နိဗ္ဗာန်ပြန်မွေးဖွားခြင်း
Vol. 138 Ch. 1926
“ကျုပ် ထွက်သွားရင် ခင်ဗျား ဒီက အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိလား။ တကယ်လို့ မင်တဲလာတိုက်ရင် ဘယ်လိုလုပ်မလဲ”
မိုးပြာမဟာဧကရာဇ်သည် စိုးရိမ်နေဆဲပင်။ သူ ခေတ္တမျှ တွေးတောကာ မေးလိုက်သည်။
“ခင်ဗျား တောဆိတ် ရသေ့ကြီးနဲ့ ဧကရာဇ်ရွေကို ခေါ်ထုတ်လို့ ရနိုင်မလား။ ခင်ဗျားတို့ မျိုးနွယ်သုံးခုက စွမ်းအားကြီး သိုင်းသမားတွေရဲ့ အကူအညီနဲ့ဆိုရင် ကျုပ်တို့ အနည်းဆုံးတော့ ဘုံသုံးခုကို ကာကွယ်ပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်မှာပဲ”
“တောဆိတ် ရသေ့ကြီးနဲ့ ဧကရာဇ်ရွေလား”
မသေမျိုးတစ်ပိုင်း ရသေ့ကြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုနှစ်ယောက်မှာ အခြားမျိုးနွယ်နှစ်ခု၏ ခေါင်းဆောင်များဖြစ်ကြသည်။ ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်တွင် ဆန်းကြယ်နယ်မြေသုံးခုရှိသည်။ ထိုမျိုးနွယ်သုံးခုက ၎င်းဆန်းကြယ်နယ်မြေသုံးခုထဲတွင် ပုန်းအောင်းနေကြသည်။ ပုံမှန်ဆိုလျှင် မျိုးနွယ်သုံးခုက ထွက်မလာပေ။ ကောင်းကင်ဘုံက တမလွန်ဘုံ၏ သိမ်းပိုက်မှုကို ခံခဲ့ရချိန်တွင်ပင် သူတို့ ထွက်ပေါ်မလာခဲ့ချေ။
ဤတစ်ကြိမ်တွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး ထွက်လာခဲ့သည်။ သို့သော် ကျန်သော မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်မှာ ထွက်မလာသေးပေ။
ထို့ကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ယုံကြည်မှုမရှိချေ။ သူ ငါးမိနစ်မျှ တွေးတောပြီးမှ ပြန်ပြောလိုက်သည်။
“အဲ့မျိုးနွယ်နှစ်ခုကို အပြင်ကို ဖိတ်ခေါ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အဲ့ဒါက မိုးပြာမဟာဧကရာဇ် ကတိပေးချင်၊ မပေးချင်ဆိုတဲ့ အပေါ်မှာ မူတည်တယ်”
မိုးပြာမဟာဧကရာဇ်၏မျက်နှာ လင်းလက်လာသွား၏။ သူ ခပ်သွက်သွက် မေးလိုက်သည်။
“သူတို့က ဘာလိုချင်တာလဲ”
မသေမျိုးတစ်ပိုင်း ကောင်းကင်ဧကရာဇ်က သူ့မုတ်ဆိတ်ကို သပ်၍ ပြန်ပြော၏။
“အရင်တုန်းက ကျုပ်တို့ မျိုးနွယ်သုံးခုက ဝူမင်ရဲ့ မောင်းထုတ်မှုကို ခံခဲ့ရတယ်။ ကျုပ်တို့မျိုးနွယ်တွေက ဆန်းကြယ်နယ်မြေတွေထဲမှာ သက်တောင့်သက်သာ နေနေရပေမဲ့ အဲ့နယ်မြေတွေက ကမ္ဘာဦးကောင်းကင်ဘုံရဲ့ နယ်စပ်မှာပဲ ရှိနေသေးတယ်။ ဆန်းကြယ်နယ်မြေဆိုတာ ဆန်းကြယ်နယ်မြေပဲ ဘုံတစ်ခု မဟုတ်ဘူးလေ။ ကျုပ်တို့ မျိုးနွယ်တွေလည်း ဘုံ လိုချင်ကြတာပေါ့။ တကယ်လို့... မိုးပြာမဟာဧကရာဇ်သာ သူတို့ကို ဘုံနှစ်ခုပေးမယ်လို့ ကတိပေးနိုင်ရင် သူတို့ကို ဖိတ်ခေါ်ဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့... အဲ့ဒါက ခင်ဗျား ပလ္လင်ကို ရပြီးမှ လုပ်ပေးနိုင်မဲ့ အရာပေါ့”
“ဘုံနှစ်ခုလား”
မိုးပြာမဟာဧကရာဇ် အတန်ငယ် မှင်တက်သွား၏။ ဘုံနှစ်ခုမှာ အတော်ကြီးသော တောင်းဆိုမှုပင်။ သို့သော် သူ ခပ်သွက်သွက် ပြုံးလိုက်သည်။ သူတို့က သူ့ကို ကောင်းကင်ဧကရာဇ်ဖြစ်လာအောင် ကူညီပေးနိုင်မည်ဆိုလျှင် သူတို့အား ဘုံနှစ်ခု ပေးလိုက်ရခြင်းမှာ ဘာအရေးနည်း။ သူတို့သာ တမလွန်ဘုံမျိုးနွယ်နှင့် စစ်ပွဲတွင် ရှုံးသွားလျှင် ကမ္ဘာဦးကောင်းကင်ဘုံပင် ဘေးကင်းမည် မဟုတ်ချေ။ လူသားမျိုးနွယ်လည်း ရှင်းပစ်ခံရပေလိမ့်မည်။ ထိုအခါ မည်သည်မှ ကျန်ခဲ့လိမ့်မည် မဟုတ်ပေ။
စကားနှင့်ပေးရသည့် ကတိတစ်ခုပေး၍ မျိုးနွယ်ကြီးနှစ်ခု၏ ထောက်ပံ့မှုကို ရခြင်းမှာ ကောင်းသော အပေးအယူပင်။ မိုးပြာမဟာဧကရာဇ်သာ ထိုမျှမလည်လျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ သူ တည့်တိုးသာ ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်ကို ပြောလိုက်ပါ။ သူတို့သာ ကျွန်တော့်ကို ကောင်းကင်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးနိုင်မယ်ဆိုရင် ဘုံနှစ်ခုက ပြဿနာမဟုတ်ဘူးလို့။ ကောင်းကင်မသေမျိုးဘုံကလွဲပြီး ကျန်တဲ့ဘုံတွေထဲက သူတို့စိတ်ကြိုက် ရွေးနိုင်တယ်။ ပြီးတော့... အဲ့ဘုံတွေကို မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်နိုင်ခွင့်လည်း ရမယ်...”
“ကောင်းပါပြီ”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဘုံနှစ်ခုက အနာဂတ်ကိစ္စပါ။ ကျုပ်တို့ သူတို့ကို လတ်တလော အကျိုးအမြတ်နည်းနည်း မပေးရင် သူတို့ ကျေနပ်မှာ မဟုတ်ဘူး။ ဒီလိုဆိုဘယ်လိုလဲ... လောလောဆယ် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ကြယ်စုဘုံကို အဲ့မျိုးနွယ်နှစ်ခုဆီ ပေးလိုက်ပါလား။ အဲ့နည်းနဲ့ဆိုရင် သူတို့လည်း အရင်းအမြစ်တွေသုံးပြီး သူတို့မျိုးနွယ်ဝင်တွေကို ပျိုးထောင်နိုင်တာပေါ့။ အဲ့လိုဆို သူတို့လည်း ကျုပ်တို့နဲ့ တစ်လှေတည်းစီးတွေ ဖြစ်သွားမှာပဲ”
“ကောင်းကင်ကြယ်စုဘုံလား”
မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများ အေးစက်သွား၏။ သူတို့သည် စုစုပေါင်းမှ ဘုံသုံးခုကိုသာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကောင်းကင်ဝိညာဉ်ဘုံက အလွန်သေးသည်။ ဆန်းကြယ်နယ်မြေကြီးအချို့နှင့်သာ ယှဉ်နိုင်သည်။ ယခု သူတို့ ကောင်းကင်ကြယ်စုဘုံကို ပေးလိုက်မည်ဆိုပါက သူက ပေးလိုလျှင်ပင် မျိုးနွယ်ကြီးများမှ ထိပ်သီးများက သေချာပေါက် ကန့်ကွက်ကြပေလိမ့်မည်။ သူ ခေတ္တမျှ တွေးတောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။
“အဲ့ကိစ္စအတွက် ကျုပ်ဘာသာ ဆုံးဖြတ်လို့မရဘူး။ ကျုပ် ချီလင်းဧကရီ၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ကောင်းကင်ဘုရင်ဝေနဲ့ ရှန်ကွေ့ရဲ့ သဘောတူညီမှုကို လိုတယ်။ ဒီလိုဆိုရင်ရော... ခင်ဗျား တောဆိတ် ရသေ့ကြီးနဲ့ ဧကရာဇ်ရွေကို အရင်ဆက်သွယ်ကြည့်လိုက်ပါ။ သူတို့ ထွက်လာနိုင်မယ်ဆိုရင် ကျုပ် ချီလင်းဧကရီတို့နဲ့ ဆွေးနွေးလိုက်မယ်။ ကျုပ် ရက်နည်းနည်းလောက်စောင့်ပြီး ဒီကကိစ္စတွေကို ရှင်းပြီးမှ ကပ်လောကရဲ့ အဆုံးကို သွားတာပေါ့”
“ကောင်းပြီ”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ခေါင်းညိတ်၍ ပြင်ဆင်စရာရှိသည်များ သွားပြင်လိုက်၏။ မိုးပြာမဟာဧကရာဇ်က အခန်းထဲတွင် တစ်ယောက်တည်းထိုင်ကာ မျက်လုံးမှိတ်လျက် အတွေးနက်နေသည်။ ဤတစ်ကြိမ်တွင် သူ မျက်မှောင်တင်းတင်းကြုတ်ထားသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ သူ့ကို ကပ်လောက၏ အဆုံးသို့ သွားရန် အကြံပေးခဲ့သည်။ သို့သော် သူ့ရင်ထဲတွင် လေးနေပေသည်။
မိုးကြိုးလျှပ်စီးလမ်း၊ မီးမိစ္ဆာပင်လယ်နှင့် အသူရာတောင်...
ထိုနေရာသုံးခုသည် ကပ်လောကအဆုံးရှိ အန္တရာယ်အများဆုံးနေရာများဖြစ်ကြသည်။ မိုးပြာမဟာဧကရာဇ်သည် ထိုနေရာသုံးခုကို တစ်ခါမှ မရောက်ဖူးပေ။ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်လည်း မရောက်ဖူးပေ။ သို့သော် ချီလင်းဧကရီက ရောက်ဖူးသည်။ သို့ရာတွင် သူမက ထိုနေရာများ၏ အပြင်ပိုင်းတွင်သာ လှည့်လည်ခဲ့ခြင်းဖြစ်ပြီး အနက်ရှိုင်းဆုံးအပိုင်းများအတွင်း မဝင်ဝံ့ခဲ့ဟု ပြောကြသည်။
မဟာဧကရာဇ်လေးပါးအပြင် ကောင်းကင်ဘုရင်ဝေသာ ထိုနေရာသုံးခုကို သိသည်။ ရှန်ကွေ့ပင် မသိချေ။ မိုးပြာမဟာဧကရာဇ်သည် ထိုနေရာသုံးခုသို့ မရောက်ဖူးသော်လည်း သူ့ဆရာက ထိုနေရာများအကြောင်းကို သူ့အား ပြောပြခဲ့ဖူးသည်။
မိုးပြာမဟာဧကရာဇ်အဟောင်းသည် ထိုနေရာသုံးခုသို့သွား၍ ကျင့်ကြံကာ သူ့စွမ်းအားကို တိုးမြှင့်လိုခဲ့သည်။ သို့သော် သူသည် ထိုနေရာများ၏ အနက်ရှိုင်းဆုံး အပိုင်းများတွင် သေလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်သည် ထိုနေရာသုံးခုကို ရှိန်နေကာ မသွားဝံ့ဖြစ်ခဲ့ပေသည်။
ယခုတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သူ့ကို ထိုနေရာသုံးခုသို့ သွားခိုင်းနေရာ မိုးပြာမဟာဧကရာဇ် စိုးရိမ်နေခြင်းမှာ ပုံမှန်သာဖြစ်သည်။ သူ အခန်းထဲတွင် နေ့တစ်ဝက်ကြာအောင် ထိုင်နေပြီးမှ စိတ်ပိုင်းဖြတ်လိုက်သည်။
မိုးပြာမဟာဧကရာဇ်ထံတွင် အခြားနည်းလမ်း မရှိပေ။
တမလွန်ဘုံဧကရာဇ်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့က သူ့ကို ဖိထားသော ဧရာမတောင်ကြီးနှစ်လုံးကဲ့သို့ပင်။ သူ အသက်ရှူရန်ပင် ခက်ခဲနေသည်။ အကယ်၍ သူသာ သူ၏တိုက်ခိုက်စွမ်းအားကို မတိုးမြှင့်နိုင်လျှင် သေရပေလိမ့်မည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သူ့ကို ကူညီ၍ နမိတ်ဖတ်ပေးကာ သူကဧကရာဇ်ကြယ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီဖြစ်ရာ သူ စွန့်စားရပေမည်။
မိုးပြာမဟာဧကရာဇ်သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို အမြဲယုံကြည်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မိုးပြာမဟာဧကရာဇ်တောင်ထွတ်သို့ ရောက်လာခဲ့၏။ ထိုစဉ်က ရသေ့ကြီးသည် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူက နှစ်အနည်းငယ်အတွင်း ထွက်ပေါ်လာလိမ့်မည်ဟု နမိတ်ဖတ်ခဲ့သည်။ တမလွန်ဘုံဧကရာဇ်လည်း ထွက်ပေါ်လာခါနီးပြီဟုဆိုကာ မိုးပြာမဟာဧကရာဇ်မှာ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ၏ လက်ချက်ဖြင့် ရှုံးနိမ့်ရလိမ့်မည်ဟုလည်း ပြောခဲ့သည်။
ထိုနမိတ်ဖတ်ချက်များက မှန်ကန်ကြောင်း လက်တွေ့က သက်သေပြခဲ့ပေပြီ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နမိတ်ဖတ်ချက်များက အလွန်တိကျသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်သည် ရသေ့ကြီးကို အလွန်ယုံကြည်ပေသည်။ မိုးပြာမဟာဧကရာဇ်သည် ရသေ့ကြီး အလိုရှိသောအရာကို သိ၏။ ရသေ့ကြီးက သူ့ကို ဧကရာဇ်ကြယ်ဖြစ်လာအောင် ကူညီပေးပြီး နှစ်သောင်းချီခံမည့် ဂုဏ်ကို လိုချင်ခြင်းဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် ထိုရည်မှန်းချက်ကို စိတ်မရှိပါ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မည်သည်ကိုမှ မတောင်းဆိုမှသာ သူ စိုးရိမ်မည်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်၍ မည်သည်ကိုမှ တွေးတောမနေတော့ပေ။ တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ အကြောင်းပြန်မည်ကိုသာ တိတ်တဆိတ် စောင့်နေလိုက်သည်။
သုံးရက်ကြာပြီးနောက် လျှို့ဝှက်ပညာရှင်နှစ်ယောက် အကြောင်းပြန်လာသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က သူတို့မျိုးနွယ်နှစ်ခုကို ကောင်းကင်ကြယ်စုဘုံပေး၍ နောင်တွင် အခြားဘုံတစ်ခု ထပ်ပေးမည်ဟု ကတိပေးမည်ဆိုလျှင် သူတို့ ထွက်လာကြမည်ဖြစ်သည်။ သို့သော် သူတို့သည် မိုးပြာမဟာဧကရာဇ်၏ စကားကိုသာ နာခံကြမည်၊ အခြားမည်သူကမှ သူတို့ကို အမိန့်ပေးခွင့်မရှိပေ။
ထိုနှစ်ယောက်၏ တောင်းဆိုမှုက မိုးပြာမဟာဧကရာဇ် အလိုရှိသောအရာနှင့် တစ်ထပ်တည်းကျ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ထိုပညာရှင်နှစ်ယောက်တို့၏ အကူအညီနှင့်ဆိုလျှင် သူသာ မြေရိုင်းသုံးခုမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါက တမလွန်ဘုံဧကရာဇ်ကို သတ်ကာ သေချာပေါက် ဧကရာဇ်ကြယ် ဖြစ်လာနိုင်မည်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် ထိပ်သီးအားလုံးကို စုဝေး၍ လျှို့ဝှက်ပညာရှင်နှစ်ယောက်၏ တောင်းဆိုချက်များကို ပြောပြလိုက်၏။ မမျှော်လင့်ထားဘဲ ချီလင်းဧကရီက မည်သို့မှ မဆန့်ကျင်ခဲ့ပေ။ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကသာ ဆန့်ကျင်ခဲ့ကြသည်။ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့မှာမူ ဆိတ်ဆိတ်သာ နေနေကြပြီး မည်သည့်အမြင်ကိုမှ ထုတ်မပြောကြချေ။ ကုန်းယန်မျိုးနွယ်ခေါင်းဆောင်နှင့် အခြားမျိုးနွယ်ခေါင်းဆောင်များမှာ သူတို့၏ အမြင်များကို ထုတ်ပြောနိုင်လောက်အောင် အဆင့်မမီကြပါ။
ချီလင်းဧကရီ၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့က မဆန့်ကျင်ကြသဖြင့် မိုးပြာမဟာဧကရာဇ်သည် ဩဇာအာဏာဖြင့် ဆောင်ရွက်လိုက်သည်။ သူ၏ ဩဇာအာဏာနှင့် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကို ဖိနှိပ်လိုက်သည်။ ထို့နောက် တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့၏ တောင်းဆိုချက်များကို သဘောတူကာ သူတို့ကို ထွက်လာခိုင်းလိုက်လေသည်။
သို့သော် ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့က သူ့အမိန့်များကို အမြဲနာခံခဲ့သူများ ဖြစ်၍ မိုးပြာမဟာဧကရာဇ်သည် သူတို့ကို မျက်နှာလွှဲခဲပစ်တော့ မလုပ်နိုင်ပါ။ ထို့ကြောင် သူ ထိုနှစ်ယောက်ထံ လျှို့ဝှက်အသံပို့လွှတ်ကာ အကယ်၍ သူတို့ တမလွန်ဘုံမျိုးနွယ်ကို အနိုင်ရပြီးလျှင် သူတို့နှစ်ယောက်ကို ဘုံတစ်ခုစီပေးမည်ဟု ကတိပေးလိုက်သည်။ ထိုအခါမှ ထိုနှစ်ယောက် ငြိမ်သွားပေသည်။
ငါးရက်ကြာပြီးနောက် တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေ့တို့သည် သူတို့မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများကို ခေါ်ကာ ကောင်းကင်ကြယ်စုဘုံဆီသို့ တည်နေရာပြောင်းရွှေ့လာကြသည်။ မိုးပြာမဟာဧကရာဇ်သည် ထိပ်သီးတစ်စုကို ဦးဆောင်ကာ ထိုသူများကို ကိုယ်တိုင်ကြိုဆိုလိုက်သည်။ သူသည် ကောင်းကင်ကြယ်စုဘုံထဲမှ စစ်တပ်အားလုံးကို ဖယ်စေ၍ ဘုံတစ်ခုလုံးကို ထိုမျိုးနွယ်နှစ်ခုအား ပေးလိုက်လေသည်။
တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ ရောက်လာခြင်းမှာ ကောင်းသောကိစ္စတစ်ခုပင်။ ယခုတွင် လူသားမျိုးနွယ်ဘက်၌ စွမ်းအားကြီး သိုင်းသမားများ ပိုများလာပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ဘုံသုံးခုကို ကာကွယ်နိုင်ခြေ ပိုများလာပေလိမ့်မည်။ သူတို့သာ ဘုံသုံးခုကို ဆယ်စုနှစ်အနည်းငယ် ကာကွယ်ထားနိုင်မည်ဆိုလျှင် လူသားမျိုးနွယ်က ပို၍ အင်အားကြီးလာမည်ဖြစ်သည်။ သူတို့ စွမ်းအားကြီး သိုင်းသမားများကိုလည်း ပို၍ ပျိုးထောင်ပေးနိုင်ပေမည်။ ချီလင်းဧကရီသည် ယင်းအချက်များကို တွေးကာ မကန့်ကွက်၊ မဆန့်ကျင်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်ထပ်ငါးရက် ကြာပြီးနောက် မိုးပြာမဟာဧကရာဇ်သည် အခန်းအောင်းကျင့်ကြံချင်ယောင် ဆောင်လိုက်၏။ သူသည် အရာအားလုံးကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား လွှဲပေးလိုက်ပြီး ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများကို မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ ညွှန်ကြားမှုများကို လိုက်နာရန် မှာခဲ့သည်။ ထို့နောက် သူတစ်ယောက်တည်း တိတ်တဆိတ် ထွက်သွားပြီး မြောက်ဘက်ရှိ ကပ်လောကအဆုံးသို့ သွားလိုက်လေသည်။ သူ၏ သေရေးရှင်ရေး လေ့ကျင့်မှု စပေပြီ။
“ဟင်းဟင်း...”
မိုးပြာမဟာဧကရာဇ် အခန်းအောင်းကျင့်ကြံနေသည်ဆိုသော သတင်းက ချီလင်းဧကရီဆီ ရောက်သွား၏။ သူမ ရယ်လိုက်သည်။ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ရှန်ကွေ့တို့က သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ သူတို့သုံးယောက် မျက်စိမျက်နှာ ပျက်နေကြသည်။ သူတို့သည် ချီလင်းဧကရီကို စိုက်ကြည့်၍ သူမ၏ သုံးသပ်ချက်ကို စောင့်နေကြပေသည်။
ချီလင်းဧကရီက လက်ဖက်ရည်တစ်ငုံသောက်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“အားလုံးပဲ ဘာမှ မလုပ်ကြပါနဲ့ဦး။ စောင့်ကြည့်ကြတာပေါ့။ နောက်ဆုံးကျ လူသားမျိုးနွယ်က ဖျက်ဆီးခံရမလားဆိုတာက နှစ်အနည်းငယ်အတွင်း အဖြေပေါ်မှာပါ။ လာမဲ့နှစ်တွေကတော့ အရမ်းစိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ။ နိဗ္ဗာန်ပြန်မွေးဖွားခြင်း။ ပျက်သုဉ်းမှုကပဲ ဘဝသစ်ကို ဆောင်ကျဉ်းပေးနိုင်တယ်”
***