← Chapters

နည်းလမ်းအမှား

Vol. 138 Ch. 1928

နည်းလမ်းအမှား

Vol. 138 Ch. 1928

“ကပ်လောကရဲ့အဆုံးလား၊ အသူရာတောင်တဲ့လား။ ကျွန်တော် အဲ့အကြောင်းတွေကို အရင်က ဘာလို့ မကြားဖူးတာလဲ”

ကျန်းရီ အလွန်စိတ်ဝင်စားနေ၏။ အသူရာမှာ မိစ္ဆာများနှင့် တစ္ဆေသရဲများ၏ ကိုယ်စားပြုဖြစ်သည်။ အသူရာတောင်ဟု အမည်ရသော တောင်တစ်လုံးမှာ သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို ထိုတောင်သို့ ရွှေ့ခဲ့ခြင်းကို ကြည့်လျှင် ၎င်းနေရာက အလွန်အန္တရာယ်များကြောင်း သိနိုင်သည်။ သာမန်လူများအနေဖြင့် အနားပင် မကပ်နိုင်လောက်ပေ။ အဘယ်ကြောင့် ကျန်းရီက ထိုကဲ့သို့ အန္တရာယ်များသော နေရာတစ်ခုက ယခင်က မကြားဖူးရသနည်း။

“မင်း မကြားဖူးတာ ပုံမှန်ပါပဲ။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား နည်းနည်းကလွဲပြီး မျိုးနွယ်ကြီးတွေက မျိုးနွယ်ခေါင်းဆောင်တွေတောင် အဲ့နေရာအကြောင်းကို မသိကြဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်၍ ပြောသည်။

“အဲ့နေရာက ကပ်လောကရဲ့ အန္တရာယ်အများဆုံး နေရာသုံးခုထဲက တစ်ခုပဲ။ မိုးကြိုးလျှပ်စီးလမ်း၊ မီးမိစ္ဆာပင်လယ်နဲ့ အသူရာတောင်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေတောင် အဲ့နေရာသုံးခုမှာ သေသွားနိုင်တယ်။ အရင်တုန်းက ငါ ကောင်းကင်ဘုံခုံရုံးကို အဲ့ကို ရွှေ့ခဲ့တာ သာမန်လူတွေ မရနိုင်အောင်ပဲ”

မျှော်လင့်ထားသကဲ့သို့ပင်...

ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် ထိုနေရာများထဲ ဝင်သွားလျှင် သေသွားနိုင်သည်။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံခုံရုံး၏ အကာအရံများကို နိုးလာစေနေသည်ဟု ပြောနေသည်။ သို့ဖြစ်ရာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အသူရာတောင်ပေါ် တက်လာသည်ဆိုသော အဓိပ္ပာယ်မဟုတ်လော။ ထိုသူက မိုးပြာမဟာဧကရာဇ်လော။ ကျန်းရီ အသူရာတောင်သို့ သွားမည်ဆိုလျှင် မိုးပြာမဟာဧကရာဇ်နှင့် ထပ်မံ တိုက်ခိုက်ရလောက်သည် မဟုတ်လော။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီ၏စိတ်ကို ဖတ်နိုင်ပုံပေါ်၏။ သူ အသံပို့လွှတ်လိုက်သည်။

“အဲ့ကလူက သေချာပေါက် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပဲ။ မိုးပြာမဟာဧကရာဇ်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မင်း ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်ရင် ဘေးကင်းသွားမှာပါ။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေတောင် ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်မှာ မဟုတ်ဘူး။ မင်း ကောင်းကင်ဘုံခုံရုံးကို ရပြီးရင် မိုးပြာမဟာဧကရာဇ်က မင်းကို သတ်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံခုံရုံးဆိုတာ အတိတ်တုန်းက ငါ့ရဲ့နန်းတော်ပဲ။ ငါ အဲ့ဒါကို နှစ်ထောင်ချီ သန့်စင်ခဲ့တာ။ မိုးပြာမဟာဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းအားလောက်နဲ့ အထဲကို အချိန်တိုအတွင်း ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး။ အသူရာတောင်ကို အမြန်ရောက်နိုင်မဲ့ လုံခြုံတဲ့ဖြတ်လမ်းတစ်ခုကို ငါသိတယ်။ ခဏနေရင် ငါ မင်းအတွက် မြေပုံတစ်ခု ဆွဲပေးမယ်။ မင်း ဂရုစိုက်မယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးထဲ ဘေးကင်းကင်းနဲ့ ဝင်နိုင်လိမ့်မယ်”

“အာ...”

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စကားများကို ကြားလိုက်သောအခါ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရ၏။ သူ မျက်တောင်ပုတ်ခတ်ကာ မေးလိုက်သည်။

“ကောင်းကင်ဧကရာဇ်... အရှင်က ဘာလို့ မြေပုံတစ်ခု ဆွဲပေးမှာလဲ။ ထပ်အိပ်တော့မှာမို့လို့လား”

အကယ်၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထပ်မံ၍ မအိပ်လျှင် မြေပုံတစ်ခု ဆွဲပေးရန် မလိုပေ။ လမ်းတစ်လျှောက်တွင် သူ ကျန်းရီကို လမ်းပြနိုင်သည် မဟုတ်ပါလော။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်က အလွန်စွမ်းအားကြီးသည်။ သို့ဖြစ်ရာ မည်သည့်နေရာတွင် အန္တရာယ်ရှိကြောင်းကို အလွယ်တကူ အာရုံခံနိုင်မည် မဟုတ်လော။

“အိပ်မလို့ မဟုတ်ဘူး”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သက်ပြင်းချ၍ ပြန်ပြော၏။

“ငါ မင်းနဲ့အတူ မလိုက်နိုင်ဘူး။ မင်း မင်းနဲ့အတူ မီးနဂါးဓားကို ယူသွားလို့ မရဘူး။ ဒီတစ်ခေါက် မင်းကိုယ်မင်းပဲ အားကိုးရမယ်။ ဘာလို့ဆို ငါရော၊ မီးနဂါးဓားပါ ကောင်းကင်ဘုံခုံရုံးနားကို ရောက်သွားရင် ခုံရုံးက အာရုံခံမိပြီး ထူးဆန်းမှုတွေ ဖြစ်လာလိမ့်မယ်။ တကယ်လို့ မိုးပြာမဟာဧကရာဇ်သာ အနားမှာ ရှိနေရင် မင်း ကောင်းကင်ဘုံခုံရုံးထဲ ဝင်ခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး...”

“ငါ့ရဲ့ လက်ရှိဝိညာဉ်စွမ်းအင်းနဲ့ဆိုရင် ငါ နောက်တစ်ကြိမ်ပဲ ထပ်တိုက်ခိုက်နိုင်တော့မယ်။ ပြီးတော့... ငါ မိုးပြာမဟာဧကရာဇ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်လို့ ယုံကြည်မှု မရှိဘူး။ ငါ့ရဲ့ ဝိညာဉ်အပိုင်းအစ ပျောက်ကွယ်သွားတာနဲ့ မင်း သေချာပေါက် သေရမှာပဲ။ အဲ့တော့ ငါ လိုက်မလာတာ ကောင်းလိမ့်မယ်။ မင်းတစ်ယောက်တည်းသွားတာ ပိုလုံခြုံလိမ့်မယ်။ မင်း ကောင်းကင်ဘုံခုံရုံးထဲဝင်ပြီး အဲ့ဒါကို ယူနိုင်ရင် မင်း ဘေးကင်းမှာပါ။ ပြီးရင် မင်း လောကထဲက ကြိုက်တဲ့နေရာကို သွားလို့ရပြီ”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့ မရှိလျှင် ကျန်းရီသည် ယုံကြည်မှုမရှိပေ။ အကယ်၍ သူ မိုးပြာမဟာဧကရာဇ်နှင့် ဆုံရပါက အကျိုးဆက်များမှာ တွေးမကြည့်နိုင်အောင် ဖြစ်သွားနိုင်ပေသည်။

ကျန်းရီထံတွင် မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ရှိသော်လည်း သူ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိချေ။ အစတွင် ကောင်းကင်ဘုံခုံရုံးကို ယူရန်မှာ အလွန်လွယ်ကူလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ယခုတွင်မူ သူ၏ စွမ်းအားအကြီးဆုံး ဝှက်ဖဲနှစ်ခုကို ယူမသွားနိုင်ကြောင်း အပြောခံလိုက်ရပေပြီ။

***

သို့သော် ကျန်းရီ လျင်မြန်စွာ ဣန္ဒြေဆည်လိုက်၏။ အကယ်၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထပ်မံတိုက်ခိုက်ရလျှင် သူ့ဝိညာဉ်အပိုင်းအစက ဤလောကထဲမှ ပျောက်ကွယ်သွားပေလိမ့်မည်။ သို့ဖြစ်လာပါက ကျန်းရီလည်း အသက်အန္တရာယ်ရှိသည်။ ထို့ပြင် သူ သတိထား၊ ဂရုစိုက်သ၍ ကောင်းကင်ဘုံခုံရုံးထဲ အလွယ်တကူ ဝင်နိုင်လိမ့်မည်ဟုလည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောပေသည်။

ကျန်းရီ လေးလံစွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပါပြီ... ကျွန်တော်ပြန်သွားပြီး မှာစရာရှိတာလေးတွေ မှာလိုက်ပါဦးမယ်။ ပြီးရင် ချက်ချင်း ထွက်ခွာပါမယ်”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် အသံဆက်၍ မပို့လွှတ်တော့ပေ။ ကျန်းရီသည် နဂါးတောင်ကြားသို့ပြန်၍ အားလုံးကို နာရီအနည်းငယ် အဖော်ပြုလိုက်၏။ သူ မှာစရာရှိသည်များလည်း မှာကြား၍ မီးနဂါးဓားကို ရီဖျောင်ဖျောင်အား အပ်လိုက်သည်။ သူ တစ်ခဏမျှ အပြင်သွားမည်ဟုလည်း အားလုံးကို ပြောလိုက်သည်။ သို့သော် အမှန်ကိုမပြောဘဲ သွားကျင့်ကြံရန်ဟုသာ ပြောပေသည်။

ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် အတန်ငယ်ပြောဆိုပြီးနောက် ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ထွက်သွားလိုက်သည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက ကောင်းကင်ဘုံခုံရုံးထဲ မဝင်နိုင်သော်လည်း ထျန်းဖုန့်ဧကရာဇ်က သူ့ကို ဆွဲခေါ်သွားမည်ဆိုလျှင် အဆများစွာ ပိုမြန်မည်ဖြစ်သည်။ ထို့ပြင် ထျန်းဖုန့်ဧကရာဇ်ကို အသူရာတောင်အပြင်၌ ချန်ခဲ့ပါက သူတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။

အားလုံးသည် ကျန်းရီ၏ ရုတ်တရက် ထွက်သွားမှုကို အလွန်စိုးရိမ်နေကြ၏။ သို့သော် မည်သူကမှ မည်သို့မှ မပြောပါ။ ယခုတွင် ကျန်းရီက လူသားမျိုးနွယ်ကို ကာကွယ်ရန်အတွက် ကြီးလေးသောတာဝန်ကို ပခုံးထမ်းထားရသည်။ သူက ရီချန်နှင့် အခြားသူများနှင့်သာ သက်ဆိုင်သည် မဟုတ်၊ လူသားမျိုးနွယ်တစ်ခုလုံးနှင့် သက်ဆိုင်သည်။ အစတွင် ကျန်းရှောင်နူသည် ခေါင်းမာမာနှင့် ကျန်းရီနောက်သို့ လိုက်သွားလိုခဲ့၏။ သို့သော် ရီဖျောင်ဖျောင်၏ မာန်မဲမှုကို ခံရပြီးနောက် သူမ မည်သို့မှ မပြောဝံ့တော့ချေ။

မီးနဂါးဓားကို ရီဖျောင်ဖျောင်ကိုယ်တိုင် စောင့်ရှောက်၏။ မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့သည်လည်း နဂါးတောင်ကြားထဲ၌ နေနေ၍ နဂါ‌ေးတောင်ကြားက အလွန်လုံခြုံပါသည်။ မိုးပြာမဟာဧကရာဇ်နှင့် အဆင့်တူသော စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရောက်လာခြင်းမှ မဟုတ်လျှင် မည်သူကမှ မီးနဂါးဓားကို လုယူသွားနိုင်မည် မဟုတ်ပါ။

မီးဝိညာဉ်ပုလဲထဲတွင် မီးအရင်းအမြစ်များစွာ ကျန်နေသေးသည်။ ကောင်းကင်ဝါးမျိုသားရဲလေးမှာလည်း အိပ်နေဆဲပင်။ ချီဟုန်လည်း အထဲတွင် ရှိနေသည်။ သူက မီးအရင်းအမြစ်များကြား၌ ပုန်းအောင်းနေပေသည်။ တံစဉ်မှာလည်း မီးအရင်းအမြစ်ထဲတွင် ရှိသည်။ မီးအရင်းအမြစ်က ၎င်းတံစဉ်ထဲရှိ တမလွန်ဘုံအရှိန်အဝါများနှင့် မကောင်းဆိုးဝါးအရှိန်အဝါများကို သန့်စင်ပေးနေပေသည်။

“ဝူမင်...”

ထိုအခိုက်တွင် ချီဟုန်က ရုတ်တရက် ပြောလိုက်သည်။

“မင်း ဘာလို့ အဲ့ကောင်လေးကို ဂရုမစိုက်ရတာလဲ။ ဒီလောကထဲမှာ အသူရာတောင်ထိပ်ကို တက်နိုင်တဲ့သူက ငါးယောက်မပြည့်ဘူး။ အခု အဲ့ကတစ်ယောက်က မိုးပြာမဟာဧကရာဇ် ဖြစ်နေနိုင်တယ်။ မိုးပြာမဟာဧကရာဇ်က အဲ့ကောင်လေးကို သတ်ပစ်လိုက်မှာကို မင် မစိုးရိမ်ဘူးလား။ တကယ်လို့ ကျန်းရီ သေသွားရင် မင်းမှာ ဆက်ခံသူအသစ်တစ်ယောက်ကို ပျိုးထောင်ဖို့ အချိန်ရှိဦးမှာလား။ မင်း မသွားချင်ရင်လည်း ဘာမှမဖြစ်သေးဘူး၊ ဘာလို့ ငါ့ကိုပါ မသွားခိုင်းရတာလဲ။ ဒါမှမဟုတ် ကောင်းကင်ဘုံခုံရုံးရဲ့ အစီအရင်တွေ နိုးလာတယ်ဆိုတာ မင်း လျှောက်ပြောတာလား”

“ဟင်းဟင်း...”

မီးဝိညာဉ်ပုလဲထဲတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာ၏။ သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“သူက ကောင်းကင်ဘုံခုံရုံးလေးကိုတောင် ရအောင်မယူနိုင်ရင် ဘယ်လိုလုပ် ငါ့ရဲ့ဆက်ခံသူဖြစ်ဖို့ ထိုက်တန်မှာလဲ။ သူက ဘယ်လိုလုပ် တမလွန်ဘုံဧရာဇ်ကို ခုခံနိုင်မှာလဲ။ မင်း သဘောမပေါက်သေးဘူးလား... ငါတို့ သူ့ဘေးမှာ ရှိနေရင် သူက အမြဲ မှီခိုချင်စိတ် ရှိနေမှာ။ သူက အရာအားလုံးအတွက် ငါ့တို့အပေါ်မှာ မှီခိုနေရင်၊ သေရေးရှင်ရေး အခြေအနေတွေကို ကိုယ်တိုင်မရင်ဆိုင်ရင် ဘယ်လိုလုပ် သူ့အလားအလာရှိသလောက် စွမ်းအားကြီးလာနိုင်မှာလဲ။ အဲ့အဘိုးကြီး တမလွန်ဘုံဧကရာဇ်က အချိန်မရွေး ထွက်ပေါ်လာနိုင်တယ်။ သူနဲ့ ငါတို့အတွက် အချိန်အများကြီး မကျန်တော့ဘူး”

“ဟူး...”

ချီဟုန်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်ပုံရိပ်ကို ကြည့်၍ သက်ပြင်းချလိုက်၏။

“အချိန်အများကြီး မကျန်တော့ဘူး။ မင်းရဲ့ အစီအစဉ်က သူ့ကို အမှန်တကယ် ကူညီပေးနိုင်တာပဲ ဖြစ်ဖို့ တမလွန်ချောက်နက်ကို ပို့သလို မဖြစ်ဖို့ ငါမျှော်လင့်ပါတယ်”

“မစိုးရိမ်ပါနဲ့”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ယုံကြည်မှုရှိရှိပြောသည်။

“အဲ့ကောင်လေးရဲ့ တိုးတက်နှုန်းက ငါမျှော်လင့်ထားတာထက်ကို ကျော်နေတယ်။ အဲ့ဒါက အမည်မဲ့ကျင့်စဉ်ရဲ့ ရှေ့ပိုင်းအဆင့်တွေက မှန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မီးအရင်းအမြစ်နဲ့ ရေခဲအရင်းအမြစ်က မိုးမြေရဲ့ အရင်းအမြစ်တွေပဲ။ သူက အဲ့ဒါတွေကိုတောင် စုပ်ယူနိုင်တော့ ငါ မရောက်နိုင်တဲ့ အမြင့်ကိုတောင် ရောက်နိုင်လောက်ပါတယ်”

“ရှေ့ပိုင်းအဆင့်တွေက မှန်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ”

ချီဟုန်သည် သူ၏ ကြီးမားသော နဂါးမျက်ဝန်းများကို ပုတ်ခတ်၍ စိတ်ဝင်တစား မေးလိုက်၏။

“နောက်ပိုင်းအဆင့်တွေကတော့ မှားတယ်လို့ မင်းက ပြောချင်တာလား”

“အဟင်း...”

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အိုးတိုးအမ်းတမ်း ရယ်လိုက်၏။

“သူ သတ္တမအဆင့်ကို မကျင့်ကြံနိုင်တာက သူ့ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးလို့ မဟုတ်ဘူး။ ကျင့်စဉ်က မှားနေလို့ပဲ။ အဲ့ကျင့်စဉ်က ငါ ဖန်တီးထားတဲ့ ကျင့်စဉ်ဆိုတာကို မင်းလည်း သိတာပဲ။ ငါ အဲ့ဒါကို စမ်းမကြည့်ရသေးဘူး။ ဒီအတောအတွင်း ငါ အကြိမ်ကြိမ် သုံးသပ်ကြည့်တော့ ပြဿနာကြီးတစ်ခု ရှိနေတာကို သိလိုက်ရတယ်။ နောက်ပိုင်းအဆင့်တွေကို ဘယ်လိုမှ ကျင့်လို့ မရနိုင်ဘူး။ အနာဂတ်မှာ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုတော့.. ရှင်းရှင်းပြောရရင် ငါလည်းမသိဘူး။ ဘာဆက်လုပ်ရမယ်ဆိုတာကို ကျန်းရီ သူ့ဘာသာပဲ စဉ်းစားရလိမ့်မယ်”

“ကျွတ်...”

ချီဟုန် မျက်လုံးပင့်လိုက်၏။ စကားကြီးစကားကျယ်များစွာ ပြောခဲ့သော်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကျန်းရီကို ကျင့်စဉ်အမှားကြီး ပေးခဲ့သည်လော။ ကျန်းရီက အတင်းမကျင့်ကြံသေး၍သာ တော်သေးသည်။ မဟုတ်လျှင် သူ ရူးလျှင်ရူး၊ မရူးလျှင် ပေါက်ကွဲသွားနိုင်သည်။

“သူ့ဘာသာ စဉ်းစားရမှာတဲ့လား”

ချီဟုန်၏ မျက်နှာထားက လေးနက်လာသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အမည်မဲ့ကျင့်စဉ်က မှားနေ၍ မဖြစ်ပေ။ ထိုကျင့်စဉ်က အလုပ်မဖြစ်လျှင် ကျန်းရီ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ကျော်တက်ရန် မဆိုထားနှင့် ဧကရာဇ်အဆင့်သို့ပင် ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

***

All Chapters