို့ ခံစားစေရပေသည်။ သူ့ပတ်ပတ်လည်တွင် ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုလည်းရှိရာ လူများသည် သူ့ကို တွေ့သည်နှင့် ဦးညွှတ်အရိုအသေပေးလိုစိတ် ပေါက်လာကြပေသည်။ သူ့အကြည့်မှာ ပင်လယ်တစ်စင်းအလား နက်ရှိုင်းသည်။ သူနှင့် အကြည့်ချင်းဆုံသွားသူတိုင်း သူက အလွန်ထူးကဲသည်ဟု ခံစားလိုက်ရမည်သာ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဖုံတစ်ခုပေါ်တွင် ခြေတုပ်၍ ထိုင်နေပြီး မျက်လုံးများကို ဖွဖွပိတ်ထား၏။ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိုးပြာမဟာဧကရာဇ်က မျက်မှောင်ကြုတ်လျက်ရှိသည်။ ရသေ့ကြီးသည် မျက်လုံးဖွင့်၍ မိုးပြာမဟာဧကရာဇ်ကို ကြည့်လိုက်ပြီး ခေါင်းဖွဖွခါ၍ ပြောလိုက်၏။
“မိုးပြာမဟာဧကရာဇ်... အခုတလော ခင်ဗျားကို ကြည့်ရတာ အရမ်းစိုးရိမ်မှုတွေ များနေပုံပဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား”
မိုးပြာမဟာဧကရာဇ်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက ရှိနေသေးကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ပေ။ သူ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို ကြည့်ကာ ပြန်ပြောလိုက်သည်။
“ရသေ့ကြီး... ခင်ဗျားက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်တယ် မဟုတ်လား။ ခင်ဗျား ကိုယ့်ဘာကိုယ် နမိတ်ဖတ်မကြည့်နိုင်ဘူးလား”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး”
ရသေ့ကြီးက ခပ်ရေးရေးပြုံး၏။
“ခင်ဗျား ဝူမင်ရဲ့ ဝိညာဉ်အပိုင်းအစနဲ့ တွေ့ခဲ့တာ မဟုတ်လား။ ပြီးတော့... ဝူမင်ရဲ့ ဝိညာဉ်အပိုင်းအစက ခင်ဗျားကို အနိုင်ယူခဲ့တယ် မဟုတ်လား”
“ဟင်...”
မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ အေးစက်သွား၏။ သူ ရသေ့ကြီးကို စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ရသေ့ကြီး... ခင်ဗျား အဲ့ဒါကို နမိတ်ဖတ်ကြည့်လိုက်တာလား။ ဒါမှမဟုတ် ခန့်မှန်းခဲ့တာလား။ ခင်ဗျား ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း သိနေရတာလဲ”
“ဟင်းဟင်း...”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ရှင်းမပြဘဲ မုတ်ဆိတ်ရှည်ကို သပ်၍ ပြန်ပြော၏။
“အဲ့ဒါက အဓိကမကျပါဘူး။ အဓိကက ခင်ဗျားရဲ့ စိတ်ထားက မမှန်တာပဲ။ ဝူမင်ရဲ့ ဝိညာဉ်အပိုင်းအစကတောင် ခင်ဗျားကို ဒီလောက် ကြောက်သွားစေတာလား။ အဲ့လိုပုံစံနဲ့ ခင်ဗျား လူသားမျိုးနွယ်ကို ဘယ်လိုဦးဆောင်မလဲ။ တကယ်လို့ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာရင် ခင်ဗျားမှာ သူနဲ့တိုက်ဝံ့တဲ့ သတ္တိ ရှိပါ့မလား။ ခင်ဗျားက လူသားမျိုးနွယ်ရဲ့ နံပါတ်တစ်ပညာရှင်တစ်ယောက်... အဲ့ဒါက စိုးရိမ်စရာပဲ...”
မိုးပြာမဟာဧကရာဇ်၏ မျက်နှာထား မည်းမှောင်သွား၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ စကားများက အလွန်တည့်တိုးဆန်၍ သူ့မာနကို ထိခိုက်သွားစေသည်။ သို့သော် မိုးပြာမဟာဧကရာဇ် ပြန်မတုံ့ပြန်လိုက်ပါ။ ထိုအစား အလေးအနက်သာ စတင်တွေးတောလိုက်သည်။
မိုးပြာမဟာဧကရာဇ်သည် ဤအတောအတွင်း သူ့စိတ်ထားက အမှန်ပင် မှားနေခဲ့ကြောင်း သဘောပေါက်သွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက သူ့ကို ဤမျှအထိ ကြောက်ရွံ့နေစေခဲ့သည်။ သူ၏ ပြီးခဲ့သော စိတ်ဓာတ်အားလုံး ပျောက်သွားခဲ့သည်။ သူ၏ ခိုင်မာသော မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း ပျောက်ကွယ်သွားခဲ့လေသည်။
အမှန်တွင် ထိုသို့ဖြစ်ရခြင်းမှာ မိုးပြာမဟာဧကရာဇ်၏ အမှားတော့ မဟုတ်ပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အလွန်ကျော်ကြားသည်။ ပြီးခဲ့သော မိုးပြာမဟာဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လက်အောက်ငယ်သား ဖြစ်ခဲ့သည်။ ယခုမိုးပြာမဟာဧကရာဇ်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ၏ နက်ရှိုင်းသောရင်ထဲတွင် ကောင်းကင်ဧကရာဇ်အပေါ် အကြောက်တရားက အမြစ်တွယ်နေသည်။ ထို့ကြောင့် သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစနှင့် မျက်နှာချင်းဆိုင်ရသည်နှင့် တိုက်ပွဲမှာ ရှုံးနိမ့်ပြီးသား ဖြစ်နေခဲ့ခြင်းပင်။
“ကျေးဇူးအများကြီးတင်ပါတယ် ရသေ့ကြီး”
တစ်နာရီကြာပြီးနောက် မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ အရောင်လက်လာ၏။ သူ့မျက်နှာပေါ်တွင် ယုံကြည်မှုများ ပြန်ပြည့်နှက်လာသည်။ သူ အလေးအနက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ရသေ့ကြီးရဲ့ စကားနည်းနည်းက ကျုပ်ကို လှန့်နှိုးလိုက်သလိုပဲ။ ဟွန်း... ဝိညာဉ်အပိုင်းအစတစ်ခုက ဘယ်လောက်စွမ်းအားကြီးပါစေ ဝိညာဉ်အပိုင်းအစတစ်ခုပဲ။ အဲ့ဒါက ကောင်းကင်ကို ဆန့်ကျင်နိုင်မှာတဲ့လား။ ကျန်းရီ၊ ဝူမင်... ငါ မင်းတို့ကို သတ်ပစ်မယ်”
“မှားတယ်...”
မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ မျက်နှာထားက လေးနက်သွား၏။ သူ လက်ထဲမှ မြင်းမြီးနှင်တံကို ယမ်းကာ ပြောသည်။
“မိုးပြာမဟာဧကရာဇ်... ခင်ဗျားရဲ့ ရန်သူက ဝူမင်ရော ကျန်းရီပါ မဟုတ်ဘူး၊ တမလွန်ဘုံဧကရာဇ်ပဲ။ ဒီတစ်ခေါက် ကျုပ် ထွက်လာပြီး ကူညီခဲ့တာ ကောင်းကင်ဧကရာဇ်ကြောင့်ပဲ။ ခင်ဗျား ကောင်းကင်ဧကရာဇ် ဖြစ်ချင်ရင် ကျန်းရီနဲ့ ဝူမင်ရဲ့ ဝိညာဉ်အပိုင်းအစကို သတ်စရာမလိုပါဘူး။ ခင်ဗျား တမလွန်ဘုံဧကရာဇ်ကို သတ်ရမှာ...”
“ခင်ဗျားသာ တမလွန်ဘုံဧကရာဇ်ကို သတ်နိုင်လိုက်ရင် လူသားမျိုးနွယ်ရဲ့ သူရဲကောင်း ဖြစ်သွားမှာ။ ဘယ်သူကမှ ခင်ဗျားရဲ့ စွမ်းဆောင်ချက်ကို အစားထိုးနိုင်မှာ မဟုတ်ဘူး။ ဘယ်သူကမှ ခင်ဗျား ကောင်းကင်ဧကရာဇ် ဖြစ်လာမှာကို တားနိုင်မှာ မဟုတ်ဘူး။ ခင်ဗျား နားလည်ရဲ့လား”
“တမလွန်ဘုံဧကရာဇ်လား”
မိုးပြာမဟာဧကရာဇ်၏ မျက်နှာထားက မည်းမှောင်သွား၏။ သူ သက်ပြင်းသဲ့သဲ့ချကာ ပြန်ပြောသည်။
“တမလွန်ဘုံဧကရာဇ်ကို ကျုပ်တို့ဘာသာ သတ်နိုင်မှာလား။ ဟုတ်သား... ရသေ့ကြီး.. တမလွန်ဘုံဧကရာဇ်က ဘယ်တော့ ပြန်ထွက်ပေါ်လာမှာလဲ”
“အချိန်တိုရင် ငါးနှစ်၊ ကြာရင် နှစ်ငါးဆယ်။ အဲ့ဒါက တမလွန်ဘုံဧကရာဇ် ဘယ်လိုတွေးလဲဆိုတဲ့အပေါ် မူတည်တယ်”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တစ်ခဏမျှ တွေးတောကာ ရှင်းပြသည်။
“ဒီတစ်ခေါက် တမလွန်ဘုံမျိုးနွယ်က ဘုံသုံးခုကို ဆုံးရှုံးခဲ့တယ်။ မင်တဲကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။ အခုအချိန်က တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူး။ သူက သူ့အင်အား အထွတ်အထိပ်ကို ရောက်တဲ့အထိ စောင့်နေလောက်တယ်။ ပြီးတာနဲ့ သူက ကျုပ်တို့ကို တစ်ချက်တည်းနဲ့ ရှင်းပစ်မှာ။ ကျုပ်တို့ တမလွန်ဘုံဧကရာဇ်ကို ကျုပ်တို့ဘာသာ သတ်နိုင်မှာ မဟုတ်ဘူး။ အဲ့တော့... ခင်ဗျား ပိုပြီး စွမ်းအားကြီးလာဖို့ လိုတယ်”
“ပိုစွမ်းအားကြီးလာဖို့လား”
မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ ပိုမှေးမှိန်လာ၏။ သူ ခါးသီးစွာ ပြောလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်ထောင်ကျော်အတွင်း ကျုပ်စွမ်းအားက လုံးဝ ထပ်မတိုးတက်လာခဲ့ဘူး။ အခု နှစ်အနည်းငယ်အတွင်း၊ ဒါမှမဟုတ် ဆယ်စုနှစ်အနည်းငယ်အတွင်း ဘယ်လိုလုပ် တိုးတက်လာနိုင်မှာလဲ။ ရသေ့ကြီး... ခင်ဗျားက ကျုပ်ကို အထင်ကြီးလွန်းနေပြီ”
“တိုးတက်နိုင်တယ်”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သေချာစွာ ပြောသည်။
“အဲ့ဒါက ခင်ဗျားမှာ သတ္တိ ရှိ မရှိအပေါ်မှာပဲ မူတည်တယ်။ ကျုပ် ခင်ဗျားကို နမိတ်ဖတ်ပေးမယ်။ ခင်ဗျား ကျင့်ကြံဖို့ နေရာသုံးခုကို သွားရဲရင် ပိုစွမ်းအားကြီးလာနိုင်မဲ့ အခွင့်အရေး ရလိမ့်မယ်”
“ဘယ်နေရာတွေလဲ”
မိုးပြာမဟာဧကရာဇ်က ရုတ်တရက် ထရပ်လိုက်၏။ သူ့မျက်ဝန်းများက ကြယ်တာရာများအလား တောက်ပလာသည်။ သူသာ ပိုစွမ်းအားကြီးလာနိုင်မည်ဆိုလျှင် သုံးနေရာမဆိုထားနှင့် နေရာသုံးဆယ်ကိုပင် သွားနိုင်ပေသည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ထရပ်ကာ သူ၏မြင်းမြီးနှင်တံနှင့် မြောက်ဘက်ကို ညွှန်ပြာလိုက်၏။
“ကပ်လောကရဲ့ အဆုံး... အဲ့မှာ အန္တရာယ်အများဆုံး သုံးနေရာရှိတယ်။ ခင်ဗျားသာ အဲ့ကိုသွားရဲပြီး ရှင်သန်နိုင်မယ်ဆိုရင် ပိုစွမ်းအားကြီးလာနိုင်ခြေ ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်”
“ကပ်လောကရဲ့ အဆုံးလား”
မိုးပြာမဟာဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မည်သည့်နေရာများကို ပြောနေခြင်းဖြစ်ကြောင်း သူသိသည်။ ထိုနေရာများမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် မသွားဝံ့ခဲ့သော နေရာများဖြစ်ကြသည်။
မိုးပြာမဟာဧကရာဇ် ငါးမိနစ်မျှ တွေးတောလိုက်ပြီး အံကြိတ်၍ ပြောလိုက်လေသည်။
“ကောင်းပါပြီ... ကျုပ်သွားမယ်။ ဒီနေရာကို ခင်ဗျားလက်ထဲပဲ ထည့်ခဲ့မယ် ရသေ့ကြီး။ ကျုပ် သေချာပေါက် အသက်ရှင်ရက် ပြန်လာခဲ့မယ်”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြုံး၍ မြင်းမြီးနှင်တံကို ယမ်းကာ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ယုံတယ် မိုးပြာမဟာဧကရာဇ်။ ခင်ဗျားက ဧကရာဇ်ကြယ် ဖြစ်လာနိုင်ခြေ အရှိဆုံးသူပဲ။ ကျန်းရီ... သူကတော့ မိစ္ဆာကြယ်ပဲ ဖြစ်လာနိုင်တယ်။ သူက ဧကရာဇ်နေရာကို ရနိုင်မှာ မဟုတ်ဘူး”
***