← Chapters

ဂိမ်းကိုပုံအပ်၍ ကံကြမ္မာဖန်တီးခြင်း!

Vol. 1 Ch. 5

ဂိမ်းကိုပုံအပ်၍ ကံကြမ္မာဖန်တီးခြင်း!

Vol. 1 Ch. 5

ချင်လင်က ဖရဲပင်များပေါ်မှအဖျက်ပိုးများကို သုတ်သင်ပြီးနောက် စိုက်ပျိုးမွေးမြူရေးခြံထဲမှ အခြားအခင်းများကိုလိုက်ကြည့်လိုက်သည်။

လောလောလတ်လတ်တွင် စိုက်ခင်း(၆)ကွက်ကို ဖရဲသီး(၁၀၅)လုံးစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုလုံးတွင် စိုက်ခင်းမြေမှာ (၆)ကွက်မကရှိ၏။ မြေကွက်အသစ်များပိုဖွံ့ဖြိုးလာပါက ဖရဲသီးများပိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။

ဤဂိမ်းထဲတွင် စိုက်ပျိုးရေးခြံအတွင်း စုစုပေါင်းမြေကွက်(၁၀၀)ရှိလေသည်။ သို့သော် ထိုမြေများတွင် ပေါင်းပင်၊ ကျောက်စရစ်၊ သစ်ပင်၊ သစ်ငုတ်များရှိနေပြီး စိုက်ပျိုး၍မရနိုင်။

ထို့အပြင် ဂိမ်းဇာတ်ကောင်အဆင့်ကန့်သတ်ချက်ကြောင့် အချို့နေရာများမှာမပွင့်သေးဘဲ မှုန်မှိုင်းထားသည်။

ဂိမ်းဇာတ်ကောင်များက ဆက်လက်စိုက်ပျိုးနေပါလျှင် အဆင့်တက်ပြီး နယ်မြေသစ်များဖွံ့ဖြိုးလာစေရန် စီစဉ်ထား၏။ ကစားသူများက ပေါင်းပင်နှင့်ကျောက်စရစ်များကို ရှင်းလင်းပေးရန်သာလိုသည်... ထိုအရာများကို ပေါက်ပြားတစ်လက်နှင့် ပြုလုပ်နိုင်၏။

အရေးအကြီးဆုံးမှာ ဇာတ်ကောင်၏အဆင့်တက်လာသည်နှင့်အမျှ မြေယာများဖွံ့ဖြိုးလာကာ အဆင့်မြင့်သီးနှံများစိုက်ပျိုးနိုင်ပြီး လုပ်ငန်းအသစ်များပွင့်လာခြင်းဖြစ်သည်။

ဖွံ့ဖြိုးလာနိုင်သည့်မြေများတွေ့ခြင်းကြောင့် ချင်လင်က ဂိမ်းဇာတ်ကောင်ကိုထိန်းပြီး စတိုခန်းမှ ကိရိယာအချို့ကိုယူစေလိုက်သည်။ သူက ပေါင်းပင်၊ ကျောက်စရစ်၊ သစ်ပင်သစ်ငုတ်များရှင်းရန်လိုအပ်နေသည့်မြေပေါ်သို့ သွားလိုက်သည်။ ထို့နောက် စိုက်ခင်း(၆)ကွက်ဖြစ်လာပြီး ဖရဲမျိုးစေ့များချလိုက်သည်။

ဤဖရဲစိုက်ခင်း(၆)ကွက်မှာ မနက်ဖြန်နေ့လယ်ဆိုမှည့်လောက်ပြီ။ ဖရဲသီးအလုံး(၁၀၀)မကထွက်လာပေဦးမည်။

သို့သော် ချင်လင်က နယ်မြေအသစ်ဆက်မဖောက်သေးဘဲ သူ့ဖုန်းကိုထုတ်ကာ အိမ်ရာအေဂျင်စီတွင် ဂိုဒေါင်ငှားသတင်းများကိုရှာဖွေလိုက်သည်။

သူက သတိကြီးသောသူ။ မြို့ထဲမှာ သူဂိမ်းထဲက ဖရဲသီးတွေယူလာတာကိစ္စမရှိသော်လည်းကြိမ်ဖန်များလာလျှင် သတိထားမိသွားနိုင်လေသည်။ လူခြေပြတ်တဲ့နေရာမှာ လျှို့ဝှက်နေရာတွေ့ထားရင်တောင် သူဂိမ်းထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတာတွေ့သွားမှာစိုးရသည်။ ဒါကလည်း ဒုက္ခတစ်မျိုးပင်။

ထို့ကြောင့် သူဂိုဒေါင်တစ်ခုရှာရမည်။ လူသူကင်းဝေးသောနေရာဖြစ်ဖို့လည်းလိုသည်။

ဂိုဒေါင်ကိုသော့ခတ်ထားမည်။ ဘယ်သူမှမသိအောင် ဖရဲသီးများကိုထုတ်ယူလာပြီး ဂိုဒေါင်ထဲထည့်သိမ်းထားမည်။

အင်တာနက်ကွန်ယက်ပေါ်တွင် အငှားသတင်းများမှာ အစုံအလင်။ အချိန်အတော်ကြာရှာဖွေပြီးနောက် သင့်တော်မည့်နေရာလေးတစ်ခုတွေ့လိုက်ရ၏။

ထိုနေရာမှာ ရုံချန်းစီရင်စုပြည်နယ်၏ဆင်ခြေဖုံးအရပ်တွင်ဖြစ်သည်။ ယခင်က ဝက်မွေးမြူရေးခြံဖြစ်ပြီး ဝက်စာသိုလှောင်ရန်ဆောက်ထားသော ဂိုဒေါင်ဖြစ်သည်။ သွားလမ်းမှာလည်း သီးခြားဖြစ်၍ ပုံမှန်အားဖြင့်အသုံးပြုသူမရှိသလောက်ပင်။

သို့သော်လည်း ဝက်မွေးရသည်က စွန့်စားရသည့်အလုပ်ဖြစ်၏။ ဝက်တုပ်ကွေးရောဂါကြောင့် ဝက်မွေးမြူရေးခြံမှာပိတ်လိုက်ရသည်။ အခုတော့ ထိုဂိုဒေါင်ကိုငှားရမ်းလိုက်ပြီ။ ငှားရမ်းခလည်း စျေးမကြီး၊ တစ်လမှယွမ်(၂၀၀၀)သာကျပြီး နေရာကျယ်ဝန်းသည်။ စရံငွေသတ်ရန်လည်းမလို။ ဖြစ်ချင်တော့ ဝေးလံသည့်နေရာတွင်ရှိသည့်အတွက် အချိန်အတော်ကြာ မည်သူမျှငှားရမ်းခြင်းမရှိပေ။

ချင်လင်က သူ့အတွက်အဆင်ပြေမည့်နေရာဟု ထင်မိသည်။

…

နောက်တစ်နေ့_

ချင်လင်က နံနက်စောစောနိုးလာပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။

စိုက်ခင်းထဲတွင် ဖရဲသီးများမှည့်နေပြီ။ သူက ချက်ချင်းဂိမ်းဇာတ်ကောင်ကိုထိန်းပြီး ဖရဲသီးများခူးကာ သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် ညိုးခြောက်သွားသောဖရဲပင်များကိုဖယ်ရှားပြီး ဖရဲမျိုးစေ့များတဖန်ပြန်ချထားလိုက်၏။

စိုက်ခင်းအသစ်(၆)ကွက်မှ နွယ်များထွက်လာပြီး ဖရဲညွန့်များဝေလာသည်။ သို့သော် ပေါင်းပင်နှင့်အဖျက်ပိုးများလည်းကျနေ၏။

သူက ချက်ချင်းပင် ပေါင်းပင်နှင့်အဖျက်ပိုးများကိုရှင်းစေလိုက်သည်။ ထို့နောက် နံနက်စာစားပြီး ဂိုဒေါင်အငှားပိုင်ရှင်နှင့် ဂိုဒေါင်တွင်ဆုံရန် ဆက်သွယ်လိုက်၏။

ဂိုဒေါင်မှာ စီရင်စုမြို့နှင့် (၁၀)မိနစ်ကျော်ကျော်ခန့်မောင်းရသည်။ ဝေးလံသောနေရာဖြစ်သဖြင့် လူသိပ်များများစားစားလာလေ့မရှိ။

ဂိုဒေါင်ကိုသေချာထိန်းသိမ်းထားပြီး ကားပါကင်ထိုးရန်နေရာလွတ်လည်းရှိသည်။ ကုန်တင်ကားကြီးဝင်ထွက်မည်ဆိုလျှင်တောင် ပြဿနာမရှိ။

ထိုနေရာမှာ အစက ဝက်မွေးမြူရေးခြံအတွင်း ဝက်စာသယ်ယူသည့်ကားပါကင်ထိုးရန်သုံးခဲ့ခြင်းဖြစ်၏။

ပိုင်ရှင်မှာ သက်လတ်ပိုင်းအရွယ်ခပ်ဝဝအမျိုးသားတစ်ဦးဖြစ်သည်။ ချင်လင်က စုံစမ်းအတည်ပြုပြီးနောက် (၃)လအငှားချုပ်လိုက်၏။

ယွမ်(၆၀၀၀)ကုန်ကျသဖြင့် သူ့ဘဏ်စာရင်းမှာ ပြောင်သလင်းခါသွားသည်။ သို့သော်လည်း ပိုက်ဆံချက်ချင်းပြန်ဝင်နိုင်လေသည်။

စာချုပ်ချုပ်ပြီးနောက် ချင်လင်က သူ့ကို Wechat တွင် ထည့်လိုက်သည်။ အငှားစာချုပ်ကို သက်တမ်းတိုးလိုပါက Wechat မှငွေလွှဲလိုက်ရုံပင်။

ထို့နောက် ပိုင်ရှင်ကကြာကြာမနေ။ ကတ်ကစားရန်ခေါ်သည့်ဖုန်းဝင်လာပြီးနောက် စာချုပ်နှင့်ထွက်သွားလေသည်။

ချင်လင်က ဂိုဒေါင်ကိုဖွင့်ပြီး အထဲဝင်ကြည့်လိုက်သည်။ အစွန့်ပစ်ခံနေရာတစ်ခုလို ဘာမှမရှိ၊ ပင့်ကူအိမ်နှင့်ဖုန်မှုန့်တွေချည်းသာ။

သို့သော်လည်း ပတ်ဝန်းကျင်မှာ လိုအပ်ချက်သိပ်များများစားစားမရှိ။ နည်းနည်းပါးပါးဖုတ်ဖတ်ခါလိုက်ပြီး သုံးဘီးကားပေါ်မှခြင်းတချို့ကိုယူကာ ဂိုဒေါင်ထဲဝင်လိုက်သည်။ နောက်တော့ ဂိုဒေါင်တံခါးကို အထဲမှပိတ်ထားလိုက်၏။

ထိုသို့ဖြင့် ဂိမ်းထဲသို့ခြင်းနှင့်ဝင်ပြီး ဂိမ်းသိုလှောင်ခန်းထဲမှဖရဲသီးများကို ခြင်းထဲထည့်လိုက်သည်။

အတွေးတစ်ချက်တွေးလိုက်ပြီး ဖရဲသီးခြင်းများနှင့်အတူ ဂိုဒေါင်တွင်ပြန်ပေါ်လာသည်။

ဖရဲသီးများကိုရွှေ့လိုက်ပြောင်းလိုက် အကြိမ်အနည်းငယ်လုပ်ပြီးနောက် ဖရဲသီးစုစုပေါင်း(၁၀၆)လုံးရလာ၏။ ဖရဲသီးအားလုံးမှာ (၁၀)ကတ်တီကျော်သည့်အလုံးကြီးများဖြစ်သော်လည်း အားလုံးမှာအဆင့်(၁)ချည်းသာ။

ဖရဲသီးများကိုကားထဲရွှေ့ပြီးနောက် ဖရဲသီးအပြည့်နှင့်ကားကို ဗီဒီယိုရိုက်ယူထားလိုက်ပြီး ဟင်းသီးဟင်းရွက်ဆိုင်ရှင်သူဌေးအဖွဲ့ထဲပို့ပေးလိုက်သည်။ ထို့နောက် သူက_

''အရမ်းချိုပြီးအရည်ရွှမ်းတဲ့ အစေ့လွတ်ဖရဲသီးတွေနော်... လက်ကားစျေး တစ်ကတ်တီကို(၁.၅)ယွမ်ပါ... အိမ်တိုင်ယာရောက်ပို့ပေးနေပါတယ်!'' ဟု စာပို့လိုက်သည်။

ထိုသို့သတင်းလွှင့်လိုက်သည်နှင့် လျိုတရှန်းပေါ်လာပြီး_

''ရှောင်ချင်... မင်းဖရဲသီးဝယ်ဖို့ ဒီလောက်အစောကြီးသွားခဲ့တာလား? မင်းရဲ့ဖရဲသီးတွေက တကယ်ရောင်းကောင်းတယ်... မြည်းဖူးတဲ့သူတိုင်း ဝယ်ကြတာပဲ... မနေ့ညကဆို ဆယ်လုံးထက်မနည်းရောင်းလိုက်ရတယ်... ငါ့ကို အလုံး(၂၀)လောက်ထပ်ပေးပါဦး''

ချန်တဟယ်လည်း ပေါ်လာပြီး_

''ရှောင်ချင်... ငါ့ကို နောက်ထပ်ဆယ်လုံး''

''ငါ့ဆီကိုလည်း အလုံး(၂၀)လောက်''ဟု အိုက်ချိုးနီကဆိုလိုက်သည်။

''ကောင်းပါပြီ... ခင်ဗျားတို့သုံးယောက်ကို ပြီးရင်ပို့ပေးပါ့မယ်''ဟု ချင်လင်က လျင်လျင်မြန်မြန်စာပြန်လိုက်သည်။

ဂိမ်းထဲကဖရဲသီးတွေဆိုတော့ ရောင်းလို့ကောင်းတာပေါ့။ ပြီးတော့ သာမန်ဖရဲသီးတွေကြားမှာ သူ့ဖရဲသီးက အရသာအကောင်းဆုံးလေ။

Wechat အဖွဲ့ထဲတွင် သစ်သီးဆိုင်ပိုင်ရှင်အချို့ပေါ်လာသည်။

''သူဌေးချင်... မင်းရဲ့ဖရဲသီးတွေကို လက်ကားစျေးနဲ့ပို့ပေးတာလား?''

''သူဌေးချင်... ဖရဲသီးတွေက ကောင်းမယ့်ပုံပဲ... ငါ့ကိုတစ်သုတ်လောက်ပို့ပေးပါဦး''

''ငါလည်း အလုံး(၃၀)စမ်းယူမယ်''

''...''

လျိုတရှန်းနှင့်နှစ်ယောက်က သူ့ကိုအားပေးကြသောကြောင့် သူတို့သုံးယောက်လုံးက ချင်လင်ဆီမှအသီးသီးဝယ်ယူကြသည်ကိုတွေ့ကြသောအခါ ထိုသူများက ဖရဲသီးလာကြည့်ရန်ပင်မတောင်းဆိုကြဘဲ သူတို့ဆီတိုက်ရိုက်ပို့ပေးရန်ပြောကြလေသည်။

ပြီးတော့ သူတို့ကအများအပြားဝယ်ယူသည်လည်းမဟုတ်၍ အလေအလွင့်ဖြစ်ခဲ့လျှင်တောင် ဆုံးရှုံးစရာမရှိပေ။ အလေအလွင့်မရှိပါက အချိန်နဲ့လုပ်အားသက်သာပေမည်။

ချင်လင်က ထိုစာများကိုမြင်သည်နှင့် စာပြန်လိုက်သည်_

''ကျွန်တော် အစ်ကိုလျိုတို့ကို အရင်ပို့လိုက်ပါဦးမယ်... လိုချင်တဲ့သူတွေက ကျွန်တော့်ဆီ လိပ်စာလေးတွေပို့ပေးထားကြပါဗျ... ကျွန်တော် နောက်ကျရင်ပို့ပေးပါ့မယ်''

ထို့နောက် သူ့ဖုန်းကိုချလိုက်ပြီး မြို့ထဲသို့ ဖရဲသီးများဆွဲလာခဲ့သည်။

စျေးသို့ရောက်သော် လျိုတရှန်း၊ ချန်တဟယ်နှင့် အိုက်ချိုးနီတို့ကို ဖရဲသီးလိုက်ပို့လိုက်သည်။

လျိုတရှန်းက ဖရဲသီးအလုံး(၂၀)ကို (၂၃၀)ကတ်တီရှိပြီး (၃၄၅)ယွမ်။

ချန်တဟယ်က ဆယ်လုံးကို (၁၁၅)ကတ်တီရှိပြီး (၁၇၂.၅)ယွမ်။

အိုက်ချိုးနီက အလုံး(၂၀)ကို (၂၄၅)ကတ်တီရှိပြီး (၃၆၇.၅)ယွမ်။

သူတို့အားလုံးစုစုပေါင်း(၈၈၅)ယွမ်ဖြစ်၏။

ချင်လင်က လျိုတရှန်းတို့ကိုပို့ပြီးနောက် သူ့ဖုန်းကိုထုတ်ပြီး Wechatကြည့်လိုက်သည်။ သူ့ထံသို့ သီးသန့်စာ(၆)စောင်ရောက်နေ၏။ အားလုံးက စျေးဝယ်ရန်အတွက်ပို့ထားသည်ချည်းပင်။ သို့သော် များများစားစားမှာသည်တော့မဟုတ်။ သူတို့အားလုံး လုပ်ငန်းရှင်ငယ်လေးများဖြစ်ကြသည်။

တွက်ချက်ကြည့်တော့ လေးယောက်က(၁၀)လုံး၊ နှစ်ယောက်က အလုံး(၂၀)ယူချင်သည်။

ချင်လင်၏ကားထဲတွင် ဖရဲသီး(၅၅)လုံးရှိသေး၏။ သူက အလုံး(၂၀)ယူမည့်နှစ်ယောက်နှင့် (၁၀)လုံးယူမည့်တစ်ယောက်ကို အရင်ပို့ရန်စီစဉ်လိုက်သည်။ ထို့နောက် ကျန်သုံးယောက်ကို နေ့လယ်မှပို့ပေးမည်ဟု အကျိုးအကြောင်းပြောလိုက်မည်။

ထိုသုံးဆိုင်က စျေးနှင့်နည်းနည်းလှမ်း၏။ တစ်ဆိုင်က ကျောင်းဘေးမှာ၊ နောက်နှစ်ဆိုင်က တောင်းပိုင်းလမ်းမကြီးပေည်တွင်ဖြစ်သည်။ ဖရဲသီး(၅၅)လုံးမှာ စုစုပေါင်း (၆၃၂)ကတ်တီရှိပြီး (၉၄၈)ယွမ်ဖြစ်သည်။

မနက်ခင်းမှည့်သည့်ဖရဲသီးများက စုစုပေါင်းယွမ်(၁၈၃၃)ရလေသည်။

အဓိကက နေ့လယ်တွင် နောက်တစ်သုတ်ခူးနိုင်ဦးမည်။

ထိုအတွေးနှင့်ပင် ချင်လင်ကစိတ်ရွှင်လန်းလာလေသည်။ သူက ကားအလွတ်ကို သူ့ဟင်းသီးဟင်းရွက်ဆိုင်လေးဆီပြန်မောင်းလာခဲ့၏။ ဆိုင်ခန်းဆီးဖွင့်လိုက်သည်နှင့် ခွေးဟောင်သံကြားလိုက်ရသည်။

မနေ့က မျက်နှာချင်းဆိုင်နောက်ဖေးလမ်းကြားထဲသို့ပြေးဝင်သွားသည့်ခွေးနက်ပင်။ သူ့ဆိုင်သို့တန်းတန်းလာမည့်ပုံ။

ချင်လင်က ခွေးနက်ကိုတန်းစိုက်ကြည့်လိုက်ပြီး ကြိမ်းမောင်းလိုက်၏။

သောက်ခွေးက ဘာလို့သူ့ကိုကပ်နေတာလဲ?

သူဟောက်လိုက်ပေမဲ့ ခွေးကပြေးမသွားတဲ့အပြင် လျှာတစ်လစ်နဲ့မြန်မြန်တောင်ပြေးလာလိုက်သေး။ လျှပ်တပြတ်အတွင်း သူ့ဆိုင်ရှေ့ရောက်လာပြီး သူ့ကိုဂရုမစိုက်ဟန်ဖြင့် လှဲချကာ လက်သည်းများကိုလျက်နေလေသည်။

သောက်ခွေး...

ချင်လင်က ခွေးနက်ကိုလျစ်လျူရှုလိုက်ပြီး ကောင်တာထိုင်လိုက်သည်။ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ပြီး အရင်သူစိုက်ထားသည့်ဖရဲပင်များကို ရေလောင်းလိုက်သည်။

နေ့လယ်တွင် သူ့စိတ်ထဲမှအချက်ပေးသံရလိုက်၏။ စိုက်ခင်းသစ်မှဖရဲသီးများမှည့်နေပြီ။ သူကချက်ချင်းပင် ဂိမ်းဇာတ်ကောင်ကိုခူးစေလိုက်သည်။ ထို့နောက် ဖရဲပင်များကိုဖယ်ရှားပြီး ဖရဲမျိုးစေ့များချထားလိုက်သည်။

ထို့နောက် အချိန်တစ်ချက်ကြည့်လိုက်ပြီး ညစာအိမ်ပြန်မစားရန်ဆုံးဖြတ်လိုက်၏။ သူ့အမေကိုဖုန်းဆက်ပြီး မြို့ပြင်သို့ သုံးဘီးနှင့်ထွက်လာခဲ့သည်။

ဂိုဒေါင်ရောက်သောအခါ တံခါးလော့ချပြီး အသစ်မှည့်သောဖရဲသီးများယူရန် ဂိမ်းထဲပြန်ဝင်လိုက်သည်။

ဤတစ်သုတ်တွင် ဖရဲသီးအလုံး(၁၁၀)ရလိုက်သော်လည်း အားလုံးမှာ အဆင့်(၁)ချည်းသာ။

ဖရဲသီးများနှင့် မြို့ထဲတဖန်ပြန်လာပြီး မနက်ကကျန်နေသောသုံးယောက်ထံပို့ပေးလိုက်သည်။ တစ်ဆိုင်ကို ဆယ်လုံးစီဖြစ်သော်လည်း စုစုပေါင်းအလုံး(၃၀)ဖြစ်၍ (၃၂၁)ကတ်တီရှိပြီး (၄၈၁.၅)ယွမ်ရလိုက်၏။

မနေ့က ဂိမ်းထဲစဝင်တဲ့အချိန်ကတွက်ရင် စုစုပေါင်း(၄၀၁၇.၅)ယွမ်ရပြီးဖြစ်လေသည်။

ထိုငွေများမှာ ကောင်းကင်ကကျလာသည့်ပမာ။

သူ့ဟင်းသီးဟင်းရွက်ဆိုင်လည်းပြန်ရောက်ရော သူ့ဗိုက်ထဲတွင် ဘုရားပွဲလှည့်နေပြီ။ စိတ်လက်ရွှင်ပျနေသဖြင့် ကြက်ဥနှစ်လုံးကြက်ခြေထောက်ရိုးနှစ်ချောင်းပါသော ပါဆယ်မှာလိုက်၏။ ဒါလည်း လောကစည်းစိမ်ပင်။

မကြာမီ ပါဆယ်ရောက်လာသဖြင့် နှစ်နှစ်ခြိုက်ခြိုက်တွယ်လိုက်သည်။

ကြက်ဥကလည်း အရမ်းမွှေး၊ ကြက်ခြေထောက်ကလည်း အရမ်းမွှေး။

''ဝု...ဝု..!''

သူစားနေတုန်း ခွေးဟောင်သံကြားလိုက်ရသည်။

ခွေးနက်က သူ့ဆိုင်ပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်ပြီး သူ့ပါဆယ်ကိုတသမတ်တည်းစိုက်ကြည့်နေသည်။ သူကြည့်နေသည်ကိုမြင်သောအခါ ၄င်းကချက်ချင်းပင် လျှာထုတ်ပြီးမျှော်နေ၏။

သူ့ကို အရမ်းဆွဲဆောင်နေတဲ့ပုံ။

ချင်လင်မျက်နှာပုပ်သိုးသွားသည်။ ဒီခွေးက တကယ်ကြီး သူ့ကိုကပ်နေတော့မှာလား? တကယ်ကြီး သူ့ကိုအစာတောင်းနေတာလား?

သူက လုံးဝလျစ်လျူရှုပြီး ဆက်စားနေလိုက်သည်။

''ဝု!'' ခွေးနက်ဟောင်သံက တိုးသွားပြီး ကြည့်ရတာ စိတ်ပျက်အားလျော့သွားသလိုလို။ သကြားလုံးမရသည့်ကလေးနှယ် သူ့ခေါင်းပင်ကုပ်သွားသည်။

''...'' ဒါကိုမြင်လိုက်ရတော့ ချင်လင်လည်း သူ့လက်ထဲက အသားစလေးတွေရှိသေးတဲ့ ကြက်ခြေထောက်ရိုးကိုကြည့်လိုက်သည်။ သူ့ပါးစပ်ထဲမထည့်နိုင်တော့။ အံကြိတ်ပြီး ခွေးနက်ထံသို့ပစ်ပေးလိုက်တော့၏။

စိတ်ထားပျော့ညံ့တဲ့အမျိုးသားတွေက ရှုံးနိမ့်ရစမြဲ။

ခွေးနက်ကလည်း ပြင်ဆင်ထားသည့်ပုံပင်။ ချက်ချင်းပတတ်ရပ်ပြီး မြူးတူးစွာကြက်ရိုးကိုကိုက်လိုက်သည်။

''သောက်အပြောင်းအလဲမြန်လိုက်ပုံများ!''

ချင်လင်က ခွေးမာယာကိုခံလိုက်ရပြီဟု စိတ်ထင့်သွားသည်။ ထိုသို့တွေးမိသည်နှင့် မြန်မြန်စားပစ်လိုက်၏။

အဝစားပြီးနောက် ကျန်နေသည့်ဖရဲသီး(၈၀)ကို ဗီဒီယိုရိုက်ပြီး ပိုင်ရှင်များအဖွဲ့ထဲတွင်တင်လိုက်သည်။

ထို့နောက် သူ့စိတ်ထဲကဖန်သားပြင်ကိုကြည့်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို ကိရိယာများယူစေကာ နယ်မြေအသစ်များဖွင့်စေလိုက်သည်။ ဖရဲပင်တွေပိုစိုက်မှ ပိုရောင်းရပြီး ငွေတွေပိုရလာမည်လေ။

ထပ်ပြီးဖွံ့ဖြိုးနိုင်တဲ့မြေကွက်(၁၂)ကွက်ရှိနေသေး၏။

အရင်ဆုံး တံစဉ်းတစ်လက်နှင့် ထိုမြေများပေါ်ရှိပေါင်းပင်များကိုရှင်းလိုက်သည်။ ထို့နောက် ပုဆိန်နှင့် သစ်ပင်များကိုခုတ်လိုက်၏။ နောက်ဆုံးတွင် တူနှင့်ကျောက်စရစ်များကိုချေလိုက်သည်။ ဤသို့ဖြင့် ပေါက်ပြားကိုသုံးပြီး ထို(၁၂)ကွက်ကိုဖော်ဆောင်နိုင်ပေမည်။

ထိုအချိန်တွင် သူ့ဖုန်းထဲ Wechat မှစာဝင်လာသည်။

''''သူဌေးချင်... ငါက လျိုအာ့ရှန်းပါ... ငါ့အစ်ကိုက လျိုတရှန်းလေ... သူပြောတာတော့ မင်းဆီကဖရဲသီးတွေကမဆိုးဘူးဆိုပဲ... ငါ့ကို အလုံး(၅၀)လောက်ပို့ပေးနိုင်မလား?''

ချင်လင်မျက်စိများအရောက်တောက်သွား၏။

ဖောက်သည်ကြီး။

ခေါ်ဆိုသူ၏ ID မှာ ရုံချန်းစီရင်စုပြည်နယ်၏ ပထမအလယ်တန်းကျောင်းနားဟု တွေ့လိုက်ရသောအခါ သဘောပေါက်လိုက်သည်။ ရုံချန်းစီရင်စုရဲ့ဆိုင်ငယ်လေးတွေထဲမှာ ဘယ်နေရာက အကျိုးအမြတ်အများဆုံးလဲဆိုတာ အားလုံးလည်းအသိ။ ကျောင်းတွေနားပဲပေါ့။ အထူးသဖြင့် ပထမအလယ်တန်းကျောင်း၊ ဂျူနီယာအထက်တန်းကျောင်းနှင့် စီနီယာအထက်တန်းကျောင်းနားပင်။

ဒီလိုအချိန်ဆို ကျောင်းသားတွေကြားမှာ ရေခဲရိုက်ထားတဲ့ဖရဲသီးကို ခွက်အကြည်လေးတွေနဲ့ထည့်ပြီး တုတ်ကလေးတွေထိုးပေးထားတာ ခေတ်စားနေသည်။ တချို့က ပါဆယ်လေးများ ကျောင်းသို့ယူလာ၏။

ပြီးတော့ သူလည်းဒီလိုရောင်းနိုင်ရင် ပုံမှန်ထက်ဝင်ငွေကောင်းမှာပင်။

ချင်လင်က အခြားအဖွဲ့များကိုစာပြန်လိုက်ပြီး ကားထဲမှဖရဲသီး(၃၀)ကို ဆိုင်ထဲရွှေ့လိုက်သည်။ ထို့နောက် ကျန်ဖရဲသီး(၅၀)ကို လျိုအာ့ရှန်းဆီပို့ပေးလိုက်သည်။

ဖရဲသီးများမှာ စုစုပေါင်း(၅၇၅)ကတ်တီရှိ၍ သူ့ဘဏ်စာရင်းထဲ(၈၆၂)ယွမ်ရသည်။

သူ့ဟင်းသီးဟင်းရွက်ဆိုင်သို့ပြန်ရောက်ရောက်ချင်း ချင်လင်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ သူကပေါက်ပြားသုံးပြီး အရင်ရှင်းလင်းထားသောမြေကွက်(၁၂)ကွက်ကို ဖွံ့ဖြိုးအောင်ပြင်လိုက်၏။

တစ်ရက်အတွင်း သူ့ဝင်ငွေက ယွမ်(၅၀၀၀)နီးနီးရသေည်။ ဤဂိမ်းကိုပုံအပ်ပြီး ကံကြမ္မာကိုဖန်တီးနိုင်ခြင်းပင်။

All Chapters