← Chapters

ဂိမ်းထဲမှဖရဲသီးများရောင်းခြင်း! ၂

Vol. 1 Ch. 4

ဂိမ်းထဲမှဖရဲသီးများရောင်းခြင်း! ၂

Vol. 1 Ch. 4

''အစ်ကိုလျို ကျွန်မ(၄)လုံးယူမယ်... အချိိန်ရရင်(၃)လုံးပို့ပေးပါ''

ရှောင်ချန်က ပြောပြောဆိုဆိုပင် ချင်လင်၏ကားပေါ်မှဖရဲသီး(၄)လုံးရွေးလိုက်ပြီး လျိုတရှန်းအား ချိန်ကြည့်ရန်ပေးလိုက်သည်။

ဖရဲသီး(၄)လုံးစလုံးမှာ (၁၀)ကတ်တီကျော်ပြီး စုစုပေါင်း(၄၇)ကတ်တီရှိ၏။

လျိုတရှန်းက_

''(၄၇)ကတ်တီ (၉၄)ယွမ်ကျတယ်... ရှောင်ချန် မှတ်ထားလိုက်ဦး... ငါအားတဲ့အခါပို့ပေးမယ်''ဟု ပြောလိုက်သည်။

''မှတ်ထားစရာမလိုပါဘူး... အစ်ကိုလျိုကိုယုံပြီးသား... ကျွန်မ WeChat ကနေငွေလွှဲလိုက်မယ်''

ရှောင်ချန်က လက်ကာပြီး သူမ၏ဖုန်းကိုထုတ်ကာ လျိုတရှန်းအား ငွေလွှဲပေးလိုက်သည်။

ရှောင်ချန်ထွက်သွားသောအခါ လျိုတရှန်းက ချင်လင်ကိုခေါ်ပြီး_

''ရှောင်ချင် မင်းအမျိုးရဲ့ဖရဲသီးက တကယ်ကောင်းတာပဲ... ရှောင်ချန်က ဖရဲသီးနဲ့ပက်သတ်ရင် အရမ်းချေးများတာကွ''

ချင်လင်လည်း ပျော်မိသည်ပေါ့။ သူက လျိုတရှန်းဆိုင်မှခြင်းတစ်လုံးယူလိုက်ပြီး ဖရဲသီးများကိုနေရာရွှေ့ပေးလိုက်သည်။

လျိုတရှန်းက ဖရဲသီး(၄)လုံးရောင်းထွက်တော့ သူ့ကိုလည်း ယွမ်(၇၀)ပိုရအောင် ကူညီလိုက်သလိုပင်။

အရင်(၅)လုံးအပြင် ချင်လင်က နောက်ထပ်(၂၅)လုံးကိုခြင်းထဲထည့်ပြီး လျိုတရှန်းအား ချိန်ကြည့်ရန် ထုပ်ပေးလိုက်သည်။ စုစုပေါင်း (၂၈၇)ကတ်တီရှိ၏။ ရှောင်ချန်ဝယ်ထားသော (၄၇)ကတ်တီနှင့်ပေါင်းလျှင် (၃၃၄)ကတ်တီဖြစ်သည်။ လက်ကားစျေးမှာ(၁.၅)ယွမ်ဖြစ်သဖြင့် (၅၀၁)ယွမ်ကျသည်။

လျိုတရှန်းက ချက်ချင်းပင် ချင်လင်အား WeChat မှစာပို့လိုက်သည်။

ချင်လင်ကလည်း လျိုတရှန်းအား ကုန်ပို့လွှာဖွင့်ပေးလိုက်၏။ ထိုကုန်ပို့လွှာသည် တစ်ဦးချင်းလုပ်ဆောင်ချက်အခွန်ငွေနှင့်ဆက်စပ်နေ၏။

''အစ်ကိုလျို... လိုအပ်တာရှိရင် ကျွန်တော့်ကိုပြောပါ... ကျွန်တော် ကျန်တဲ့နှစ်ယောက်ကို ဖရဲသီးပို့လိုက်ဦးမယ်''

ချင်လင်၏မျက်နှာမှာ ရွှင်ပျနေသည်။ ဒါနဲ့တင် အရင်ဟင်းသီးဟင်းရွက်ဆိုင်မှာ တစ်နေ့ရောင်းရတဲ့အမြတ်ထက်ပိုနေသည်လေ။



ထို့နောက် ချင်လင်က ချန်တဟယ်နှင့် အိုက်ချိုးနီတို့ကို ဖရဲသီးအလုံး(၃၀)ပို့ပေးလိုက်သည်။

ချန်တဟယ်က စုစုပေါင်း(၃၆၀)ကတ်တီဖြစ်၍ (၅၄၀)ယွမ်ကျသည်။ အိုက်ချိုးနီက (၃၂၈)ကတ်တီဖြစ်၍ (၄၉၂)ယွမ်ကျ၏။

လျိုတရှန်း၏(၅၀၁)ယွမ်နှင့်ပေါင်းလျှင် ဖရဲသီးအလုံး(၉၀)ကို စုစုပေါင်း(၁၅၃၃)ယွမ်ရလိုက်လေသည်။

သူ့ဆိုင်ပြန်ရောက်တော့ ခွေးနက်က ဆိုင်ပေါက်ဝမှာအခုထိရှိနေတာကို ချင်လင်တွေ့လိုက်ရ၏။ ခွေးနက်က သက်သောင့်သက်သာပင်၊ ဝမ်းပျက်ခြင်းလည်းမရှိ။

ဒါမဖြစ်သင့်ဘူး။

နေကုန်သွားသောအခါ ချင်လင် သူ့ဆိုင်တွင် နောက်ထပ်ဖရဲသီး(၄)လုံးရောင်းလိုက်ရသည်။ အရင်သူရောင်းထားသည်အချို့နှင့်ပေါင်းလိုက်သောအခါ (၁၇၂)ယွမ်ရ၏။

ဤနည်းဖြင့် သူဂိမ်းထဲမှယူလာသောဖရဲသီးများမှာ (၁၇၀၅)ယွမ်ရလာသည်။

ချင်လင်က လက်သီးတင်းတင်းဆုပ်ပြီး ကြွေးကြော်လိုက်ချင်သည်။ တစ်နေ့တည်းနဲ့တင် (၁၇၀၅)ယွမ်ရတယ်ဆိုတော့ တစ်လဆိုရင် (၅၁၁၅၀)ယွမ်ပေါ့။ ဒါဟာ ရုံချန်းလိုစီရင်စုပြည်နယ်လေးမှာဆိုရင် လုံးဝဝင်ငွေကောင်းတာပင်။

ဒီအကြောင်းတွေးမိမှ ချင်လင်စိတ်ထဲမှဂိမ်းတွင် အချက်ပေးသံထွက်လာသည်။ အုံထလာသောမြက်ပင်များကို ချက်ချင်းပေါင်းသင်ရန်လိုအပ်နေ၏။ သို့မဟုတ်ပါက ဖရဲပင်ပေါက်လေးများမှာ ပေါင်းပင်များကြောင့် ညိုးခြောက်သွားပေလိမ့်မည်။

ပေါင်းသင်ပြီးနောက် ချင်လင်က အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ မိုးစုန်းစုန်းချုပ်သွားပြီ။ သူပြန်ထလိုက်ပြီး လက်ကျန်ဟင်းသီးဟင်းရွက်အချို့ကို အိမ်ယူသွားရန် ကောက်ယူလိုက်၏။ ထို့နောက် ဆိုင်တံခါးပိတ်ပြီး သုံးဘီးကားနှင့် ကားပါကင်ဆီမောင်းလာခဲ့သည်။

ပုံမှန်အတိုင်းဆို မနက်တိုင်း သူဒီကားမောင်းပြီး ကုန်ပြန်သယ်ရမည်၊ ဆိုင်ကိုပြန်ဖြည့်ရမည်။ ဒါပေမဲ့ မနက်ဖြန်တော့ ဖရဲသီးသယ်ဖို့သက်သက်သာသုံးရန် စီစဉ်လိုက်သည်။

တစ်နေ့ ယွမ်(၁၇၀၀)ဝင်ပုံနဲ့ဆို နေ့စဉ်နေ့စဉ် ဆိုင်ကဟင်းသီးဟင်းရွက်တွေရောင်းရရမရရ ပူစရာမလိုတော့ချေ။ သူ့မိသားစုအကြွေးတင်နေတဲ့ ယွမ်ထောင်သောင်းချီလည်း မြန်မြန်ကျေတော့မည်။

ချင်လင်က ပြည်နယ်ဟောင်းလေးဆီ မောင်းလာခဲ့သည်။ သူတို့မိသားစုပိုင်အိမ်ကိုရောင်းချပြီးနောက်ပိုင်းတွင် ထိုစျေးသက်သာသောပြည်နယ်လေးမှာ အိပ်ခန်းနှစ်ခန်းပါသောတိုက်ခန်းကိုငှားခဲ့ခြင်းဖြစ်၏။

သူကအိမ်ထဲဝင်လိုက်ပြီး တတိယထပ်သို့တက်လိုက်သည်။ သူ့တိုက်ခန်းသို့ပြန်ရောက်သောအခါ သူ့မိခင်လင်းဖန်က ညစာချက်ပြုတ်နေသည်ကို တွေ့လိုက်ရသည်။

တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်းပါသော်လည်း အလွန်သေးငယ်ပြီး ကျဉ်းကျဉ်းလေးဖြစ်သည်။ သီးသန့်အခန်းနှစ်ခန်းဖြစ်ပြီး နေ့စဉ်သုံးထွေလီကာလီပစ္စည်းများပါရှိခြင်းကြောင့် ပိုကျဉ်းပြီးမှောင်နေသယောင်ဖြစ်နေ၏။

အိမ်ရဲ့အခြေအနေနဲ့ ထောင်သောင်းချီတဲ့အကြွေးတွေနဲ့ဆို သူတို့တတ်နိုင်တာဟူ၍ ဘာမှမရှိပေ။

ချင်လင်ကဝင်လာပြီး_

''အမေ... ကျွန်တော်ပြန်လာမှချက်ပါလို့ ပြောထားရဲ့သားနဲ့'’

''ငါက သိပ်မလှုပ်နိုင်ဘူးဆိုပေမဲ့ လုံးဝမလှုပ်နိုင်တာမှမဟုတ်တာ... လာမြန်မြန်..စားကြည့်စမ်း!''

လင်းဖန်က ကျန်းမာရေးချို့တဲ့ပြီး သိပ်ဟန်ပေါ်မပေါ်သော်လည်း စကားပြောသည့်အခါ ခေါင်းမာပုံလေးတော့

နည်းနည်းရှိသည်။

တစ်သက်လုံးအလုပ်လုပ်လာခဲ့ပြီးမှ ဘာမှမလုပ်တော့ရင် ပိုပြီးမသက်မသာဖြစ်ရဦးမည်လေ။



''ဟင်း...''

ချင်လင်လည်းလက်လျှော့ပြီး သူယူလာသော

ဟင်းရွက်ဟင်းရွက်များကို ရေခဲသေတ္တာထဲထည့်လိုက်သည်။

လင်းဖန်က ချင်လင်လက်ထဲသို့ ထမင်းပန်းကန်လုံးကိုထည့်ပေးလိုက်ရင်း_

''ဒီနေ့အလုပ်က အဆင်ပြေလား?''

''ဟုတ်...မနေ့ထက်ပိုအဆင်ပြေလာတယ်... နောင်လည်း ပိုအဆင်ပြေလာဦးမှာ''

ချင်လင်က ဒီနေ့အဖြစ်အပျက်ကိုတွေးရင်း ရှင်းမပြနိုင်သောယုံကြည်ချက်အပြည့်ဖြင့်ဆိုလိုက်သည်။

လင်းဖန်က သူ့သားရဲ့ထူးထူးခြားခြားအဖြေကိုကြားလိုက်ရတော့ သက်ပြင်းချပြီး_

''ရှောင်လင်... အဖေနဲ့အမေက မင်းကိုစိတ်ပျက်အောင်လုပ်မိတယ်... မင်းနဲ့သက်တူရွယ်တူတွေအားလုံးကို သူတို့မိဘတွေက တစ်အိုးတစ်အိမ်ထောင်ဖို့ ခန်းဝင်ပစ္စည်းစီစဉ်ပေးခဲ့တာချည်းပဲမလား? မင်းအဖေနဲ့ငါကတော့ အကြွေးတွေပဲရာထောင်ချီပေးခဲ့မိတယ်''

''အမေ... ဘာတွေပြောနေတာလဲ အမေနဲ့အဖေက ကျွန်တော့်ကိုပြုစုပျိုးထောင်ပြီး ကျောင်းပို့ပေးခဲ့တယ်.. ဒါနဲ့တင် တော်တော်ဟုတ်နေပါပြီ''

ချင်လင်က သူ့မိဘတွေကို ဘယ်တုန်းကမှအပြစ်မတင်ဖူးပေ။ ပြီးတော့ သူငယ်ငယ်ကတည်းက သူ့မိဘတွေကျွေးမွေးစောင့်ရှောက်ခဲ့လို့သာ ကျန်းကျန်းမာမာရှိနေတာ။ သူက လူအတော်များများထက်တောင် သာနေပါပြီ။

သူ့သားက ဒီလိုပြောလေလေ၊ လင်းဖန်က ပိုပြီးအသုံးမကျသလိုလိုခံစားရလေလေပင်။ သူမကသက်ပြင်းချပြီး_

''ရှောင်လင်... မင်းနဲ့မိုချင်း အခုတလောဘယ်လိုလဲ? သူ့မိဘတွေကိုအပြစ်မတင်ပါနဲ့... မိုချင်းက မိန်းမကောင်းလေးပါ... သူ့မိဘတွေကလည်း အတတ်နိုင်ဆုံးလုပ်ပေးခဲ့တာ... သူတို့က ခန်းဝင်ပစ္စည်းတွေ ကားတွေမလိုချင်ပါဘူး... အိမ်လေးတစ်လုံးပဲအရင်ရစေချင်တာ... တို့မိသားစုကမတတ်နိုင်တာတော့ ဒါတို့ရဲ့ပြဿနာပဲလေ"

'’လောလောဆယ် မိုချင်းကိုဆွဲထားပါဦး... ငါသက်သာလာရင် ဆိုင်ကိုကြည့်လို့ရပါပြီ... မင်းလည်း အလုပ်ထပ်ရှာလို့ရမယ်... ငါတို့သားအမိဒိုးတူပေါင်ဖက်လုပ်လို့ရတယ်... ငါတို့အိမ်ဝယ်ရမယ်... မင်းနဲ့မိုချင်းမပေါင်းဖြစ်ရင်တောင် ယူကျုံးမရမဖြစ်ပါနဲ့!''

ချင်လင်ကနားထောင်နေရင်း ထမင်းစားရပ်တန့်သွားသည်။

မိုချင်းက တကယ်တော်တဲ့မိန်းကလေး။ သူတို့နှစ်ယောက်က အထက်တန်းကျောင်းမှာကတည်းက တစ်ခန်းတည်း။ သုံးနှစ်လောက်က ကျောင်းမှာမျက်မှန်းတန်းမိရုံသာ၊ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ဖူးတာမျိုးမရှိပေ။ တက္ကသိုလ်တစ်ခုတည်းအတူတူတက်ရတော့မှ ရထားလက်မှတ်အတူတူဖြတ်ပြီး တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာကြခြင်းဖြစ်၏။

ကံကြမ္မာက အံ့သြဖို့ကောင်းသည်။

သူ့မှာ မိုချင်းမိဘများကိုအပြစ်ပြောပိုင်ခွင့်မရှိ။ ဒီနေ့လိုခေတ်ကြီးမှာ ဘယ်မိဘက သူတို့သမီးကို ကားမရှိ၊ အိမ်မရှိ၊ အကြွေးရာထောင်ချီသာရှိတဲ့လူမျိုးနဲ့ သဘောတူမှာတဲ့လဲ?

သူလည်း ဆန္ဒမရှိပေ။

ပြီးတော့ သူမမိဘတွေတောင်းဆိုတာက ခန်းဝင်ပစ္စည်းတွေ၊ ကားတွေမဟုတ်။ သူတို့နှစ်ယောက်နေလို့ရမယ့်အိမ်ငယ်လေးတစ်လုံးသာ။ သူတို့က အခြားတရုတ်လူမျိုးမိဘတွေအတော်များများထက် ရောင့်ရဲနိုင်ကြသူတွေပင်။

ဒါလေးတောင်မှမလုပ်ပေးနိုင်ရင် ဒါသူတို့မိသားစုရဲ့ပြဿနာသာဖြစ်တော့သည်။ ပြီးတော့ အကောင်းအဆိုးမသိသူများဖြစ်လိမ့်မည်။

''အမေ...စိတ်မပူပါနဲ့... အိမ်ရလာပါလိမ့်မယ်... မိုချင်းကလည်း အမေ့ချွေးမပဲလေ... သူပြေးလို့မရပါဘူး''

ချင်လင်က လက်ကျန်ထမင်းပန်းကန်ကိုဖြတ်လိုက်ပြီး သူ့အခန်းထဲဝင်လိုက်သည်။ သူက လက်ထပ်စာချုပ်ရှိတဲ့အံဆွဲကိုဖွင့်လိုက်၏။

သတို့သားက ချင်လင်၊ သတို့သမီးက ကျောက်မိုချင်း။

မိုချင်းက သူ့ချွေးမဖြစ်နေပြီဆိုတာ ရုတ်တရက်တော့ သူ့အမေကိုမပြောပြသေး။ ဒါတွေအားလုံး သူတို့မိဘတွေမသိအောင် ဖုံးကွယ်ထားသည်။

သူ့ကောင်မလေးက သူ့အိမ်ထောင်စုဇယားကိုခိုးပြီး သူနဲ့စာချုပ်ချုပ်ထားချင်ခဲ့သည်။ ဒီဘဝအတွက် သူ့အပေါ်ကိုပဲ ပုံအပ်ထားပြီတဲ့။ သူ့စိတ်ထဲမှာနွေးထွေးလွန်းလို့ အန္တာတိကရေခဲမြစ်တစ်စင်းလုံးတောင် ပျော်ကျသွားနိုင်လေသည်။

မိုချင်းဘယ်လောက်သတ္တိမွေးထားရတယ်ဆိုတာ သူအသိပင်၊ ဒီဘဝတော့ သူ့ကိုစိတ်ပျက်စေ၍မဖြစ်ပေ။

ဒီလိုအခြေအနေမျိုးမှာ သူနဲ့စာချုပ်ချုပ်တဲ့အတွက် မိုချင်းနစ်နာတယ်ဆိုတာလည်း သူသိသည်။ ကျောက်မိသားစုအတွက်ဆို လှည့်ဖျားသလိုဖြစ်နေ၏။ သို့သော်လည်း သူ့ဘဝမှာ တန်ဖိုးအရှိဆုံးအရာကိုဆုံးရှုံးရမှာ ပိုကြောက်မိလေသည်။

သူစဉ်းစားနေစဉ် ချင်လင်စိတ်ထဲမှဂိမ်းက လှုပ်ရှားနေသည်။ သူက လက်ထပ်စာချုပ်ကို သေသေချာချာပြန်ထားလိုက်ပြီး အံဆွဲထဲတွင် သော့ပြန်ခတ်ထားလိုက်၏။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။

စိုက်ခင်းထဲမှဖရဲသီးများမှာ နွယ်များရင့်နေပြီ။ မနက်ဖြန်မနက်ဆို ဖရဲသီးမှည့်တော့မည်။ ဖရဲနွယ်များပေါ်တွင် အဖျက်ပိုးများလည်းကျနေ၏။ ဖရဲသီးကြီးထွားနှုန်းနှင့်အသီးသီးနှုန်းကိုလျော့ကျစေသောကြောင့် ၄င်းတို့ကိုသုတ်သင်ပစ်ရမည်။

ထိုသို့တွေးလိုက်ပြီး ချင်လင်က ဂိမ်းဇာတ်ကောင်ကိုထိန်းချုပ်၍ ပိုက်ကွန်ငယ်လေးထုတ်ကာ အဖျက်ပိုးများကိုဖယ်ရှားလိုက်လေသည်။



All Chapters