အရည်အသွေး ၂ ရုံးပတီသီး၊ ယောက်ျားတို့ကျမ်း!
Vol. 1 Ch. 13
မနက်စောစောနိုးလာသောအခါ ဂိမ်းထဲမှစတော်ဘယ်ရီနှင့် ရုံးပတီသီးများမှည့်နေပြီဖြစ်သည်။ အနီနှင့်အစိမ်းက မြေပြင်တွင်ချယ်မှုန်းထား၏။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုချက်ချင်းခူးစေပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် အတွေးတစ်ချက်နှင့် ဂိမ်းထဲဝင်လိုက်သည်။
သိုလှောင်ခန်းထဲတွင် သီးနှံနှစ်မျိုးကို ပိုင်းခြားထားသည်။
စတော်ဘယ်ရီ: ၃၀၂ ကတ်တီ (အရည်အသွေး ၁)
စတော်ဘယ်ရီ: ၂ ကတ်တီ (အရည်အသွေး ၂)
ယခင်ကနှင့် သိပ်ကွာခြားမှုမရှိပေ။
ရုံးပတီသီး: ၁၅၀၀ ကတ်တီ (အရည်အသွေး ၁)
ရုံးပတီသီး: ၄ ကတ်တီ (အရည်အသွေး ၂)
တစ်နည်းဆိုရလျှင် စိုက်ခင်းတစ်ကွက်စီမှ ပျမ်းမျှအားဖြင့် ရုံးပတီသီး(၆၀)ကတ်တီနှင့်အထက် ရရှိပေသည်။ လက်ကားစျေး(၆)ယွမ်နှင့်ရောင်းပါက ဤတစ်သုတ်ကယွမ်(၉၀၀၀)ရလိမ့်မည်။
ဤသည်ကပင် ဖရဲသီးနှစ်သုတ်ဝင်ငွေထက် ပိုများနေပြီဖြစ်၏။
ချင်လင်က အရည်အသွေး ၁ နှင့် ၂ ရုံးပတီသီးများကို တဖန်ကောက်ကိုင်လိုက်သည်။ အရည်အသွေး ၂ ရုံးပတီသီးက သိသိသာသာအရောင်ပိုရင့်ပြီး ပိုလည်းကြီးသည်။
နောက်ပြီး မှတ်ချက်ကိုလည်း သူမြင်နိုင်သေးသည်:
(ရုံးပတီသီး: အရည်အသွေး ၁)
(ရုံးပတီသီးမှာ အထူးသီးနှံတစ်မျိုးဖြစ်သည်။ ဆေးဘက်ဝင်အာနိသင်လည်းရှိသည်။ နို့ထွက်ကောင်းစေခြင်း +၁၊ ချောမွေ့ရန်စစ်ထုတ်ပေးခြင်း +၁၊ ကျောက်ကပ်အားကောင်းစေခြင်း +၁)
(ရုံးပတီသီး: အရည်အသွေး ၂)
(အရည်အသွေးမြင့်ရုံးပတီသီးဖြစ်သည်။ ဆေးဘက်ဝင်အာနိသင်ရှိပြီး အကျိုးထိရောက်မှုအားကောင်းသည်။ ကျောက်ကပ်ကိုအားကောင်းစေပြီး ခန္ဓာကိုယ်ကိုအာဟာရဖြစ်စေသည်။
နို့ထွက်ကောင်းစေခြင်း +၊၂ ချောမွေ့ရန်စစ်ထုတ်ပေးခြင်း +၊၂ ကျောက်ကပ်အားကောင်းစေခြင်း +၂)
ချင်လင်က မှတ်ချက်ကိုကြည့်ရင်း အံ့အားသင့်သွားသည်။
ရုံးပတီသီးက အာဟာရဖြစ်မှန်းတော့ သူသိထားသည်။ သို့သော် တိတိကျကျတော့ အခုမှသိရခြင်းပင်။
နို့ထွက်ကောင်းစေသည့်အကျိုးက ကလေးများကိုပိုစို့စေနိုင်ပြီး ဝလည်းဝစေသည်။ အမျိုးသမီးများကိုလည်း ကျန်းမာစေ၏!
ချောမွေ့စေရန်စစ်ထုတ်ပေးခြင်းက ရေပိုက်ခေါင်းမှရေတစက်စက်ကျသလို ဆီးသွားခြင်းအတွက်ဖြစ်သည်။ ထိုရောဂါကိုကုသရာတွင် အကျိုးရှိ၏။
ကျောက်ကပ်အားကောင်းစေသည်ကိုတော့ ရှင်းပြရန်မလိုပါချေ။ ကျောက်ကပ်ကောင်းခြင်းနှင့်ယောက်ျားပီသခြင်းမှာ အမျိုးသားများအတွက် ကောင်းချီးမင်္ဂလာနှစ်ပါးဖြစ်သည်ကို အမျိုးသားတိုင်းနားလည်ထားသင့်ပေသည်။
အရည်အသွေး ၂ ရုံးပတီသီးက အကျိုးအာနိသင်လည်း နှစ်ဆတိုးလေသည်။
ယခင်က အရည်အသွေး ၂ ဖရဲသီးနှင့်စတော်ဘယ်ရီသီးများကိုတွေးမိလျှင် ဤအရည်အသွေး ၂ ရုံးပတီသီး၏အကျိုးမှာလည်း အလွန်ထိရောက်ပေမည် မဟုတ်ပါလော?
ချင်လင်က ဂိမ်းထဲမှထွက်ပြီး ကိုယ်လက်သန့်စင်ကာ ဂိုဒေါင်ဆီသွားလိုက်သည်။
ဘာပဲဖြစ်နေနေ စတော်ဘယ်ရီသီးမှည့်များကို RT စျေးသို့အရင်ပို့ပြီး မန်နေဂျာချန်ကိုရှာကာ ရုံးပတီသီးများကြော်ငြာဝင်ရမည်။
RT စျေးသို့ စတော်ဘယ်ရီ(၃၀၂)ပေါင်ပို့ပြီးနောက် ချင်လင်ကစူပါမားကတ်ထဲဝင်ကာ မန်နေဂျာချန်ရုံးခန်းဆီတည့်တည့်ဝင်သွားလိုက်သည်။
မန်နေဂျာချန်ရုံးခန်းသို့ရောက်သောအခါ အဟိုက်အပြတ်တွေဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦးထွက်လာသည်ကိုတွေ့လိုက်ရသည်။ သူမလည်ပင်းပေါ်တွင် မှိန်ပျပျစတော်ဘယ်ရီအမှတ်အသားများရှိ၏။ သူ့အနားမှဖြတ်သွားသောအခါ သူမခန္ဓာကိုယ်မှအထူးအနံ့တစ်မျိုးရလိုက်သည်။
ချင်လင်က မရေမရာပြုံးလိုက်မိသည်။
ယောက်ျားတိုင်းက ဒီအနံ့ကိုသိသည်။ မန်နေဂျာချန်က ကစားတာဒီလောက်တော်မှန်း သူထင်မထားပေ။
မန်နေဂျာချန်က ချင်လင်ရောက်နေသည်ကိုတွေ့သောအခါ လက်ဖက်ရည်ဝိုင်းတွင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ လက်ဖက်ရည်ဖျော်ရင်း သူက_
''သူဌေးချင်... ဖရဲသီးစျေးဒီလောက်အစောကြီးကျတာ အဖြေများတွေ့လား?''
''မန်နေဂျာချန်... ကျွန်တော်ဖရဲသီးမရောင်းတော့ပါဘူး... ဒီနေ့လာတာကလည်း သီးနှံအသစ်တစ်မျိုးအကြောင်းပြောမလို့ပါ''
ချင်လင်က ပြုံးပြုံးရွှင်ရွှင်နှင့်ပြောရင်း သူယူလာသောနမူနာအိတ်လေးကို လက်ဖက်ရည်စားပွဲပေါ်တင်လိုက်သည်။
''ရုံးပတီသီး!'' မန်နေဂျာချန်က သတိလက်လွတ်ပြောလိုက်သည်။
သူဒီဟာနှင့် ရင်းနှီးသည်။ သူ့တွင် အိမ်၌ကျားကျားယားယားမိန်းမတစ်ဦးရှိပြီး အပြင်၌ ယုန်ဖြူလေးလို အမြှောင်မယားလည်းရှိသဖြင့် ဒီဟာကိုမကြာခဏစားဖူးသည်။
ယောက်ျားဆိုသည်က လိုအပ်တာမှန်သမျှ ပြင်ဆင်ထားတတ်တာမျိုး။
ချင်လင်ကပြုံးရင်း_ ''မန်နေဂျာချန်... သီးနှံအသစ်က ရုံးပတီသီးပါပဲ''
''သူဌေးချင်... မင်းရဲ့ရုံးပတီသီးတွေက လက်ကားဘယ်စျေးလဲ? စျေးများလွန်းရင်တော့ ငါအထက်ကလူတွေကို ပြောနိုင်မှာမဟုတ်ဘူး''
မန်နေဂျာချန်က အရိပ်အမြွက်နှင့်ပြောလိုက်သည်။ သူက ချင်လင်ကိုစျေးကောင်းကောင်းနှင့်ပေးစေချင်နေသည်။ ဒါမှသူက ငွေပိုရမှာလေ။
သူက ချင်လင်နှင့်အလုပ်လုပ်ရသည်ကို အလွန်ကျေနပ်နေဆဲပင်။ လက်ကားစျေးကမများဘဲ သူလည်း အကျိုးအမြတ်ရသင့်သလောက်ရသည်။ သီးနှံတွေက ရောင်းကောင်းပြီး သာမန်ထက်လည်းစျေးကောင်းသည်လေ။
သူအကျိုးအမြတ်ရရုံမျှမက စူပါမားကတ်အကြီးအကဲတွေကလည်း စိတ်ကျေနပ်ကြ၏။
ချင်လင်က သူ့သဘောကိုနားလည်ပြီးသားဖြစ်၍ ပြုံးလိုက်သည်။
''မန်နေဂျာချန်... မပူပါနဲ့... ခင်ဗျားကိုအခက်တွေ့အောင်မလုပ်ပါဘူး... ကျွန်တော့်ရုံးပတီသီးလက်ကားစျေးက တစ်ကတ်တီကိုမှ(၆)ယွမ်တည်းရယ်... စျေးထဲကပေါက်စျေးထက်လုံးဝသက်သာတယ်... ပြီးတော့ကျွန်တော် တစ်နေ့တစ်နေ့ကို ကတ်တီ(၃၀၀၀)လောက်သွင်းနိုင်ပါတယ်''
မန်နေဂျာချန်က တစ်ကတ်တီကို(၆)ယွမ်ဟုကြားလျှင်ကြားချင်း_
''သူဌေးချင်.. မင်းမှာရှိသလောက်အကုန် လိုချင်တယ်''ဟု စကားအပြတ်ဆိုလိုက်သည်။
လာနောက်နေတာလား? လက်ကားစျေးက တစ်ကတ်တီမှ(၆)ယွမ်တည်းလား?
နောက်ဆုံးသူကြားတဲ့သတင်းအရ ရုံချန်းစီရင်စုမှာ ရုံးပတီသီးလက်ကားစျေးက နှစ်ရက်အတွင်း တစ်ကတ်တီကို(၇)ယွမ်ဖြစ်လာလိမ့်မည်တဲ့။ သဲမြို့တော်ထက်ပင် ပို၍စျေးကောင်းလာပေမည်။
တဖက်သားက လက်ကားစျေးကို(၆)ယွမ်နဲ့ပေးဖို့ဆန္ဒရှိနေမှတော့ သူလည်းမဝယ်စရာအကြောင်းမရှိပေ။
ထို့ကြောင့် ရုံချန်းစီရင်စုအတွင်း ကတ်တီ(၃၀၀၀)မကုန်လျှင်တောင် သဲမြို့တော်ဆီ ပို့နိုင်သေး၏။ နှစ်ဘက်လုံးကတာဝန်ခံတွေ အတူတူဖြစ်ရမယ်လို့ ဘယ်သူပြောလဲ? သဲမြို့တော်ရဲ့အဝယ်မန်နေဂျာက ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ၊ သူ့အလုပ်မဟုတ်ပေ။
သူသာတတ်နိုင်တယ်ဆိုရင် သူဘာလို့ဒီလိုဝယ်လက်ကိုမရှာတာတဲ့လဲ?
ချင်လင်က ပြုံးရင်း_ ''ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော်ဒီနေ့ ရုံးပတီသီးတွေကို မန်နေဂျာချန်ဆီ အသုတ်ခွဲပြီးပို့ပေးပါ့မယ်''
မန်နေဂျာချန်ကလည်း_ ''ဒါဆို သူဌေးချင်ရဲ့ဆန်းသစ်တီထွင်လက်မှတ်လေးမှာ တစ်ကတ်တီကိုဆင့်(၅၀)တိုးလိုက်ပါ... ငါလည်း ခက်ခက်ခဲခဲဝင်ငွေလေးစားပါရစေဦး''
ချင်လင်ကကြားကြားချင်း စောဒကတက်ချင်သွားသည်။
ခက်ခက်ခဲခဲဝင်ငွေ?
တစ်ကတ်တီကို ဆင့်(၅၀)။ ကတ်တီ(၃၀၀၀)ဆိုရင်ပဲ ယွမ်(၁၅၀၀)ဖြစ်နေပြီ ဟုတ်ပြီလား? စတော်ဘယ်ရီတွေကလည်း ယွမ်(၁၂၀၀)ကျော်လေ။
ရုံးလေးထိုင်၊ မိန်းမတွေနဲ့ပျော်ပါးပြီး တစ်နေ့တစ်နေ့ သူ့ဆီကတင် ယွမ်(၂၇၀၀)အထက်ရနေတာ။ တခြားသူတွေဆီက ရတာနဲ့ဆို သူ့တစ်နေ့ဝင်ငွေဘယ်လောက်ရှိမလဲ မသိနိုင်ပေ။
ဒါခက်ခက်ခဲခဲအလုပ်တဲ့လား?
ဒါဆို ခက်ခက်ခဲခဲမလုပ်ချင်တဲ့သူရှိဦးမလား?
သို့သော်လည်း ချင်လင်က အဖြေရသည်နှင့် ပြန်ထွက်လာခဲ့လိုက်သည်။
ညနေပိုင်းတွင် စတော်ဘယ်ရီနှင့်ရုံးပတီသီးများထပ်မှည့်လာသည်။ ရုံးပတီကပေါင်(၁၅၀၀)ကျော်ရပြီး အရည်အသွေး ၂ က (၆)ပေါင်ရ၏။
ဤသို့ဖြင့် အရည်အသွေး ၂ ရုံးပတီသီး (၁၀)ကတ်တီရလာသည်။
ချင်လင်က ယနေ့အတွက် စတော်ဘယ်ရီနှင့်ရုံးပတီသီးများပို့ပြီးနောက် ငွေရှင်းရန် မန်နေဂျာချန်ကိုရှာလိုက်သည်။ ငွေရပြေစာချက်ချင်းဝင်လာ၏။ စတော်ဘယ်ရီ(၆၀၅)ကတ်တီက (၁၈၁၅၀)ယွမ်၊ ရုံးပတီ(၃၀၀၀)ကတ်တီက (၁၈၀၀၀)ယွမ်ရသည်။
ယနေ့ယွမ်စုစုပေါင်း(၃၆၁၅၀)ရလိုက်ပြီး တစ်နေ့ဝင်ငွေမှာ ယွမ်(၄၀၀၀၀)ထိရောက်တော့မည်ဖြစ်သည်။
သူ့ငွေရောင်ဘဏ်ကတ် လက်ကျန်ငွေမှာလည်း (၂၄၂၂၃၇)ယွမ်ထိရှိလာသည်။
ချင်လင်လည်း စိတ်ပျော်ရွှင်နေသည်။ အိမ်ပြန်ရောက်သောအခါ အရည်အသွေး ၂ ရုံးပတီအကြောင်းတွေးမိသည်။
သူ့အခန်းထဲသွားကာ ဂိမ်းထဲဝင်လိုက်ပြီး အရည်အသွေး ၂ ရုံးပတီသီး နှစ်ကတ်တီကိုထုတ်ယူလာခဲ့သည်။ ထို့နောက် မီးဖိုချောင်ထဲဝင်ကာ လင်းဖန်အား_ ''အမေ... ပြီးရင် ဒီရုံးပတီသီးလေးချက်ပေးပါဦး''
လင်းဖန်ကကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ_ ''ရှောင်လင်... မင်းနဲ့မိုချင်းကငယ်ရွယ်သူတွေဆိုပေမဲ့ မင်းကိုယ်မင်းတော့ နည်းနည်းလေးထိန်းဦး... မဟုတ်ရင် မင်းအဲဒါစားပြီး နာလန်ထူနိုင်မှာမဟုတ်ဘူး''
ချင်လင်က အနေခက်သွားပြီး_ ''အမေ... ကျွန်တော်က ဒီရုံးပတီသီးကိုစမ်းကြည့်ချင်လို့ပါ... အခုရက်ပိုင်း လက်ကားဖြန့်ဖြူးဖို့ကြိုးစားနေတာ... ဒီရုံးပတီသီးက ထုတ်ကုန်ပဲ... ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ရမှာပေါ့''
ဒါကလည်း စကားခံထားခြင်းတစ်မျိုး။ ဒါမှလည်း သူပိုက်ဆံအများကြီးထုတ်သုံးတဲ့အခါ သူ့အမေမစိုးရိမ်မှာလေ။
''လက်ကားပေးနိုင်တဲ့နည်းရှိရင် ကောင်းတာပေါ့... ဝင်ငွေပိုရနိုင်တယ်လေ''
လင်းဖန်က ဆက်ပြီးအစ်အောက်မနေတော့။ သူ့သားမှာ သူ့ကိုယ်ပိုင်အမြင်၊ သူ့စိတ်ကူးနဲ့သူရှိမှန်း သူမသိပြီးဖြစ်သည်။
သူမက ဆိုင်ကိုဘယ်လိုကြည့်ဖို့နဲ့ ဖောက်သည်တွေဆီအမြတ်ဘယ်လိုယူဖို့ ဒီလောက်ပဲသိသည်။ စီးပွားရေးအကြံဉာဏ်မှမပေးနိုင်ဘဲလေ။
အသီးအရွက်နှင့်ရောထားသော ရုံးပတီသီးနှစ်ကတ်တီမှာ အလွန်အရသာရှိ၏။ ချင်လင်က သူ့မိခင်လက်ရာဆိုလျှင် မကြိုက်သည်ဟူ၍မရှိပေ။
အရည်အသွေး ၂ ရုံးပတီသီးများစားပြီးနောက် အထူးတလည်ခံစားရခြင်းမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူအံ့အားသင့်လာသည်။ သူ့ခါးအောက်ပိုင်း၌ ပူနွေးပြီးသက်သောင့်သက်သာရှိသလို ခံစားလာရ၏။
ကျောက်ကပ်ကိုအားကောင်းစေခြင်း +၂ အာနိသင်က အထင်အရှား။
သို့သော် တစ်ညတာအစာကြေပြီး နောက်နေ့နံနက်၌ ချင်လင်ဒုက္ခရောက်တော့သည်။
တစ်မနက်ခင်းလုံး သူ့အလံတိုင်မှာထောင်မတ်နေသောကြောင့်ပင်။
အိပ်ရာမှထသောအချိန်၌ကား သူ့စိတ်အခြေအနေမှာနောက်တစ်ဆင့်တက်သွား၏။
ဒါက သူ့လိုသွက်လက်တက်ကြွတဲ့လူငယ်အတွက် ခံစားချက်။ မန်နေဂျာချန်အရွယ်လောက်ဆို နည်းနည်းအားယုတ်နေပြီ။ နောက်ပြီး သူကအပြင်မှာ ယုန်ဖြူမလေးတွေလည်း မွေးထားသေး၏။ ဒါကိုစားပြီးရင်ခံစားချက်က လုံးဝကောင်းသွားမှာ ဟုတ်တယ်မလား?