← Chapters

သူရဲကောင်းများ စုဝေးမှု

Vol. 138 Ch. 1929

သူရဲကောင်းများ စုဝေးမှု

Vol. 138 Ch. 1929

ကောင်းကင်စကြဝဠာမြို့က ပျားပန်းခတ် စည်ကားနေ၏။ ထိုမြို့မှာ ရှားယွီ၏ တပ်ဖွဲ့များ၏ ဖျက်ဆီးမှုကို ခံခဲ့ရသည်။ သို့သော် အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး၊ လူသားမျိုးနွယ်မှ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များလည်း ပြောင်းရွှေ့လာခဲ့ပြီဖြစ်၍ မြို့ကို ပြန်တည်ဆောက်ပြီးပြီဖြစ်သည်။

မြို့ထဲတွင် မြို့သူမြို့သားများ သန်းချီ၍ ရှိနေသည်။ စစ်တပ်နှင့် ကုန်သည်များကိုပါ ပေါင်းလိုက်သောအခါ ကောင်းကင်စကြဝဠာမြို့မှာ မြို့ကြီးတစ်မြို့ ဖြစ်သွားလေသည်။ ထိုမြို့ စည်ပင်ကြွယ်ဝလာစေရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။

ကောင်းကင်ကြယ်စုဘုံကို တောဆိတ် ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့အား ပေးလိုက်ပေပြီ။ ကောင်းကင်ဝိညာဉ်ဘုံက ‌သေးငယ်သည်။ ထို့ကြောင့် ချီလင်းဧကရီ၏ အဖွဲ့သည် အတန်ငယ်ဆွေးနွေးပြီးနောက် ကောင်းကင်စကြဝဠာဘုံကိုသာ စောင့်ကြပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် လူသားစစ်တပ်အားလုံးနီးပါးက ကောင်းကင်စကြဝဠာဘုံထဲတွင် စုဝေးနေကြသည်။ ပညာရှင်အများစုမှာလည်း ဤဘုံမှာပင် ရှိနေသည်။

ကောင်းကင်စကြဝဠာဘုံက ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့နှင့် အလွန်ဝေးကွာသည်။ ထိုဘုံများကြားမှ ဆန်းကြယ်နယ်မြေများကို လူသားမျိုးနွယ်က သိမ်းပိုက်ပြီးပြီဖြစ်သည်။ ထို့ကြောင့် နေရာအနှံ့တွင် ထောက်လှမ်းရေးများနှင့် ကင်းလှည့်တပ်များ ရှိနေပေသည်။ အကယ်၍ တမလွန်ဘုံမျိုးနွယ်က ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့ကို တိုက်ခိုက်လိုလျှင် သူတို့ ကောင်းကင်စကြဝဠာဘုံကို အရင်သိမ်းယူရပေလိမ့်မည်။

လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား အားလုံးက ကောင်းကင်စကြဝဠာမြို့ထဲတွင် စုဝေးနေကြသည်။ မြို့က စည်းကားလှုပ်ရှားနေပြီး မြို့အပြင်တွင် သန်းဆယ်ချီသော တပ်သားများ တပ်ချထားကြသည်။ ကောင်းကင်ထဲရှိ ခပ်ရေးရေး တမလွန်ဘုံအရှိန်အဝါများကြောင်း မဟုတ်လျှင် ထိုမြို့က ကမ္ဘာဦးကောင်းကင်ဘုံမှ မြို့ကြီးတစ်မြို့ဟုပင် ထင်ရမည်ဖြစ်သည်။

အထူးသဖြင့် ယနေ့တွင် မြို့က သက်ဝင်လှုပ်ရှားနေသည်။ မျိုးနွယ်ကြီးများမှ မျိုးနွယ်ဝင်များသည်လည်း မြို့ထဲရှိ အကြီးဆုံးရဲတိုက်ထဲသို့ အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာနေကြသည်။

ကျန်နေသော တမလွန်ဘုံမျိုးနွယ်ဝင်များကို လိုက်ရှင်းနေသည့် ခွမ်ဟူနှင့် ယန်ချီတို့ ပြန်ရောက်လာပြီဖြစ်သည်။ ဟယ်နုန်ယင်းက ကမ္ဘာဦးကောင်းကင်ဘုံမှ တည်နေရာပြောင်းရွှေ့လာသည်။ ယွင်ပင်းလည်း ဤမြို့တွင် ရှိနေသည်။ မျိုးနွယ်အသီးသီးမှ သခင်လေးအားလုံးလည်း စုဝေးနေကြသည်။

ထိုသခင်လေးများနှင့် သခင်မလေးများကို စုဝေးရန် ညွှန်ကြားခဲ့သူမှာ မသေမျိုးတစ်ပိုင်း ရသေ့ကြီးဖြစ်သည်။ သို့သော် သခင်လေးများစွာသည် စုဝေးရန် ဖိတ်ခေါ်မခံရသော်လည်း သတင်းကြား၍ ရောက်လာကြခြင်းဖြစ်သည်။ မကြာသေးခင်က မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ကောင်းကင်ဘုံခုံရုံး ထွက်ပေါ်လာပြီဆိုသော သတင်းကို ဖြန့်ခဲ့ပြီး လူသားမျိုးနွယ်မှ ပါရမီရှင်များနှင့် သူရဲကောင်းများက ၎င်းကို ရယူရမည်ဟု ပြောခဲ့သည်။

အကယ်၍ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်က ကပ်လောက၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်ရေးလက်နက်ဖြစ်လျှင် ကောင်းကင်ဘုံခုံရုံးက အကောင်းဆုံး ခုခံရေးလက်နက်ဖြစ်သည်။ အသုံးဝင်မှုအများဆုံး ရတနာခန်းမတစ်ခုလည်း ဖြစ်ပေသည်။

ထိုနန်းတော်(သို့)ခုံရုံးကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တည်ဆောက်ထားခြင်း မဟုတ်ချေ။ ကောင်းကင်ဧကရာဇ်ဟောင်းထံမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဧကရာဇ် အစဉ်အဆက်တိုင်းသည် ကောင်းကင်ဘုံခုံရုံးကို လက်ဆင့်ကမ်းရပြီး ထိုခုံရုံးတွင် ကိုယ်ပိုင်အမှတ်အသားများ ချန်ခဲ့ရသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည်လည်း ၎င်းကို နှစ်ထောင်နှင့်ချီ၍ သန့်စင်ခဲ့ပေသည်။

အခြားအသုံးဝင်မှုများကို မဆိုထားနှင့်ဦး အဆက်ဆက်သော ကောင်းကင်ဧကရာဇ်များက ချန်ခဲ့သည့် မဟာတာအိုအမှတ်အသားများနှင့်ပင် ထိုနန်းတော်ကို နံပါတ်တစ်နန်းတော်ဟု ခေါ်ထိုက်နေပြီဖြစ်သည်။

အတိတ်တွင် တမလွန်ဘုံဧကရာဇ်သည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ရှင်းပစ်ရန် စစ်ချီခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်က အစိတ်အပိုင်းခုနစ်ပိုင်း ကွဲထွက်သွားပြီး အဝေးသို့ ပျံထွက်သွားခဲ့သည်။ ကောင်းကင်ဘုံခုံရုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ မူလတွင် ပညာရှင်များစွာသည် ကောင်းကင်ဘုံခုံရုံက တမလွန်ဘုံဧကရာဇ်၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီဟု တွေးခဲ့ကြ၏။ ထို့ကြောင့် လူများသည် ၎င်းကို လိုက်မရှာခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုတွင် ကောင်းကင်ဘုံခုံရုံး ပြန်ထွက်ပေါ်လာပြီဟု မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြောလာပေပြီ။ ထို့ပြင် ပါရမီရှိသူ၊ အစွမ်းအစရှိသူက ထိုကောင်းကင်ဘုံခုံရုံးကို ရယူနိုင်လိမ့်မည်ဟုလည်း ပြောခဲ့သည်။ သို့ဖြစ်ရာ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများက မည်သို့ မလိုချင်ဘဲ ရှိကြပါမည်နည်း။

ကောင်းကင်ဘုံခုံရုံး ပြန်ထွက်ပေါ်လာခြင်း...

ထိုအကြောင်းကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နမိတ်ဖတ်ခဲ့ခြင်း မဟုတ်ပါ။ မိုးပြာမဟာဧကရာဇ်က သတင်းပြန်ပို့လာခြင်းဖြစ်သည်။ မိုးပြာမဟာဧကရာဇ်သည် အဆင့်တက်ဖို့ ကျင့်ကြံရန် အသူရာတောင်သို့ သွားရင်းနှင့် ကောင်းကင်ဘုံခုံရုံးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက ကောင်းကင်ဘုံခုံရုံးထဲ မဝင်နိုင်ကြောင်း၊ အတင်းဝင်မည်ဆိုလျှင် ကောင်းကင်ဘုံခုံရုံးကို ၎င်းကို၎င်း ဖောက်ခွဲပစ်လိုက်မည်ဖြစ်ကြောင်း အတည်ပြုပြီးသောအခါ ၎င်းအကြောင်းကို သတင်းပြန်ပို့ခဲ့ပေသည်။

ကောင်းကင်ဘုံခုံရုံးမှာ ကောင်းကင်ဧကရာဇ်၏ နေထိုင်ရာပင်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ် ဖြစ်လာလျှင် ကောင်းကင်ဘုံခုံရုံးတွင်သာ နေရမည်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းကို ကျန်းရီက ယူသွားမည်ကို မည်သို့ လက်ခံနိုင်မည်နည်း။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်သည် မျိုးနွယ်အသီးသီးမှ မျိုးနွယ်ဝင်များကို ၎င်းအား ယူထားခိုင်း၍ နောက်မှ ဖြည်းဖြည်းချင်း သန့်စင်ရန် ကြံရွယ်ထားလေသည်။

မိုးပြာမဟာဧကရာဇ်က အသူရာတောင်သို့ သွားသည်ဆိုသော သတင်းမှာ ပေါက်ကြားသွား၍ မဖြစ်ပါ။ ထို့ကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သူ နမိတ်ဖတ်မိသည့်ပုံနှင့် မျိုးနွယ်အသီးသီးမှ ပါရမီရှင်များနှင့် ပညာရှင်များကို ကောင်းကင်စကြဝဠာမြို့ထဲတွင် စုဝေးစေလိုက်ခြင်းဖြစ်သည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ချီလင်းဧကရီ၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများသည် သဘောတူညီချက်တစ်ခု ရယူထားပြီဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှ အစီအရင်များမှာ ၎င်းတို့ဘာသာ၎င်းတို့ နိုးထလာခြင်းပင်။ မဟုတ်လျှင် သူတို့ အသူရာတောင်သို့ ပျံသွားနိုင်မည်မဟုတ်။ ထို့ပြင် ရတနာသိုက်အားလုံးတွင် ဘုံတူညီမှုတစ်ခုရှိသည်။ ထိုနေရာများထဲသို့ လူငယ်များက ပိုဝင်ရလွယ်ပေသည်။

ရတနာသိုက်များကို ချန်ခဲ့ကြသော စွမ်းအားကြီး သိုင်းသမားများသည် သူတို့၏ ရတနာများကို အဘိုးကြီးများက ယူသွားမည်ကို သဘောမကျကြပေ။ မဟုတ်လျှင် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို ယူပြီးသွားလောက်ပေပြီ။ သူတို့သည် လူငယ်များကိုသာ အခွင့်အရေးများနှင့် မျှော်လင့်ချက်များ ပေးလိုကြသည်။ လူသည် ငယ်လေ၊ အနာဂတ်တွင် ကောင်းကင်ကို ဆန့်ကျင်နိုင်သော စွမ်းအားကြီး သိုင်းသမားများ ဖြစ်လာရန် အခွင့်အရေးပိုများလေပင်။

စွမ်းအားကြီး သိုင်းသမားများတွင် မာနရှိကြသည်။ သူတို့သည် သူတို့၏ရတနာများကို အသုံးမကျသူများက ယူသွားမည်ကို မလိုလားကြပါ။ ထို့ပြင် သူတို့၏ ဆက်ခံသူများက သေခါနီး အဘိုးကြီးများ ဖြစ်နေကြမည်ကိုလည်း မလိုချင်ပါ။ သို့ဖြစ်၍ သူတို့သည် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကို အဝင်မခံဘဲ အလွန်ဆုံး အုပ်ချုပ်သူအဆင့် သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကိုသာ ဝင်ခွင့်‌ပေးကြသည်။

သို့သော် ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသေးသော တောက်နူသည် ကောင်းကင်ဘုံခုံရုံးထဲ အတင်းဝင်မည်ဆိုလျှင် အသက်အရွယ်ကြောင့် အစီအရင်များ၏ သတ်ဖြတ်မှုကို ခံရနိုင်သည်။ ခွမ်ဟူ၊ ယန်ချီ၊ ဟယ်နုန်ယင်းနှင့် အခြားသူများမှာလည်း ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြသည်။ သို့သော် ငယ်ရွယ်သောအသက်ကြောင့် သူတို့၏ အောင်မြင်နိုင်ခြေက များပေသည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ခွမ်ဟူတို့ကိုသာ သွားစေလိုခဲ့၏။ သို့သော် သတင်းပျံ့သွားသောအခါ မျိုးနွယ်အသီးသီးက လိုချင်လာကြသည်။ ကောင်းကင်ဘုံခုံရုံးထဲတွင် ရတနာများစွာ ရှိသည် မဟုတ်ပါလား။

ကောင်းကင်ဘုံခုံရုံး ထွက်ပေါ်လာပြီဖြစ်ရာ မည်သည့်မျိုးနွယ်က ဝေစုမလိုချင်ဘဲ ရှိမည်နည်း။ သူတို့ ကောင်းကင်ဘုံခုံရုံးကို မရနိုင်လျှင်ပင် တာအိုကောင်းကင်ဝိညာဉ်ရတနာများ၊ ကမ္ဘာဦးဝိညာဉ်ရတနာများ သို့မဟုတ် ရှေးဦးဝိညာဉ်ရတနာများကို လိုချင်ကြပေသည်။

နောက်ဆုံးတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အုပ်ချုပ်သူအဆင့်နှင့်အထက် ရှိသည့် သခင်လေး၊ သခင်မလေးများကို သွားခွင့်ပေးလိုက်သည်။ မိုးပြာမဟာဧကရာဇ်က သူတို့အတွက် အကောင်းဆုံးလမ်းကြောင်းကို ပို့ပေးထားပြီဖြစ်သည်။ သူတို့ ထိုလမ်းကြောင်းအတိုင်း လိုက်မည်ဆိုလျှင် အန္တရာယ်များစွာ တွေ့ရမည် မဟုတ်ဘဲ အသူရာတောင်ထိပ်သို့ အလွယ်တကူ ရောက်ကာ ကောင်းကင်ဘုံခုံရုံးထဲ ဝင်နိုင်ပေလိမ့်မည်။

ခြောက်နာရီကြာပြီးနောက် သွားခွင့်ရသူများကို ရွေးချယ်ပြီးစီးသွားသည်။

ခွမ်ဟူ၊ ယန်ချီနှင့် ဟယ်နုန်ယင်းတို့က လူနှစ်ဆယ်အဖွဲ့ကို ဦးဆောင်ရသည်။ တောက်လန်နှင့် ခွမ်မျိုးနွယ်မှ ဧကရာဇ်တစ်ပိုင်းအဆင့် အကြီအကဲတစ်ယောက်က အင်အားတစ်သန်းစစ်တပ်ကို ဦးဆောင်၍ ထိုအဖွဲ့ကို အသူရာတောင်ခြေအထိ လိုက်ပို့ရမည်ဖြစ်သည်။

အခြေအနေက အရေးကြီးနေသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဆုံးဖြတ်ချက်ချပြီးသည်နှင့် အားလုံးကို ချက်ချင်း ထွက်ခွာစေလိုက်လေသည်။ သို့ဖြင့် အားလုံး ကောင်းကင်ကြယ်စုဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ သူတို့ ကောင်းကင်စကြဝဠာဘုံမှ တန်းသွားမည်ဆိုလျှင် တမလွန်ဘုံမျိုးနွယ်မှ ထောက်လှမ်းရေးများက သတိပြုမိသွားနိုင်သည် မဟုတ်ပါလား။

ရွှီး...ရွှီး...ရွှီး...

ကောင်းကင်ကြယ်စုမြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်က အဆက်မပြတ် လင်းလက်နေ၏။ လေးနာရီကြာ တည်နေရာပြောင်းရွှေ့ပြီးနောက် အင်အားတစ်သန်းစစ်တပ် ရောက်လာသည်။ ခွမ်ဟူ၊ ယန်ချီနှင့် တောက်လန်တို့က အသူရာတောင်သို့သွားရန် အာကာသထဲ တည်နေရာပြောင်းရွှေ့ဖို့ ဟန်ပြင်လိုက်စဉ်၌ မြို့ထဲရှိ ရဲတိုက်ကြီးတစ်ခုထဲမှနေ၍ လူနှစ်ယောက် ပျံထွက်လာသည်။

“အန်...”

ခွမ်ဟူ၊ ယန်ချီနှင့် အခြားသခင်လေးများ၏ မျက်လုံးများ အရောင်လက်လာ၏။ ပျံထွက်လာသူနှစ်ယောက်ထဲမှ တစ်ယောက်မှာ အလွန်လှပသည်။ သူမ၏ အလှသည် ဟယ်နုန်ယင်းနှင့် ယှဉ်လျှင်ပင် မှေးမှိန်မသွားပေ။ အရေးအကြီးဆုံးမှာ သူမ၏အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းနေခြင်းပင်။ တောက်လန်၏ အရှိန်အဝါထက် မနိမ့်ပါ။

ဟယ်နုန်ယင်းနှင့် ရှားယွီတို့ကလည်း အခြား လူငယ်ကို အလိုလိုကြည့်မိလိုက်ကြ၏။ ထိုလူငယ်က အလွန်ငယ်ရွယ်ကာ ခံ့ညားသည်။ သူ့မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့ရှိနေပြီး သူ့အငွေ့အသက်က စာသင်သားတစ်ယောက်နှင့် ဆင်တူသည်။ သူသည် စစ်သူကြီးတစ်ယောက် မဟုတ်ဘဲ စာသင်သားတစ်ယောက်ကဲ့သို့ပင်။ သို့သော် သူ့ကျင့်ကြံခြင်းအဆင့်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်တွင်ဖြစ်သည်။

လင်ဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေ...

အားလုံးသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူနှစ်ယောက်ကို သိသွား၏။ တစ်ယောက်မှာ တောင်ဆိတ် ရသေ့ကြီး၏ မြေးမလေးဖြစ်ပြီး ကျန်တစ်ယောက်မှာ ဧကရာဇ်ရွေ၏ မြစ်ဖြစ်သည်။ သူတို့သည် ထိုမျိုးနွယ်နှစ်ခု၏ မျိုးဆက်သစ်များကြားမှ ထိပ်တန်းများဖြစ်ကြသည်။ သူတို့နှစ်ယောက် ထွက်လာခြင်း၏ ရည်ရွယ်ချက်မှာ ထင်ရှားသည်။ သူတို့လည်း ကောင်းကင်ဘုံခုံရုံးအတွက် ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။

“သခင်မလေးဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေတို့ပါလား”

ခွမ်ဟူသည် ကျန်းရီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသော်လည်း ထိပ်တန်းသခင်လေးတစ်ယောက်၏ ဟိတ်ဟန်ကို ပြန်ရနေပြီဖြစ်သည်။ သူ ယဉ်ကျေးစွာ မေးလိုက်သည်။

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ခွမ်ဟူကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြ၏။ ထို့နောက် သူတို့ ဟယ်နုန်ယင်းနှင့် ရှားယွီတို့ကို ကြည့်လိုက်ကြပြီး ရန်စသည့်ဟန်ဖြင့် ပြောလိုက်ကြလေသည်။

“ဒီကနှစ်ယောက်က သခင်မလေးနုန်ယင်းနဲ့ စစ်သူကြီးရှားယွီတို့လား။ သခင်မလေးတို့ရဲ့ နာမည်တွေနဲ့ စွမ်းဆောင်ရည်တွေကို ကြားဖူးတာ ကြာပါပြီ။ အခုတော့ ဒီနေ့ ဆုံရပြီပေါ့။ သခင်မလေးတို့က တကယ်ကို သူရဲကောင်းတွေပဲ။ သခင်မလေးတို့ရဲ့ အရှိန်အဝါတွေက ထူးကဲလှပါတယ်”

ဟယ်နုန်ယင်းက ပြုံးရုံသာ ပြုံး၍ မည်သို့မှ ပြန်မပြောပေ။ ရှားယွီကမူ မျက်လုံးဝေ့ဝဲ၍ ပြုံးကာ ပြန်ပြောလိုက်သည်။

“သခင်မလေးဖေးရှန်းက ချီးမွမ်းလွန်းနေပါပြီ။ ရှားယွီက အဲ့လိုချီးကျူးခံရဖို့ မထိုက်တန်ပါဘူး။ အစ်မကြီးနုန်ယင်းကသာ သူရဲကောင်းပါ။ အရင်တုန်းက အစ်မကြီးနုန်ယင်းက စစ်တပ်ကို တစ်ကိုယ်တော် ဦးဆောင်ပြီး တမလွန်ဘုံမျိုးနွယ်ရဲ့ ပိုင်နက်ထဲ မိုင်သန်းချီအောင် ဝင်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်တွေ အများကြီး သတ်ခဲ့ပါတယ်။ ပြီးတော့ သန်းထောင်ချီတဲ့ တမလွန်ဘုံမျိုးနွယ်ဝင်တွေ လိုက်သတ်တာကနေလည်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ရှားယွီရဲ့ စွမ်းဆောင်ချက်က အစ်မကြီးနုန်ယင်းရဲ့ စွမ်းဆောင်ချက်တွေနဲ့ မယှဉ်နိုင်ပါဘူး။ လူသားမျိုးနွယ်ရဲ့ အမျိုးသမီးတိုင်းက အစ်မကြီးနုန်ယင်းကို စံပြအနေနဲ့ထားသင့်တယ်လို့ ရှားယွီထင်ပါတယ်”

ရှားယွီ၏ အသံက အလွန်ချိုသာကာ သိမ်မွေ့၏။ သူမ၏စကားများထဲတွင် ရွဲ့သည့်စောင်းသည့် အရိပ်အယောင်များလည်း မပါပေ။ သို့သော် တောက်လန်နှင့် ခွမ်မျိုးနွယ်မှ အကြီးအကဲ ခွမ်လူပင် ခေါင်းဆတ်လိုက်ကြရသည်။

အပေါ်ယံတွင် ရှားယွီက ဟယ်နုန်ယင်းကို ချီးကျူးနေခြင်းဟု ထင်ရ၏။ သို့သော် အမှန်တွင် ဟယ်နုန်ယင်း၏ ဂုဏ်ကိုဖော်ကာ လင်းဖေးရှန်းကို နှိမ်နေခြင်းဖြစ်သည်။ သူမသည် လင်းဖေးရှန်းကို တိုက်ခိုက်စွမ်းအားကြီးသော်လည်း လူသားမျိုးနွယ်အတွက် မတိုက်ခိုက်ဝံ့သူအဖြစ် ခနဲ့နေခြင်းပင်။

“သွားကြစို့”

ဟယ်နုန်ယင်းက မည်သို့မှ ပြန်မပြောပေ။ သူမ လင်းဖေးရှန်းကိုပင် မကြည့်လိုက်ပါ။ သူမ လက်ဝှေ့ယမ်းကာ အဖွဲ့ကို တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဦးဆောင်ခေါ်ကာ ကောင်းကင်ကြယ်စုမြို့ထဲမှ ထွက်သွားလိုက်လေသည်။ ထို့ကြောင့် သူမက လင်းဖေးရှန်း၏ မျက်နှာကို ထပ်မံ ဖြတ်ရိုက်လိုက်သလို ဖြစ်သွားပေသည်။

“ဟင်းဟင်း...”

လင်းဖေးရှန်း ဒေါသမထွက်ပါ။ ထိုအစား ပန်းတစ်ပွင့်လို ပြုံးလိုက်သည်။ ခွမ်ဟူနှင့် ယန်ချီတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ဤတစ်ခေါက် အသူရာတောင်သို့ ခရီးက ငြိမ်းချမ်းလိမ့်မည် မဟုတ်ဟု သူတို့ ရုတ်တရက်ခံစားလိုက်ကြရလေသည်။

All Chapters