ရှားရှားပါးပါးဖရဲသီးစားရသည့်အရသာ!
Vol. 1 Ch. 7
ချင်လင်က အရည်အသွေး ၂ ရှိသောဖရဲသီးများကိုသာယူလိုက်သည်။
ဒီအရည်အသွေး ၂ ရှိတဲ့ဖရဲသီးတွေက တကယ်ပဲ လူတွေကိုသွားရည်ယိုအောင်လုပ်နိုင်မလုပ်နိုင်ဆိုတာ သူချက်ချင်းသိချင်နေပြီ။
သူက ဖရဲသီးကိုရှေ့ထုတ်လာပြီး ဓားနှင့်ထက်ခြမ်းခွဲလိုက်သည်။ တစ်ခြမ်းကို ရေခဲသေတ္တာထဲထည့်လိုက်ပြီး
နောက်တစ်ခြမ်းကို အစိတ်ငယ်လေးများစိတ်လိုက်သည်။
သူဓားချလိုက်သောအခါ ခွေးနက်က သူ့ဘေးဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်ပြီး ချင်လင်လန့်ဖျတ်သွားသည်။ ၄င်းက သူခွဲထားသောဖရဲသီးကို လှမ်းမျှော်ကြည့်နေ၏။
''သောက်ခွေး... ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတော့တာပဲ... မင်းကိုမင်းလမ်းဘေးခွေးလိုကို မနေတာ''
ခွေးနက်ကိုမြင်ပြီး ချင်လင်စကားရှာမရဖြစ်သွား၏။
ဒါပေမဲ့လည်း တစ်နေ့ယွမ်တစ်သောင်းမကရှာနိုင်တော့မှာဆိုတော့ စိတ်ကောင်းလေးကဝင်နေသည်။ သူက ဖရဲသီးတစ်စိတ်ကောက်ပြီး ခွေးနက်ထံပစ်ပေးလိုက်၏။ ဒီကောင်ကံကောင်းနေသည်လေ။
သူ့လက်ထဲရှိဖရဲသီးစိတ်ကိုမြည်းကြည့်လိုက်ရာ မျက်လုံးများချက်ချင်းဝင်းလက်သွား၏။
ဒီအရည်အသွေး ၂ ဖရဲသီးတွေက အံ့သြစရာကောင်းလောက်အောင်အရသာရှိတာပဲ။ ပါးစပ်ထဲမှာ ချိုနေတာပဲ။ ပြီးတော့ အရည်ရွှမ်းတာလေးက ပျော်ဝင်သွားတယ်။ သကြားလိုချိုပြီး ကပ်စီးစီးနေတာမဟုတ်။ ကျွတ်ဆတ်ဆတ်လေးနဲ့ အရည်ရွှမ်းတာဆိုတော့ အပြစ်ပြောစရာကိုမရှိပေ။
ပိုထူးခြားတာက တစ်ကိုက်ကိုက်ပြီးတာနဲ့ ရနံ့လေးက လျှာပေါ်စွဲကျန်ခဲ့သည်။
စားပြီးလျှာပေါ်စွဲကျန်ခြင်း +၂ က ဒီလိုလား?
ဖရဲသီးစားပြီး စားကောင်းသောက်ဖွယ်ဟု ခံစားလိုက်ရသလိုပင်။
ဒါလုံးဝ အရည်အသွေး ၁ ထက်ကောင်းတာပဲ။
သူတခြားဘာမှမသိပေမဲ့ တက္ကသိုလ်တုန်းက ချမ်းသာတဲ့ဒုတိယမျိုးဆက်အတန်းဖော်ရဲ့ နိုင်ငံခြားမျိုးအထူးဖရဲသီးကို စားကြည့်ခဲ့ဖူးသည်။ ဖရဲသီးအရသာအလွန်ကောင်းသော်လည်း ယခုဖရဲသီးနှင့်ယှဉ်လျှင် ဘာမှမဆိုင်ပေ။
မိုချင်းလည်း ကြိုက်မှာပင်။
ချင်လင်က သူစားလက်စဖရဲသီးကိုလတ်စသတ်လိုက်ပြီး နောက်တစ်စိတ်ကောက်ယူမည့်ဆဲဆဲ၊ ခွေးနက်ကလည်း စားကုန်သွားပြီမှန်းသတိထားမိသည်။ ကြည့်ရတာ အရမ်းအရသာရှိတဲ့ပုံ။ တစ်ခါထပ်၍ စားပွဲပေါ်ကဖရဲသီးကိုလှမ်းဆွဲရန် ငမ်းနေ၏။
ချင်လင်ကြည့်နေသည်ကိုမြင်လျှင် တအီအီအော်ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ဆောင့်ကြောင့်ထိုင်လိုက်ကာ ချင်လင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။
ချင်လင်မျက်နှာပျက်သွားသည်။ ဒီခွေးနက်က တကယ်စားပွဲပေါ်ခုန်တက်မလို့ပင်။ ဒါမျိုးဆိုတာ အိမ်မွေးခွေးတွေပဲ လုပ်တာလေ။
ဒီခွေးက ကိုယ့်နေရာကိုယ်မသိတာလား ဒါမှမဟုတ် လွတ်နေတာလား?
ချင်လင်က အဲဒီအရေထူတဲ့ခွေးနက်ကို လျစ်လျူရှုလိုက်ပြီး ဖရဲသီးနောက်တစ်စိတ်စားရန်ကောက်ယူလိုက်သည်။ ဒီဖရဲသီးက တကယ်ကိုမွှေး၏။
ဖရဲသီးစားပြီးသည်နှင့် သူ့ခြေထောက်တွင် လှုပ်ရှားမှုကိုခံစားလိုက်ရသည်။ ခွေးနက်က သူ့ခြေထောက်ကိုခေါင်းနှင့်လာဝှေ့ပြီး သူ့ကိုမျက်နှာချိုသွေးနေခြင်းပင်။
''သောက်...'' ချင်လင်အသံတိတ်ဆဲလိုက်သည်။ ဒီခွေး ရူးနေတာလား? ချစ်စရာကောင်းအောင် လာလုပ်ပြနေသေးတယ်?
သူ့ပုံစံကိုကြည့်ပြီး ဖရဲသီးတစ်စိတ်မှမပေးမိပြန်တော့လည်း ရှက်မိသည်။ မနေနိုင်ဘဲ ဖရဲသီးနောက်တစ်စိတ်ပစ်ပေးလိုက်၏။ ခွေးနက်ကိုလည်း_
''ဒါနောက်ဆုံးပဲ... ထပ်မရဘူး!'' ဟု ဆက်ဆက်ငေါက်လိုက်သည်။
ဒါက နိုင်ငံခြားအထူးဖရဲမျိုးထက်တောင် အရသာရှိသေး။ ခွေးကိုနှစ်စိတ်ကျွေးပြီး နိုင်ငံခြားအထူးဖရဲမျိုးတောင် မစားနိုင်တဲ့လူတွေ ဘယ်လောက်ရှိမလဲ? ရုံချန်းစီရင်စုရဲ့(၉၉)ရာခိုင်နှုန်းက မစားဖူးကြဘူး၊ အဲဒီထက်ကောင်းတဲ့အရည်အသွေး ၂ ဖရဲသီးဆို မပြောနဲ့တော့။
ချင်လင်က ဖရဲသီးနှစ်စိတ်ကို လတ်စသတ်လိုက်သည်။ ဖရဲသီးနောက်တစ်စိတ်စားပြီး ခွေးနက်က အစာဝသွားဟန်နှင့် သူ့ဆိုင်ပေါက်ဝတွင် ဝပ်တွားပြီးလှဲနေ၏။
လောလောဆယ် ချင်လင်တွင်လုပ်စရာမရှိ။ သူက တံခါးပြန်ပိတ်ပြီး ဂိမ်းထဲဝင်ကာ ဂိမ်းကမ္ဘာထဲစူးစမ်းကြည့်ရန်ပြင်လိုက်သည်။
ဤတောင်တန်းပုံပြင်ထဲတွင် စိုက်ပျိုးမွေးမြူရေးခြံသာမဟုတ်။ မြေပုံမှာအလွန်ကျယ်ဝန်းသည်။ အပြင်ဘက်တွင် မြို့ငယ်လေးတစ်မြို့နှင့် ဆိပ်ကမ်းတစ်ခုရှိသည်။ ၄င်းတို့ကို တောင်တန်းများကနောက်ခံလျက်...
ချင်လင်က ဂိမ်းထဲဝင်ပြီး စိုက်ပျိုးမွေးမြူရေးခြံ၏ထွက်ပေါက်ဆီသွားလိုက်၏။ အပြင်ထွက်ပြီး တစ်ချက်ကြည့်ရန်စီစဉ်ထားသော်လည်း တံခါးမဆီရောက်သောအခါ မမြင်ရသောလေထုက ကာဆီးထားမှန်းသိလိုက်ရသည်။ သူထွက်လို့မှမရဘဲ။
ကြည့်ရတာ ကန့်သတ်ချက်တစ်ခုခုရှိသေးတဲ့ပုံပင်။
စိုက်ပျိုးမွေးမြူရေးခြံတလျှောက်သာ လျှောက်သွားနိုင်သည်။ ခြံထဲတလျှောက်လုံးတော့ အတားအဆီးမရှိပေ။ ကွင်းပြင်များမှာ ပေါင်းပင်များအပြည့်နှင့် ရှင်းလင်းမည့်သူကိုငံ့လင့်နေသလိုလို။ စက်ရုံတည်မည့်နေရာမှာကွက်လပ်ဖြစ်နေပြီး စိုက်ပျိုးမွေးမြူရေးခြံတလျှောက် စီးဆင်းနေသည့်မြစ်တစ်စင်းနှင့်...
စိုက်ပျိုးမွေးမြူရေးခြံတစ်ခုလုံး၏ နေရာနှင့်ခန့်မှန်းအကျယ်အဝန်းကိုသိရှိပြီးနောက် ချင်လင်က ဂိမ်းထဲမှပြန်ထွက်လာခဲ့သည်။
…
နေဝင်ဖျိုးဖျအချိန်တွင် စျေးကအသက်ဝင်လာသည်။ ညစာအတွက်ပြင်ဆင်ချိန်ကျလေပြီ။
ချင်လင်က စိတ်ထဲမှဂိမ်းမြင်ကွင်းကိုကြည့်လိုက်သည်။ ဖရဲခင်း(၂၄)ကွက်မှာ မှည့်နေပြီဖြစ်၏။ သူက ဂိမ်းဇာတ်ကောင်ကိုခူးစေလိုက်ပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ တစ်ချိန်တည်းပင် ညိုးနေသောအပင်များဖယ်ရှားပြီး မျိုးစေ့များထပ်စိုက်လိုက်၏။ ဤနည်းအတိုင်း မနက်ဖြန်မနက်ဆို နောက်တစ်သုတ်မှည့်ပေလိမ့်မည်။
သို့သော်လည်း တစ်နေ့ယွမ်တစ်သောင်းအမှန်တကယ်ရခဲ့လျှင် သူဖရဲသီးစျေးကွက်အသစ်ထပ်ရှာရပေဦးမည်။
Wechat အဖွဲ့မှသစ်သီးဆိုင်များဝယ်လိုအားနှင့်ဆိုလျှင် တစ်နေ့ကို ဖရဲသီးအလုံး(၄၀၀)ကျော်တစ်သုတ်နှင့်ကျေနပ်နိုင်လည်း မဆိုးပေ။
သူတို့၏ဆိုင်အနေအထားနှင့် ကန့်သတ်ထားသလောက်ပင်။ ဒီလိုကိုယ်ပိုင်ဆိုင်လေးတွေရဲ့ပုံသေဖောက်သည်အရေအတွက်က (၅)ကီလိုမီတာမျှသာ။
စျေးထဲမှဖောက်သည်အရေအတွက်ပင် အကန့်အသတ်ရှိသည်။ ကားပါကင်ထိုးရန်နေရာလုံလုံလောက်လောက်မရှိသောကြောင့် အများစုကအရှေ့ပိုင်းမြို့တော်စီးပွားရေးကွက်သို့သာသွားရန် ရွေးချယ်ကြပေလိမ့်မည်။ ထိုနေရာတွင် စီရင်စုမြို့အတွင်း ကားပါကင်ထိုးရန်နေရာကျယ်ကျယ်ဝန်းဝန်းနှင့် အကြီးဆုံးစျေးကြီးရှိလေသည်။
သူတွေးတောနေစဉ် Wechat မှစာတစ်စောင်ရောက်လာသည်။
မိုချင်း၊ ချစ်ဇနီးလေး:
''ကျွန်မ ဌာနကိုပြန်ရောက်နေပြီ... အလုပ်ကနေလာကြိုဖို့မမေ့နဲ့ဦး''
ချင်လင်က စာမြင်မြင်ချင်း ပြုံး၍စာပြန်လိုက်သည်။ ထို့နောက် ဆိုင်ပိတ်ရန်ဆုံးဖြတ်ပြီး အိမ်ပြန်လိုက်သည်။ ရေမိုးချိုးပြီးသည်နှင့် တဖန်ပြန်ထွက်လာခဲ့သည်။ အောက်ထပ်သို့ပြေးဆင်း၍ သူ့လျှပ်စစ်ကားလေးကိုမောင်းလာခဲ့သည်။
…
ရုံချန်းစီရင်စုရဲ့အခွန်ဦးစီးဌာနက အရှေ့ပိုင်းမြို့တော်အတွင်း မြစ်ဘေးတလျှောက်တွင်ရှိသည်။ ချင်လင်က လျှပ်စစ်ကားနှင့်ရောက်ချိန်မှာ (၅)နာရီထိုးတော့မည်။ အခွန်ရုံးဝန်ထမ်းများလည်း အလုပ်ဆင်းကုန်ပြီ။ အလုပ်ချိန်မှာ မနက်(၉)နာရီမှ ညနေ(၅)နာရီထိဖြစ်၏။
မကြာမီ ကျောက်မိုချင်းထွက်လာသည်ကိုတွေ့ရသည်။ သူမ၏နူးညံ့သောမျက်နှာလေးတွင် မိတ်ကပ်ပါးပါးလေးသာပုတ်ထားသော်လည်း သူမ၏တောက်ပသောမက်မုံပန်းလေးလို မျက်လုံးများကြောင့် သူမအလှကိုပိုတိုးစေလေသည်။
ကျောက်မိုချင်းမှာ ပြောရလောက်အောင်လှသူမဟုတ်သော်လည်း လူအများပိုးပန်းခြင်းခံရသော မိန်းကလေးတစ်ဦးပင်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်နှစ်သက်နေသရွေ့တော့ တခြားအရာတွေက အကောင်းဆုံးနှင့်အလှဆုံးပင်။
ချင်လင်က သူ့ကိုနှုတ်ဆက်တော့မည့်ဆဲဆဲတွင် ဆီလိမ်းထားသောဆံပင်နှင့် ငယ်ရွယ်ကြည့်ကောင်းသောလူငယ်တစ်ဦးက အဆောက်အဦထဲမှထွက်လာပြီး သူမနောက်လိုက်လာလေသည်:
''မိုချင်း... လမ်းကြုံတယ်... ငါမင်းကိုလိုက်ပို့မယ်''
ထိုလူငယ်က ပြောပြောဆိုဆိုပင် လက်ထဲကကားသော့ကိုလည်းနှိပ်လိုက်သည်။ Audi ကားမီးပွင့်လာပြီး သူ့စွမ်းအားကိုပြနေသယောင်ယောင်။
သူက ကျောက်မိုချင်းကိုပိုးပန်းချင်သည်ပေါ့။
သူကသာမန်ပြည်သူ့ဝန်ထမ်းဆိုသော်လည်း သူ့မိဘ၊ အစ်မ၊ ယောက်ဖတို့၏အရှိန်နှင့် ဘွဲ့ရပြီးစတစ်နှစ်၊နှစ်နှစ်ရှိသော သက်တူရွယ်တူများကြားတွင် အခွင့်ထူးခံဖြစ်နေလေသည်။ သူက ယွမ်(၅၀၀၀)အကုန်အကျခံပြီး Audi ကားဝယ်ထားသည်။
''ချန်ဟောက်... ရပါတယ်... ကျွန်မခင်ပွန်းလာကြိုတယ်''
ကျောက်မိုချင်းက ချင်လင်၏ရှေ့တွင် သူစိမ်းယောက်ျားလေးအလိုက်ခံရခြင်းကြောင့် ကသိကအောက်ဖြစ်သွားသည်။ ချင်လင်အထင်လွဲမည်စိုးသောကြောင့် ချင်လင်ဆီတည့်တည့်လျှောက်သွားလိုက်ပြီး လျှပ်စစ်ကားထဲဝင်လိုက်လေသည်။
''သွားရအောင်လေ!'' မိုချင်းကပြောလိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး လျှပ်စစ်ကားကိုစက်နှိုးလိုက်၏။
ချန်ဟောက်က ထွက်သွားသောလျှပ်စစ်ကားကိုကြည့်ပြီး သူ့လက်ထဲမှကားသော့ကို အမှုမဲ့အမှတ်မဲ့ကြည့်လိုက်မိသည်။ သူနည်းနည်းတွေဝေသွား၏။ သူဘယ်နားမှာရှုံးသွားတာလဲ?
ပိုအရေးကြီးတာက သူမမှာဘာလို့ ယောက်ျားရှိနေတာလဲ?
ဂေါ်ဖီထုပ်ကောင်းတွေဆို ဝက်တွေကဖျက်ပြီ။
…
လျှပ်စစ်ကားငယ်လေး လမ်းမပေါ်ပြေးနေသည်။ လေအဟုန်ကြောင့် တစ်နာရီမိုင်(၈၀)နှုန်းနှင့်ပြေးလျက်ရှိ၏။
မိုချင်းက ချင်လင်၏ခါးကိုတင်းကြပ်စွာဖက်ပြီး သူ့ကျောပြင်ကိုကပ်၍မှီထားသည်။
''ကျွန်မဖရဲသီးစားချင်တယ်လို့ပြောထားတာ... ရှင်ပြင်ထားသေးလား?''
''အင်း... မင်းအံ့သြသွားလိမ့်မယ်''
ချင်လင်က ခေါင်းညိမ့်ပြီး အစောကဖြစ်ပျက်ခဲ့သမျှကို စကားမစဘဲထားလိုက်သည်။
ဒီယုံကြည်မှုဟာ အခြေခံအကျဆုံးပါပဲ။ ဒီလိုမဟုတ်ဘဲ သူ့ဇနီးကို သူစိမ်းယောက်ျားကပိုးပန်းနေတိုင်း စိတ်ဆိုးနေရင် အကျည်းတန်သူ(သို့)အထီးကျန်သူကိုသာ ရှာရပေလိမ့်မည်။
ဆိုင်ကိုပြန်ရောက်သောအခါ ကျောက်မိုချင်းက မျှော်လင့်တကြီးနှင့်_
''ဘယ်မှာလဲ... အံ့သြစရာက?''
ချင်လင်က ချက်ချင်းပင် ရေခဲသေတ္တာထဲမှ အရည်အသွေး ၂ ဖရဲသီးတစ်ခြမ်းကိုထုတ်ယူပြီး စိတ်လိုက်သည်။ မိုချင်းလက်ထဲသို့ တစ်စိတ်ထည့်ပေးလိုက်ပြီး_ ''မြည်းကြည့်''
ကျောက်မိုချင်းက ဖရဲသီးစိတ်ကိုယူပြီး တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ မွှေးပျံ့သည့်ရနံ့ကိုခံစားလိုက်ရပြီး ပြောမပြနိုင်လောက်သည့်ချိုမြိန်မှုက လျှာထဲစိမ့်ဝင်သွားသည်။
''ချင်လင်... ဒီဖရဲသီးတွေက ဘာလို့ဒီလောက်ချိုတာလဲ?''
ကျောက်မိုချင်းက အံ့သြပြီး မမေးဘဲမနေနိုင်တော့ချေ။ ဒီလိုအရသာရှိတာမျိုး သူမဘဝမှာ တစ်ခါမှမစားခဲ့ဖူးပေ။
''မင်းဖရဲသီးကြိုက်တယ်ဆိုတာ ငါသိတယ်... အဲဒါကြောင့် မင်းအတွက်ချန်ထားတာ''
ချင်လင်က ပြောပြောဆိုဆိုပင် ဖရဲသီးတစ်စိတ်ကောက်စားလိုက်၏။ ဖရဲသီးကအေးရင် ပိုအရသာရှိမှန်း သူသတိထားမိလိုက်သည်။
ဒီအရည်အသွေး ၂ ဖရဲသီးကိုသာ တွင်တွင်ကျယ်ကျယ်ထုတ်နိုင်ရင် နိုင်ငံခြားအထူးဖရဲမျိုးစျေးနှင့်ရောင်းလည်း ကိစ္စရှိမည်မဟုတ်။
''နောက်တစ်စိတ်လောက် ပေးပါဦး''
ကျောက်မိုချင်းလည်း အစားအသောက်ခုံမင်သူဖြစ်သွားသည်။ ပုံမှန်ဆိုလျှင် အစားအသောက်ထိန်းရန်အတွက် ဖရဲသီးကြိုက်သော်လည်း များများမစား။ အခုတော့ ဂရုမစိုက်နိုင်တော့ဘဲ ဖရဲသီးစိတ်လေးများကို တစ်ဆက်တည်းစားလိုက်လေသည်။