ဂိမ်းထဲသို့ရုတ်တရက်ဝင်ရောက်နိုင်ခြင်း! ၂
Vol. 1 Ch. 2
နောက်တော့ သူ့ဖုန်းမှအချိန်ကိုကြည့်လိုက်သည်။ ဂိမ်းထဲမှအချိန်စီးဆင်းပုံမှာ သူဝင်လာသည်နှင့် ပုံမှန်အတိုင်းဖြစ်သွားသည်။
ထို့နောက် ချင်လင်သည် တစ်ခုခုကိုသတိရသွားပြီး သူ့စိတ်ထဲမှမြင်ကွင်းကို အလျင်စလိုကြည့်လိုက်သည်။
သူပြန်မသွားနိုင်ခဲ့ရင် သူ့အမေစိတ်ပူနေတော့မလား?
သို့သော် သူ့စိတ်ထဲမှမြင်ကွင်းမှာ ဟင်းသီးဟင်းရွက်ဆိုင်အဖြစ် ပြောင်းလဲသွားပြီး အချက်ပေးသံလည်းပြောင်းသွား၏: အပြင်ထွက်ချင်ပါသလား?
လုံးဝလွတ်လွတ်လပ်လပ် ဝင်လို့ထွက်လို့ရတာပဲ။
ချင်လင်က တိတ်တဆိတ်ထွက်လာလိုက်သည်။ အထူးဆွဲငင်ခံလိုက်ရသည့်ခံစားချက်မျိုးထပ်ဖြစ်သွားပြီး သူ့ဟင်းသီးဟင်းရွက်ဆိုင်လေးထဲသို့ ဖရဲသီးပိုက်လျက်သားပြန်ရောက်သွား၏။
အမှန်တကယ်ဟုတ်မဟုတ်စမ်းသပ်ရန် ဓားတစ်ချောင်းယူပြီး စဉ်းတီတုံးပေါ်တွင် ဖရဲသီးကိုထက်ပိုင်းပိုင်းချလိုက်သည်။ နီရဲနေသော ဖရဲသီးအတွင်းသားပေါ်လာပြီး အစေ့လုံးဝမပါပေ။
ဒါဖရဲသီးအစစ်ပဲ!
ချင်လင်က ဖရဲသီးတစ်ခြမ်းကိုယူပြီး အစိတ်လေးများစိတ်လိုက်သည်။ တစ်စိတ်ကောက်ပြီး မြည်းကြည့်ချင်သော်လည်း တစ်စုံတရာဖြစ်မှာစိုးနေသည်။ ဘာပဲဖြစ်ဖြစ် ဒီဖရဲသီးကမယုံနိုင်စရာပင်။
ဆိုင်ဝင်ပေါက်ကိုရောက်သောအခါ အမှိုက်ပုံးရှေ့တွင်ဝေ့လည်ဝေ့လည်နှင့် ညစ်ပတ်ပေရေနေသောခွေးနက်တစ်ကောင်ကိုတွေ့လိုက်ရ၏။
စျေးထဲတွင်အစာရှာရလွယ်သောကြောင့် လမ်းဘေးခွေးများကို မကြာခဏတွေ့ရသည်။ သက်ဆိုင်ရာဌာနက တစ်ကောင်ဖမ်းသွားလျှင်တောင် များမကြာမီ နောက်အကောင်များထပ်ရောက်လာလိမ့်မည်။
စိတ်ကူးပေါက်ပြီး ခွေးမွေးမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ကြတဲ့လူတွေလည်း မနည်းမနော။
ချင်လင်က ဖရဲသီးတစ်စိတ်ကိုလှမ်းပစ်လိုက်၏။ ခွေးနက်က ချက်ချင်းရှေ့တိုးကာခုန်အုပ်ပြီး သူ့လက်သည်းများနှင့်ဖိထားလိုက်သည်။ ထို့နောက် ဟိုကြည့်သည်ကြည့်လုပ်ပြီး ဘာမှမထူးခြားတော့မှ စားရန်ခေါင်းငုံ့လိုက်သည်။
ထိုခွေးနက်ဘာမှမဖြစ်မှန်းသေချာသည်အထိစောင့်ကြည့်ပြီးမှ ချင်လင်ကိုယ်တိုင် တစ်စိတ်ကောက်မြည်းကြည့်လိုက်သည်။
တစ်ကိုက်ကိုက်ပြီးသည်နှင့် ချင်လင်၏မျက်လုံးများဝင်းလက်သွားသည်။

ဖရဲသီးရှိမှတ်ချက်အဓိပ္ပါယ်ကို သူပိုပြီးနားလည်လိုက်ပြီ။
အလွန်တရာမွှေး၊ အရသာရှိ၊ အရည်ရွှမ်းပြီး အလွန်ချို၏။ ပြီးတော့ အရမ်းလည်းလတ်ဆတ်သည်။
ဒီဖရဲသီးက သူနေ့တိုင်းရောင်းနေတာတွေထက် ပိုအရသာရှိတာအသေအချာပင်။
ဒါက အရသာ၊ အချိုနဲ့ လျှာပေါ်ပျော်ဝင်သွားမှုတွေ ထပ်ပေါင်းထည့်ထားလို့လား?
သူက ဒီအလုပ်လုပ်တဲ့သူဆိုတော့ ဒီလိုအရည်အသွေးရှိတဲ့ဖရဲသီးမျိုးပေါ်လာရင် ကောင်းမယ်ဆိုတာသိပြီးသား။ ဂိမ်းထဲကဖရဲသီးတွေအားလုံးအတူတူပင်။
ဖရဲသီးကုန်တဲ့အခါ ချင်လင်က နောက်တစ်စိတ်ကောက်ယူပြီး မြိန်ရေရှက်ရေစားဖို့ပြင်တော့သည်။
တကယ်တော့ ဖရဲသီးရောင်းလို့ အမြတ်များများမထွက်ပေ။ တစ်ကတ်တီကို နှစ်ယွမ်ပေါက်စျေးရှိသော်လည်း စိုက်ပျိုးခ၊ အလုပ်သမားခ၊ လမ်းစရိတ်တို့ကိုနုတ်လိုက်လျှင် လက်ကားစျေးက... သူ့လိုဟင်းသီးဟင်းရွက်ဆိုင်ငယ်လေးအတွက် တစ်ကတ်တီကိုလက်ကားစျေးက (၁.၅)ယွမ်သာ။ အခြေခံအားဖြင့် အကျိုးအမြတ်သိပ်မရှိ။
တကယ်လို့ ဒီဖရဲသီးတွေအတွက် ကုန်ကျစရိတ်မရှိရင်ရော? အသားတင်ဘယ်လောက်မြတ်လိုက်မလဲ?
ဖရဲခင်းအကြောင်းတွေးရင်း သူ့မျက်လုံးများအရောင်တောက်လာသည်။
ဖရဲသီးတစ်လုံးကို (၁၀)ကတ်တီ၊ တစ်ကတ်တီကို နှစ်ယွမ်ဆိုတော့ ယွမ်(၂၀)။ ဖရဲသီးဆယ်လုံးဆိုရင် ယွမ်(၂၀၀)အသားတင်မြတ်မည်။
တစ်နေ့ကို ဖရဲသီးအလုံး(၂၀)ရောင်းရင် တစ်လကို ယွမ်(၁၂၀၀၀)ရမည်။ ဒါဆို တစ်လလုံးဟင်းသီးဟင်းရွက်ရောင်းတာထက် ပိုရ၏။
ဂိမ်းထဲတွင် ဖရဲသီးရာချီရှိမည်ဖြစ်သော်လည်း အဓိကဂိမ်းထဲမှမြေမှာ ဖရဲသီးများထပ်ခါထပ်ခါစိုက်ပျိုးနိုင်ပြီး (၁၀)နာရီကျော်လျှင် ဖရဲသီးများရင့်မှည့်လာနိုင်သည်။
''ဝု... ဝု...!''
ချင်လင်တွေးတောနေစဉ် ခွေးဟောင်သံကြားလိုက်ရ၏။ ခွေးနက်သည် ဆိုင်ပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့လက်ထဲမှဖရဲသီးကို စိုက်ကြည့်နေသည်။
ဒီခွေး တော်တော်အတင့်ရဲနေပါလား?
ဖြစ်ချင်တော့ သူကစိတ်ကောင်းဝင်နေချိန်ဖြစ်၍ ဖရဲသီးနောက်တစ်စိတ်ကိုပစ်ပေးလိုက်ပြီး ဆိုင်တံခါးပိတ်ထားလိုက်သည်။
ဒါမှအပြင်ကလူတွေ ဆိုင်ထဲကအခြေအနေကိုမမြင်ရမှာ။
သူက ဆိုင်မှာပစ္စည်းထည့်နေကျခြင်းကို တဖန်ပြန်ဆွဲပြီး အတွေးနှင့် တောင်တန်းဆီဝင်လိုက်သည်။
သူ့မျက်လုံးတွေဆွဲဆောင်ထားတာက ဖရဲသီးစိုက်ခင်း။ ချင်လင်က မဆိုင်းမတွပင် ဖရဲသီးများကို တစ်လုံးပြီးတစ်လုံးခူး၍ ခြင်းထဲကောက်ထည့်လိုက်၏။
ဆိုင်မပြန်ခင်တစ်ဆက်တည်း ခြင်းအပြည့် ဖရဲသီး(၁၅)လုံးထည့်လိုက်သည်။
ဖရဲသီးခြင်းကိုကြည့်ရင်း ချင်လင်စိတ်လှုပ်ရှားလာသည်။
သူချမ်းသာတော့မည်။
သူ့စိတ်ထဲမှဖန်သားပြင်ကိုထပ်ကြည့်လိုက်တော့ ဂိမ်းထဲကစိုက်ခင်းရှိ
ဖရဲသီးအရေအတွက်မှာ သုညဖြစ်နေပြီ။ ဖရဲပင်နွယ်တွေလည်း ညိုးခြောက်လာ၏။ စနစ်က ၄င်းတို့ကိုဖယ်ရှားပြီး အသစ်ပြန်စိုက်နိုင်ကြောင်းအချက်ပေးသည်။
ဂိမ်းထဲတွင် သီးနှံများကို တစ်ကြိမ်သာခူးဆွတ်နိုင်သည်။ အပြင်လောကမှာကဲ့သို့ ထပ်ပြီးမသီးနိုင်ပေ။

ချင်လင်က အချက်ပြကိုကြည့်ပြီး တစ်ခုခုတွေးလိုက်သည်။ သူ့စိတ်ထဲမှဂိမ်းဇာတ်ကောင်ကို ချက်ချင်းထိန်းချုပ်ပြီး အခြားသေတ္တာများကို ရွေးကြည့်လိုက်သည်။
ချက်ချင်းဆိုသလို ရွေးချယ်ပြီးသွား၏။
ချင်လင်က ဂိမ်းထဲတဖန်ပြန်ဝင်လိုက်သည်။ အခင်းထဲတွင် ဖရဲသီးများရှိမနေတော့။ ဖရဲနွယ်များသာကျန်တော့၏။
သူက အိမ်နံဘေးရှိ သိုလှောင်ခန်းဆီလျှောက်သွားလိုက်ပြီး အထဲတွင်သိမ်းဆည်းထားသော တောင်ပုံရာပုံဖရဲသီးများကိုဖွင့်ကြည့်လိုက်သည်။
ခြင်းနဲ့သယ်ဖို့ သူဝင်လာခဲ့တာမဟုတ်လား? အခုတော့ သူတကယ်ပဲအလုပ်ရှုပ်နေပြီ။
ဖရဲသီးပုံရှေ့တွင် မှတ်ချက်ကတ်ပြားရှိသည်။
အစေ့လွတ်ဖရဲသီး: ၉၀ (အရည်အသွေး ၁)
တစ်နည်းဆိုရလျှင် ထိုအပုံတွင် ဖရဲသီးအလုံး(၉၀)ရှိသည်။ ကြည့်ရုံနဲ့တင် (၁၀)ကီလိုဂရမ်ကျော်အချိန်စီးမှန်းသိသာ၏။ ဒါဆိုရင် ဒီတစ်ပုံက အနည်းဆုံးယွမ်(၁၇၀၀)တန်မှာပင်။
ထိုအတွေးနှင့် ချင်လင်သည် ဆိုင်ကိုတစ်ခေါက်ပြန်ပြီး ဖရဲသီးခြင်းကိုဖြည့်ရန် ဂိမ်းထဲပြန်ဝင်ခဲ့သည်။
သူခြင်းကိုထိထားပြီး စိတ်ကူးနှင့် ဂိမ်းထဲကထွက်လိုက်တိုင်း ဖရဲသီးခြင်းက သူနှင့်အတူအပြင်ဆိုင်သို့ပါလာမည်မှန်း သူနားလည်ထားသည်။
သူကအချိန်ယူပြီး ဖရဲသီးများကိုရွှေ့ကာ ဆိုင်ထောင့်တွင်ပုံထားလိုက်သည်။
အစက သူယူလာသောဖရဲသီးခြင်းနှင့်ဆိုလျှင် စုစုပေါင်းဖရဲသီးအရေအတွက်(၁၀၅)လုံးရှိပြီဖြစ်သည်။
ထို့နောက် သူ့စိတ်ထဲတဖန်ပြန်ကြည့်လိုက်ရာ ဂိမ်းမြင်ကွင်းသို့ပြန်ပြောင်းလဲသွားသည်။ မြေကွက်ပေါ်တွင်ဖရဲနွယ်များသာကျန်ရစ်ပြီး အမြစ်လှန်ကာ ပြန်စိုက်နိုင်ပြီဖြစ်၏။
သူကဖရဲနွယ်များကိုချက်ချင်းဖယ်ရှားပြီး ဖရဲစေ့များထပ်စိုက်လိုက်သည်။
(၁၀)နာရီကျော်ကြာပြီးနောက် ဖရဲသီးအပုံလိုက်ထပ်ဖြစ်လာသည်။
အခုတော့ ထိုဖရဲသီးအားလုံးကို ရောင်းပစ်တော့မည်။
ချင်လင်က ပိတ်ထားသောဆိုင်တံခါးကိုဖွင့်လိုက်သည်။ ခွေးနက်က တံခါးနားတွင်လှဲနေရင်း သူ့ကိုမော့ကြည့်လိုက်ကာ သူ့လက်သည်းများကိုလျက်ရန် သက်သောင့်သက်သာအနေအထားပြင်လိုက်သည်။
ဒီခွေးက အခုထိမသွားသေးတာလား?
လောလောဆယ် ထိုခွေးကိုအာရုံစိုက်ရန် သူ့တွင်အချိန်မရှိ။ သူယူလာသော ဖရဲခြင်းကို သစ်သီးစင်ပေါ်တွင်တင်လိုက်ပြီး တစ်ကတ်တီနှစ်ယွမ်ဟုရေးထားသော စျေးနှုန်းကိုကြည့်လိုက်သည်။
ဒါက သူပုံမှန်ရောင်းတဲ့စျေးနှုန်းဆိုပေမဲ့ ဒီစျေးနဲ့ဆို သူ့ဆိုင်က တစ်နေ့ကို ဖရဲသီးအနည်းငယ်သာရောင်းထွက်ပေမည်။
ဂိမ်းထဲမှ သူယူလာသောဖရဲသီးများကိုကြည့်ရင်း (၅၀၀)ဂရမ်ကို (၁.၅)ယွမ် လက်ကားစျေးနှင့် ရောင်းရန်ပြင်လိုက်၏။ ဘာပဲဖြစ်ဖြစ် အရင်းမစိုက်ထားတဲ့ဖရဲသီးတွေက ရောင်းရလွယ်သည်ပင်။
သို့သော် အခြေအနေက သူထင်ထားသလိုဖြစ်မလာ။ နေ့ဝက်ကျိုးခါနီးအထိ သူ့မှာ ဖရဲသီးအနည်းငယ်သာရောင်းထွက်သေး၏။ ဖရဲသီးများမကောင်း၍မဟုတ်၊ သူ့ဆိုင်ကိုလာသည့်ဖောက်သည်နှင့် ဖရဲသီးဝယ်သူနည်းသေးသောကြောင့်သာ။
ထိုအကြောင်းတွေးရင်း ချင်လင်က သူ့နဖူးကိုရိုက်လိုက်ပြီး သူပစ်မှတ်မှားသွားကြောင်း ခံစားလိုက်ရ၏။ လက်ကားစျေးက တစ်ကတ်တီ(၁.၅)ယွမ်ဆိုမှတော့ ဆိုင်မှာလက်လီရောင်းနေဖို့မလိုဘူးလေ။
သူ့ဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်ပြီး WeChat အဖွဲ့ထဲဝင်လိုက်သည်။
အဲဒီအဖွဲ့ကရုံချန်းစီရင်စုပြည်နယ်ရဲ့ဟင်းသီးဟင်းရွက်ဆိုင်ရှင်များအဖွဲ့။ ထိုအဖွဲ့ကို ဘယ်သူကစတည်ထောင်လိုက်မှန်းမသိ။ ပြောကြတာတော့ စျေးကွက်ကိုနားလည်ပြီး လက်ကားရောင်းချသူများအလိမ်မခံရစေရန်ဖွဲ့ထားသော သာမန်အဖွဲ့လေးတဲ့။
ပုံမှန်အားဖြင့်တော့ စကားပြောနှစ်သက်သူများမှလွဲ၍ တစ်ဦးနှင့်တစ်ဦးသိပ်အဆက်အစပ်မရှိကြပေ။
အဖွဲ့လိုက်စကားပြောကိုဖွင့်လိုက်ပြီး ချင်လင်က မတ်ဆေ့ချ်ပို့လိုက်သည်:
''ဒုတိယအဘိုးရဲ့ တူရဲ့ ဦးလေးရဲ့သားက အစေ့လွတ်ဖရဲသီးတွေစိုက်ပျိုးထားပါတယ်... ဖရဲသီးတွေက ချိုပြီးအရည်ရွှမ်းတယ်... အခုခေတ်မှာလက်ကားရောင်းပြီး တစ်ကီလိုကို (၁.၅)ယွမ်ပါ... အိမ်တိုင်ယာရောက်ပို့ပေးပါတယ်... မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား''