အသူရာတောင်ထိပ်
Vol. 138 Ch. 1927
ယခုတွင် ဘုံကြီးသုံးခုက တည်ငြိမ်နေပြီဖြစ်သလို ကောင်းကင်မိစ္ဆာဘုံမှာလည်း တည်ငြိမ်နေပေပြီ။
နဂါးတောင်ကြားက ကြီးမားသည်။ ကျန်းရီခေါ်လာခဲ့သော လူထောင်ကျော် မဆိုထားနှင့် သောင်းချီသော လူများပင် ထိုတောင်ကြားထဲ၌ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည်။ ထို့ပြင် နဂါးတောင်ကြားက သဘာဝ ဝိညာဉ်စုဝေးအစီအရင်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ၎င်းတောင်ကြားထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အပြင်ကထက် အဆတစ်ရာ ပိုသိပ်သည်းသည်။ ထိုနေရာမှာ ကောင်းကင်မိစ္ဆာဘုံထဲရှိ အကောင်းဆုံးနေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။
မျိုးနွယ်အသီးသီးမှ မျိုးဆက်သစ်များသည် နဂါးတောင်ကြားနှင့် ပတ်သတ်၍ အလွန်ကျေနပ်နေကြ၏။ ကောင်းကင်မိစ္ဆာဘုံ၏ မိုးမြေဝိညာဉ်စွမ်းအင်က ကမ္ဘာဦးကောင်းကင်ဘုံ၏ မိုးမြေဝိညာဉ်စွမ်းအင်နှင့် ယှဉ်နိုင်သည်။ ယခင်တွင် သူတို့သည် ကမ္ဘာဦးကောင်းကင်ဘုံဆီ တက်လှမ်းရန် အဆင့်မမီခဲ့ကြပေ။ ယခုတွင်မူ ကမ္ဘာဦးကောင်းကင်ဘုံနှင့် ယှဉ်နိုင်သည့် ကောင်းကင်မိစ္ဆာဘုံတွင် နေထိုင်နေရပေပြီ။ ဤဘုံမှ မိုးမြေဝိညာဉ်စွမ်းအင်က မြေဘုံမှ မိုးမြေဝိညာဉ်စွမ်းအင်ထက်လည်း ဆယ်ဆပိုသိပ်သည်းပေသည်။
တစ်နည်းဆိုရသော် နဂါးတောင်ကြားထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က မြေဘုံမှ မိုးမြေဝိညာဉ်စွမ်းအင်ထက် အဆတစ်ထောင်ပိုသိပ်သည်းသည်။ သူတို့ နဂါးတောင်ကြားထဲတွင် အေးအေးလူလူ ကျင့်ကြံမည်ဆိုလျှင်ပင် သူတို့၏ ကျင့်ကြံနှုန်းက ကြောက်မက်ဖွယ်ကောင်းအောင် လျင်မြန်နေပေလိမ့်မည်။
လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများမှာ အမှန်တွင် အလွန်ရိုးရှင်းကြသည်။ မျိုးနွယ်အသီးသီးတွင်လည်း အစီအရင်ပညာရှင်များ ပါလာသည်။ ထို့ပြင် ကောင်းကင်မိစ္ဆာဘုံ၌ ကုန်ကြမ်းများစွာရှိသည်။ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို တည်ဆောက်ရန် အတန်ငယ် ခက်ခဲနိုင်သော်လည်း အဆတစ်ရာ၊ အဆတစ်ထောင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို တည်ဆောက်ရန်မှာမူ အလွန်လွယ်ပေသည်။
ကျန်းရီသည် အခန်းအောင်းကျင့်ကြံနေခဲ့ပြီး အရာအားလုံးကို ထျန်းဖုန့်ဧကရာဇ်၏လက်ထဲ လွှဲပေးထားသည်။ နဂါးတောင်ကြား၏ အရေးကိစ္စများကိုမူ ချမ်ဝမ်ကွမ်းအား တာဝန်ပေးထားသည်။ အစတွင် လူများစွာသည် မကျေနပ်နိုင်ခဲ့ပေ။ ချမ်ဝမ်ကွမ်း၏ စွမ်းအားက အလွန်အားနည်းနေပြီး သူက ရုပ်လောကဘုံတစ်ခုမှ တက်လှမ်းလာခဲ့သူတစ်ယောက်သာ မဟုတ်ပါလား။ အဘယ်ကြောင့် သူက အားလုံးကို စီမံမည့် တာဝန်ကို ရရပါသနည်း။
သို့သော် ချမ်ဝမ်ကွမ်းသည် ကျန်းရီ၏ ရွေးချယ်မှုက မှန်ကန်ကြောင်း သူ့ကိုယ်ပိုင်နည်းလမ်းများနှင့် သက်သေပြခဲ့၏။ ရက်အနည်းငယ်အတွင်းမှာပင် မျိုးနွယ်ကြီးများမှ မျိုးဆက်သစ်များသည် သူ့ကို လက်ခံလာကြလေတော့သည်။ ချမ်ဝမ်ကွမ်းမှာလည်း ကျောထောက်နောက်ခံအဖြစ် ကျန်းရီ ရှိထား၍ အလွန်ယုံကြည်မှု ရှိနေသည်။
ထျန်းဖုန့်ဧကရာဇ်နှင့် သိမ်းငှက်ဘုရင်လေးတို့ကလည်း ကျန်းရီ၏ အမိန့်များကို ရထားကြသည်။ ချမ်ဝမ်ကွမ်း၏ ညွှန်ကြားမှုများအား မနာခံသူတိုင်းကို သူတို့နှစ်ယောက်က ရှေ့ထွက်၍ သင်ခန်းစာပေးရမည်ဖြစ်သည်။
သိမ်းငှက်ဘုရင်လေးသည် မြေဘုံတွင် မည်သူ့ကိုမှ အရေးမစိုက်မှုကြောင့် ကျော်ကြားခဲ့သည်။ ထို့ပြင် သူက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်လည်းဖြစ်သည်။ မည်သူက သူ့ကို ဆန့်ကျင်ဝံ့မည်နည်း။ ထျန်းဖုန့်ဧကရာဇ်မှာမူ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင်။ ထိုနှစ်ယောက်၏ ပံ့ပိုးမှုကို ချမ်ဝမ်ကွမ်း၏ နည်းလမ်းများနှင့် ပေါင်းစည်းလိုက်သောအခါ မျိုးနွယ်အသီးသီးမှ သခင်လေးများ အပိုးကျိုးသွားကြလေတော့သည်။
***
ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် စကားပြောပြီးနောက် အားလုံးနှင့် အလွမ်းသယ်ရန် နေ့တစ်ဝက်သာ အချိန်သုံးခဲ့သည်။ သူ့တွင် အချိန်များစွာမရှိ၍ ချက်ချင်း ပြန်၍အခန်းအောင်းလိုက်ရသည်။ သို့သော် မည်သူ့ အမျိုးသမီးကမှ အတွန့်မတက်ခဲ့ပေ။
ကျန်းရီသည် ပြီးခဲ့သောနှစ်များအတွင်း ကြုံခဲ့ရသည့် ကိစ္စများ၊ သူပခုံးထမ်းခဲ့ရသော တာဝန်များနှင့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေကို အကြမ်းဖျင်း ပြန်ပြောပြခဲ့သည်။ ထို့ကြောင့် အားလုံးသည် ကျန်းရီ၏ အချိန်က မည်မျှအဖိုးတန်ပြီး သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများက မည်မျှလေးလံကြောင်း သိရှိသွားကြသည်။ ကျန်းရီက သူတို့နှင့် တစ်နေရာတည်းတွင်ရှိနေပြီး ရံဖန်ရံခါဆိုသလို ထွက်တွေးပေးမည်ဆိုလျှင် အားလုံး ကျေနပ်ကြပြီဖြစ်သည်။ အနည်းဆုံးတော့ သူတို့ ရင်လေး၍ နေစရာမလိုတော့သည် မဟုတ်လော။
ကျန်းရီတွင် အမှန်ပင် အချိန်ရှားပါးနေသည်။ တမလွန်ဘုံဧကရာဇ်က အချိန်မရွေး ထွက်ပေါ်လာနိုင်သည်။ ထို့ပြင် မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများက သူနှင့် တစ်လှေတည်းစီးများ မဟုတ်ကြပေ။ လူသားမျိုးနွယ်က တစ်ရက်ရက်တွင် ရှင်းပစ်ခံလိုက်ရနိုင်၏။ သူက အင်အားနည်းလွန်းနေသေးသည်။ သူ မိုးပြာမဟာဧကရာဇ်ကိုပင် မယှဉ်နိုင်လျှင် တမလွန်ဘုံဧကရာဇ်ကို မည်သို့ယှဉ်နိုင်မည်နည်း။
ယခုတွင် ကျန်းရီသည် လျှပ်စီးက ရေကို ဖန်တီးနိုင်သည့် အကြောင်းကို လေ့လာနေသည်။ သူ့ နဝမမြောက် ကြယ်စက်လုံးထဲတွင် ရေခဲအရင်းအမြစ်ရှိသည်။ သူသာ ရေခဲအရင်းအမြစ်ကို သုံးနိုင်မည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်က သူ့ကို သတ်ရန် ပိုခက်ခဲသွားပေလိမ့်မည်။
ရေခဲအရင်းအမြစ်ကို သုံးလိုက်သည်နှင့် ပတ်ဝန်းကျင်က အေးခဲသွားလိမ့်မည်။ ယင်းက မိုးပြာမဟာဧကရာဇ်နှင့် မင်တဲတို့ကို အေးခဲမပစ်နိုင်လျှင်ပင် အနည်းဆုံးတော့ သူတို့၏ တိုက်ခိုက်မှုများကို နှေးသွားအောင် လုပ်နိုင်ပေလောက်သည်။ ထိုအခါ ကျန်းရီသည် ၎င်းတိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်နိုင်ပေလိမ့်မည်။
ဤတစ်ခေါက်တွင် ကျန်းရီသည် နဂါးတောင်ကြားထဲတွင် အခန်းမအောင်းခဲ့ပေ။ ထိုအစား နဂါးတောင်ကြားအနီးရှိ ဆန်းကြယ်နယ်မြေတစ်ခုထဲ သွားလိုက်သည်။ ထိုဆန်းကြယ်နယ်မြေက ရှေးဦးဆန်းကြယ်နယ်မြေနှင့် ဆင်တူသည်။ အထဲတွင် သဘာဝ ဝိညာဉ်စုဝေးအစီအရင်တစ်ခု ရှိသည်။ ထို့ကြောင့် ကျင့်ကြံနှုန်းက ပိုမြန်သည်။ ကျန်းရီ နတ်ဘုရားသစ်ရွက်ကိုပါ သုံးလိုက်မည်ဆိုလျှင် သိမြင်နိုင်စွမ်းက ပို၍ပင် လျင်မြန်သွားမည်ဖြစ်သည်။
ကျန်းရီသည် အမည်မဲ့ကျင့်စဉ်၏ သတ္တမအဆင့်ကို မကျင့်ကြံသေးပေ။ သူ ကျင့်လည်းမကျင့်ကြံနိုင်သေးပါ။ သူ့ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မမြင့်သေးခြင်း ဖြစ်နိုင်သည်။ အမှန်ဆိုလျှင် ယခုတွင် သူ အဋ္ဌမအဆင့်ကို ရသင့်နေပေပြီ။ ကောင်းကင်ဝိညာဉ်ဘုံထဲတွင် မီးနဂါးဓား၏ အစိတ်အပိုင်းတစ်ခုကို ရခဲ့သည် မဟုတ်ပါလား။ ၎င်းအစိတ်အပိုင်းကို ပေါင်းစည်းနိုင်လျှင် ကျင့်စဉ်၏ အဋ္ဌမအဆင့် ထွက်ပေါ်လာလောက်သည်။
‘ဟုတ်သား...’
အထက်ပါအတိုင်း တွေးမိသောအခါ ကျန်းရီ၏ မျက်ဝန်းများ ရုတ်တရက် ပွင့်လာသည်။ သူ ခြောက်ခုမြောက် အစိတ်အပိုင်းကို ရခဲ့သည်။ သို့သော် ၎င်းကို မပေါင်းစည်းရသေးပေ။ မပေါင်းစည်းရသေးခြင်းမှာ တံစဉ်က မီးနဂါးဓားနှင့် ပေါင်းစည်းလိုပုံ မပြ၍ပင်။ ထိုစဉ်က အခြေအနေမှာ အသည်းအသန် ဖြစ်နေခဲ့၍ ကျန်းရီ ယင်းကို အရေးမစိုက်အားခဲ့ပေ။ နောက်ပိုင်းတွင် သူ ထိုအကြောင်းကို မေ့သွားခဲ့သည်။
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ ကျန်လက်တစ်ဘက်တွင်မူ အနီရောင်တံစဉ်တစ်လက် ပေါ်လာသည်။ ပြီးခဲ့သော အခေါက်ကကဲ့သို့ပင် မီးနဂါးဓားက တောက်ပစွာ လင်းလက်လာသည်။ သို့သော် တံစဉ်မှာ ပေါင်းစည်းလိုပုံ မပြသေးပေ။
“အရှင်ချီဟုန်... ဘာဖြစ်နေတာလဲ”
ကျန်းရီ မီးဝိညာဉ်ပုလဲအပေါ် အာရုံစိုက်၍ အသံပို့လွှတ်လိုက်၏။ ချီဟုန်က တစ်ခဏမျှ အာရုံခံကာ အသံပြန်ပို့လွှတ်လိုက်သည်။
“အဲ့အစိတ်အပိုင်းက ဖျက်ဆီးခံထားရတာ။ တမလွန်ဘုံအရှိန်အဝါနဲ့ အကြိမ်ပေါင်းများစွာ ထိန်းချုပ်ခံထားရတော့ အစိတ်အပိုင်းမှာ ဝိညာဉ်စွမ်းအင် မကျန်တော့ဘူး။ အဲ့ဒါက မကောင်းဆိုးဝါးအသုံးအဆောင်တစ်ခု ဖြစ်သွားပြီ”
“ဗျာ...”
ကျန်းရီ အတန်ငယ် တုန်လှုပ်သွား၏။
“အဲ့ဒါကို မပေါင်းစည်းနိုင်တော့ဘူးလား”
“အဲ့လိုတော့ မဟုတ်ဘူး”
ချီဟုန်က တစ်ခဏမျှ တွေးတောက အသံပို့လွှတ်လိုက်၏။
“အဲ့ဒါကို မီးဝိညာဉ်ပုလဲထဲ ထည့်လိုက်။ အဲ့ထဲက ညစ်ညမ်းအရှိန်အဝါတွေကို ငါ သန့်စင်ပေးမယ်။ ဒါပေမဲ့ အဲ့ဒါက အချိန်တော့လိုမှာ။ အဲ့အစိတ်အပိုင်းကို တမလွန်ဘုံမျိုးနွယ်က နှစ်ထောင်နဲ့ချီပြီး သုံးခဲ့တာ။ အထဲမှာ ဘာဝိညာဉ်စွမ်းအင်မှ မကျန်တော့ဘူး။ ပြန်သန့်စင်ဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ အချိန်ယူရလိမ့်မယ်”
“ဟုတ်..ဟုတ်”
ချီဟုန်က ကူညီပေးလိုနေခြင်းမှာ အကောင်းဆုံး အခြေအနေပင်။ အချိန်တစ်ခု လိုမည်ဖြစ်သော်လည်း အခြားနည်းလမ်းလည်း မရှိပေ။ ထို့ကြောင့် ကျန်းရီ တံစဉ်ကို မီးဝိညာဉ်ပုလဲထဲ ထည့်လိုက်ပြီး လျှပ်စီးက ရေကိုဖန်တီးနိုင်သည့် အကြောင်းကိုသာ ဆက်လေ့လာလိုက်ပေသည်။
ကျန်းရီသည် လျှပ်စီးက ရေကိုဖန်တီးနိုင်သည့် အကြောင်းကို ကနဦးအဆင့်အထိ နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင်း သူ ရေခဲအရင်းအမြစ်ကိုလည်း သုံးနိုင်လောက်သည်။ ရေခဲမှာ ရေက အေးခဲ၍ ဖြစ်လာသောအရာပင်ဖြစ်ရာ အခြေခံမှာ အတူတူပင်။
လျှပ်စီးက သစ်သား၊ သတ္တုနှင့် မြေတို့ကိုလည်း ဖန်တီးနိုင်သည်။ သူ ထိုသုံးမျိုးအကြောင်းကိုပါ သိမြင်နားလည်သွားလျှင် လျှပ်စီးအနှစ်သာရ၏ အထွတ်အထိပ်အဆင့်သို့ ရောက်သွားနိုင်သည်။ ထိုအနှစ်သာရက အလွန်ဆန်းကြယ်ကာ ရှုပ်ထွေးသည်။ ယခင်တွင် ၎င်းက မိုးမြေမူမမှန်မှုတစ်ခုကိုပါ ဖြစ်စေခဲ့သည်။ ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်တို့ကလည်း ထိုအနှစ်သာရက အလွန်စွမ်းအားကြီးကြောင်း ပြောခဲ့သည်။ အထွတ်အထိပ်သို့ ရောက်ခဲ့ဖူးပြီး မသေမျိုးလောကနှင့် ခြေလှမ်းဝက်သာ ဝေးခဲ့သည့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကပင် ထိုအနှစ်သာရက အလွန်စွမ်းအားကြီးသည်ဟု ပြောရာ သေချာပေါက် လွဲနိုင်စရာ မရှိချေ။
ကျန်းရီသည် ပြီးခဲ့သည့်အခေါက်တွင် လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်းကို သိမြင်နားလည်ရန် ဆယ်ရက်နီးပါး လေ့လာဆင်ခြင်ခဲ့ရသည်။ ဤတစ်ခေါက်တွင်မူ သူ အချိန်ပိုလိုနိုင်သည်။ ရက်နှစ်ဆယ် သို့မဟုတ် ရက်သုံးဆယ်လောက် လိုနိုင်ပေသည်။
ရီချန်၊ ရီဖျောင်ဖျောင်နှင့် အခြားသူများကို ခေါ်လာနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ စိုးရိမ်ပူပန်မနေတော့ဘဲ စိတ်အေးနေပေပြီ။ ထို့ပြင် ဆန်းကြယ်နယ်မြေထဲ၌ သူ့သိမြင်နားလည်နိုင်စွမ်းက ပိုမြန်သည်။ ယင်းကို နတ်ဘုရားသစ်ရွက်နှင့် ပေါင်းလိုက်သောအခါ ရက်သုံးဆယ် မကြာလောက်ပါပေ။
အချိန်က ရေကဲ့သို့ စီးဆင်းသွား၏။ ကျန်းရီသည် ဆယ်ရက် လေ့လာပြီးနောက် ပြန်ထွက်လာသည်။ သူ ရီဖျောင်ဖျောင်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများကို နေ့တစ်ဝက် အဖော်ပြုပေးလိုက်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ယုယကာ အလွမ်း၏နာကျင်မှုကို ဖြေကြသည်။
ကျန်းရှောင်နူကမူ ကျန်းရီကို ခါးသက်သက် မျက်နှာထားနှင့် ကြည့်နေသည်။ ကျန်းရီသည် ကျန်းရှောင်နူ၏ နှလုံးသားကို လက်ခံလိုက်ပြီဖြစ်သည်။ သို့သော် လင်မယားအဖြစ် မည်သို့စနေရမည်ကို မသိရာ လောလောဆယ်တွင် ယင်းကို ဘေးဖယ်ထားရန် သူ ဆုံးဖြတ်ထားပေသည်။
နေ့တစ်ဝက်ကြာ အနားယူပြီးနောက် ကျန်းရီ ဆန်းကြယ်နယ်မြေသို့ ပြန်သွားကာ ဆက်လေ့လာဆင်ခြင်လိုက်၏။ ခြောက်ရက်ကြာသောအခါ သူ ထပ်မံ ထွက်လာသည်။ လျှပ်စီးက ရေကိုဖန်တီးနိုင်သည့် အကြောင်းကို သူ အပြည့်အဝ နားလည်သွားပေပြီ။ သူ မျှော်လင့်ထားသလိုပင် အပြည့်အဝ နားလည်သွားသောအခါ ရေခဲအရင်းအမြစ်ကို ချက်ချင်း ထိန်းချုပ်နိုင်လိုက်ပေသည်။
သို့သော် ကျန်းရီသည် ရေခဲအရင်းအမြစ်ကို စမ်းမသုံးကြည့်ဝံ့သေးပေ။ ထိုဆန်းကြယ်နယ်မြေထဲ၌ မိစ္ဆာအချို့လည်း ကျင့်ကြံနေသည်။ အကယ်၍ သူသာ ရေခဲအရင်းအမြစ်ကို ထုတ်လိုက်လျှင် ထိုအဆင့်နိမ့် မိစ္ဆာများအားလုံး အေးခဲသေဆုံးသွားပေလိမ့်မည်။
ကျန်းရီသည် ရေခဲအရင်းအမြစ်ကို ထိန်းချုပ်၍ နဝမမြောက်ကြယ်စက်လုံးထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်စေလိုက်၏။ သူ ၎င်းကို ထိန်းချုပ်နိုင်ကြောင်း အတည်ပြုပြီးနောက် စိတ်အေးသွားသည်။ သူ ဆက်အရေးမစိုက်နေတော့ဘဲ လျှပ်စီးက သစ်သားကိုဖန်းတီးနိုင်သည့် အကြောင်း၊ သတ္တုကိုဖန်တီးနိုင်သည့် အကြောင်းနှင့် မြေကိုဖန်တီးနိုင်သည့်အကြောင်းတို့ကို ဆက်လေ့လာလိုက်လေသည်။
ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာ၏။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ လေ့လာမှုကို ရပ်လိုက်ရသည်။ အသံပို့လွှတ်လိုက်သူမှာ ချီဟုန်မဟုတ်ဘဲ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင်။
“ကောင်လေး... မင်း အပြင်ကို ခရီးတစ်ခုလောက် သွားရမယ်။ တစ်ယောက်ယောက်က ကောင်းကင်ဘုံခုံရုံးရှိတဲ့ မေရုအာကာသထဲ ဝင်လာပြီ။ အဲ့က အစီအရင်တွေ နိုးလာတာကို ငါ ခံစားမိတယ်။ ကောင်းကင်ဘုံခုံရုံးက ပေါ်သွားတော့မယ်။ မကြာခင် လူတွေ အများကြီး အဲ့ဆီကို အပြေးအလွှားသွားကြလိမ့်မယ်။ အဲ့လူတွေ မရောက်ခင် မင်း ကောင်းကင်ဘုံခုံရုံးကို အရယူနိုင်မှရမယ်။ မဟုတ်ရင် နောက်ဆုံးအစိတ်အပိုင်းကို တခြားတစ်ယောက်က ရသွားမှာ။ အဲ့လိုဆို မင်း ပြဿနာအကြီးကြီး တက်ပြီပဲ”
“ဟုတ်ကဲ့ပါ”
ကျန်းရီ ချက်ချင်း သဘောတူလိုက်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေလျှင် ကောင်းကင်ဘုံခုံရုံးကို ရယူရန်က လွယ်ကူလိမ့်မည် မဟုတ်လော။ မည်သူက ၎င်းကို သူ့လက်ထဲမှ လုနိုင်မည်နည်း။
ကျန်းရီ ဆန်းကြယ်နယ်မြေထဲမှ ပျံထွက်လိုက်ပြီး ကောင်းကင်စိတ်အာရုံနှင့် မီးနဂါးဓားကို အာရုံခံလိုက်၏။ သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစကို အာရုံစိုက်ကာ မေးလိုက်သည်။
“ကောင်းကင်ဧကရာဇ်... ကောင်းကင်ဘုံခုံရုံးက ဘယ်မှာပါလဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ အသံပို့လွှတ်လိုက်၏။
“ကပ်လောကအဆုံးမှာ၊ လောကကြီးရဲ့ မြောက်စွန်းစွန်း အသူရာတောင်ထိပ်မှာ”
***