အဆင့်တက်ခြင်း! အဆင့် ၂ နယ်မြေဖွံ့ဖြိုးခြင်း!
Vol. 1 Ch. 9
သို့သော်လည်း မန်နေဂျာချန် တစ်လဘယ်လောက်အမြတ်ထွက်သည်မှာ သူ့ကိစ္စမဟုတ်ပေ။ သည်လိုကိစ္စမျိုးက လူ့အဖွဲ့အစည်းအတွင်း မည်သည့်နေရာမဆိုတွေ့နိုင်သည်ပင်။
ဤနေရာမျိုးတွင် ထိုင်နေနိုင်သည့်သူမှာ အကောင်ကြီးကြီးနောက်ခံရှိရမည်။ သို့မဟုတ်လျှင် ဤကဲ့သို့နိုင်ငံ့ကွင်းဆက်အဖွဲ့အစည်းတစ်ခု၌ အမြတ်ထုတ်ကာ ထိုင်စားရဲမည်မဟုတ်ပေ။
သူ့ရည်ရွယ်ချက်က ဖရဲသီးရောင်းဖို့သက်သက်ပင်။ သူ့ရည်ရွယ်ချက်အောင်မြင်သရွေ့တော့ အဆင်ပြေသည်သာ။
ထပ်ပြောရရင် အဲဒါက သူ့အတွက်လည်း အကျိုးရှိသည်။ ပုံမှန်ဆို ဒီလိုမှာယူတာတွေက သီးခြားသတ်မှတ်ထားပြီးသား။ သူဖိအားမရှိဘဲ ကုန်ပို့လွှာဖွင့်ပြီး အမှာရယူနိုင်တော့မည်။
''ရှောင်ချင်... မင်းမှာဖရဲသီးဘယ်လောက်များများရှိလဲ?''
မန်နေဂျာချန်က သိသိသာသာပင် ထိုမေးခွန်းကိုစိတ်ဝင်စားနေဟန်ရှိ၏။
ချင်လင်က_ ''မန်နေဂျာချန်... ပထမတစ်သုတ်မှာ အလုံး(၈၀၀)ကျော်ရှိတယ်... တစ်လုံးတစ်လုံးကို (၁၀)ကီလိုဂရမ်ကျော်တယ်... ကျွန်တော်ပြန်ရောက်တာနဲ့ အလုံး(၈၀၀)အရင်ပို့လိုက်မယ်... ညနေပိုင်းကျရင် အလုံး(၄၀၀)ထပ်ပို့ပေးမယ်... နောက်ပိုင်းလည်း တစ်နေ့တစ်နေ့ကို အလုံး(၈၀၀)ထက်မနည်းစေရပါဘူး''ဟု ရှင်းပြလိုက်သည်။
မန်နေဂျာချန်က စိတ်မှန်းနှင့်တွက်ချက်ပြီးနောက် အတော်စိတ်ကျေနပ်သွားလေသည်။ သူကပြုံးလျက်_
''ဟုတ်ပြီ... နေ့တိုင်း မင်းပို့ပြီးတာနဲ့ ငါ့ကိုကုန်ပို့လွှာပို့ပေးပါ... ငါဘဏ္ဍာရေးဌာနကိုရှင်းခိုင်းပေးမယ်''
''ကျေးဇူးတင်ပါတယ် မန်နေဂျာချန်''
မန်နေဂျာချန်နှင့်ဆွေးနွေးကြပြီးနောက် ချင်လင်ပြန်ထွက်လာခဲ့သည်။
ချင်လင်ထားခဲ့သောဖရဲသီးနှစ်လုံးကိုမြင်သည့်အခါ မန်နေဂျာချန်လည်း စိတ်လက်ရွှင်ပျသွားသည်။ သူက ထိုဖရဲသီးများကိုခွဲစေပြီး အပြင်ရှိရုံးဝန်ထမ်းများကို ဝေငှပေးလိုက်သည်။
ချင်လင်က ဂိုဒေါင်ဆီပြန်လာပြီး ကျန်ဖရဲသီး(၄၂၂)လုံးကို စူပါမားကတ်တွင်လက်မှတ်ထိုးရန် တင်ယူလာခဲ့သည်။
စုစုပေါင်း(၄၅၅၇)ကီလိုဂရမ်ရှိလေသည်။
ညနေတွင် ဂိမ်းထဲမှဖရဲသီးများထပ်မှည့်လာ၏။ အရည်အသွေး ၁ ဖရဲသီး(၄၁၁)လုံးနှင့် အရည်အသွေး ၂ ဖရဲသီးက(၃)လုံးဖြစ်သည်။
ချင်လင်က မျိုးစေ့များထပ်စိုက်ခဲ့ပြီး ဖရဲသီး(၄၁၁)လုံးကို ဂိမ်းထဲမှအပြင်ဂိုဒေါင်သို့ထုတ်လိုက်သည်။ ထို့နောက် RT စျေးသို့ နှစ်သုတ်ခွဲပြီးပို့လိုက်သည်။ ဒီတစ်ကြိမ်တွင် (၄၄၇၁)ကတ်တီရှိ၏။ အရင်တစ်သုတ်(၄၅၅၇)ကတ်တီနှင့်ပေါင်းလျှင် စုစုပေါင်း(၉၀၂၈)ကတ်တီရှိပြီဖြစ်သည်။
ကုန်ပို့ပြီးနောက် ချင်လင်က စာရင်းနှင့်ပြေစာယူပြီး မန်နေဂျာချန်ထံတွင်တောင်းခံလိုက်သည်။ ငွေလွှဲချက်ချင်းဝင်လာ၏။
''သင့်နောက်ဆုံးနံပါတ်... ဝင်ငွေမှာ ၁၀၈၉၉.၆၀ ယွမ်။ လက်ကျန်ငွေမှာ ၃၁၃၄၄.၆၀ ယွမ်''
လွန်ခဲ့သော(၄)ရက်က ဂိမ်းထဲတွင်စိုက်ခဲ့သောဖရဲသီးပမာဏအရ သူ့ဘဏ်စာအုပ်ထဲတွင် ယွမ်(၃၀၀၀၀)မကရှိခဲ့လေသည်။
နောက်ထပ်နေ့တိုင်း ယွမ်တစ်သောင်းရှာနိုင်ခဲ့သည်။
ဂိမ်းဇာတ်ကောင်အဆင့်မြင့်လာသောအခါ စိုက်ခင်းအသစ်များဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဝင်ငွေလည်းပိုကောင်းလာပေမည်။
ချင်လင်လည်း စိတ်ရွှင်ပျနေသဖြင့် စူပါမားကတ်ထဲဝင်၍ အိမ်အတွက် ပစ္စည်းအချို့ဝယ်လိုက်သည်။
သို့သော် ဖရဲသီးရောင်းသည့်နေရာအရောက် ဖရဲသီးရောင်းစျေးကိုမြင်ပြီးလျှင် ဂဏှာမငြိမ်တော့ချေ။
''အထူးအရည်အသွေးကောင်းဖရဲမျိူး၊ တစ်ကတ်တီ(၃)ယွမ်!''
သူ့ဘေးနားရှိနေတာက တစ်ကတ်တီမှနှစ်ယွမ်ကျတဲ့သာမန်ဖရဲသီးမှန်း တစ်ချက်ကြည့်ရုံနဲ့တင်သိသည်။ ဘာလို့သူခူးခဲ့တဲ့ဖရဲသီးတွေကို တစ်ကတ်တီ(၃)ယွမ်ကျပြီး အထူးအရည်အသွေးကောင်းဖရဲမျိုးလို့ ခေါ်နေကြတာလဲ?
မန်နေဂျာချန်က ဒီဖရဲသီးတွေကို သာမန်ထက်ကောင်းမှန်းသိလို့ဖြစ်ရမည်။ ဒါကြောင့်မလို့ ဒီစျေးနဲ့ရောင်းရဲတာ။
လာဘ်စားတာ!

သောက်ရမ်းလာဘ်စားတာ!
ဒီစျေးနဲ့ရတဲ့အမြတ်က သူ့အမြတ်နဲ့တောင် တူနေသေး။
စျေးကွက်က ခေတ်ထပြီး မင်းမူနေတဲ့အချိန်ပဲ။ သူဒီစျေးနဲ့ရောင်းနိုင်တယ်ဆိုမှတော့ သူမနာလိုနေလို့မဖြစ်ဘူး။ သူစျေးကိုမကြည့်ဘဲ တခြားနေရာတွေသွားခဲ့သင့်တာ။
အိမ်ပြန်ရောက်သောအခါ သူ့သီးနှံတွေကို အဖျက်ပိုးနှင့်ပေါင်းပင်များထနေပြီဖြစ်ကြောင်း အချက်ပေးစာရလိုက်သည်။ သူက ဂိမ်းဇာတ်ကောင်ကိုထိန်းပြီး ပေါင်းပင်နှင့်အဖျက်ပိုးများကိုရှင်းလိုက်၏။
နောက်နေ့တွင်_
ချင်လင်သည် မနက်အစောကြီးအိပ်ရာနိုးလာ၏။ ဖရဲသီးများထပ်မှည့်နေပြီ။ ဆိုင်ပိုင်ရှင်များက ဖရဲသီးလက်ကားပို့ပေးရန် မနက်အစောကြီးစာပို့ကြသည်။
သူတို့က သူဖရဲသီးပို့ရန်စောင့်မျှော်နေကြသည်မှာ အထင်အရှား။
သူက ဂိုဒေါင်ဆီသွားလိုက်ပြီး မှည့်နေသောဖရဲသီးများကို ဂိမ်းထဲမှထုတ်လာခဲ့သည်။
ဒီတစ်ကြိမ်တွင် အရည်အသွေး ၂ ဖရဲသီးမရပေ။ အရည်အသွေး ၁ ဖရဲသီးစုစုပေါင်း(၄၂၈)လုံးရ၏။
သူက ဗီဒီယိုရိုက်ပြီး Wechat အဖွဲ့ထဲပို့လိုက်သည်။ အသစ်မှာယူသူမရှိတော့မှ သူတွက်ချက်ကြည့်လိုက်ရာ ဆိုင်တွေကို လက်ကားပေးဖို့ စုစုပေါင်း(၄၀၈)လုံးရှိသည်။ (၄၇၃၂)ကတ်တီပို့ပြီးနောက်တွင် စုစုပေါင်းယွမ်(၇၀၉၉)ရလိုက်သည်။
ညနေတွင် ဖရဲသီးထပ်မှည့်လာ၍ RT စျေးသို့ပို့လိုက်သည်။ စုစုပေါင်း(၄၉၇၀)ကတ်တီဖြစ်၍ ယွမ်(၅၉၆၄)ရ၏။
ယနေ့စုစုပေါင်းယွမ်(၁၃၀၆၃)လက်ခံရရှိလိုက်ပြီး သူ့လက်ကျန်ငွေမှာ (၄၆၄၀၉)ယွမ်ဖြစ်လာသည်။
RT စျေးသို့ဖရဲသီးများပို့ပြီးနောက် ချင်လင်က ကုန်သွယ်စီးပွားရေးဌာနသို့ အပြေးသွားလိုက်သည်။ မူလသူ့ဆိုင်မှာ ကိုယ်ပိုင်လုပ်ငန်းအတွက် ဆီလျော်သောစာရွက်စာတမ်းမျှသာရှိသည်။ အခုတော့ သူကဖရဲသီးလက်ကားပေးနေပြီဖြစ်၍ သီးနှံလက်ကားရောင်းချခွင့်လိုင်စင်လျှောက်ရန် လိုအပ်သည်ဟုထင်မိသည်။ မဟုတ်လျှင် တစ်ခုခုဆို ဒုက္ခရောက်နိုင်သည်။
ကုန်သွယ်စီးပွားရေးဌာနသို့ရောက်သောအခါ အချက်အလက်များကို တော်တော်ကြာကြာဖြည့်လိုက်ရသည်။ နောက်ဆုံးကျမှ လက်ကားရောင်းချဖို့လိုင်စင်လျှောက်ရန်မလိုဟု အပြောခံရ၏။
အဲဒီတော့မှ ချင်လင်မှာ သူဗဟုသုတနည်းသေးကြောင်းသဘောပေါက်သွားသည်။
အစားအစာကွပ်ကဲရေးစာစဉ်(၃၅)တွင်ပြဌာန်းထားသည်မှာ သစ်သီးများအားလုံးမှာ တစ်မျိုးတည်းဖြစ်သည်။ သတ်မှတ်ထားသောအတိုင်းအတာကိုမရောက်သေးလျှင် သစ်သီးစိုက်တောင်သူတို့က လက်ကားလိုင်စင်မလိုဘဲဖြန့်ဖြူးနိုင်လေသည်။
ချင်လင်က ကုန်သွယ်စီးပွားရေးဌာနမှထွက်လာပြီး အိမ်ပြန်ရောက်သည်နှင့် သူ့စိတ်ထဲမှ ထင်မထားသောအချက်ပေးစာတစ်စောင်ရလိုက်သည်။
(ဇာတ်ကောင်အဆင့်တက်သွားပါပြီ။ နယ်မြေအသစ်များဆက်ဖွင့်နိုင်ပါပြီ! အဆင့် ၂ နယ်မြေအသုံးပြုခွင့်ရပါပြီ။ စိုက်ခင်း(၆)ကွက်ထပ်တိုးမြှင့်နိုင်ပါပြီ!)
ချင်လင်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး မျက်လုံးများချက်ချင်းအရောင်တောက်သွား၏။
အမှန်တကယ်ပင် စိုက်ခင်း(၆)ကွက်မှာ အရောင်ထွက်လာပြီး ဖွံ့ဖြိုးမည့်မြေဖြစ်ကြောင်းပြသနေသည်။
ထို့အပြင် ထပ်ပြီးဖွံ့ဖြိုးနိုင်သည့်စိုက်ခင်းအရေအတွက်ကို ဖန်သားပြင်ပေါ်တွင် ၀/၆ ဟူသောသင်္ကေတဖြင့် ဖော်ပြထားသည်။
တစ်နည်းဆိုလျှင် နယ်မြေအသစ်(၆)ကွက်ထပ်ဖွင့်နိုင်ရုံသာမက အခြေခံမြေ(၆)ကွက်ကိုလည်း အဆင့်(၂)သို့မြှင့်တင်နိုင်မည်ဖြစ်သည်။
ချင်လင်က လုံးဝတုံ့ဆိုင်းမနေ။ သူက ဂိမ်းဇာတ်ကောင်ကို တံစဉ်၊ ပုဆိန် စသည် ကောက်ယူစေပြီး ၄င်း(၆)ကွက်ရှိ ပေါင်းပင်၊ ကျောက်စရစ်နှင့် သစ်ပင်သစ်ငုတ်များကို ရှင်းစေလိုက်သည်။ ထို့နောက် ပေါက်ပြားသုံး၍ မြေကွက်(၆)ကိုဖွံ့ဖြိုးစေပြီး ဖရဲမျိုးစေ့များချက်ချင်းချလိုက်သည်။
သူက ထိုဖရဲခင်း(၆)ကွက်မှ ဖရဲသီးများကိုလက်တွေ့လောကတွင်ရောင်းရန် အစီအစဉ်မရှိပေ။ အဆင့် ၂ နယ်မြေအဖြစ်မြှင့်တင်ရာတွင် ရွှေရရန်လိုသောကြောင့်ပင်။
ထို့အပြင် အဆင့် ၂ နယ်မြေမြှင့်တင်ပြီးလျှင် အခြားတန်ဖိုးကြီးသောအရာများ စိုက်နိုင်ပြီဖြစ်၏။
စိုက်ခင်း(၆)ကွက်မှ ဖရဲသီးများမှာ တစ်နေ့နှစ်ကြိမ်မှည့်သည်။ မြေကွက်တစ်ကွက်ကို နှစ်ရက်အတွင်း အဆင့်မြှင့်တင်နိုင်၏။
ဤနည်းဖြင့် စိုက်ခင်း(၆)ကွက် အဆင့် ၂ နယ်မြေမြှင့်တင်ခြင်းကို (၁၂)ရက်အတွင်းပြီးစီးနိုင်မည်ဖြစ်သည်။
နောက်နှစ်ရက်အကြာ ချင်လင်သည် ယခင်စိုက်ခင်း(၂၄)ကွက်မှ ယွမ်(၂၆၁၂၃)ယွမ်ထပ်ရလိုက်သည်။ သူ့ဘဏ်စာအုပ်လက်ကျန်ငွေမှာ (၇၂၅၃၂)ယွမ်ဖြစ်လာ၏။
အသစ်ဖွင့်ထားသော စိုက်ခင်း(၆)ကွက်မှဖရဲသီးအားလုံးကို ဂိမ်းထဲတွင်ရောင်းချလိုက်သည်။ အဆင့် ၂ စိုက်ခင်းတစ်ကွက်ဖွံ့ဖြိုးလာ၏။
အဆင့် ၂ နယ်မြေမြှင့်တင်ပြီးနောက် ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံထဲမှထွက်စေပြီး ခြံအပြင်ဘက်မှ သတ္တုမြို့တော်မျိုးစေ့ဆိုင်သို့သွားကြည့်စေလိုက်သည်။
မျိုးစေ့ဆိုင်တွင် မျိုးစေ့အမျိုးအစားစုံစုံလင်လင်ရှိ၏။ လက်တွေ့လောကတွင်ရနိုင်သည်များနှင့် မရနိုင်သည်များပင်လျှင် တွေ့ရသည်။
မျိုးစေ့တိုင်း၏နောက်တွင် လိုအပ်သောနယ်မြေအဆင့်ကို အမှတ်အသားပြုထားသည်။ မျိုးစေ့စိုက်မှသာ နယ်မြေပွင့်နိုင်မည်ဖြစ်သည်။ လိုအပ်ချက်မပြည့်စုံလျှင် မီးခိုးရောင်မှိုင်းထားပြီး လောလောဆယ်တွင်ဖွင့်နိုင်ဦးမည်မဟုတ်ချေ။

ချင်လင်က ချက်ချင်းပင် ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အပင်မျိုးစုံကြားတွင် အဆင့်၂ ရှိသောမျိုးစေ့များကိုရှာဖွေကြည့်လိုက်သည်။
သူက သစ်သီးစိုက်ရန်ဆုံးဖြတ်ပြီး ရွေးချယ်ကြည့်လိုက်သည်။ အသီးအနှံတော်တော်များများက ဖရဲသီးထက် တန်ဖိုးအပြတ်အသတ်သာကြသည်ချည်း။
သို့သော်လည်း ပျိုးပင်အများစုမှာ အခြားရည်ရွယ်ချက်နှင့်စိုက်ခြင်းဖြစ်သည်။ သူ့အတွက်
ကန့်သတ်ချက်အလွန်များပြီး လျှို့ဝှက်၍လည်းမထားနိုင်။ ထို့ကြောင့် ၄င်းတို့ကိုလျစ်လျူရှုထားလိုက်သည်။
နောက်ဆုံးတွင် သူ့လက်ရှိအခြေအနေနှင့်ကိုက်ညီမည်ထင်သော အဆင့်၂ သစ်သီးကိုတွေ့လိုက်သည်။
စတော်ဘယ်ရီအနီရဲရဲများပင်။
ချင်လင်က လိုင်းပေါ်ကြည့်ကြည့်လိုက်သည်။ ယခုအချိန်မှာ စတော်ဘယ်ရီပေါ်ချိန်မဟုတ်ပေ။ တစ်နည်းဆိုသော် လက်ရှိအချိန်တွင် စတော်ဘယ်ရီသီးများပြတ်လပ်နေပြီဖြစ်သည်။ စျေးထဲတွင် စတော်ဘယ်ရီပေါက်စျေးမှာ တစ်ကတ်တီကို (၁၅)ယွမ်မှ (၂၅)ယွမ်အထိရှိ၏။
အထူးအမျိုးအစားဖြစ်သည့် နို့နှစ်ရောင်စတော်ဘယ်ရီဆိုလျှင် တစ်ကတ်တီကို ယွမ်(၅၀)အထိပေါက်သည်။ သို့သော်လည်း အဆင့်၂ နယ်မြေတွင် စိုက်ပျိုးနိုင်သောသစ်သီးများတွင် ၄င်းအထူးစတော်ဘယ်ရီမျိုးမပါပေ။
သာမန်စတော်ဘယ်ရီစျေးကိုကြည့်ပြီးနောက် ချင်လင်က ရုံချန်းစီရင်စုရှိ မျိုးစေ့အရောင်းဆုံရပ်သို့ ချက်ချင်းထွက်လာခဲ့သည်။
အရင်တစ်ခါဆုံခဲ့သည့် ထိုအစ်မကြီးပင်။ သူကလည်း ချင်လင်ကို မျက်မှန်းတန်းမိသည်။
''မောင်လေး... ဒီတစ်ခါ ဘာမျိုးစေ့လိုချင်လို့လဲ?''
ချင်လင်က_ ''အစ်မကြီး... စတော်ဘယ်ရီအနီမျိုးစေ့များရှိလား?''
အရောင်းအမျိုးသမီးကြီးက ချက်ချင်းပင် အားတက်သရောမိတ်ဆက်ပေးသည်_
''ရှိတယ်... ရှိတယ်... စတော်ဘယ်ရီမျိုးစေ့က နှစ်ကတ်တီကို (၄၅)ယွမ်ပါ!''
ချင်လင်က စတော်ဘယ်ရီမျိုးစေ့ထပ်ဝယ်လိုက်ပြီး ငွေရှင်းကာအိမ်ပြန်လိုက်သည်။ သူက ဂိမ်းထဲတန်းဝင်လိုက်ပြီး စတော်ဘယ်ရီမျိုးစေ့ကို မျိုးစေ့သေတ္တာထဲထည့်လိုက်သည်။
အပြင်ပြန်ရောက်သောအခါ ချင်လင်က ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ မျိုးစေ့သေတ္တာထဲတွင် စတော်ဘယ်ရီမျိုးစေ့များ အမှန်တကယ်ရောက်နေပြီဖြစ်၏။
ချင်လင်က ချက်ချင်းပင် စတော်ဘယ်ရီမျိုးစေ့များကို အဆင့်၂ မြေတွင်စိုက်ပျိုးလိုက်သည်။
ညတွင်_
အပင်များကိုရေလောင်းပေါင်းသင်ရင်း မျှော်လင့်စောင့်စားရင်းနှင့်ပင် အိပ်ပျော်သွားလေသည်။
မနက်အိပ်ရာမှနိုးလာသောအခါ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို ကြည့်လိုက်သည်။ စိမ်းနေတဲ့ဖရဲသီးထက် အနီနှင့်အစိမ်းရောထားသော စတော်ဘယ်ရီက မျက်စိကိုအထူးဖမ်းစားထားသည်။
ချင်လင်က ဂိမ်းထဲချက်ချင်းဝင်လိုက်ပြီး စတော်ဘယ်ရီစိုက်ခင်းဆီသွားလိုက်သည်။ အပြင်မှကြည့်လျှင် ဂိမ်းဖန်သားပြင်မှာ သေတ္တာငယ်လေးမျှသာ။ ဂိမ်းထဲတွင်တော့ အနီနှင့်အစိမ်းအခင်းလိုက်က သူ့စိတ်ကိုအမှန်တကယ်လန်းဆန်းစေသည်ပင်။
အရင် ကျောက်မိုချင်းနှင့်ချိန်းတွေ့စဉ်က သူကိုယ်တိုင်ခူးရန် စတော်ဘယ်ရီခင်းများဆီသွားလေ့ရှိခဲ့သည်။ ပိုက်ဆံအများကြီးစုဖို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ပြီးတော့ ဒီလိုအငွေ့အသက်တွေနှင့်။
ချင်လင်က စတော်ဘယ်ရီနည်းနည်းခူးလိုက်သည်။ အသီးမှာကြီးပြီး နီရဲနေသည်။ စားကောင်းမှာအသေအချာပင်။
တစ်ချိန်တည်း၌ စာကိုတွေ့လိုက်ရ၏:
(စတော်ဘယ်ရီအနီ: အရည်အသွေး ၁)
(မှတ်ချက်: အထူးအမျိုးအစားမဟုတ်သော်လည်း ဂိမ်းမှထုတ်လုပ်ထားခြင်းဖြစ်သည်။ အရသာကောင်းမွန်သည်။ စတော်ဘယ်ရီအနီမျိုးများထဲတွင်လအကောင်းဆုံးဖြစ်သည်။
အနံ့အရသာရှိခြင်း +၁၊ ချိုမြိန်ခြင်း +၁၊ အရသာ +၁)
အလားတူပင် ဂိမ်းမှထုတ်လုပ်သောဖရဲသီးမှာ တူညီသော အနံ့အရသာ၊ ချိုမြိန်မှုနှင့် အရသာ +၁ ရှိ၏။
မှတ်ချက်ကထိုသို့ဆိုထားသော်လည်း ချင်လင်မှာ လက်တွေ့ကျသောလူမျိုးဖြစ်၍ သူကိုယ်တိုင်စမ်းသပ်ကြည့်ချင်သည်။ သူက စတော်ဘယ်ရီတစ်လုံးကို ပါးစပ်ထဲထည့်ပြီး မြည်းကြည့်လိုက်သည်။
အရည်ရွှမ်းပြီး သူ့ပါးစပ်ထဲချက်ချင်းပျော်ဝင်သွား၏။ နူးညံ့ပြီး အရည်ရွှမ်းကာ မွှေးပျံ့နေသည်။
စကားတစ်လုံးတည်းပြောရလျှင်: အရသာရှိ!
စကားနှစ်လုံးဖြင့်ပြောရလျှင်: အရမ်းအရသာရှိ!
သာမန်စတော်ဘယ်ရီသီးတွေကို (၁၅)ယွမ်ကနေ(၂၅)ယွမ်နှင့်ရောင်းလျှင် ဂိမ်းမှထုတ်သော စတော်ဘယ်ရီသီးများက သေချာပေါက်(၂၅)ယွမ်နှင့်အထက်ရမည်ပင်။
အပြင်ပြန်ရောက်သည်နှင့် ချင်လင်က ဂိမ်းဇာတ်ကောင်ကို ဖရဲသီးနှင့်စတော်ဘယ်ရီသီးအမှည့်များအားလုံးကိုခူးစေပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ဖရဲသီးများအပြင် စတော်ဘယ်ရီအနီကတ်တီ(၅၀)လည်း ရလိုက်၏။ သို့သော်သူက ထိုစတော်ဘယ်ရီများကို ဂိမ်းထဲတွင်ရောင်းရန်သာဆုံးဖြတ်လိုက်သည်။ အရင်ဆုံးအဆင့်မြှင့်တင်နိုင်သည့် အခြားစိုက်ခင်း(၅)ကွက်ကို အဆင့် ၂မြှင့််ရပေမည်။
စတော်ဘယ်ရီသီးများကိုစိုက်ပြီး ဂိမ်းထဲတွင်ရောင်းခြင်းကြောင့် စိုက်ခင်း(၆)ကွက်လုံးအဆင့် ၂ မြှင့်တင်ရန်ကြာချိန်မှာ အလွန်လျော့ကျသွားပြီး (၇)ရက်အတွင်း ပြီးစီးနိုင်သည်။
လွန်ခဲ့သောတစ်ပတ်အတွင်း ချင်လင်ဖရဲသီးလက်ကားရောင်းရာတွင် (၉၄၂၁၁)ယွမ်ထပ်ရလိုက်သည်။ သူ့ဘဏ်ကတ်လက်ကျန်ငွေမှာလည်း (၁၆၆၇၄၃)ယွမ်အထိရှိလာသည်။
သူသည် (၁၃)ရက်အတွင်း ယွမ်(၁၆၀၀၀၀)ကျော်ရလိုက်လေသည်။ အရင်ကဆိုလျှင် စိတ်ကူးတောင်မယဉ်ရဲသည့်ပမာဏပင်။
အခု အဆင့် ၂ နယ်မြေထပ်ပြီးဖွံ့ဖြိုးလာလျှင် သူ့ဝင်ငွေအဆမတန်တိုးလာဦးမည်ဖြစ်လေသည်။