တစ်ကတ်တီယွမ်(၂၀၀)တန်က တစ်ကတ်တီယွမ်(၂၀)တန်ကို မယှဉ်နိုင်!
Vol. 1 Ch. 12
ချင်လင်က မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေသော ကျောက်မိုချင်းနှင့်သူ့မိခင်ကိုကြည့်ရင်း ပြုံးလိုက်သည်။
မိုချင်းရောက်လာတာနဲ့ သူ့မိခင်က ပိုပြုံးပြီး စိတ်ပိုကြည်လင်နေလေသည်။
ပိုပြုံးပြီး စိတ်ပိုကြည်တာက သူ့မိခင်၏ကျန်းမာရေးအတွက်လည်းကောင်းသည်။
သူ့မိခင်က မိုချင်းနဲ့လက်ထပ်စေချင်သည်မှာ သိသာသော်လည်း သူ့မိသားစုအခြေအနေက ကူကယ်ရာမဲ့ဖြစ်နေသည်။
ထို့ကြောင့် မိုချင်းကိုအိမ်မခေါ်ရသေးခင် အိမ်လေးတစ်လုံးမြန်မြန်ဝယ်ပြီး သူမမိခင်ရှေ့တွင် လက်ထပ်စာချုပ်ချုပ်ရမည်။
ဒါကလောလောဆယ် သူအဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်မည်။ သူ့တွင်ရည်မှန်းချက်မရှိဟု ဆိုကောင်းဆိုနိုင်ပါသည်။
ဘဝတွင် ရည်မှန်းချက်ထက် ပိုအရေးကြီးသောအရာမှာ ရှိတတ်စမြဲပင်။
ထိုစိတ်နှင့် ဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ သူက သူ့ဂိမ်းဇာတ်ကောင်ကို အမြင့်ဆုံးမြှင့်တင်ပြီး စတော်ဘယ်ရီအနီများအားလုံးကိုစိုက်ချင်သည်။ သို့ဖြစ်လျှင် တစ်နေ့ယွမ်တစ်သန်းရနိုင်လိမ့်မည်။
ချင်လင် ကျောက်မိုချင်းကိုပြန်ပို့တော့မည့်ဆဲဆဲ လင်းဖန်က အောက်ထပ်လိုက်လာပြီး သတိပေးလိုက်သည်_
''ရှောင်ချင်... မိုချင်းကို ဘေးကင်းကင်းနဲ့အိမ်ရောက်အောင်ပို့ပေးဖို့ မမေ့နဲ့နော်... လမ်းမှာဖြည်းဖြည်းမောင်း...''
''အမေ ကျွန်တော်သိပါတယ်!''
ချင်လင်ကပြုံးရင်းဆိုလိုက်ပြီး ကျောက်မိုချင်းကိုခေါ်ကာ မောင်းထွက်သွားလိုက်သည်။
ကျောက်မိုချင်းက အရှေ့ပိုင်းမြို့တော်၏ မင်းယွမ်ပြည်နယ်တွင် နေထိုင်သည်။
ချင်လင်က ၄င်းနယ်ထဲတွင် ကားရပ်လိုက်သည်။ ပတ်ဝန်းကျင်ကပင် သူအငှားနေသည့်ပြည်နယ်နှင့်မတူ။
ဤပြည်နယ်မှာ ရုံချန်းစီရင်စုထဲတွင် အကောင်းဆုံးပြည်နယ်တစ်ခုဖြစ်၏။ အိမ်စျေးနှုန်းမှာ တစ်မီတာပတ်လည်ကို ယွမ်(၁၄၀၀၀)အထိရှိသည်။အိမ်တစ်လုံးကို မီတာ(၁၂၀)ရှိပြီး ပြန်လည်ပြင်ဆင်စရိတ်က ယွမ်နှစ်သန်းကျမည်။
ပြည်နယ်မြို့တော်ရှိအိမ်အများစုမှာ ယွမ်နှစ်သန်းသာ ကုန်ကျသည်။ ဒါကိုကြည့်လျှင် ဤမြို့ငယ်လေးရှိအိမ်စျေးနှုန်းမှာ ဘယ်လောက်အထိဇာချဲ့ထားမှန်းသိသာ၏။
သူဒီကိုရောက်လာတိုင်း ပြဿနာတစ်ခုစဉ်းစားရစမြဲ။ ပုံမှန်အတိုင်းဆိုလျှင် သူဤနေရာ၌ အိမ်တစ်လုံးဝယ်မည်ဆိုပါက သူ့မိသားစုအကြွေးတွေကြေပြီး သုံးနှစ်မှငါးနှစ်အထိ ခြစ်ခြုတ်စုဆောင်းရပေမည်။
လက်ရှိအခြေအနေကိုဖြေရှင်းနေစဉ်အတောအတွင်း ဝင်ငွေရရန်နည်းလမ်းမရှိပါက စရံငွေပေးချေဖို့ နောက်ထပ်ငါးနှစ်နှင့်အထက် အချိန်ယူရပေဦးမည်။
ဤစျေးနှုန်းမှာလည်း အိမ်စျေးများထပ်မတက်ခင်အထိသာဖြစ်သည်။
ယခင်က ဒီနေရာရောက်လာတိုင်း စိတ်နည်းနည်းလှုပ်ရှားရစမြဲ။ သူက ကျောက်မိုချင်းကိုစိတ်ပျက်စေမိမှာ စိုးသောကြောင့်ပင်။
ဖြစ်ချင်တော့ သူ့စိတ်ထဲကဂိမ်းက သူ့ကိုကူကယ်ရာမဲ့နွံအိုင်ထဲမှ ဆွဲထုတ်နိုင်တော့မည်။
ကျောက်မိုချင်းက ချင်လင်၏စိတ်အခြေအနေကို ခံစားမိသည်နှင့် ကားထဲမှမထွက်ဘဲ သူ့ကျောပြင်ဆီ မျက်နှာအပ်ထားလိုက်သည်။
''ချင်လင်... ကျွန်မတို့မိသားစုတွေကို ကျွန်မတို့အကြောင်းဘာလို့မပြောရတာလဲ? ကျွန်မ ရှင်နဲ့အတူတူရင်ဆိုင်ချင်တယ်''
ကျောက်မိုချင်းက သူမစိတ်ဆုံးဖြတ်ထားပြီဖြစ်ကြောင်းပြောပြနေမှန်း ချင်လင်သိသည်။ သူမ ဒီအကြောင်းကို တစ်ကြိမ်ထက်မက ပြောခဲ့ဖူးပြီးပြီ။
သူက ကျောက်မိုချင်းလက်ကိုဆုပ်၍ ကတိပေးလိုက်သည်_ ''ကိုယ့်ကိုအချိန်ပေးပါလို့ ပြောထားတယ်မလား? မပူပါနဲ့... လတ်တလော ကိုယ်လုပ်ငန်းအသစ်စထားတယ်... လက်ကားရောင်းဝယ်နေတာမလို့ အရင်ထက်ပိုဝင်ငွေကောင်းလာတော့မှာ... မင်းကိုမကြာခင် အိမ်ကိုခေါ်နိုင်တော့မှာပါ''
''တကယ်လား?''
''တကယ်ပေါ့''
''အင်း... ကျွန်မရှင့်ကိုယုံတယ်!''
ထိုရိုးရိုးရှင်းရှင်းစကားလုံးလေးတွေက ချင်လင်အပေါ်ထားသည့် သူမ၏ယုံကြည်ချက်ကိုဖော်ပြနေသည်။
သူတို့နှစ်ဦးမှာ တစ်ခဏမျှပွေ့ဖက်ကြပြီးနောက် ချင်လင်က နောက်ထပ်အရည်အသွေး ၂ စတော်ဘယ်ရီနှစ်ကတ်တီကို မိုချင်းလက်ထဲထည့်ပေးလိုက်သည်။
''နောက်ထပ်လား?'' မိုချင်းက အံ့သြသွားသည်။
စောစောကစတော်ဘယ်ရီတွေက အရသာရှိလွန်းလို့ လင်းဖန်နှင့်သူမ အကုန်စားခဲ့ပြီးပြီ။
ချင်လင်က ခေါင်းညိမ့်လိုက်ပြီး_
''ဟုတ်တယ်... မင်းကြိုက်သလောက်ပေါ့!''
ကျောက်မိုချင်းလည်း ပျော်ရွှင်သွားကာ ချင်လင်ကိုအားရပါးရနမ်းရှိုက်လိုက်ပြီး အပေါ်ထပ်သို့ မတက်ချင်တက်ချင်နှင့် တက်သွားသည်။ သူမအိမ်ပြန်ရောက်သော် သူမမိခင် ချန်ရှောင်းနှင့်ယောက်မ လီကျားဝမ်တို့က ဧည့်ခန်းထဲတွင် တီဗွီကြည့်နေကြမှန်းသိလိုက်သည်။
''မိုချင်း... ပြန်ရောက်ပြီလား!'' လီကျားဝမ်မှာ ကျောက်မိုချင်းနှင့် သက်တူရွယ်တူဖြစ်သည်။ သူမက မိတ်ကပ်အဖွေးသားနှင့် ဖက်ရှင်ကျကျဝတ်စားထားသည်။ သူ့ယောက်မပြန်လာသည်ကိုမြင်သောအခါ ပြုံးပြီး_
''မိုချင်း... လာစားကြည့်... မင်းအတွက် နိုင်ငံခြားစတော်ဘယ်ရီမျိုးဝယ်ခိုင်းထားတယ်... တစ်ကတ်တီကို ယွမ်(၂၀၀)ပေးရတာ... ဒီလိုစတော်ဘယ်ရီမျိုး အရမ်းရှားတယ်''
သို့ဖြင့်သူမက စတော်ဘယ်ရီတစ်လုံးကောက်ပြီးကျောက်မိုချင်းပါးစပ်နားရောက်အောင် ကမ်းပေးလိုက်သည်။
ကျောက်မိုချင်းကလည်း အလိုက်သင့်ပါးစပ်ဟပေးလိုက်သည်။
လီကျားဝမ်က ကျောက်မိုချင်းပါးစပ်ထဲ စတော်ဘယ်ရီထည့်ပေးရင်း မေးလိုက်သည်_
''အရသာဘယ်လိုလဲ? မဆိုးဘူးမလား?''
ကျောက်မိုချင်းက ထိုစတော်ဘယ်ရီသီးကိုစားပြီး သူ့ယောက်မကို ထူးဆန်းစွာကြည့်လိုက်သည်_ ''ကျားဝမ်... ဒီစတော်ဘယ်ရီက တစ်ကတ်တီကို ယွမ်(၂၀၀)ဟုတ်လား... အလိမ်ခံရပြီထင်တယ်?''
လီကျားဝမ်က စိတ်ရှုပ်ထွေးဟန်နှင့် ပြန်မေးလိုက်သည်_ ''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? တက္ကသိုလ်တုန်းက ငါ့သူငယ်ချင်းကောင်းကြီးဝယ်ပေးတာ... အရသာမရှိလို့လား?''
ကျောက်မိုချင်းက စကားမဆိုဘဲ သူမလက်ထဲရှိအိတ်ထဲမှစတော်ဘယ်ရီတစ်လုံးနှိုက်ကာ လီကျားဝမ်ဆီကမ်းပေးလိုက်ပြီး_ ''ပါးစပ်ဟ!''
လီကျားဝမ်က စတော်ဘယ်ရီအနီကိုမြင်တာနဲ့ ပါးစပ်ဟပြီးကိုက်ကြည့်လိုက်ရာ အံ့အားသင့်သွား၏။ ဒါက သူမဝယ်လာတာထက်ပိုပြီး အများကြီးအရသာရှိတာပဲ။
''မိုချင်း... ဒီစတော်ဘယ်ရီတွေကို ဘယ်ကဝယ်လာတာလဲ? ဒီလိုအရသာကောင်းတာကို ဘယ်လောက်ပေးရလဲ? အရမ်းစျေးကြီးမှာပဲ ဟုတ်တယ်မလား?''
''စျေးမကြီးလောက်ပါဘူး!''
ကျောက်မိုချင်းက စတော်ဘယ်ရီစျေးကိုမမေးခဲ့ဘဲ ဇဝေဇဝါနှင့်ဖြေလိုက်သည်_
''အဲဒါ ချင်လင်ပေးလိုက်တာ... သူ့ဆိုင်ကဆို စျေးသက်သာမှာပဲ... တစ်ကတ်တီကို ယွမ်(၂၀)လောက်ပဲရှိမယ်!''
''တစ်ကတ်တီကို ယွမ်(၂၀)?'' စျေးနှုန်းကိုကြားသည်နှင့် လီကျားဝမ်စိတ်ဓာတ်ကျချင်သွားသည်_ ''ဘယ်လို? တစ်ကတ်တီယွမ်(၂၀၀)တောင်ပေးရတဲ့စတော်ဘယ်ရီက ယွမ်(၂၀)တန်လောက်တောင် အရသာမရှိဘူးပေါ့? မိုချင်း... ငါတော့ တကယ်အလိမ်ခံရပြီထင်တယ်... ယွမ်(၂၀၀)တောင်အလိမ်ခံရတယ်... ငါနဲ့သူ သူငယ်ချင်းကောင်းတွေ မဟုတ်တော့ဘူး''
ပြောပြောဆိုဆိုပင် သူမလက်တွေက ကျောက်မိုချင်းလက်ထဲမှအိတ်ထဲရောက်လာသည်။
သူမဝယ်ထားတဲ့စတော်ဘယ်ရီတွေက နည်းနည်းမှမမွှေးတော့ဘဲ သူ့ယောက်မယူလာတဲ့စတော်ဘယ်ရီကသာ မွှေးတော့သည်။
ချန်ရှောင်းက ချင်လင်နာမည်ကြားသောအခါ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်_ ''ချင်လင် အခုတလောဘယ်လိုလဲ?''
''အမေ... ချင်လင်က အခုတလော လက်ကားအရောင်းအဝယ်လုပ်နေတယ်... သူပိုပိုပြီး အဆင်ပြေလာမှာပါ''
ကျောက်မိုချင်းက ချင်လင်လက်ကားရောင်းဝယ်နေသည်ကို သေချာမသိသော်လည်း ချင်လင်အဆင်ပြေနေသည်ဟု ပြောနိုင်သည်။ ထိုသို့ပြောပြီးလျှင် သူမအခန်းထဲဝင်သွားလိုက်တော့သည်။ သူမကို ထိုကိစ္စနှင့်ပတ်သက်၍ နားပူနားဆာပြောမည်ကိုမခံလိုပေ။
လီကျားဝမ်က_ ''အမေ... တကယ်တော့ ချင်လင်က လူကောင်းလေးပါ... သူကအလုပ်ကြိုးစားပြီး မိုချင်းအပေါ်လည်းကောင်းတယ်''
ချန်ရှောင်းက သက်ပြင်းချရင်း_ ''သူမဆိုးဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ သူ့မိသားစုအကြောင်းလည်း မင်းမသိတာမဟုတ်ဘူး... မိုချင်းသာ သူ့ကိုယူလိုက်ရင် ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ?''
လီကျားဝမ်လည်း မဖြေတော့။
…
နောက်နေ့မနက်ပိုင်းတွင် ချင်လင်နိုးလာပြီး ဖရဲသီးနှင့်စတော်ဘယ်ရီသီးမှည့်များခူးလိုက်သည်။ ထို့နောက် မျိုးစေ့အသစ်များစိုက်လိုက်၏။
ကိုယ်လက်သန့်စင်၍ မနက်စာစားပြီးနောက် ဂိုဒေါင်ဆီချက်ချင်းသွားလိုက်ပြီး ဂိမ်းထဲမှဖရဲသီးများထုတ်လိုက်သည်။ ထို့နောက် ဖရဲသီးမှာယူထားသည့် လျိုတရှန်းတို့အား ပို့ပေးလိုက်သည်။
''ရှောင်ချင်... ငါပြောပါရစေဦး!''
လျိုတရှန်းက ပြီးသောအခါ အောင့်သီးအောင့်သက်နှင့်မေးသည်_ ''ဖရဲသီးစျေးတွေကျနေပြီ... လက်ကားစျေးကို ဆင့်(၂၀)ထပ်လျှော့ပေးလို့ရမလား?''
ထိုသတင်းကြားသည်နှင့် ချင်လင်နည်းနည်းမျက်နှာပျက်သွားသည်။ ဖရဲသီးစျေးတွေ ကျလာပြီလား?
ဖရဲသီးစျေးတွေကျလာလိမ့်မည်ဟု သူတွေးထားခဲ့ဖူးသည်။ ဖရဲသီးစျေးက ဂျူလိုင်၊ သြဂုတ်လတိုင်း စျေးကောင်းပြီး စက်တင်ဘာလကုန်လျှင် စ၍ကျလာသည်။
ဒါပေမဲ့ဒီနှစ် ရုံချန်းစီရင်စုရဲ့လက်ကားစျေးကွက်မှာ ဖရဲသီးစျေးက ဒီလောက်အစောကြီးကတည်းက ကျလာပြီလား?
နည်းနည်းတွေးဆကြည့်ပြီးနောက် အကြောင်းရင်းကို အကြမ်းဖျင်းသိလိုက်၏။ သူ့တွက်ဆချက်အရ နေ့စဉ်ရရှိသောဖရဲသီးအလုံး(၈၀၀)မှာ ကတ်တီ(၉၀၀၀)ကျော်ရှိမည်။ ဤစီရင်စုငယ်လေးမှစျေးကွက်တွင် အနည်းနှင့်အများတော့ ထိခိုက်မည်သာ။
သို့ဖြစ်၍ တခြားအပင်များစိုက်ရန် သူစဉ်းစားရပေမည်။ ဖရဲသီးစျေးကျလာသည်နှင့် တဖြည်းဖြည်းတန်ဖိုးနည်းလာပြီး နောက်ဆုံးတွင် တစ်ကတ်တီကို တစ်ဒေါ်လာပင် မတန်တော့သည့်အခြေအနေရောက်လျှင် အမြတ်လည်းရမည်မဟုတ်ပေ။
အမှန်တကယ်ပင် ညနေပိုင်းကုန်များပို့၍ စာရင်းရှင်းပြီးသောအခါ မန်နေဂျာချန်ကလည်း စျေးကျလာသည့်အကြောင်း ပြောလာသည်။
ထို့ကြောင့် သူဖရဲသီးမစိုက်တော့ရန် စိတ်ဆုံးဖြတ်လိုက်၏။
သတင်းထွက်လာသည်နှင့် သူကဆိုင်ရှင်များထံ အသိပေးစာပို့လိုက်သည်။ အကြမ်းဖျင်းဆိုရလျှင်_ ''ဒုတိယမြောက်အဘိုးလေးရဲ့တူရဲ့သားစိုက်တဲ့ဖရဲသီးတွေက ရောင်းကုန်သွားပါပြီ။ အားလုံးပဲ မနက်ဖြန်စျေးသို့သွား၍ ဖရဲသီးလက်ကားဝယ်နိုင်ပါပြီ'' ဟူ၍။
သူက ရုတ်တရက်ရပ်တန့်လိုက်ရခြင်းအတွက် အပြစ်ရှိသည်ဟုလည်း မခံစားရပေ။ သူကစီးပွားဖြစ်လုပ်ခြင်းဖြစ်ပြီး ရေရှည်စာချုပ်ချုပ်ထားခြင်းလည်းမရှိ။
သူ့အလုပ်ပြီးသည်နှင့် သူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကို ချက်ချင်းကြည့်လိုက်သည်။ ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံထဲမှထွက်စေပြီး သတ္တုမြို့တော်မျိုးစေ့ဆိုင်သို့သွားစေလိုက်သည်။ မူလစိုက်ခင်းများတွင် ဖရဲသီးထက်စျေးကြီးသော တခြားဘယ်အပင်များစိုက်နိုင်မလဲ ရှာကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် အွန်လိုင်းတက်ပြီး ထိုသီးနှံစျေးများကို စုံစမ်းကြည့်လိုက်သည်။ ထုံစံအတိုင်း သူနှင့်သင့်တော်ပြီး အန္တရာယ်ကင်းတဲ့ စျေးကောင်းတဲ့တစ်ခုကို ရွေးချယ်ရမည်သာ။
အချိန်အတော်ကြာရှာဖွေပြီးနောက် အမှန်တကယ်သင့်တော်သောတစ်ခုကို တွေ့လိုက်ရသည်။
ရုံးပတီသီး။
ရုံးပတီသီးမှာ ဖရဲသီးမှည့်ကဲ့သို့ပင်၊ မူလစိုက်ခင်း၌စိုက်နိုင်သောအပင်များထဲတွင် စျေးအကောင်းဆုံးဖြစ်သည်။
အဓိကက ရုံးပတီသီးမှာ မျိုးစေ့ချသီးနှံဖြစ်ပြီး ပျိုးပင်သီးနှံမဟုတ်ချေ။ ဖရဲသီးလိုပင် သိုသိုသိပ်သိပ်ထားနိုင်ပြီး ဒုက္ခလည်းမများပေ။
လက်ရှိအချိန် သူတို့တောင်ပိုင်းဒေသတွင် တစ်ကတ်တီကို လက်ကားစျေး(၆)ယွမ်နှင့်အထက်ရှိသည်။
သူကုန်ကျမှာက မျိုးစေ့ဝယ်ရမည့်ငွေသာ။ သူသိပ်အများကြီးမတောင်းဆိုပေ။ တစ်ကတ်တီ(၆)ယွမ်ဆို လုံလောက်ပြီ။
ထိုအတွေးနှင့်သူက မျိုးစေ့ဆိုင်သွားလိုက်ပြီး ရုံးပတီမျိုးစေ့နောက်တစ်အိတ်ဝယ်လိုက်သည်။
အိမ်ပြန်ရောက်သောအခါ ဂိမ်းထဲဝင်ပြီး မျိုးစေ့သေတ္တာထဲသို့ ရုံးပတီမျိုးစေ့များထည့်လိုက်သည်။ ထို့နောက်ဂိမ်းထဲမှထွက်ကာ ဂိမ်းဇာတ်ကောင်ကို အရင်စိုက်ပျိုးထားသောဖရဲမျိုးစေ့များတူးထုတ်စေပြီး စိုက်ခင်း(၂၄)ကွက်လုံးတွင် ရုံးပတီမျိုးစေ့များချစေလိုက်လေသည်။