← Chapters

မစ်ရှင်အဖွဲ့ရဲ့အသုံးမကျဆုံး

Vol. 9 Ch. 14

မစ်ရှင်အဖွဲ့ရဲ့အသုံးမကျဆုံး

Vol. 9 Ch. 14

လင်ဒါက ရုံးခန်းထဲမှာ အလုပ်လုပ်နေရင်း သက်ပြင်းချလိုက်တယ်။ ကွင်းရဲစခန်းကို ပြန်ရောက်လာတာ ရက်အနည်းငယ်ရှိပြီ။ အမှုအခင်းတချို့ နည်းနည်းပါးပါးရှိခဲ့ပေမဲ့ အရမ်းအကြီးကြီးတော့မရှိဘူး။

ဒေါက်... ဒေါက်... ဒေါက်...

“ဝင်ခဲ့ပါ။” အပြင်ဖက်ကနေ တံခါးခေါက်သံကြားတဲ့အတွက် လင်ဒါက ကွန်ပျူတာကနေ အကြည့်လွှဲလိုက်ပြီး ခွန်းတုံ့ပြန်တယ်။ မကြာခင်မှာပဲ လက်ထဲမှာ သူမှာထားတဲ့ နေ့လယ်စာဘူးကိုင်ထားတဲ့ ဆိုင်းရပ်အထဲဝင်လာပါတယ်။

“စခန်းမှူး၊ မှာထားတဲ့ နေ့လယ်စာရပါပြီ။” ဆိုးရပ်က စက္ကူဘူးကို စားပွဲပေါ်တင်ပေးတယ်။ လင်ဒါက လှန်ကြည့်တော့ သူမှာထားတဲ့ ဘာဂါမဟုတ်ဘဲ တရုတ်တန်းက ထမင်းနဲ့ကြက်ကုန်းဘောင်ဖြစ်နေတာ တွေ့လိုက်ရတဲ့အတွက် သံသယအပြည့်နဲ့ ဆိုင်းရပ်ကိုကြည့်လိုက်လေရဲ့။

“ဆိုင်းရပ်၊ နင်ငါမှာလိုက်တာကို သေချာနားမထောင်တာလား။”

ဆိုင်းရပ်ကတော့ ရယ်ကျဲကျဲနဲ့ပဲပြန်ဖြေပါတယ်။ “ကျွန်တော်က အရာရှိကို နေ့တိုင်းအမြန်စာတွေစားပြီး ကျန်းမာရေးမထိခိုက်စေချင်လို့ပါ။”

လင်ဒါလည်း ဆိုင်းရပ်ကို အပြစ်တင်လို့မရတဲ့အတွက် သက်ပြင်းချလိုက်ပြီး နေ့လယ်စာစစားတယ်။ တစ်ဖက်မှာတော့ ဆိုင်းရပ်က ရုံးခန်းထဲက အကူအတွက်ခုံမှာထိုင်ပြီး ဖိုင်တွေနဲ့အလုပ်လုပ်တယ်။ ခနလောက်ကြာတဲ့အထိတိတ်ဆိတ်နေပြီးတဲ့နောက် ဆိုင်းရပ်က စကားစလာပါတယ်။

“အရာရှိ၊ မနက်ဖြန်က စနေနေ့ဆိုတော့ ညနေပိုင်း ခွင့်ခနယူပြီး တစ်နေရာရာမှာ ညစာစားကြမလား။”

လင်ဒါက ညစာစားပွဲတွေနဲ့သိပ်အသားမကျပေမဲ့ သူနဲ့အချစ်ပြိုင်ဘက် ဖလေရာက အမြဲလိုလိုညစာစားပွဲတွေနဲ့ မက်ဒါနာကို ဆွဲဆောင်နေကျဖြစ်လို့ ဆိုင်းရပ်ရဲ့စိတ်ကို လင်ဒါအနည်းနဲ့အများတော့နားလည်တယ်။ ဒါပေမဲ့ သူဘာမှပြန်မပြောရသေးခင်မှာပဲ ရုံးခန်းတံခါးပွင့်သွားပြီး ရဲကြပ်ကလောက်ပြေးဝင်လာတယ်။

“ပြဿနာတက်ပြီ၊ ပြဿနာတက်ပြီ။ ကွင်းမြို့အဝင်ဝမှာ မဟာမိတ်ယာဥ်တန်းတစ်ခုကို ဗီလိန်အဖွဲ့တစ်ဖွဲ့က ဝင်တိုက်နေတယ်တဲ့။”

ရုတ်တရက်ကြားလိုက်ရတဲ့သတင်းကြောင့် လင်ဒါမျက်လုံးပြူးသွားတယ်။ လန်ဒန်က မဟာမိတ်ဌာနချုပ်ဆိုရင် နယူးယောက်က မစ်ရှင်အဖွဲ့ဌာနချုပ်ပါ။ ဒီလိုနေရာမျိုးမှာတောင် ဗီလိန်အဖွဲ့တစ်ဖွဲ့က လှုပ်ရှားရဲတာလား။

“ကလောက်၊ စခန်းမှာရှိနေတဲ့ ရဲတပ်သားတွေအကုန်လုံးကို အသင့်ပြင်ခိုင်းလိုက်။ ဟီးရိုးတွေရောက်မလာခင် ငါတို့သူတို့ကို အရင်ကိုင်တွယ်ရမယ်။”

လင်ဒါက ပြောပြောဆိုဆိုနဲ့ စားပွဲအောက်က အံ့ဆွဲထဲထည့်ထားတဲ့ နည်းပညာဝတ်စုံသေတ္တာကို ဆွဲထုတ်လိုက်ပါပြီ။ ဆိုင်းရပ်က အဲဒီဝတ်စုံကိုကြည့်ရင်း ရေရွတ်လိုက်လေရဲ့။

“ဟုတ်သားပဲ၊ ရဲအရာရှိက မစ်ရှင်အဖွဲ့ဝင်ပဲကိုး။”

“ဆိုင်းရပ်၊ နင်က ဒီမှာကျန်နေခဲ့။ ဒီလိုကိစ္စမျိုးကိုကိုင်တွယ်ဖို့ နင်လေ့ကျင့်မထားရသေးဘူး။”

“ဒါပေမဲ့...” လင်ဒါကတော့ ဆိုင်းရပ်စကားကို နားမထောင်တော့ဘဲ အခန်းထဲကနေ ထွက်သွားတယ်။ အပြင်ရောက်တော့ ကယ်ဗင်က သေတ္တာနှစ်လုံးကိုဆွဲထွက်လာပြီး ကလောက်ကို တစ်လုံးပစ်ပေးလိုက်တယ်။

“အရာရှိ၊ ကျုပ်တို့သုံးယောက် တိုက်ပွဲကို အတူတူမသွားရတာတောင် အတော်ကြာပြီပဲ။” ကယ်ဗင်က လင်ဒါ့လက်ထဲက သေတ္တာကိုကြည့်ရင်း ပြောလိုက်တယ်။

“အေး၊ နင်တို့လည်း သတိထားကြ။ ရန်သူက တော်ရုံဗီလိန်တော့ မဖြစ်နိုင်ဘူး။”

“ဟုတ်ကဲ့၊ အရာရှိ။” ရဲစခန်းထဲက ရဲတပ်သားတိုင်းက လင်ဒါကို ပြန်ခွန်းတုံ့ပြန်တယ်။

....

နောက်ငါးမိနစ်အကြာမှာတော့ ကွင်းရဲစခန်းရဲ့ရဲကားတွေက အခင်းဖြစ်ပွားရာကို ဝိုင်းထားလိုက်တယ်။ နေရာက ကုန်းတံတားကြီးတစ်ခုရဲ့အပေါ်မှာဖြစ်ပြီး ရဲကားတွေက အတက်အဆင်းနှစ်နေရာလုံးကိုခွဲကာ ပိတ်ဆို့ထားလိုက်ပါပြီ။

“ထင်ထားတဲ့အတိုင်းပဲ ပုံမှန်တပ်ဖွဲ့မဟုတ်ဘူး။”

လင်ဒါက သူ့ဝတ်စုံစနစ်ကိုသုံးပြီး တံတားပေါ်ကတိုက်ပွဲကို ကြည့်လိုက်တယ်။ ရန်သူ့တပ်ဖွဲ့က တစ်ဒါဇင်လောက်ရှိပြီး အကုန်လုံးက လေ့ကျင့်ထားသူတွေပါ။ ယာဥ်တန်းရဲ့အစောင့်တပ်ကလည်း နည်းပညာချပ်ဝတ်တွေဝတ်ထားပြီး အသေအလဲခုခံနေပေမဲ့ ရန်သူမှာ အားကောင်းတဲ့ တိုက်ခိုက်ရေးသမားကောင်းတစ်ယောက်ပါနေပါတယ်။

ထိန်း... ထိန်း....

ခရမ်းရောင်နည်းပညာဝတ်စုံပေါ်မှာ အညိုရောင်လည်သာကုတ်နဲ့ကောင်းဘွိုင်ဦးထုပ်ကိုဝတ်ထားတဲ့ ဗီလိန်က လက်ထဲမှာ အလင်းဒြပ်စင်အနီရောင်ပစ်လွှတ်နိုင်တဲ့ ခြောက်လုံးပြူးနှစ်လက်ကိုကိုင်ပြီး မဟာမိတ်ရဲ့အားကိုးရတဲ့ A rank ကင်းမြီးကောက်စက်ရုပ်နှစ်ရုပ်ကို ဖျက်ဆီးပစ်လိုက်တယ်။ ဒီစက်ရုပ်နှစ်ရုပ်က လင်ဒါတို့မရောက်ခင်အထိ ယာဥ်တန်းကိုခုခံပေးခဲ့တာပါ။

“ကယ်ဗင်၊ ကလောက်... နင်တို့နေရာမှာပဲနေကြ။ ရန်သူက S rank ဖြစ်နိုင်တယ်။ ငါတစ်ယောက်တည်းပဲသွားမယ်။”

လင်ဒါက ရဲတပ်ကြပ်နှစ်ယောက်ကို သတိပေးလိုက်တယ်။ အဲဲဒီနောက် သူ့ဝတ်စုံကိုဝတ်ပြီး ရှေ့ကိုပြေးတက်သွားပါပြီ။

...

“စီနီယာတို့၊ ကျုပ်ရော ဘာလုပ်ရမလဲ။” ကယ်ဗင်နဲ့ကလောက် ရဲကားနောက်မှာနေရာယူပြီးပုန်းနေတုန်း နောက်ဆုံးမှာရပ်ထားတဲ့ ရဲကားဘင်နောက်တံခါးပွင့်လာပြီး ဆိုင်းရပ်ဆင်းလာတယ်။ ဟိုနှစ်ယောက်က ဆိုင်းရပ်ကိုမြင်တော့ လက်ညိုးထောင်ပြပြီး

“ရှူးတိုးတိုး... ငါတို့အရာရှိ မင်းခိုးလိုက်လာမှန်းသိရင် ငါတို့ကိုသတ်လိမ့်မယ်။ ငြိမ်ငြိမ်လေးနေပြီး သူတိုက်ပွဲဝင်တာကိုကြည့် ဟုတ်ပြီလား။”

“ဟီးဟီး၊ သိပါတယ်ဗျ။ ကတိအတိုင်း ညကျရင် အကင်ဆိုင်လိုက်ပို့ပေးမယ်။” ဆိုင်းရပ်က စီနီယာနှစ်ယောက်ကို ပြုံးပြလိုက်တယ်။

....

လင်ဒါက အနားကိုရောက်လာပြီးတဲ့နောက် သူ့ရန်သူတွေရဲ့ပုံစံကို လေ့လာကြည့်လိုက်တယ်။ သာမန်အဖွဲ့ဝင်တွေကလည်း နည်းပညာဝတ်စုံတွေဝတ်ဆင်ထားကြပြီးတော့ နောက်ဆုံးကျန်နေတဲ့ မဟာမိတ်အစောင့်တပ်သားတွေကို သတ်ပစ်လိုက်တယ်။ သူတို့ဝတ်ထားတဲ့ ဝတ်စုံတွေက အနက်ရောင်နင်ဂျာဝတ်စုံတွေနဲ့ဆင်ပြီး ကျောမှာတော့ ခရမ်းရောင်မြွေပွေးလိုဂိုရှိနေတာ တွေ့ရတယ်။

“အရိပ်တပ်ဖွဲ့လား၊ ဒီလောက်အတင့်ရဲနေတာ အံ့ဩစရာမဟုတ်ဘူးပဲ။”

အရိပ်လုပ်ကြံသတ်ဖြတ်ရေးတပ်ဖွဲ့က ကမ္ဘာ့အင်အားအကြီးဆုံး ဗီလိန်အဖွဲ့သုံးခုထဲက တစ်ခုပါ။ မြူတန့်မဟာမိတ်အဖွဲ့ရဲ့ပြိုကွဲမှုနဲ့အတူ ကြေးစားစစ်တပ်နဲ့အရိပ်တပ်ဖွဲ့နှစ်ခုလုံးက ဆိုက်ဘေးရီးယားစစ်မြေပြင်ရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ပျောက်ကွယ်သွားခဲ့တာကြာပြီ။ အခုကတော့ သူတို့ထဲကတစ်ဖွဲ့ ပထမဆုံးအကြိမ် ပြန်ပေါ်ပေါက်လာတာပါ။

“ဟုတ်တာပေါ့၊ ငါကိုယ်တော်က အရိပ်တပ်ဖွဲ့ရဲ့ဒုဥက္ကဠ မဟုတ်သေးပါဘူး... အဖိုးကြီးသေပြီဆိုတော့ ဥက္ကဠသစ်ဖြစ်တဲ့ ဂါဂိုလီပဲ။ တွေ့ရတာဝမ်းသာပါတယ်၊ မစ်ရှင်အဖွဲ့ရဲ့အသုံးမကျဆုံးလေး။”

ကောင်းဘွိုင်ဝတ်စုံဝတ်ထားတဲ့သူက လင်ဒါကိုလှည့်ကြည့်လိုက်ပြီး ရယ်မောသံတစ်ဝက်ပါတဲ့ လေသံနဲ့ အခုလိုပြောလိုက်တယ်။ အနားရောက်လာမှ သူ့ရဲ့ဝတ်စုံက ခရမ်းရောင်နဲ့အနက်ရောင်ကို တစ်ပိုင်းစီခွဲထားတာမျိုးဖြစ်နေမှန်း သတိထားမိလိုက်လေရဲ့။

“နင်ပြောချင်တာက အရင်ခေါင်းဆောင် အရိပ်သခင်သေပြီဆိုတဲ့သဘောလား။”

အရိပ်တပ်ဖွဲ့ရဲ့ခေါင်းဆောင်က အရိပ်သခင်ပါ။ ဒါပေမဲ့ ကောင်းဘွိုင်ဦးထုပ်နဲ့သူပြောတဲ့အတိုင်းဆိုရင် သူတို့ပျောက်နေတဲ့ကာလမှာ အများကြီးပြောင်းလဲသွားတဲ့ပုံပဲ။

ဟက်ဟက်... ကောင်းဘွိုင်က ရယ်လိုက်ပြီး သေနတ်ကို ပခုံးပေါ်ထမ်းတင်လိုက်တယ်။ သူ့တပည့်နင်ဂျာတွေကတော့ လင်ဒါရဲ့ပြိုင်ဘက်မဟုတ်တဲ့အတွက် နောက်ကိုဆုတ်လာပြီး ကောင်းဘွိုင်နောက်မှာ စနစ်တကျစုစည်းပြီးပြန်ရပ်တယ်။

“မြူတန့်မဟာမိတ်က ကျဆုံးသွားပြီ။ ကြေးစားစစ်တပ်က ငါတို့အရိပ်တပ်ဖွဲ့ချေမှုန်းတာခံလိုက်ရပြီ။ လက်တွေ့ဘဝကြီးကို လက်ခံဖို့ကျရှုံးခဲ့တဲ့ အဖိုးကြီးကိုတော့ ငါကပဲ အဆုံးသတ်ပေးလိုက်တာပေါ့။”

ကောင်းဘွိုင်က သူ့ဦးထုပ်ကို နည်းနည်းပြင်စောင်းပါတယ်။ အခုမှ သူ့ဝတ်စုံခေါင်းစွပ်ကို အပြည့်မြင်ရတယ်။နဖူးနေရာတည့်တည့်မှာ အနက်ရောင်သလင်းကျောက်တစ်ခုရှိနေပြီး မြူတန့်သလင်းကျောက်မှန်း လင်ဒါသိလိုက်ရပါပြီ။

“လက်တွေ့ဘဝဆိုတာက....”

“လူသားတွေရဲ့အစာကွင်းဆက်ထိပ်ဆုံးဆိုတဲ့နေရာက အဆုံးသတ်သွားပြီ၊ ရှင်ကျန်ချင်ရင် ပိုးကောင်အရှင်သခင်တွေကိုအလုပ်အကျွေးပြုစုရမယ်။”

ကောင်းဘွိုင်က ဒီစကားနဲ့အတူ လင်ဒါကို သေနတ်နဲ့ချိန်ပြီး ပစ်ခတ်လိုက်တယ်။ လင်ဒါကလည်း လျင်လျင်မြန်မြန်ပဲ ရှောင်ရှားလိုက်လေရဲ့။

ဒိန်း....

“ဘာရယ်....” လင်ဒါက ကြောက်လန့်တကားနဲ့ သေနတ်ကျည်ထိမှန်သွားတဲ့ တံတားကြမ်းပြင်ကို ကြည့်လိုက်ပါတယ်။ သေနတ်ကျည်က သူ့ကိုမထိမှန်ခဲ့ဘူး။ သူသေချာရှောင်လိုက်နိုင်တာ။ ဒါပေမဲ့ အခုသူ့နားက တဝီဝီမြည်နေပြီး ဘာသံမှမကြားနိုင်တော့ဘူး။

ကောင်းဘွိိုင်ကတော့ လင်ဒါနားပင်းသွားတာကိုကြည့်ပြီး အူတက်နေတယ်။ လင်ဒါကတော့ ဒေါသထွက်လာပြီဖြစ်တဲ့အတွက် လက်သီးကို ကျစ်ကျစ်ပါပါဆုပ်ပြီး ဝတ်စုံတောင်ပံကိုသုံးကာ အသံမြန်နှုန်းနဲ့ပြေးထွက်သွားလိုက်တယ်။

[Ultimate Skill: Hurricane Rush!]

လင်ဒါရဲ့အမြန်နှုန်းက အသံထက်နှစ်ဆနီးနီးတက်သွားပြီး ကောင်းဘွိုင်ရဲ့မျက်နှာရှေ့မှာပေါ်လာတယ်။ ကောင်းဘွိုင်ရဲ့မျက်နှာကို သူထိုးချလိုက်ပေမဲ့ ကောင်းဘွိုင်ကလည်း လက်ဖျံကိုထောင်ကာ လင်ဒါရဲ့လက်သီးချက်ကိုကာလိုက်တယ်။

ဖြောင်း....

သူတို့နှစ်ယောက်လက်တွေ ထိခတ်မိသံနဲ့အတူ တံတားရဲ့ကြမ်းခင်းတွေ အက်ကွဲကုန်ပြီး လေထုပေါက်ကွဲသံတွေထွက်ပေါ်လာတယ်။

....

“ဒါကြောင့်ရဲအရာရှိက ကျွန်တော့်ကို မလိုက်ခိုင်းခဲ့တာလား။” တံတားအဆင်းမှာပဲ ဆိုင်းရပ်က နားထဲကို လက်ချောင်းဆို့ထားရင်းပြောလိုက်တယ်။ လေထုပေါက်ကွဲသံတွေကြောင့် သူတို့တွေ နားပင်မတတ်ခံစားနေကြရပါပြီ။ အားလှိုင်းတွေလောက်နဲ့တင် သူတို့သေသွားနိုင်တဲ့ တိုက်ပွဲမျိုးပါ။ ကလောက်က ခေါင်းခါလိုက်ပြီး

“ခပ်ဝေးဝေးအထိ ဆုတ်ကြတာပေါ့။” လို့ပြောလိုက်တယ်။

....

ဘုန်း....

လင်ဒါက တစ်ချက်သတိလွတ်သွားတဲ့အတွက် ရင်ဝကို ဆောင့်ကန်ခံလိုက်ရပြီး နောက်ကိုလွင့်သွားတယ်။ ရန်သူကတော့ လင်ဒါရဲ့ရင်ဝကို ခြေနင်းအဖြစ်သုံးကာ လှလှပပပဲ နောက်ကျွမ်းထိုးပြီး မဟာမိတ်တပ်တွေစောင့်ရှောက်လာတဲ့ ဘင်ကားခေါင်မိုးပေါ်ကို ခုန်တက်လိုက်တယ်။

“ဘယ်လိုလဲ၊ အခုလောက်ဆိုရင် နားပြန်ကြားရပြီထင်တယ်။ အဖိုးကြီးအစွမ်းအပြည့်ကို ငါပြန်သုံးမရတာကိုပဲ မင်းကျေးဇူးတင်သင့်တယ်။ SilverKnightရဲ့ဝတ်စုံကို အနည်းအပါးအခြေခံထားရုံနဲ့ S rank စစ်သည်အစစ်မင်းဖြစ်မလာနိုင်ဘူး။ တခြားအဖွဲ့ဝင်တွေလိုမျိုး သန်မာဖို့ဆိုရင်တော့ ဝေလာဝေးရော။”

ကောင်းဘွိုင်က ကားခေါင်မိုးပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်ရင်းကနေ လင်ဒါကို လှမ်းပြီးနှိမ်ချတဲ့စကားပြောတယ်။ လင်ဒါကတော့ ရင်ဝကိုအကန်ခံထားရတဲ့အရှိန်ကြောင့် ဒူးထောက်နေရပြီး အသက်ကိုမနည်းရှုနေရပါတယ်။

“ငါလုပ်စရာရှိသေးတယ်။ မင်းတို့သူ့ကိုကိစ္စဖြတ်လိုက်ကြ။”

ကောင်းဘွိိုင်က ကားခေါင်မိုးကို သေနတ်နဲ့တေ့ချိန်လိုက်ရင်း တပည့်နင်ဂျာတွေကို ပြောလိုက်တယ်။ နင်ဂျာတွေက သူတို့ခေါင်းစွပ်တွေကို ဆွဲဖယ်လိုက်တော့ လူတွေမဟုတ်ဘဲ ဓားခုတ်ကောင်တွေဖြစ်နေမှန်း လင်ဒါသိလိုက်ရပြီ။

“ဒီတော့ နင်တို့အရိပ်တပ်ဖွဲ့က ပိုးကောင်တွေကို အလုပ်အကျွေးပြုစုဖို့ ရွေးချယ်လိုက်တာပေါ့လေ။”

လင်ဒါက မခံချင်စိတ်နဲ့ပြောလိုက်ရင်း သူ့ဆီကိုပြေးဝင်လာတဲ့ ရန်သူတွေကို ခုခံဖို့လုပ်ရတယ်။ ပထမတော့ ပုံမှန်အတိုင်းတိုက်ခိုက်နေပေမဲ့ ကောင်းဘွိုင်က ခေါင်မိုးကို သေနတ်နဲ့ပစ်ဖွင့်လိုက်ပြီး အထဲကိုခုန်ဝင်သွားချိန်မှာတော့ လင်ဒါစိတ်မအေးနိုင်တော့ဘူး။

“မကောင်းတော့ဘူး၊ ဒီလူက မဟာမိတ်ရဲ့အရေးကြီးပစ္စည်းတစ်ခုခုကို လိုချင်နေတာပဲ။”

လင်ဒါက သူ့လက်ကို မြှောက်လိုက်ပြီး ပိုးကောင်တွေကိုဖလိုင်းကစ်ပေးလိုက်တယ်။ အကျိုးဆက်အနေနဲ့ ပန်းရောင်စွမ်းအင်လှိုင်းတစ်ခုပွင့်လာပြီး ပိုးကောင်တွေရဲ့လှုပ်ရှားမှုအားလုံး ရပ်တန့်သွားတယ်။

“သူ့ကိုတိုက်ကြ။” ကောင်းဘွိုင်တစ်ယောက် လက်ထဲမှာစက်ပစ္စည်းတစ်ခုကိုပွေ့ပြီး ပြန်ထွက်လာချိန်မှာတော့ လင်ဒါက သူ့ကိုလက်ညိုးထိုးပြီး ပိုးကောင်တွေကိုတိုက်မိန့်ပေးလိုက်တယ်။

အရင်ဆုံးရောက်သွားတဲ့ ဓားခုတ်ကောင်နှစ်ကောင်ကို ကောင်းဘွိုင်က ကားပေါ်ကနေ ကန်ချပြီးတဲ့နောက်မှာတော့ လင်ဒါကို ကြည့်လိုက်ပြီး “ဝေး... ဝေး... မင်းက ငါ့လူတွေနဲ့ ငါ့ကိုပြန်တိုက်ချင်တာလား။” လို့ပြောကာ သူ့ခေါင်းကို လက်ညိုးနဲ့ထိလိုက်လေရဲ့။

ဂါး.... ဂရား....

ကြိမ်နှုန်းမြင့်လှိုင်းတစ်ခုက ကောင်းဘွိုင်ရဲ့ဝတ်စုံထဲကနေ ထွက်ပေါ်လာပြီး ဓားခုတ်ကောင်တွေဟာ ကြီးမားတဲ့ နာကျင်ဆင်းရဲကို ခံစားနေရကြပုံနဲ့ သူတို့ခေါင်းတွေကိုဆုပ်ကိုင်ပြီး ပေါက်ပေါက်ဆုပ်တွေလိုမျိုး ပေါက်ကွဲပျက်စီးကုန်ပါတယ်။

လင်ဒါကလည်း သူ့အရိုးနဲ့သူ့ပြန်ထိုးမယ့်အစီအစဥ် ကျရှုံးသွားတဲ့အတွက် ကောင်းဘွိုင်ကို တိုက်ရိုက်ထိန်းချုပ်ဖို့ ကြိုးစားလိုက်တယ်။ ပန်းရောင်စွမ်းအင်လှိုင်းတွေက ကောင်းဘွိုင်ကိုခနဖုံးအုပ်သွားပေမဲ့ အဲဒီအသံလှိုင်းတွေကပဲ ပြန်တွန်းလှန်လိုက်လေရဲ့။

“ကြီးမြတ်တဲ့ ပိုးကောင်အရှင်သခင်တွေက ငါ့ကိုမင်းရဲ့စုန်းစွမ်းအားတွေကနေ လွတ်မြောက်နိုင်တဲ့နည်းလမ်းကိုပေးသနားထားတယ်။ ဒီတော့ သေလိုက်တော့...”

ဒိန်း...

ကောင်းဘွိုင်က လင်ဒါကို ခြောက်လုံးပြူးသေနတ်နဲ့ချိန်ပြီး ပစ်ခတ်လိုက်တယ်။ အလင်းဒြပ်စင်အနီက ရှောင်ဖို့မေ့နေတဲ့ လင်ဒါရဲ့ပခုံးကို တိုက်ရိုက်ထိမှန်သွားပြီး အားပြင်းလွန်းတာကြောင့် တစ်ခါတည်း မြေပေါ်ကိုမှောက်ကျသွားပါလေရော။

“သေလိုက်တော့....” ကောင်းဘွိုင်က ပြန်မထနိုင်သေးတဲ့ လင်ဒါကို အဆုံးသတ်ဖို့ သေနတ်နဲ့ထပ်ချိန်တဲ့အချိန်မှာပဲ ကောင်းကင်ပေါ်ကနေပြီး တောက်ပနေတဲ့ ဓားပြားကြီးတစ်လက်က ကျဆင်းလာတဲ့အတွက် သူနောက်ကို ခုန်ဆုတ်လိုက်ရပါပြီ။

ဘုန်း....

ဓားပြားကြီးက တံတားကို ထိုးဖောက်သွားပြီး ဓားအသွားတစ်ဝက်လောက်အထိ နစ်ဝင်သွားတယ်။ မျက်မမြင်ဓားသမား ဓားနတ်ဆိုးကလည်း ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီးတော့ ဓားကြီးရဲ့လက်ကိုင်ကို ဟန်ပန်ကျကျကိုင်လိုက်ပါပြီ။

“ငြိမ်းချမ်းရေးမဟာမိတ်နယ်မြေမှာ ပြဿနာရှာတာမင်းလား။” ဓားနတ်ဆိုးက ပြောပြောဆိုဆိုနဲ့ ဒူရမ်ဒဲလ်ဓားကိုပြန်နှုတ်ပြီး ကောင်းဘွိုင်ကို ခုတ်ချလိုက်တယ်။ သူကလည်း သာသာလေးရှောင်ထွက်လိုက်ပြီး လင်ဒါကိုကျော်ကြည့်တယ်။

“နောက်မှ တွေ့ကြသေးတာပေါ့။” လို့ သူကပြောလိုက်ရင်း ဝတ်စုံအတောင်ပံကိုဖြန့်ကာ ခိုးရာပါပစ္စည်းနဲ့အတူ ပျံပြေးဖို့လုပ်တယ်။ ဓားနတ်ဆိုးကတော့ ဓားပြားကြီးကိုကိုင်ပြီး နောက်ကနေ ဆက်တိုက်လိုက်နေပါပြီ။

“ထွက်ပြေးဖို့ လွတ်ရိုးလားကွ။”

...

လင်ဒါကတော့ နည်းပညာဝတ်စုံခေါင်းစွပ်ကို ချွတ်လိုက်ပြီး သူ့ပခုံးကို ကြည့်လိုက်တယ်။ သွေးပူသွေးလောမလို့ နာကျင်မှုကို မခံစားရသေးပေမဲ့ အလင်းဒြပ်စင်က သူ့ကျည်ကာကို ဖျက်ဆီးပစ်လိုက်ပြီး အသားကိုထိမှန်သွားတာမလို့ ပခုံးတစ်ဖက်လုံး သွေးတွေနဲ့ရဲရဲနီနေတယ်။

“ရဲအရာရှိ... ရဲအရာရှိ...” အဝေးကနေပြီး သူ့လူတွေ ပြေးလာနေတာကို လင်ဒါဝေဝေဝါးဝါးကြားရတယ်။ ဒါပေမဲ့ သူ့စိတ်ကတော့ အဲဒီနေရာမှာရှိမနေပါဘူး။ အဲဒီအစား လက်ရှိသူ့အခြေအနေကိုပဲ ပြန်ပြီးစဥ်းစားနေမိတယ်။

“ငါက တကယ်ပဲ မစ်ရှင်အဖွဲ့ရဲ့အသုံးမကျဆုံးသူလား။”

သူရေရွတ်လိုက်တယ်။ နည်းပညာချပ်ဝတ်တွေဝတ်ထားတဲ့ ကယ်ဗင်နဲ့ကလောက်က ရှေ့ဆုံးကနေ အရင်ရောက်လာကြပြီး သွေးတွေနဲ့ရွှဲနစ်နေတဲ့ လင်ဒါရဲ့နည်းပညာဝတ်စုံကို ဆွဲချွတ်လိုက်တယ်။

“အရာရှိ၊ သတိထားပါဦးဗျ...” ဆိုင်းရပ်လည်း အနားရောက်လာပြီး သူ့ကိုလှုပ်နှိုးနေပေမဲ့ သွေးဆုံးရှုံးမှုကြောင့် အာရုံခံစားမှုတွေကို ဆုံးရှုံးနေပြီဖြစ်တဲ့ လင်ဒါကတော့မကြားနိုင်တော့ဘဲ သတိလစ်သွားခဲ့ပါပြီ။

...

“ကျုပ်တို့သိရသလောက် ရန်သူက မဟာမိတ်ကဖန်တီးထားတဲ့ မြို့ကာကွယ်ရေးစနစ်နဲ့အစိတ်အပိုင်းတွေကို ခိုးယူဖို့ကြိုးစားနေတာပဲ။ ဖြစ်နိုင်တာက ပိုးကောင်အင်ပါယာက ကျုပ်တို့ခံစစ်နည်းပညာရဲ့အားနည်းချက်တွေ သိရဖို့ကြိုးစားနေတာဖြစ်လိမ့်မယ်။ ဒီလိုလုပ်ဖို့အတွက် အသင့်တော်ဆုံးလူတွေက အရိပ်တပ်ဖွဲ့လို ပိုက်ဆံပေးရင် ဘာမဆိုလုပ်မယ့်သူတွေပေါ့။”

နယူးယောက်ဟီးရိုးအစည်းအရုံးခေါင်းဆောင် ဟယ်ရီက လင်ဒါနဲ့အတူဆေးရုံခန်းထဲမှာရှိနေပြီး ဖြစ်သွားတဲ့ အခြေအနေတွေကို ရှင်းပြနေတယ်။ မဟာမိတ်ယာဥ်တန်းက စွမ်းအင်တံတိုင်းပစ္စည်းအပိုတစ်ခုကို သယ်ယူပို့ဆောင်နေတာပါ။ ဖြစ်စဥ်အတွင်းမှာ မဟာမိတ်တပ်သားဆယ့်ရှစ်ယောက် အသက်ပေးခဲ့ရပြီး လင်ဒါက ဒဏ်ရာရခဲ့ပါတယ်။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ရန်သူက နယူးယောက်ထဲက ထွက်လို့မရသေးဘူး။ မြို့ကိုစွမ်းအင်ဒိုင်းနဲ့ပိတ်ချထားပြီး မြေပေါ်မြေအောက်မကျန် လိုက်စစ်ဆေးနေတယ်။ ဓားနတ်ဆိုးကလည်း ကျုပ်တို့ကိုကူညီပြီး သူ့နောက်လိုက်နေတယ်။ ကဲ၊ ကျုပ်လည်း ဌာနမှာ ကိစ္စရှိလို့ပြန်ဦးမယ်။”

ဟယ်ရီက လင်ဒါနဲ့စကားခနဆက်ပြောနေပြီးနောက် ဆေးရုံခန်းထဲကနေ ထွက်လာတယ်။ မကြာခင်မှာပဲ ဆိုင်းရပ်က အခန်းထဲဝင်လာပြီး လင်ဒါကိုပြောပါတယ်။

“တော်သေးတာပေါ့၊ ရဲအရာရှိ ဒဏ်ရာအများကြီးရမသွားတာ။”

လင်ဒါကတော့ စိတ်ပျက်စွာရယ်မောလိုက်ရင်း ပြတင်းပေါက်က လိုက်ကာအဖြူကို ကြည့်လိုက်တယ်။ “မစ်ရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ဆိုရင် ငါက စိတ်ပျက်စရာပဲမဟုတ်လား၊ ဆိုင်းရပ်။” လင်ဒါက ညည်းညူလိုက်တော့ ဆိုင်းရပ်က ခေါင်းခါပြပါတယ်။

“မဟုတ်ပါဘူး၊ အရာရှိလင်ဒါက ကိုယ်ပိုင်မူပျောက်ဆုံးနေရုံပါ။”

“ကိုယ်ပိုင်မူ...” လင်ဒါက ဆိုင်းရပ်ရဲ့စကားကို နားမလည်တဲ့အတွက် ဆိုင်းရပ်ကို ပြန်ကြည့်လိုက်တယ်။ ဆိုင်းရပ်ကတော့ ဆေးရုံခန်းထဲက လူနာစောင့်ထိုင်ခုံမှာ ထိုင်လိုက်ပြီး လက်ညိုးလေးချောင်းထောင်ကာ ရှင်းပြတယ်။

“မစ်ရှင်အဖွဲ့မှာက အရာရှိလင်ဒါအပြင် ဝတ်စုံအသုံးပြုသူ လေးယောက်ရှိတယ်မဟုတ်လား။ Silver Knight Archmega၊ Valkyrie နဲ့ Metal Paladin ဆိုပြီးတော့ပေါ့။”

နောက်တော့ ဆိုင်းရပ်က သူနားလည်ထားတဲ့အတိုင်း ဝတ်စုံတွေရဲ့ရာဇဝင်ကို စပြောတော့တယ်။ “ဆာ Silver Knightက တုနှိုင်းမဲ့တဲ့ ဓားသမားတစ်ယောက်ပဲ၊ ဓားရေးမှာ ပြိုင်ဖက်ကင်းတဲ့သူပေါ့။ Archmegaကျတော့ သူ့ရဲ့လက်နက်ကြီးတွေကြောင့် ကျော်ကြားတယ်၊ Valkyrieက အမြန်နှုန်းမှာပြိုင်ဖက်ကင်းပြီး Paladin က ခွန်အားမှာပြိုင်ဖက်ကင်းတယ်။”

နောက်တော့ ဆိုင်းရပ်က စားပွဲပေါ်မှာတင်ထားတဲ့ လင်ဒါရဲ့ပျက်စီးနေတဲ့ဝတ်စုံကို ကြည့်လိုက်ပါပြီ။ “ဒါပေမဲ့ အရာရှိလင်ဒါရဲ့ဝတ်စုံက ဓားမရှိတဲ့ငွေရောင်စစ်သည်ပဲဖြစ်ပြီး တခြားဘာမှထူးခြားတာမျိုး ရှိမနေပါဘူး။ ဒါကပဲ အရာရှိလင်ဒါကို စစ်သည်တစ်ယောက်နဲ့မတူဘဲ သာမန်ဝတ်စုံထဲကလူတစ်ယောက်လိုမျိုး ဖြစ်စေတာပါ။”

ဆိုင်းရပ်က စကားပြောနေတာကို ခနရပ်လိုက်ပြီး လင်ဒါရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်ပြီးပြောတယ်။ "အရာရှိလင်ဒါက ဘာအတွက်တိုက်ခိုက်နေတာပါလဲ။ စစ်သည်တော်တစ်ယောက်ရဲ့တိုက်ခိုက်ပုံက ကိုယ်တိုက်ခိုက်ရတဲ့ အကြောင်းအရင်းနဲ့ ထင်ဟပ်နေသင့်တာပေါ့။"

All Chapters