← Chapters

တစ်နေ့ ယွမ်တစ်သောင်း!

Vol. 1 Ch. 6

တစ်နေ့ ယွမ်တစ်သောင်း!

Vol. 1 Ch. 6

မြေကွက်(၁၂)ကွက်ရလာပြီးနောက် ချင်လင်က ဂိမ်းဇာတ်ကောင်ကို ဖရဲမျိုးစေ့များထုတ်ကာ အပင်စိုက်စေလိုက်သည်။

သို့သော် (၃)ကွက်မျှသာစိုက်ရသေး၊ ရုတ်တရက် အချက်ပေးစာရလိုက်၏_

''မျိုးစေ့မလုံလောက်ပါ!''

ချင်လင်က သူ့ခေါင်းသူရိုက်လိုက်မိသည်။ ဒါကို သူမေ့နေခဲ့ခြင်းပင်။

ဂိမ်းထဲတွင် သီးနှံစိုက်ရန် မျိုးစေ့များလိုအပ်သည်။

မျိုးစေ့များမှာ အကန့်အသတ်မဲ့ရသည်မဟုတ်။ မျိုးစေ့ကုန်သွားပါက ဂိမ်းထဲမှမျိုးစေ့ရောင်းသည့်ဆိုင်သွားပြီးဝယ်ရသည်။ သို့သော်လည်း သူက ဂိမ်းထဲမှပိုက်ဆံအားလုံးကို အစေ့လွတ်ဖရဲမျိုးစေ့များဝယ်ရန်သုံးလိုက်ပြီဖြစ်လေသည်။

ပုံမှန်ဂိမ်းလည်ပတ်ပုံအရဆိုလျှင် သူက ဂိမ်းထဲမှာဖရဲသီးများကိုရောင်းပြီး ပိုက်ဆံရမည်၊ ထိုပိုက်ဆံနှင့် အပင်စိုက်ရမည့်မျိုးစေ့များပြန်ဝယ်ရမည်ဖြစ်သည်။

သူ့မှာ စိုက်ပျိုးမွေးမြူရေးခြံကိုဖွံ့ဖြိုးစေရန်အတွက် ရံပုံငွေစုဆောင်းနေဆဲဖြစ်သည်။

ဂိမ်းထဲတွင်ဖရဲပင်စိုက်ပြီး လက်တွေ့ဘဝမှာ ရောင်းချနေမည်ဆိုပါက ဂိမ်းထဲမှဆုံးရှုံးမှုကိုကာနိုင်မည်မဟုတ်ချေ။ ဂိမ်းထဲမှအသစ်ခူးဆွတ်ထားသောဖရဲသီးများကိုမရောင်းလျှင်တော့ မျိုးစေ့များဝယ်ယူရန်ငွေထွက်လာမည်ဖြစ်သည်။

သို့သော် သူကတစ်ခုခုတွေးမိပြန်သည်။ လက်တွေ့အပြင်ကမျိုးစေ့ကိုယူလာပြီး ဂိမ်းထဲမှာစိုက်ရင်ရော?

ချင်လင်က ဟင်းသီးဟင်းရွက်ဆိုင်ကိုပိတ်လိုက်ပြီး ရုံချန်းစီရင်စု၏သီးနှံမျိုးစေ့ရောင်းချရာဆုံရပ်သို့ ထွက်လာခဲ့သည်။ သူဝင်လိုက်သည်နှင့် ကောင်တာတွင်ထိုင်နေသောအမျိုးသမီးက အားတက်သရောပင်_

''မောင်လေး... ကြည့်ကြည့်ပါဦး... ဘယ်မျိုးစေ့တွေဝယ်ချင်တာလဲ?''

''အစေ့လွတ်ဖရဲမျိုးစေ့တွေရှိလားဗျ?''

ချင်လင်က ဆိုင်ထဲတွင်ရှာရင်းဖွေရင်း မေးလိုက်သည်။

ဂိမ်းထဲက ကနဦးမြေကွက်မှာ အသီးအနှံအရွက်များစွာစိုက်ပျိုးနိုင်သော်လည်း အစေ့လွတ်ဖရဲကုန်သွယ်ရောင်းဝယ်ခြင်းက အခုမှအစဖြစ်လေသည်။ ဒီတော့ သူလည်း အစေ့လွတ်ဖရဲမျိုးသာစိုက်ပျိုးရမည်ပေါ့။

''ဟုတ်ပြီ'' အဒေါ်ကပြုံးပြီး မိတ်ဆက်ပေးသည်မှာ_

''ရိုးရိုးအစေ့လွတ်ဖရဲမျိုးဆိုပေမဲ့ ယွမ်(၈၀)ကျတယ်... ဘယ်လောက်များလိုချင်လဲ?''

''အရင်ဆုံး နှစ်ကတ်တီလောက်ပဲယူဦးမယ်''

ဒီမျိုးစေ့တွေက ဂိမ်းထဲမှာစိုက်၍ရမရ ချင်လင်လည်းမသေချာသောကြောင့် အများကြီးမဝယ်ဖြစ်ခဲ့။ သူ့ဟင်းသီးဟင်းရွက်သို့ပြန်ရောက်သောအခါ တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။ သူက မျိုးစေ့များကို မျိုးစေ့ထည့်သည့်သေတ္တာထဲ ထည့်လိုက်၏။

လုပ်စရာရှိတာလုပ်ပြီး ဂိမ်းထဲမှပြန်ထွက်ခဲ့သည်။

သူ့စိတ်ထဲမှ ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သောအခါ ကိရိယာသေတ္တာထဲတွင် ဖရဲမျိုးစေ့ထုပ်ရောက်နေပြီဖြစ်လေသည်။

(အစေ့လွတ်ဖရဲမျိုးစေ့: အရည်အသွေး အဆင့် ၁)

(ဤအရာမှာ အစေ့လွတ်ဖရဲမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးပြီးပါက အစေ့လွတ်ဖရဲမျိုးများကို ခူးဆွတ်နိုင်မည်!)

ရိုးရိုးရှင်းရှင်းမှတ်ချက်လေးပင်။

ချင်လင်က ချက်ချင်းပင် ဂိမ်းဇာတ်ကောင်ကို အသစ်ဖွင့်ထားသောမြေကွက်(၁၂)ကွက်၌ စိုက်ပျိုးစေလိုက်သည်။

ခဏအကြာတွင် မြေကွက်(၁၂)ကွက်မှာ စိုက်ပျိုးပြီးဖြစ်ကြောင်း အချက်ပေးစာဝင်လာသဖြင့် သူမပြုံးမိဘဲမနေနိုင်တော့ချေ။

အပြင်ကမျိုးစေ့တွေကို ဂိမ်းထဲမှာစိုက်လို့ရတယ်တဲ့။

ဒီလိုဆိုတော့ လောလောလတ်လတ်ပြဿနာတစ်ခုကိုဖြေရှင်းလိုက်နိုင်ပြီလေ။

သူသိချင်သေးတာက အပြင်မှာစိုက်တဲ့ဖရဲသီးက ဂိမ်းထဲမှာစိုက်တဲ့ဖရဲသီးလို ချိုမချိုဆိုတာပင်။

နေ့လယ်ပိုင်းတွင် Wechat အဖွဲ့ထဲမှတစ်ဦးက ကျန်နေသောဖရဲသီးအလုံး(၃၀)ကို လက်ကားယူသွားလေ၏။

မနေ့တုန်းကဝယ်လာခဲ့သော ဟင်းသီးဟင်းရွက်များကို ချင်လင်က စျေးလျှော့ရောင်းလိုက်ပြီး ထပ်မဝယ်ရန်ဆုံးဖြတ်လိုက်သည်။ အခုတော့ သူက အချိန်ပြည့်ဖရဲသီးသည်ဖြစ်နေပြီလေ။

နေကျသွားသောအခါ ဆိုင်ပိတ်လိုက်သည်။ သူ့အမေကလည်း ညစာပြင်ထားပြီးဖြစ်သည်။

ညစာစားပြီးပြီးချင်း စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်၏။

ယခင်စိုက်ခင်း(၁၂)ကွက်မှဖရဲသီးများတွင် ပိုးမွှားများကျနေသည်။ နောက်စိုက်ခင်းအသစ်(၁၂)ကွက်တွင်လည်း ပေါင်းပင်များရှိနေ၏။ အားလုံးကိုပေါင်းသင်ဖို့လိုနေသည်။

ပိုးမွှားများ၊ ပေါင်းပင်များကိုရှင်းလင်းပြီးနောက် ချင်လင်က Wechat မှစာလက်ခံရလိုက်သည်။

မိုချင်း-ချစ်ဇနီး: ''အလုပ်ပြီးသွားပြီ... မနက်နေ့လယ်ပြန်လာခဲ့မယ်... အလုပ်ကနေလာကြိုပါ... ပြီးတော့ ကျွန်မလည်း ဖရဲသီးစားချင်တယ်''

ကျောက်မိုချင်း၏ Wechat မှစာကိုတွေ့သောအခါ ချင်လင်က ချက်ချင်းပင်_

''ဟုတ်ပြီ... ချစ်ဇနီးလေး''ဟု စာပြန်လိုက်သည်။

မိုချင်းကလည်း သူ့လိုပင်၊ တက္ကသိုလ်မှဘွဲ့ရပြီးနောက် ရုံချန်းစီရင်စုဆီပြန်လာခဲ့၏။ မတူတာကတော့ မိုချင်း၏ဦးလေးဖြစ်သူမှာ ရုံချန်းအခွန်စည်းကြပ်ဌာနမှဖြစ်၍ သူမလည်း အခွန်စည်းကြပ်ဌာနတွင်အလုပ်ဝင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းဖြစ်လာခဲ့သည်။

လွန်ခဲ့သောရက်တချို့က ပိုင်ဆိုင်မှုကြွယ်ဝသောမြို့တွင်းလုပ်ငန်းတစ်ခုတွင် ပြဿနာတက်ခဲ့ပုံရသည်။ ပြောကြတာတော့ ကုမ္ပဏီရဲ့ဦးဆောင်သူတချို့က ယာတောအိမ်တစ်ခုတွင် စားသောက်ကြွားဝါနေရင်း ဓာတ်ပုံရိုက်ပြီး မီဒီယာပလက်ဖောင်းအချို့တွင် တင်ခဲ့သည်တဲ့။ အဲဒီနောက်ပိုင်း သူတို့မှာ တဖြည်းဖြည်းဆုတ်ယုတ်လာသည်ဆို၏။

ရာထူးကြီးသူတွေက အခွန်ကြီးကြပ်စစ်ဆေးရေးအဖွဲ့ကိုခေါ်လိုက်သည်။ မိုချင်းမှာ ထိုအဖွဲ့ဝင်ဖြစ်၍ ပြန်လည်စမ်းစစ်ခြင်း၊ တွက်ချက်ခြင်းစသည်တို့ကိုလုပ်ရဖွယ်ရှိ၏။

ချင်လင်နှင့်မိုချင်းက ညဉ့်မနက်ခင်အထိ Wechat တွင်စကားပြောကြသည်။

…

နောက်တစ်နေ့တွင်_

ချင်လင်အိပ်ရာမှထပြီး စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်တော့ ဖရဲခင်း(၂၄)ကွက်မှာ မှည့်နေပြီ။

သူက မျိုးစေ့အစစ်များနှင့်စိုက်ထားသော ဖရဲသီးကိုကြည့်ကြည့်လိုက်သည်။ စိမ်းစိုနေပြီး ဂိမ်းထဲကမျိုးစေ့နှင့်စိုက်ထားသောဖရဲသီးလိုပင်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို မျိုးစေ့အစစ်နှင့်စိုက်ထားသောဖရဲသီးတစ်လုံးကို ခူးစေလိုက်ပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် အတွေးဖြင့် ဂိမ်းထဲဝင်လိုက်သည်။

သူက သိုလှောင်ခန်းထဲတန်းဝင်လိုက်သည်။ သေတ္တာထဲတွင် သူစောစောကခူးထားသော ဖရဲသီး(၁၆)လုံးရှိနေ၏။ အရင်လိုပင် (၁၀)ကီလိုဂရမ်ကျော်ပြီး အလုံးလည်းကြီးမားဆဲ။

သူက တစ်လုံးကောက်ယူကြည့်လိုက်တော့ မှတ်ချက်ကိုမြင်ရ၏။:

(အစေ့လွတ်ဖရဲသီး: အရည်အသွေး ၁)

(မှတ်ချက်များ: အထူးဖရဲသီးမျိုးမဟုတ်သော်လည်း ဂိမ်းမှထုတ်လုပ်ထားသည်။ သာမန်ဖရဲသီးများထဲတွင်တော့ အကောင်းဆုံးဖြစ်သည်။)

မှတ်ချက်စာကလည်း အရင်အတိုင်းပင်။

ချင်လင်က နည်းနည်းတော့စိတ်ထင့်နေသည်။ သူက ဖရဲသီးပိုက်လျက် အခန်းကိုပြန်လာခဲ့ပြီး ဖရဲသီးကိုခွဲကြည့်ရန် မီးဖိုချောင်ထဲ တန်းဝင်သွားလိုက်၏။ ထို့နောက် တစ်စိတ်ကောက်မြည်းကြည့်လိုက်သည်။ တကယ်အရသာရှိနေတော့မှပဲ သူသက်ပြင်းချမိတော့သည်။

ဤသို့ဖြင့် လက်တွေ့ဘဝမှမျိုးစေ့အစစ်များယူပြီး ဖရဲသီးရောင်းနိုင်ပေမည်။ အရသာပြောင်းလဲသွားမှာကိုလည်း မပူရ။

''ရှောင်လင်... ဘာလို့စောစောစီးစီး ဖရဲသီးစားနေတာလဲ? အစာအိမ်အတွက်မကောင်းဘူးနော်''

သူ့မိခင် လင်းဖန်က မီးဖိုချောင်ထဲဝင်လာပြီး နားပူနားဆာလုပ်လိုက်သည်။

ချင်လင်ကပြုံးရင်း_

''အမေ... ကျွန်တော်ကမြည်းကြည့်တာပါ... နောက်ကျရင်ရောင်းမလို့''ဟု ရှင်းပြလိုက်သည်။

လင်းဖန်လည်း ဘာမှထပ်မပြောတော့ဘဲ ဖရဲသီးတစ်စိတ်ကောက်ပြီး သူ့သားကိုအကြံပေးရန်ပြင်လိုက်သည်။ တစ်ကိုက်ကိုက်ကြည့်ပြီးနောက် အံအားသင့်စွာနှင့်_

''ရှောင်လင်... ဒီဖရဲသီးအရသာ တကယ်ကောင်းတာပဲ... တို့ဆိုင်ကရောင်းတဲ့ဖရဲသီးတွေက ဒီအရသာထွက်တာရှားတယ်... ဖရဲသီးတိုင်းသာ ဒီအရသာဆိုရင် လုံးဝရောင်းကောင်းမှာ''

သူမ ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်လာသည့် သက်တမ်းအရ မြည်းကြည့်လိုက်တာနှင့် ဖရဲသီးကောင်းမှန်း လင်းဖန်သိသည်။

ချင်လင်လည်း စိတ်ထဲက ဖန်သားပြင်ကိုကြည့်လိုက်သည်။ သူက ဂိမ်းဇာတ်ကောင်ကို စိုက်ခင်း(၂၄)ကွက်မှဖရဲသီးများကိုခူးစေလိုက်ပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် ဖရဲပင်များကိုဖယ်ရှားပြီး မျိုးစေ့အသစ်စိုက်စေသည်။

ဤနည်းအတိုင်း ညနေလောက်ဆို ဖရဲသီးနောက်တစ်သုတ်မှည့်လာမည်ဖြစ်၏။

ချင်လင်တို့သားအမိက အပြင်မထွက်ခင် မနက်စာစားလိုက်ကြပြီး ငှားရမ်းထားသောဂိုဒေါင်ဆီထွက်လာခဲ့သည်။

ဂိုဒေါင်ရောက်သောအခါ တံခါးကိုလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူကသိုလှောင်ခန်းထဲလျှောက်သွားပြီး အထဲရောက်သည်နှင့် အမှတ်အသားတစ်ခုတွေ့လိုက်ရ၏။ ရေးထားတာက_

အစေ့လွတ်ဖရဲသီး: ၄၁၈ (အရည်အသွေး ၁)

ဒါက စိုက်ခင်း(၁၂)ကွက်ကရတဲ့ အသီးအပွင့်။

ချင်လင်ကိုအံ့အားသင့်စေတာက ထိုဖရဲသီးပုံ၏နောက်တွင် သီးခြားရှိနေသော ဖရဲသီးသုံးလုံးပင်။ ထိုပေါ်မှာ အမှတ်အသားစာလည်းရှိနေသည်:

အစေ့လွတ်ဖရဲသီး: ၃ (အရည်အသွေး ၂)

အရည်အသွေးမြင့်တဲ့ဖရဲသီးတွေ တကယ်ပေါ်လာပြီ? ဖရဲသီးအစင်းများမှာပိုမည်းနက်ပြီး ကြည့်ရတာ ပိုပြီးလုံးဝန်းသည်။

သူကချက်ချင်းတစ်လုံးကောက်ကိုင်ကြည့်တော့ သူ့ရှေ့တွင် စာပေါ်လာသည်:

(အစေ့လွတ်ဖရဲသီး: အရည်အသွေး ၂)

(မှတ်ချက်: ဂိမ်းမှထုတ်လုပ်သော အရည်အသွေးမြင့်ဖရဲသီး။ အဆင်း၊ အနံ့၊ အရသာမှာ အရည်အသွေး ၁ ထက်သာလွန်သည်။ စားကြည့်လျှင် လျှာလည်သွားစေလိမ့်မည်။ အနံ့အရသာရှိခြင်း +၊၂ ချိုမြိန်ခြင်း +၊၂ အရသာ +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂)

အရည်အသွေး ၂: ဖရဲသီး၏အရသာနှင့်ချိုမြိန်ခြင်းမှာ +၂ ဖြစ်လာသည်။ လျှာပေါ်တွင်စွဲကျန်ခြင်း +၂ လည်းတိုးလာသည်။

သို့သော်လည်း ထိုမှတ်ချက်မှာ နည်းနည်းချဲ့ကားလွန်းသည်ထင်မိသည်။

ဖရဲသီးတစ်လုံးက အဲလောက်တောင်ပဲ စွဲမက်စရာကောင်းမယ်တဲ့လား? စားကြည့်သူတွေကို လျှာလည်သွားစေမယ်တဲ့လား?

စားကောင်းသောက်ဖွယ်လည်း မဟုတ်ဘဲနဲ့။

ဒီအရည်အသွေး ၂ ဖရဲသီးတွေက ၁ အရသာနဲ့ဘယ်လောက်များကွာခြားမလဲဆိုတာ ချင်လင်က စူးစမ်းချင်လာသည်။ သို့သော် သူလုပ်စရာရှိတာတော့ အရင်လုပ်ရဦးမည်။ အရင်ဆုံး သူက ဖရဲသီး(၄၁၈)လုံးကို ဂိမ်းထဲမှထုတ်လိုက်ပြီး ဗီဒီယိုရိုက်ကာ Wechat အဖွဲ့ထဲပို့လိုက်သည်:

အခုပဲဝင်လာတဲ့ လတ်လတ်ဆတ်ဆတ်အစေ့လွတ်ဖရဲသီးတွေပါ... လက်ကားစျေး တစ်ကတ်တီကို (၁.၅)ယွမ်နဲ့ရောင်းပေးနေပါတယ်။

စာပို့ပြီးမကြာမီ ချင်လင်မှာ ကားထဲသို့ဖရဲသီးရွှေ့တုန်းသာရှိသေး၊ Wechat မှအသံမြည်လာ၏။ ချက်ချင်းစာပို့သည်မှာ လျိုတရှန်း၏ ဟင်းသီးဟင်းရွက်ဆိုင်ပိုင်ရှင်များဖြစ်၏။

အရည်အသွေး ၁ ဖရဲသီးတောင် သာမန်ဖရဲသီးများထက်အရသာရှိနေသည်။ ဒီလိုရာသီမျိုးဆို မရောင်းရမှာပူစရာမလို။ ဝယ်ယူသွားသည့်ဖောက်သည်တိုင်း ပြန်လည်ဝယ်ယူကြသည်ချည်း။ ထို့ကြောင့် အရင်ဖရဲသီးမှာဖူးသည့်သူတိုင်းက ယခင်ကထက်ပိုပြီးမှာရန် စဉ်းစားကြ၏။

ထို့အပြင် Wechat မှမှာယူသည့် သစ်သီးဆိုင်ပိုင်ရှင်တချို့လည်းတိုးလာသည်။ အယောက်(၂၀) (၃၀)ရှိ၏။ သစ်သီးဆိုင်မှာ အရှေ့ပိုင်းမြို့တော်နှင့် ရွှေရှီလမ်းမတွင်တည်ရှိသည်။

လက်ကားနှစ်ရက်ခန့်ရောင်းပြီးနောက် အဖွဲ့ထဲမှတခြားလူများလည်း သတင်းကြားသည်နှင့် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။

ချင်လင်က သေချာတွက်ချက်ကြည့်လိုက်သည်။ ဒီဆိုင်ရှင်တွေ လက်ကားဝယ်ယူနေတဲ့စုစုပေါင်းဖရဲသီးအရေအတွက်က (၃၉၅)လုံးဖြစ်နေပြီ။ ထို့ကြောင့် သူ့ဖရဲသီးတစ်သုတ်မှာ ကုန်လုနီးနီးပင်။

တွက်ချက်ကြည့်ပြီးနောက် ဖရဲသီးများကို ကားပေါ်တင်ပြီး စီရင်စုမြို့ထဲဆွဲလာခဲ့သည်။

နေ့လယ်ပိုင်းတွင် ဖရဲသီးတစ်လှည်းဆွဲပြီး စျေးသို့သွားကာ လျိုတရှန်းနှင့်နှစ်ယောက်ကိုပို့ပေးလိုက်၏။

''ရှောင်ချင်... ရောက်ပြီလား?''

လျိုတရှန်းက ချင်လင်ကိုတွေ့သော် ပြုံး၍ထွက်လာပြီး ကြိုဆိုလိုက်သည်_

''မင်းရဲ့ဖရဲသီးတွေက တကယ်ရောင်းကောင်းတာပဲ... ငါဒီနေ့(၁၀)လုံးထပ်ယူဦးမယ်''

''ကျေးဇူးပါ အစ်ကိုလျို... ကျွန်တော့်ကိုအားပေးတဲ့အတွက်''

ချင်လင်ကပြုံးပြီး လျိုတရှန်း၏ဖရဲသီးများကို ချပေးလိုက်သည်။ အရောင်းအဝယ်ပြီးလျှင် ချန်တဟယ်နှင့်အိုက်ချိုးနီကို ဖရဲသီးဆက်ပို့လိုက်သည်။ မွန်းတည့်သော် ကျန်သည့်ဖရဲသီး(၂၃)လုံးကိုဆွဲ၍ သူ့ဆိုင်ပြန်ခဲ့လေသည်။

စာရင်းတွက်ချက်ကြည့်တော့ ဒီတစ်ခေါက်ဖရဲသီး(၃၉၅)လုံးက စုစုပေါင်း(၄၄၂၄)ကတ်တီရှိသည့်အတွက် (၆၆၃၆)ယွမ်ရလိုက်သည်။ ထို့ကြောင့် ညနေပိုင်းဖရဲသီးတစ်သုတ်မှည့်ပါက တစ်နေ့ကို ယွမ်(၁၀၀၀၀)နှင့်အထက် ရမည်ဖြစ်၏။

တစ်နေ့တည်းနှင့်ပင် တစ်လလောက် သူပင်ပင်ပန်းပန်းဟင်းသီးဟင်းရွက်ရောင်းရသည့်ဝင်ငွေကို မီနေပြီဖြစ်လေသည်။

All Chapters