တစ်လတစ်သန်း!
Vol. 1 Ch. 10
မနက်စောစောတွင် ချင်လင်နိုးလာပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။
ဖရဲခင်း(၂၄)ကွက်နှင့် စတော်ဘယ်ရီခင်း(၆)ကွက်မှာမှည့်နေပြီဖြစ်၏။
သူက ဂိမ်းဇာတ်ကောင်ကိုခူးစေလိုက်ပြီး ဖရဲသီးနှင့်စတော်ဘယ်ရီသီးများအားလုံးကို သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် ညိုးခြောက်သွားသော ဖရဲနွယ်နှင့်စတော်ဘယ်ရီနွယ်များကိုရှင်းပြီး ဖရဲမျိုးစေ့၊စတော်ဘယ်ရီမျိုးစေ့များပြန်စိုက်လိုက်သည်။
ဒီနေ့တော့ သူစတော်ဘယ်ရီအနီများကို အစွံထုတ်တော့မည်။
ဂိမ်းမှထုတ်သောစတော်ဘယ်ရီများမှာ အရည်အသွေးကောင်းသဖြင့် မရောင်းရမှာပူစရာမလိုပေ။ နောက်ပြီး RT စျေးတွင်ရောင်းချရလွယ်ကူစေရန်အတွက် လက်ကားစျေးသတ်မှတ်ရန်စဉ်းစားရပေမည်။
ရုံချန်းစီရင်စုတွင် သာမန်စတော်ဘယ်ရီသီးလက်ကားပေါက်စျေးမှာ (၁၅)ယွမ်ဖြစ်သော်လည်း သူ့ဂိမ်းမှထွက်သောစတော်ဘယ်ရီစျေးမှာ ထိုသို့သတ်မှတ်၍မဖြစ်။
ထို့ကြောင့် သူအွန်လိုင်းတက်ပြီး စတော်ဘယ်ရီအနီလက်ကားစျေးကို ခြုံငုံစစ်ဆေးကြည့်လိုက်သည်။
စတော်ဘယ်ရီအနီမျိုးများစွာရှိ၏။ နေရာဒေသကိုလိုက်၍ လက်ကားစျေးမှာပြောင်းလဲနေသည်။ သူက သာမန်စတော်ဘယ်ရီအနီမျိုးကိုကြည့်မနေတော့ဘဲ သာမန်ထက်ကောင်းသည့် စတော်ဘယ်ရီအနီအလုံးကြီးလက်ကားစျေးကိုသာ ရှာဖွေကြည့်လိုက်သည်။
ထိုအထဲတွင် နို့နှစ်ရောင်စတော်ဘယ်ရီအနီမျိုးလက်ကားစျေးမှာ (၅၀၀)ဂရမ်ကို ယွမ်(၃၀)အထိပေါက်နေသည်။ သာ့လျန်တောင်စတော်ဘယ်ရီအနီမျိုးမှာ (၅၀၀)ဂရမ်ကို (၃၆)ယွမ်အထိရှိသည်။ စတော်ဘယ်ရီအနီအချိုမျိုးမှာ (၅၀၀)ဂရမ်ကို (၂၉)ယွမ်ရှိလေသည်...
၄င်းတို့အားလုံးမှာ သာမန်စတော်ဘယ်ရီအနီထက် တစ်ဆင့်မြင့်သည့် အထူးစတော်ဘယ်ရီမျိုးများချည်းပင်။
ထိုစတော်ဘယ်ရီအများစုကို အရင်က သူစားခဲ့ဖူးသည်။ ဂိမ်းထဲကအရည်အသွေးက ထိုစတော်ဘယ်ရီများထက် လုံးဝကောင်းသည်။ ထို့ကြောင့် လက်ကားစျေး(၅၀၀)ဂရမ်ကို ယွမ်(၃၀)နှင့်ရောင်းလည်း ကိစ္စမရှိပေ။
RT စျေးက သူ့ဖရဲသီးများကို အထူးအရည်အသွေးရှိဖရဲသီးစျေးနှင့်ရောင်းသည်ကိုတွေးမိသောအခါ ဒီစတော်ဘယ်ရီသီးများကိုလည်း အထူးအရည်အသွေးရှိသည်ဟုယူဆရမည်မှန်း သူသဘောပေါက်လိုက်သည်။

ဂိုဒေါင်သို့ရောက်သောအခါ ချင်လင်က ဂိမ်းထဲထပ်ဝင်လိုက်ပြီး သိုလှောင်ခန်းထဲရောက်သွားသည်။
ဤတစ်သုတ်တွင် ဖရဲသီးစုစုပေါင်း(၄၂၃)လုံးရှိ၏။ ထိုဘေးတွင် အရည်အသွေး ၂ ဖရဲသီး(၅)လုံးရှိသည်။
စတော်ဘယ်ရီသီးများကတော့ (၃၀၀)ကတ်တီရလိုက်သည်။ ဘေးနားတွင် အရည်အသွေး ၂ စတော်ဘယ်ရီက နှစ်ကတ်တီရှိသည်။
ချင်လင်က နည်းနည်းကောက်ကိုင်ကြည့်လိုက်သောအခါ မှတ်ချက်များတွေ့လိုက်ရသည်။
(စတော်ဘယ်ရီအနီ: အရည်အသွေး ၂)
(မှတ်ချက်များ: ဂိမ်းမှထွက်သောအရည်အသွေးမြင့်စတော်ဘယ်ရီအနီမျိုး။ အသီးသား၊ အရသာ (သို့) မွှေးရနံ့... အရည်အသွေး ၁ စတော်ဘယ်ရီအနီထက် သာလွန်သည်။ လုံးဝလျှာလည်သွားစေမည့်အစားအသောက်ကောင်းဖြစ်သည်။
အနံ့အရသာ +၂၊ ချိုမြိန်ခြင်း +၂၊ အရသာ +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂)
မှတ်ချက်ကိုမြင်သည်နှင့် ချင်လင်က ချက်ချင်းပင် သူ့ပါးစပ်ထဲတစ်လုံးကောက်ထည့်လိုက်၏။
မျက်လုံးကိုမှိတ်ပြီး အရသာကိုခံစားကြည့်လိုက်သည်။
လျှာထဲစိမ့်ဝင်လာသည့်ချိုမြိန်မှုက လျှာပေါ်တဝဲဝဲနှင့်စွဲကျန်နေခဲ့သည်။ သူလည်း စိတ်မထိန်းနိုင်တော့ဘဲ နောက်တစ်လုံးကောက်စားလိုက်သည်။
အရည်အသွေး ၂ ဖရဲသီးကဲ့သို့ပင် အရည်အသွေး ၂ စတော်ဘယ်ရီသီးများမှာလည်း စားကောင်းသောက်ဖွယ်တစ်ခုပင်။
တက္ကသိုလ်တုန်းက ထိုချမ်းသာသောဒုတိယမျိုးဆက်အတန်းဖော်က တစ်ကတ်တီယွမ်(၂၀၀)တန်သော နို့စတော်ဘယ်ရီနိုင်ငံခြားမျိုးလည်း ဝယ်ခဲ့ဖူးသည်။ ယခုအရသာနှင့်ယှဉ်လျှင် ၄င်းမှာအမှိုက်သာသာပင်။
ချင်လင်က ထိုဖရဲသီးတစ်သုတ်ကိုရွှေ့ပြောင်းပြီး လျိုတရှန်းနှင့်အခြားဆိုင်ရှင်များကို ယနေ့အတွက် လက်ကားပေးလိုက်သည်။ စုစုပေါင်း(၄၀၉၈)ကတ်တီရှိ၍ (၆၁၄၇)ယွမ်ဝင်ငွေရလိုက်သည်။
ထို့နောက် အရည်အသွေး ၁ စတော်ဘယ်ရီနှစ်ကတ်တီကို RTစျေးတွင် မန်နေဂျာချန်နှင့် စတော်ဘယ်ရီအနီအကြောင်းဆွေးနွေးရန် ယူသွားလိုက်သည်။
စတော်ဘယ်ရီအနီတစ်ကတ်တီကို လက်ကားစျေးယွမ်(၃၀)ရှိသည်။ မနက်ပိုင်းကတ်တီ(၃၀၀)လောက်ကောက်လိုက်လျှင် ထိုတစ်သုတ်က ယွမ်(၉၀၀၀)ရမည်။ ဤပမာဏမှာ ဖရဲခင်း(၂၄)ကွက်ထက်တောင် များသေးသည်။
''သူဌေးချင်... ရောက်လာပြီလား... တိုက်တိုက်ဆိုင်ဆိုင်ပဲ... မင်းကိုပြောစရာရှိတယ်!''
မန်နေဂျာချန်က ချင်လင်ကိုမြင်သည်နှင့် သိသိသာသာရိုကျိုးနေသည်။
လွန်ခဲ့သော(၁၀)ရက်အတွင်း သူက ချင်လင်ထံမှ ယွမ်တစ်သောင်းကျော်ရရှိပြီးဖြစ်လေသည်။ ထို့ကြောင့် ရှောင်ချင်မှ သူဌေးချင်ဟုအခေါ်ပြောင်းသွားသည်။ သည်တစ်ကြိမ်တွင် ချင်လင်နှင့်ဆွေးနွေးစရာလည်းရှိသေးသဖြင့် သာမန်ထက်ပိုချိုသာနေပေ၏။
မန်နေဂျာချန်ကပင်စတင်၍ ချင်လင်ကို ဘေးနားရှိလက်ဖက်ရည်စားပွဲဆီဆွဲခေါ်လိုက်သည်။ လက်ဖက်ရည်ဖျော်ပြီး ချင်လင်အတွက်ငှဲ့တောင်ပေးလိုက်သေး၏။
တောင်ဘက်မှလူအများစုမှာလည်း လက်ဖက်ရည်ဝိုင်းတွင် အလုပ်အကြောင်းဆွေးနွေးနေကြပေလိမ့်မည်။ လမ်းဘေးဆိုင်ငယ်အတော်များများပင် လက်ဖက်ရည်စားပွဲပြင်ဆင်ထားပုံထောက်လျှင် ကြည့်ရတာ ပိုပြီးယုံကြည်စိတ်ချရသည့်ပုံ။
ချင်လင်က ပြုံးရင်း_
''မန်နေဂျာချန်... ဘာများပါလိမ့်?''ဟု မေးလိုက်သည်။
မန်နေဂျာချန်ကလည်း ပြုံးလျက်ပင် လိုရင်းကိုတဲ့တိုးပြောလိုက်၏။
''သူဌေးချင်... ငါတို့လက်တွဲလုပ်လာတာ ဆယ်ရက်ကျော်ပြီ... ပွင့်ပွင့်လင်းလင်းပြောရရင် မင်းရဲ့ဖရဲသီးတွေက တကယ်ကောင်းတာပဲ... ရောင်းကောင်းတယ်ကွ''

''ငါ့ဆီကတော့ မင်းပို့တဲ့ဖရဲသီးနဲ့ လုံလောက်ပါတယ်... ဒါပေမဲ့ သဲမြို့တော်မှာ ငါတို့ရဲ့ RT စျေးကြီးတစ်ခုရှိသေးတယ်... အဲဒီကလည်း မင်းရဲ့ဖရဲသီးကိုတောင့်တကြတာပဲ... ဘယ်လောက်ရရယူမယ်တဲ့''
ချင်လင်ကလည်း ချက်ဆိုနားခွက်မီးတောက်သည်။
ဒါက ဝယ်လိုအားနှင့် ဖြည့်ဆည်းနိုင်မှုအကြား အပြောင်းအလဲနည်းနည်းဖြစ်သွားလိမ့်မည်။
ဂိမ်းထဲကဖရဲသီးတွေရောင်းရတာ ဘယ်လောက်လွယ်လိုက်သလဲ? သာမန်ဖရဲသီးတွေထက်တောင် ပိုပြီးစျေးတင်လို့ရသေးတယ်... ဟုတ်တယ်မလား?
သူ့ဖရဲသီးတွေကို မန်နေဂျာချန်အား အမြတ်ဖြတ်စားဖို့ ခွင့်ပြုထားပြီးသားဖြစ်နေသည်။ ပိုအရေးကြီးတာက RT စျေးရဲ့အကျိုးအမြတ်ကိုပိုထွက်စေနိုင်မည်။
နောက်ပြီး မန်နေဂျာချန်တွင် လုပ်ပိုင်ခွင့်ရှိသည့်သဘောလည်းဖြစ်၏။ သဲမြို့တော်တွင်လည်း မန်နေဂျာချန်က တာဝန်ခံဖြစ်နိုင်ချေရှိသည်။
ဖြစ်ချင်တော့ လက်ရှိဂိမ်းထဲတွင် အထွက်နှုန်းတိုးနိုင်သည်ချည်းသာ။ သူကဖရဲသီးကို နေ့စဉ်ဤပမာဏသာထုတ်လုပ်နိုင်သည်။
''မန်နေဂျာချန် စိတ်မကောင်းပါဘူး... တစ်နေ့တစ်နေ့ကို ဖရဲသီးကဒီလောက်ပဲရတာ... ကျွန်တော်လည်းမတတ်နိုင်ဘူး... ဒါပေမဲ့ ကျွန်တော့်ဆီမှာ လက်ကားပေးနိုင်တဲ့စတော်ဘယ်ရီမျိုးရှိတယ်... တစ်နေ့ကို ပေါင်(၅၀၀)ထက်မနည်းရတယ်... မန်နေဂျာချန် အရင်မြည်းကြည့်လို့ရတယ်''
ချင်လင်က သူ့စတော်ဘယ်ရီသီးတွေအတွက်မကြော်ငြာရသေးခင် တောင်းပန်စကားဆိုလိုက်သည်။ ပြောပြောဆိုဆိုပင် သူယူလာသောစတော်ဘယ်ရီသီးများကို မန်နေဂျာချန်လက်ထဲထည့်ပေးလိုက်သည်။
မန်နေဂျာချန်က စတော်ဘယ်ရီသီးများကိုအမှတ်တမဲ့ကြည့်လိုက်ပြီး တစ်လုံးကောက်မြည်းကြည့်လိုက်သည်။ တစ်ကိုက်ကိုက်ရုံနှင့်ပင် သူ့မျက်လုံးများတွင် အံသြသွားမှုကိုတွေ့ရသည်။
ရုံချန်းစီရင်စုအခွဲ၏အဝယ်မန်နေဂျာတစ်ဦးအနေနှင့် အထက်လူကြီးများက ခွဲဝေပေးသည်ဖြစ်စေ သူကိုယ်တိုင်ဝယ်သည်ဖြစ်စေ စတော်ဘယ်ရီအနီအတော်များများကို သူစားခဲ့ဖူးသည်။ ဘယ်အသီးမှ ယခုအသီးကိုမယှဉ်နိုင်ပေ။
ယခင်က (၅၀၀)ဂရမ်ကို (၅၅)ယွမ်ပေးရသည့် ကောင်းရှန်အထူးခရိုင်မှ စတော်ဘယ်ရီတစ်သုတ်ပင်လျှင် ယခုအသီးလောက်အရသာမရှိ။
တစ်လုံးစားပြီးသည်နှင့် မန်နေဂျာချန်က နောက်နှစ်လုံးသုံးလုံးကောက်ဆက်ကောက်စားလိုက်သည်...
တစ်ထိုင်တည်း ဆယ်လုံးစားပြီးနောက်တွင်မူ နှယ်နှယ်ရရစတော်ဘယ်ရီသီးများမဟုတ်မှန်း သေချာသွား၏။ ဖရဲသီးများလိုပင် မရောင်းရမှာမပူရ။ သူက ချက်ချင်းပင် အသိချင်ဆုံးမေးခွန်းကိုကောက်မေးလိုက်သည်။
''သူဌေးချင်... ဒီစတော်ဘယ်ရီအနီတွေက လက်ကားဘယ်စျေးလဲ?''
ချင်လင်က_ ''မန်နေဂျာချန်... ဒါက အထူးအရည်အသွေးကောင်းစတော်ဘယ်ရီမျိုးပါ... တစ်ကတ်တီကို ယွမ်(၃၀)ရှိတယ်''ဟု ရှင်းပြလိုက်သည်။
''ယွမ်(၃၀)တည်း...'' မန်နေဂျာချန်က စျေးနှုန်းကြားလျှင်ကြားချင်း_
''သူဌေးချင်... မင်းမှာရှိသလောက် ငါယူမယ်... ဒါပေမဲ့ ကုန်ပို့လွှာမှာတော့ နှစ်ယွမ်တိုးပြီးဖွင့်ပေး''
သူက ချင်လင်၏လက်ကားစျေး (၅၀၀)ဂရမ်ကို ယွမ်(၃၀)ရှိသည့်အသုတ်အား (၃၂)ယွမ်ဟုအစီရင်ခံပြီး ယွမ်(၄၀)အထက်နှင့်ရောင်းရန်ပင် စဉ်းစားထားသည်။ စူပါမားကတ်အတွက် အမြတ်များများကျန်ပြီး အသိအမှတ်လည်းအပြုခံရမည်။
''မန်နေဂျာချန်... ကျွန်တော်သိပါတယ်... တခြားသူတွေမေးရင် လက်ကားစျေးက(၃၂)ယွမ်ပါပဲ''
ချင်လင်ကပြုံးရင်း ခေါင်းညိမ့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူလိုချင်တဲ့စျေးရနေပြီပဲ။
မန်နေဂျာချန်က ဟက်ဟက်ပက်ပက်ပြုံးလိုက်သည်။ သူက ချင်လင်ကို လက်ဖက်ရည်နောက်တစ်ခွက်ငှဲ့ပေးလိုက်ပြီး အောင်ပွဲခံရန်မြှောက်လိုက်ကာ_
''သူဌေးချင်... မင်းနဲ့အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်''
''ဝမ်းမြောက်ဝမ်းသာပူးပေါင်းခြင်းပါ!''
ချင်လင်လည်း ခွက်ကိုမြောက်ကာ ခွက်ချင်းတိုက်လိုက်သည်။ လက်ဖက်ရည်ခွက်ကိုမော့သောက်ပြီးနောက် မတ်တပ်ရပ်ကာ_
''မန်နေဂျာချန်... ကျွန်တော် စတော်ဘယ်ရီတစ်သုတ်အရင်ပို့ထားမယ်... နောက်တစ်သုတ်ကို ညနေကျမှ ဖရဲသီးနဲ့အတူတူပို့ပေးမယ်''
မန်နေဂျာချန်က ခေါင်းညိမ့်လိုက်ပြီး_
''ကောင်းပြီ သူဌေးချင်... ငါ့ကိုအချိန်မရွေးလာရှာပါ''
စတော်ဘယ်ရီရောင်းဝယ်ရန်ညှိနှိုင်းကြပြီးနောက် ချင်လင်ကစိတ်လက်ကြည်လင်စွာ စူပါမားကတ်ထဲမှထွက်လာခဲ့ပြီး အထူးစတော်ဘယ်ရီခြင်းတချို့ဝယ်ရန် ထွက်လာခဲ့သည်။
စတော်ဘယ်ရီများမှာ ဖရဲသီးနှင့်မတူ။ ဂရုတစိုက်သယ်ယူရန်လိုလေသည်။
ထို့နောက် ဂိုဒေါင်ဆီသွား၍ စတော်ဘယ်ရီ(၃၀၀)ကတ်တီယူလာခဲ့သည်။
ညနေတွင် (၃၀၀)ကတ်တီကျော်သော စတော်ဘယ်ရီအသုတ်ထပ်မှည့်လျှင် ထိုစိုက်ခင်း(၆)ကွက်မှစတော်ဘယ်ရီရောင်းရငွေမှာ ယွမ်(၁၈၀၀၀)ဖြစ်လိမ့်မည်။
၄င်းကို နေ့စဉ်ဖရဲသီးရောင်းရငွေနှင့်ပေါင်းလျှင် တစ်လတစ်လ ယွမ်တစ်သန်းရဖို့မှာ မဝေးတော့ချေ။