← Chapters

တကယ့်ဖော်လံဖား! ဒါစတော်ဘယ်ရီအစစ်လား?

Vol. 1 Ch. 11

တကယ့်ဖော်လံဖား! ဒါစတော်ဘယ်ရီအစစ်လား?

Vol. 1 Ch. 11

ချင်လင် စူပါမားကတ်သို့ စတော်ဘယ်ရီအနီများပို့ပြီးသည်နှင့် မိုးရွာချလာသည်။

မိုးရွာစအချိန်မှာ စျေးမှပြန်ရောက်ပြီး မွန်းလွဲချိန်တွင်ဖြစ်၏။

ဆိုင်ပေါက်ဝရောက်သောအခါ ခွေးနက်က သူ့ဆိုင်အပြင်ဘက်တွင် မိုးခိုရင်းဝပ်နေသည်။ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီး သူ့ကိုယ်ပေါ်မှမိုးရေများကို လျှာနှင့်သပ်နေ၏။

ဒီခွေးနက်က တဖြည်းဖြည်းနှင့် ပိုပိုပြီးရောင့်တက်လာသည်။

သူ့ကိုမောင်းမထုတ်မိတာ ဆယ်ရက်လောက်ရှိလာတော့ ဒီမှာအခြေချချင်နေပြီ။

''ဝု!'' ခွေးနက်က ချင်လင်ကိုမြင်သည်နှင့် မတ်တပ်ရပ်ပြီး ပြုံးဖြဲဖြဲလုပ်ပြသည်။

ချင်လင်က ခွေးနက်ကို ဂရုမစိုက်ချင်ယောင်ဆောင်လိုက်ပြီး ဆိုင်တံခါးဖွင့်ကာဝင်လိုက်သည်။ အချိန်အတော်ကြာကြာ အလုပ်လုပ်ပြီးနောက် ဝမ်းဟာသွား၏။ သူကဖုန်းထုတ်ပြီး ပါဆယ်မှာစားရန်ဆုံးဖြတ်လိုက်သည်။

ကြက်ရိုးနှစ်ချောင်း၊ ကြက်ဥကြော်နှစ်လုံးနှင့်။ အခုတော့ သူဒါမျိုးတွေ စားနိုင်သောက်နိုင်ဖြစ်သွားပြီ။

ငွေရှင်းမည်အပြုတွင် သူက ကုတ်ချောင်းကုတ်ချောင်းနှင့် ဆိုင်ထဲဝင်လိုက်ထွက်လိုက်လုပ်နေသော ခွေးနက်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က သူ့အကြည့်ကိုသတိထားမိသည်နှင့် ကုတ်ချောင်းချောင်းဝင်လာကာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ကိုစိုက်ကြည့်နေ၏။

ချင်လင်က ငွေမရှင်းခင် ကြက်ရိုးကြီးတစ်ချောင်းထပ်ထည့်လိုက်လေသည်။

ဒီခွေးနက်က နေ့တိုင်းနေ့တိုင်း သူ့နားမှာ တဝဲလည်လည်လုပ်နေပြီး သူ့ကိုတမူထူးခြားစေပြန်သည်။

လူသားတွေကိုက ဒီလိုရှုပ်ထွေးတဲ့သတ္တဝါမျိုးဖြစ်နိုင်သည်။

အမျိုးသမီးတစ်ဦးက ဖော်လံဖားတစ်ဦးနှင့်ဆုံသကဲ့သို့ပင်။ သူမ မနှစ်သက်သော်လည်း အသားကျလာသောအခါ ဖားခွင့်ရှိသည်ဟု သဘောထားလာပေမည်။ ထိုဖော်လံဖားက မဖားမယားတော့လျှင်တောင် ပုဂ္ဂိုလ်ရေးရာအကျိုးအမြတ်နှင့်ဆုံးရှုံးမှုများရှိမရှိပင် စိုးရိမ်မိပေလိမ့်မည်။

သိပ်မကြာခင်_

ပါဆယ်ပို့သူရောက်လာ၏။

ချင်လင်က ပါဆယ်ကိုယူပြီး စားပွဲပေါ်တင်ဖွင့်လိုက်သည်။ ဆောင့်ကြောင့်ထိုင်နေသောခွေးနက်လည်း ချက်ချင်းမတ်တပ်ရပ်ပြီး စားပွဲပေါ်မှပါဆယ်ထုပ်ကိုစောင့်ကြည့်နေသည်။

ချင်လင်က သတိထားမိပြီး ခွေးကိုစရန် ကြက်ရိုးတစ်ချောင်းယူလိုက်သည်။ သူက ခွေးနက်ရှေ့တွင် တစ်ကိုက်ကိုက်ပြီး စားကောင်းသည့်ပုံလုပ်ပြလိုက်သည်။

ခွေးနက်လည်း လျှာထုတ်ပြီး ကြက်ရိုးသူ့ဆီပစ်လိုပစ်ငြား ရှေ့ပိုတိုးသွားလိုက်၏။



ချင်လင်လည်း အမှန်တကယ်သဘောတွေ့နေသည်။ သူက ကြက်ရိုးတစ်ချောင်းကောက်ပြီး ခွေးနက်ဆီပစ်လိုက်သည်။

ခွေးနက်က ပါးစပ်ဟပြီး အလွန်လျင်မြန်စွာပင် လှမ်းဟပ်လိုက်သည်။

အရိုးမျှော်နေခြင်းဖြစ်သော်လည်း အသားလေးများပါပါသောအခါ ၄င်းမျက်လုံးများက အံ့အားသင့်သွားသည့်ပုံပင်။

ချင်လင်က ခွေးနက်ကိုလျစ်လျူရှုထားလိုက်ပြီး စားရင်းသောက်ရင်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ဆီသာ အာရုံစိုက်ထားလိုက်တော့သည်။

ပိုးမွှားများ တဖန်ပြန်ကျနေပြီ။ ရေလောင်းရန်လည်း လိုအပ်နေ၏။

ဂိမ်းထဲမှပြဿနာများဖြေရှင်းပြီးသော် ပါဆယ်ကိုလတ်စသတ်လိုက်သည်။ သန့်ရှင်းရေးလုပ်မည်အပြုတွင် သူ့ခြေထောက်တွင်လှုပ်ရှားမှူကိုခံစားလိုက်ရ၏။ ခွေးနက်က ခင်တွယ်ချင်သည့်သဘောနှင့် သူ့ခြေသလုံးကိုပွတ်သပ်နေလေသည်။

ချင်လင်ကြည့်နေသည်ကိုမြင်လျှင် ခေါင်းကုတ်ဝင်သွားပြီး တံခါးဆီပြန်၍ ဆောင့်ကြောင့်ထိုင်နေ၏။

…

ညနေပိုင်းတွင်_

ဂိမ်းထဲတွင် ဖရဲသီးနှင့်စတော်ဘယ်ရီသီးများ ထပ်မှည့်လာသည်။ ဤတစ်သုတ်တွင် ဖရဲသီး(၄၂၁)လုံးနှင့် စတော်ဘယ်ရီ(၃၀၁)ကတ်တီရှိသည်။ အားလုံးကိုဂိမ်းထဲမှထုတ်ပြီး ဆံသဆိုင်ကြီးသို့ အလေးချိန်ချိန်ကြည့်ရန် အသုတ်ခွဲပို့လိုက်၏။ ထို့နောက် မန်နေဂျာချန်က ယနေ့အတွက်ငွေရှင်းပေးလိုက်သည်ကို တွေ့ရသည်။

ဖရဲသီး(၄၂၁)လုံးမှာ (၇၈၉၃)ယွမ်၊ စတော်ဘယ်ရီ(၆၀၆)မှာ (၁၈၁၈၀)ယွမ်၊ မနက်ပိုင်းလျှိုတရှန်းတို့အုပ်စုကိုလက်ကားပေးသည်က(၆၃၄၁)ယွမ်ရသဖြင့် ယနေ့စုစုပေါင်းဝင်ငွေ(၃၂၄၁၄)ယွမ်ရလိုက်သည်။

RT စျေးမှထွက်သော် ဘဏ်မှစာဝင်လာသည်:

''သင်၏နောက်ဆုံးနံပါတ်... ဝင်ငွေမှာ(၂၆၀၇၃.၀၀)ယွမ်။ လက်ကျန်ငွေ(၁၉၉၁၅၇.၆၀)ယွမ်။''

သူ့စုဆောင်းထားငွေမှာ ယွမ်(၂)သိန်းကျော်တော့မည်။

ချင်လင်က ဖုန်းကိုပြန်မထည့်သေးခင် ထိုစာကိုခဏခဏပြန်ဖတ်မိနေသည်။ ထို့နောက် လျှပ်စစ်ကားလေးနှင့် စျေးသို့မောင်းသွားပြီး ပါကင်ထိုးလိုက်သည်။ ပြီးနောက် ကျောက်မိုချင်းကိုကြိုရန် အခွန်ကြီးကြပ်ရေးဌာနသို့မောင်းသွားလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝင်ပေါက်တွင် ချင်လင်၏ကားရပ်လိုက်သည်နှင့် ချန်ဟောက်ထွက်လာသည်ကိုတွေ့လိုက်ရသည်။

သူတို့အကြည့်ချင်းဆုံမိကြ၏။ ချန်ဟောက်က မျက်မှောက်ကြုတ်ပြီး ချင်လင်၏လျှပ်စစ်ကားငယ်လေးကို ကြည့်လိုက်သည်။ သူကမဆိုင်းမတွပင် ကားသော့ထုတ်ကာ ခလုတ်နှိပ်ပြီး အော်ဒီကားကိုဖွင့်လိုက်သည်။ ကားမှအလင်းရောင်တဖျတ်ဖျတ်ထွက်လာ၏။

ကြွားလုံးထုတ်ချင်နေတာ အသိအသာကြီး။

ယောက်ျားမဟုတ်ဘူးလား? အလုပ်အကိုင်တွေ၊ အိမ်တွေ၊ ကားတွေ၊ မိန်းမတွေကို ကြွားဖို့သာသိသည်။

မြင့်မြတ်တဲ့ယောက်ျားတွေလည်း ရှိတာပေါ့။ တကယ်အောင်မြင်နေပေမဲ့ ဒီလိုအဆင့်နိမ့်တဲ့လုပ်ရပ်တွေမလုပ်သလို ကြွားစရာလည်းမလိုဘူးလေ။

ချန်ဟောက်ကတော့ အဲလိုယောက်ျားတွေနဲ့ဘာမှမဆိုင်ပေ။ စိတ်ဓာတ်အောက်တန်းကျသူဖြစ်၏။ သူ့စိတ်ထဲတွင် သူများတွေလျှပ်စစ်ကားစီးနိုင်ချိန် သူကအော်ဒီကားမောင်းနိုင်သည်ဟုသာရှိမည်။ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ကောင်ပင်။

ထိုအချိန်တွင်_

ခပ်ဝဝလူငယ်တစ်ယောက်ထွက်လာပြီး ချန်ဟောက်ကိုနှုတ်ဆက်လိုက်သည်။

''ချန်ဟောက် မင်းဘာလို့ ကျောက်မိုချင်းကိုမစောင့်တာလဲ... မင်းသူ့ကိုညစာကျွေးပြီး ဝန်ခံချင်လို့ဆို... မင်းရဲ့အရည်အချင်းနဲ့ဆို သူ့ကိုလိုက်လို့ရမှာပါကွ မဟုတ်ဘူးလား?''

ထိုစကားလုံးများက ဘဝမြင့်နေသောချန်ဟောက်၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ သူကစကားတစ်ခွန်းမှမဆိုဘဲ ကားဆီလျှောက်သွားလိုက်၏။

ကျောက်မိုချင်းက သောက်လျှပ်စစ်ကားနဲ့ထွက်သွားတာကွ။ သူ့စိတ်တွေရှုပ်ထွေးနေခဲ့ပြီး တနုံ့နုံ့ဖြစ်နေဆဲပဲလား?

တကယ်နားမလည်နိုင်တော့ဘူး။ လျှပ်စစ်ကားနဲ့ကောင်က မိန်းမလှလေးကိုဖက်ထားနိုင်ပြီး သူကဘာလို့ တစ်ကိုယ်တည်းဖြစ်နေရပါလိမ့်။



ဘာဖြစ်သွားတာလဲ?

ခပ်ဝဝလူငယ်က ချန်ဟောက်ကြောင့်စိတ်ရှုပ်သွား၏။ သူက သူ့နံဘေးရှိ Jetta ဆီလျှောက်သွားပြီး မောင်းထွက်သွားလိုက်သည်။

''ချင်လင်!'' ကျောက်မိုချင်းထွက်လာပြီး ချင်လင်ကိုမြင်သောအခါ အပြုံးလေးနှင့်ပြေးလာပြီး အနောက်ခုံတွင်ဝင်ထိုင်လိုက်သည်။ သူမက သူ့ခါးကိုဖက်လိုက်ရင်း_ ''သွားကြစို့!''

ချင်လင်က လျှပ်စစ်ကားလေးကို လမ်းပေါ်မောင်းလာခဲ့ပြီး_ ''မင်းကိုအိမ်ပြန်ပို့ပေးရမလား ဒါမှမဟုတ် တို့အပြင်မှာစားကြမလား?''

ကျောက်မိုချင်းက စဉ်းစားလိုက်ပြီး_

''အသီးအရွက်တွေဝယ်ပြီး ရှင့်အိမ်သွားကြရင်ရော? ကျွန်မ အန်တီနဲ့မတွေ့ရတာကြာပြီ''

''ဟုတ်ပြီ... ငါနောက်မှပြန်ခေါ်လိုက်မယ်... အမေလည်း မင်းလာမယ်ဆိုတာသိရင် အရမ်းဝမ်းသာသွားလိမ့််မယ်"

ချင်လင်က လျှပ်စစ်ကားလေးကို စူပါမားကတ်ဆီဦးတည်မောင်းလိုက်သည်။

ချင်လင်က စျေးဝယ်ထွက်ရတာ မနှစ်သက်သော်လည်း ကျောက်မိုချင်းလက်ကိုဆွဲပြီး အတူတူသွားရတာကိုတော့ သဘောကျသည်။

စျေးဝယ်ပြီးနောက် သူတို့နှစ်ယောက်မှာ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာအိတ်တွေ ကိုယ်စီဆွဲကြလျက်။

အိမ်ရောက်သောအခါ လင်းဖန်မှာ ကျောက်မိုချင်းကိုတွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်မှာ အထင်အရှား။

''မိုချင်းလာတာကိုး...လာ အထဲမြန်မြန်ဝင်!''

လင်းဖန်က ကျောက်မိုချင်းကို ရာနှုန်းပြည့်စိတ်တိုင်းကျသူ။ သူ့သားအတွက် ဒီလိုနူးညံ့သိမ်မွေ့၊ စိတ်ထားကောင်း၊ လေးစားစရာကောင်းတဲ့မိန်းကလေးကိုရဖို့ဆိုတာ ရှစ်သက်စာလောက် ကျေးဇူးတင်ဖို့ကောင်းသည်။

သူတို့မိသားစုအခြေအနေက ဆင်းရဲလွန်း၍သာမဟုတ်လျှင် အစောကြီးကတည်းက သူ့သားနှင့်ကျောက်မိုချင်းကို မင်္ဂလာပွဲကျင်းပပေးပြီး သူ့ချွေးမတော်ထားလို့ရပြီ။

''အန်တီ... ချင်လင်နဲ့ကျွန်မ ဟင်းသီးဟင်းရွက်တွေအများကြီးဝယ်လာတယ်... ရေအရင်ဆေးလိုက်ဦးမယ်''

ကျောက်မိုချင်းက ချိုချိုသာသာပြောလိုက်သည်။ သူမက ကျဉ်းမြောင်းပြီး ရှုပ်ပွနေသောပတ်ဝန်းကျင်ကို စိတ်ထဲမထားပေ။

''ကောင်းပြီ... အတူတူဆေးကြတာပေါ့!''

လင်းဖန်က ချင်လင်ဆီမှဟင်းသီးဟင်းရွက်များယူလိုက်ပြီး ကျောက်မိုချင်းနှင့်အတူ ပြုံးရွှင်စွာဖြင့် မီးဖိုချောင်ထဲဝင်သွားလိုက်သည်။

ချင်လင်မှာ အပြင်လူဖြစ်သွားသည့်နှယ်။

ကျောက်မိုချင်းက လက်ရာကောင်းသဖြင့် လင်းဖန်က ဘေးမှလိုက်ကူပေးလိုက်သည်။ ဟင်းပွဲများပြင်ပြီးလျှင် ခါတိုင်းထက် စားချင်စိတ်ပေါ်နေသဖြင့် များများစားလိုက်၏။

ညစာစားပြီးသော် ချင်လင်က အခန်းထဲဝင်ပြီး အိတ်တစ်လုံးယူလာသည်။ အိတ်ထဲတွင် ဒီနေ့ရလာသည့် အရည်အသွေး ၂ စတော်ဘယ်ရီတချို့ပါ၏။ သူက (၄)ကတ်တီကို တစ်ဝက်ထုတ်ယူလိုက်သည်။

''ရှောင်ချင်... မင်းလက်ထဲကဘာတွေလဲ?''

လင်းဖန်က သိချင်စိတ်နှင့် စပ်စုလိုက်သည်။

''စတော်ဘယ်ရီအနီတွေ... အမေတို့အတွက်သိမ်းထားတာ... အမေ မိုချင်း စားကြည့်''

ချင်လင်က အရည်အသွေး ၂ စတော်ဘယ်ရီများကို စားပွဲပေါ်တင်လိုက်သည်။

လင်းဖန်က မြင်မြင်ချင်းကောက်ယူလိုက်ပြီး ကျောက်မိုချင်းရှေ့ချကာ_ ''မိုချင်း စတော်ဘယ်ရီတွေက အာဟာရဖြစ်တယ်... မင်းကိုပိုလှလာအောင်တောင်လုပ်နိုင်တယ်... များများစား''

''ဟုတ်ကဲ့ အန်တီ''

ကျောက်မိုချင်းက အသီးအနှံကြိုက်သူဖြစ်သဖြင့် မငြင်းပယ်။ တစ်လုံးကောက်ယူပြီး မြည်းကြည့်လိုက်သည်။ ခဏအကြာတွင် အံ့သြစွာဖြင့်_

''ချင်လင်... ဒီစတော်ဘယ်ရီတွေက ဘာလို့ဒီလောက်တောင်အရသာရှိရတာလဲ?''

''ဒါက အထူးအရည်အသွေးကောင်းစတော်ဘယ်ရီမျိုး... ဘယ်နေရာမှာမှ မရဘူး... မင်းဝယ်ချင်ပါတယ်ဆိုရင်တောင် ဝယ်လို့မရဘူး... အရသာရှိတယ်မလား?'' ချင်လင်က နည်းနည်းဂုဏ်ဆာလိုက်သည်။ မဟုတ်ဘူးလား? အနံ့အရသာရှိခြင်း +၂၊ ချိုမြိန်ခြင်း +၂၊ အရသာ +၂ ပြီးတော့ လျှာပေါ်စွဲကျန်ခြင်း +၂ လေ။

သူ့ဂိမ်းထဲက ဒီလိုစတော်ဘယ်ရီမျိုးထုတ်နိုင်တာ သူတစ်ယောက်တည်းရှိသည်။

''အင်း!'' ကျောက်မိုချင်းက ချက်ချင်းခေါင်းညိမ့်ပြလိုက်ပြီး_

''အရင်တုန်းကစားဖူးတာတွေက ဒါကိုလုံးဝမမီဘူး... ဒီလိုအရသာရှိတဲ့စတော်ဘယ်ရီမျိုး ဒါပထမဆုံးစားဖူးတာပဲ''

''စတော်ဘယ်ရီအနီရောဟုတ်ရဲ့လား? အဲလောက်အရသာရှိလို့လား?''

လင်းဖန်က ကျောက်မိုချင်းစကားကိုကြားလျှင် စိတ်ထွေသွားသည်။

သူမတစ်သက်လုံး ဟင်းသီးဟင်းရွက်ရောင်းစားလာလို့ စတော်ဘယ်ရီအနီအကြောင်း အတော်အတန်သိသည်။ အရသာတွေက ခပ်ဆင်ဆင်။

သို့သော်လည်း စတော်ဘယ်ရီတစ်လုံးကောက်ပြီး မြည်းကြည့်သောအခါ မယုံနိုင်သောအမူအရာနှင့်။

ဒီစတော်ဘယ်ရီသီးတွေရဲ့အရသာက ထင်ထားတာထက်ပိုကောင်းနေသည်။ စားပြီးလျှင်လည်း ပါးစပ်ထဲစွဲကျန်နေပြီး မမေ့လောက်စရာ။

စတော်ဘယ်ရီစားနေသည်ဟုပင် ထင်ရက်စရာမရှိပေ။

ကျောက်မိုချင်းမပြောနှင့်။ တစ်သက်လုံးဟင်းသီးဟင်းရွက်တွေနှင့်အချိန်ကုန်ခဲ့သော သူမက နှစ်တိုင်းနှစ်တိုင်း စတော်ဘယ်ရီအတော်များများကိုစားပြီး အရသာခံခဲ့ဖူးသော်လည်း သူ့သားထုတ်ယူလာသော စတော်ဘယ်ရီသီးနှင့်ယှဉ်လျှင် အပုံကြီးကွာလေသည်။



All Chapters