← Chapters

ခွေးနက်မွေးစားခြင်း!

Vol. 1 Ch. 15

ခွေးနက်မွေးစားခြင်း!

Vol. 1 Ch. 15

မန်နေဂျာချန်အကုန်ထုတ်တော့မည်!

စိုးရိမ်ခြင်း၊ စိတ်မသက်သာခြင်း၊ ပြီးတော့ အကြောက်တရား... ခွေးနက်က စိတ်ပျက်အားငယ်ခြင်းနှင့်ရှောင်ရှားလိုက်ပြီး သူမျက်လုံးများမှာ ကူကယ်ရာမဲ့နေသည်။

ရုတ်တရက် သူနှင့်ရင်းနှီးသောအနံ့တစ်ခုကို ရလိုက်၏။ ချင်လင်ပြန်လာသည်ကိုမြင်သောအခါ သူ့မျက်လုံးအရောင်တောက်လာသလိုပင်။

သူကချင်လင်ကိုဟောင်လိုက်ပြီး စိုးရိမ်တကြီးနှင့်ပြေးလာသည်။

ဒါက မြို့တော်စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေကို အခွင့်အရေးပေးလိုက်သလိုဖြစ်သွား၏။

သူတို့က ခွေးနက်၏ခေါင်းကို ပိုက်ကွန်နှင့်အုပ်လိုက်ပြီး ကြိုးကိုဆွဲကာ သူ့လည်ပင်းကိုတင်းတင်းချည်လိုက်သည်။

''ဝု!'' ခွေးနက်က ထိတ်ထိတ်လန့်လန့်နှင့် ချင်လင်ဆီဟောင်လိုက်ပြီး သူ့မျက်လုံးများတွင် အကြောက်တရားရှိနေသကဲ့သို့ မျှော်လင့်ချက်နှင့် ဆန္ဒများလည်း ရှိနေသည်။

မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိက လှောင်အိမ်တစ်ခုနှင့်ရှေ့တိုးလာ၏။ သူတို့လူနည်းစုပေါင်းပြီး ခွေးနက်ကိုထည့်ရန်လုပ်ကြသည်။

ခွေးနက်က ချင်လင်ကိုဆက်ဟောင်နေသည်။ လှောင်အိမ်တံခါးပိတ်လိုက်ချိန်တွင်မူ သူကစိတ်ပျက်လက်ပျက်နှင့်တအီအီသာ အော်နေတော့သည်။ သူ့တစ်ကိုယ်လုံးအားကုန်ခမ်းသွားပုံနှင့် ခေါင်းငိုက်စိုက်ပြီး လှဲချလိုက်သည်။

ကြည့်ရတာ လက်လျှော့သွားသည့်ပုံ။ သူ့မျက်လုံးများမှေးမှိန်သွားသော်လည်း ချင်လင်ရှိရာဆီ အမှတ်တမဲ့ကြည့်နေပြီး မျက်လုံးထောင့်တွင်မျှော်လင့်ရိပ်သမ်းနေသည့်နှယ်။

ချင်လင်က သူ့အကြည့်ကို လုံးဝခံစားမိသည်။ ထိုအကြည့်ကြောင့်ပင် သက်ပြင်းချလိုက်ပြီး မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိများထံ လျှောက်သွားလိုက်သည်။

သူအခုတလော နေ့တိုင်းဒီခွေးနက်ကို မြင်နေကျဖြစ်နေပြီ။ နောက်ပြီး လက်ရှိသူ့အခြေအနေက ခွေးမမွေးနိုင်တာလည်းမဟုတ်။

ခွေးနက်က ချင်လင်၏အပြုအမူကို သတိထားမိပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးများ မျှော်လင့်ချက်ရောင်ခြည်ပြန်သမ်းလာ၏။

ချင်လင်က ထိပ်ဆုံးမှမြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိထံလျှောက်သွားပြီး_ ''ခေါင်းဆောင်လျို... ဒီခွေးနက်က ကျွန်တော်နဲ့ရေစက်ရှိတယ်... သူ့ကိုလွှတ်ပေးလို့ရမလား? ကျွန်တော်မွေးပါ့မယ်''

သူကပြောရင်းဆိုရင်း မန်နေဂျာချန်ပေးလိုက်သော တရုတ်စီးကရက်ကို မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိထံ လက်သိပ်ထိုးလိုက်သည်။

''သူဌေးချင်ပဲ!'' ခေါင်းဆောင်လျိုက အလုပ်ကိစ္စနှင့် စျေးသို့လာနေကျ။ ဒီကဆိုင်ပိုင်ရှင်အားလုံးကို သူသိတာများသည်။

သူက တရုတ်စီးကရက်ကိုကြည့်ရင်း ချင်လင်အား တည်တည်ငြိမ်ငြိမ်ဖြင့်_ ''သူဌေးချင်... ဒီလိုဆိုမှတော့ ငါတို့ကလည်း နှလုံးသားမမဲ့ပါဘူး... ဒါပေမဲ့ မင်းမွေးချင်တယ်ဆိုရင် စစ်ဆေးကြည့်ပြီး ကာကွယ်ဆေးထိုးထားသင့်တယ်... ပြီးတော့ ခွေးမှတ်ပုံတင်လည်းလုပ်လို့ရတယ်... အခုတလော အရမ်းတင်းကြပ်နေတာဆိုတော့ ငါတို့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့''



ချင်လင်က ခေါင်းညိမ့်ကာ ကတိပေးလိုက်သည်_ ''မပူပါနဲ့ ခေါင်းဆောင်လျို... နောက်ကျရင် ဒီကောင့်ကိုကာကွယ်ဆေးသွားထိုးပေးပြီး ခွေးမှတ်ပုံတင်လည်း အမြန်ဆုံးလုပ်လိုက်ပါ့မယ်!''

ခေါင်းဆောင်လျိုက အခြားမြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိများကို ခေါင်းဆတ်ပြလိုက်သည်။ တကယ်တော့သူလည်း ဒီခွေးကနည်းနည်းထူးခြားတာတွေ့လို့ မျက်နှာသာပေးမလို့ပင်။

ချင်လင်နှင့် မြို့တော်စည်းကမ်းထိန်းသိမ်းရေးအရာရှိက လှောင်အိမ်ဆီရောက်လာလျှင် ခွေးနက်က သဘောပေါက်သွားသည်။ ၄င်းက သူ့ကိုကြည့်၍အူလိုက်ပြီး လှောင်အိမ်ထဲတွင် စိတ်လှုပ်ရှားစွာလှည့်ပတ်နေသည်။

လှောင်အိမ်ဖွင့်လိုက်သည်နှင့် အမြန်ဆုံးပြေးထွက်လာပြီး ချင်လင်၏ခြေထောက်နားရောက်လာသည်။ သူ့ခေါင်းနှင့်ခြေထောက်ကို သည်းကြီးမည်းကြီးပွတ်နေလေ၏။

ချင်လင်က ခွေးနက်၏စိတ်ကိုသိသည်နှင့် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူ့ခေါင်းကိုသပ်ကာ နှစ်သိမ့်ပေးလိုက်သည်။

''ဝု!'' ခွေးနက်ဟောင်သံကကျယ်လာပြီး စိတ်လှုပ်ရှားနေသည်။

ခေါင်းဆောင်လျိုက သူ့လူတွေနှင့် လျင်လျင်မြန်မြန်ပြန်ထွက်သွားကြ၏။ ချင်လင်ကလည်း အားနေသဖြင့် ခွေးနက်ကိုခေါ်ပြီး ကာကွယ်ဆေးထိုးကာ ပိုးသတ်ရန်စီစဉ်လိုက်သည်။ လမ်းဘေးခွေးကိုမွေးလျှင် မဖြစ်မနေလုပ်ရမည့်အလုပ်ပင်။

စျေးနှင့်မနီးမဝေးတွင် အိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ဆိုင်ရှိသည်။ ချင်လင်က ခွေးနက်ကိုခေါ်လိုက်ရာ ၄င်းကလည်း ထက်ကြပ်မကွာလိုက်လာသည်။

အိမ်မွေးတိရစ္ဆာန်ဆိုင်ရောက်သော် ဆိုင်ရှင်မှာ မုတ်ဆိတ်မွေးငုတ်တိုနှင့် ဖိုသီဖတ်သီနိုင်သောလူဖြစ်နေသည်။ သူက အိမ်မွေးခွေးတစ်ကောင်ကို ဂရုတစိုက်နှင့်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးနေ၏။

ထိုမြင်ကွင်းက နည်းနည်းတော့ရယ်စရာကောင်းသည်။

သူ့ပုံပန်းကိုသိပ်ဂရုမစိုက်တဲ့သူက ခွေးတစ်ကောင်ကိုလှပအောင် သန့်ရှင်းပေးနေသတဲ့။

''ဧည့်သည်ရောက်လာပြီ!''

ထိုလူက ချင်လင်ကိုမြင်ပြီး နှုတ်ဆက်လိုက်သည်။

ချင်လင်ကပြုံးရင်း_ ''ဆိုင်ရှင်... ဒီခွေးကိုစစ်ဆေးကြည့်ပြီး သန့်ရှင်းပေးပါဦး... ကာကွယ်ဆေးထိုးပြီး ပိုးလည်းသတ်ပေးပါဦး''

ဆိုင်ရှင်က ခွေးနက်ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားကာ_ ''ဒါလမ်းဘေးခွေးပဲ... ဟုတ်တယ်မလား?''

ချင်လင်ကခေါင်းညိမ့်ပြီး_ ''ဒီရောက်နေတာ နည်းနည်းကြာပြီ... ကျွန်တော်မွေးစားမလို့!''

ထိုလူက နည်းနည်းအံ့သြသွားသည်။

''ညီလေး... မင်းအရမ်းကံကောင်းတယ်... လမ်းဘေးခွေးက သခင်ရွေးတယ်ဆိုတာ သူဉာဏ်ကောင်းလို့ပဲ... ဆိုလိုတာက မင်းကလုံခြုံမှုပေးနိုင်တယ်လို့အာရုံရနေတာ... သိသာပါတယ်... မင်းသူ့ကိုစိတ်မပျက်ဘူး...''

ဆိုင်ရှင်က စကားစပြောသည်နှင့် တရစပ်ပြောတော့သည်။ သို့သော် သူ့လက်များက ရပ်တန့်မသွား။ သူကခွေးနက်ကိုဆွဲပြီး စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ရေချိုး၊ ပိုးသတ်ပေးပြီး ကာကွယ်ဆေးကို ကျွမ်းကျွမ်းကျင်ကျင်ထိုးပေးလိုက်၏။

ထိုဖြစ်စဉ်က တစ်နာရီကျော်ကြာသွား၏။ ခွေးနက်က ရေမိုးချိုးပြီးသည်နှင့် ပုံစံလုံးဝပြောင်းသွားသည်။ စွမ်းအားပြည့်ဝနေ၏။ သူ့အမွေးတွေက မွဲတေပြီးစေးကပ်မနေတော့။ အရောင်ထွက်ပြီး အတော်ကြည့်ကောင်းနေလေသည်။

ဆိုင်ရှင်က အံ့သြသည့်အသံဖြင့်_ ''ညီလေး... ဒါမင်းသမီးလေးပဲ... ပိုးလည်းသတ်ပြီးပြီ... အရင်တုန်းက အိမ်မွေးခွေးဖြစ်ခဲ့ပုံရတယ်... အကြောင်းကြောင်းကြောင့်သာ စွန့်ပစ်ခံခဲ့ရတာ''

''အမဲလိုက်ခွေးနက်မျိုးပဲ... ဉာဏ်အကောင်းဆုံးနဲ့ သစ္စာလည်းအရှိဆုံး... သူ့ကိုကောင်းကောင်းထားနော်... မင်းကိုစိတ်ပျက်အောင်လုပ်မှာမဟုတ်ဘူး''

''လမ်းဘေးခွေးတစ်ကောင်က နောက်ထပ်သခင်တစ်ယောက်ရှာဖို့မလွယ်ဘူး... မင်းလက်ခံလိုက်ရင် မင်းက သူ့ကမ္ဘာကြီးပဲ''

''မိန်းမတစ်ယောက်က မင်းကိုထားခဲ့မယ်... နာကျင်အောင်လုပ်မယ်... သူကမလုပ်ဘူး... ပြီးတော့ စိတ်ကျေနပ်လည်းလွယ်တယ်... မင်းစိတ်နှစ်ရင် နှစ်ထားသလောက် မင်းဆီကခွာမှာမဟုတ်ဘူး... မိန်းမတစ်ယောက်ကို ဖြည့်ဆည်းရတာလောက်လည်း မခက်ခဲဘူး...''

''...'' ချင်လင်က ပါးစပ်အဟောင်းသားနှင့်။ အစတုန်းက ဆိုင်ရှင်ကို ခွေးအကြောင်းပြောနေတာဟု ထင်ခဲ့သေးသည်။ နောက်ကျမှ ဆိုင်ရှင်က ခွေးအကြောင်းပြောတာမဟုတ်ဘဲ ပုံပြင်တွေနှင့်လူတစ်ယောက်ဖြစ်နေလေသည်။



ဆိုင်ရှင်က ပြောရင်းဆိုရင်း သက်ပြင်းချပြီး ချင်လင်ကို_ ''ရေချိုးတာက ယွမ်(၂၀၀)၊ ပိုးသတ်တာက ယွမ်(၅၀)၊ ကာကွယ်ဆေးထိုးတာက ယွမ်(၁၀၀) ပြီးတော့ စမ်းသပ်ခက ယွမ်(၅၀)... စုစုပေါင်း ယွမ်(၄၀၀)ကျတယ်!''

ချင်လင်က ထိုစျေးနှုန်းကိုကြားလျှင် မဟန်နိုင်ဘဲသက်ပြင်းချမိသည်။ သောက်စျေးက ကြီးလိုက်တာ။

ဘာလို့ဒီဆိုင်ရှင်က ဒီလောက်အင်အားစိုက်ပြီး ခွေးတွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်တာလဲဆိုတာ သူနားလည်သွားပြီထင်သည်။ အားလုံးက ငွေတွေပဲလေ။

ဆိုင်ရှင်ကမေးသည်_ ''ခွေးလည်ပတ်လိုချင်သေးလား? အခုစည်းကမ်းတင်းကြပ်ထားတယ်... မင်းအပြင်သွားရင် ခွေးလည်ပတ်ယူသွားတာ အကောင်းဆုံးပဲ! နောက်ပြီး ခွေးစာနှစ်ထုပ်လည်းယူသွား''

ချင်လင်က ခေါင်းညိမ့်ပြီး_ ''ဒါဆို ကျွန်တော့်ကို နောက်ထပ်ခွေးလည်ပတ်နဲ့ ခွေးစာနှစ်ထုပ်ပေးပါ''

ဆိုင်ရှင်က ခွေးသံကြိုးနှင့်ခွေးစာနှစ်ထုပ်ကို ကောင်တာထဲမှထုတ်ပြီး ချင်လင်ကိုပေးလိုက်သည်။ သူက_ ''ခွေးသံကြိုးက ယွမ်(၅၀) ခွေးစာက ယွမ်(၃၀၀) စုစုပေါင်းယွမ်(၇၅၀)ပါ''

ရုံချန်းစီရင်စုထဲမှာ ဘာလို့လမ်းဘေးခွေးတွေများနေလဲဆိုတာ ချင်လင်သိလိုက်ပြီ။ ဒီလိုနဲ့ပဲ သူယွမ်(၇၅၀)သုံးလိုက်ရလေသည်။

ရုံချန်းစီရင်စုအတွင်း ပျမ်းမျှလစာမှာ ယွမ်(၃၀၀၀)မှ (၄၀၀၀)သာရှိသည်။ အိမ်မွေးတိရစ္ဆာန်မွေးရတာ သေချာပေါက်စိတ်ဖိစီးမှုများသည်ပေါ့။ ထို့ကြောင့် သူစိတ်ကူးပေါက်ရုံနှင့် ခွေးမမွေးခဲ့တာပင်၊ မဟုတ်လျှင် သူ့ကိုယ်သူရော တခြားလူများကိုပါ ဒုက္ခပေးရာကျလိမ့်မည်။

ငွေရှင်းပြီးနောက် ချင်လင်က ခွေးလည်ပတ်ကိုကိုင်ပြီး ခွေးနက်ကိုတပ်ပေးမလို့ရှိသေး၊ ခွေးနက်ကအရင် သူ့ရှေ့တွင်ခေါင်းထိုးပေးပြီး အလွန်အလိုက်သင့်ဖြစ်နေသည်။

ဆိုင်ရှင်ကမြင်လျှင် စိတ်လှုပ်ရှားစွာ သက်ပြင်းချပြီး_ ''ဒီခွေးက တကယ်ဉာဏ်ကောင်းတယ်... နည်းနည်းလေ့ကျင့်ပေးလိုက်ရင် အင်တာနက်မှာတောင် ပေါက်သွားလိမ့်မယ်... ဖြစ်ချင်တော့သူက မင်းကိုသခင်အဖြစ်ရွေးလိုက်ပြီ''

ခွေးနက်က အိမ်မွေးတိရစ္ဆာန်ဆိုင်မှထွက်သည်နှင့် လုံးဝစွမ်းအင်ပြည့်ဝပြီး ရဲရဲတင်းတင်းဖြစ်နေသည်။ သူ့တွင် အိမ်ရှိလာပြီဖြစ်သောကြောင့်ပင်။

ထို့နောက်ချင်လင်က ခွေးနက်ကို မြို့နယ်ကော်မတီဆီခေါ်သွားလိုက်သည်။ ခွေးမှတ်ပုံတင်ရရန် မြို့နယ်ကော်မတီကလက်မှတ်ထိုးပြီး မှတ်တမ်းယူထားရန်လိုသည်။ ထို့အပြင် သူ့ကိုယ်ပိုင် ID အချက်အလက်လည်းယူရမည်။ နောက်ဆုံးတွင်ရဲစခန်းသွား၍ သူ့ခွေးကိုမှတ်ပုံတင်ရမည်ဖြစ်၏။

ခွေးနက်ကိုမွေးစားမည်ဆိုကတည်းက သူကိုယ်တိုင်အတွက်ဖြစ်စေ ခွေးအတွက်ဖြစ်စေ လိုအပ်သည်မှန်သမျှကိုလုပ်ရပေမည်။

သို့သော် ထိုအလုပ်များမှာ အလွန်ကရိကထများပြီး ဒုက္ခလည်းများသည်။ ညနေပိုင်းတွင် ဂိမ်းထဲမှ စတော်ဘယ်ရီနှင့်ရုံးပတီသီးများထပ်မှည့်လာ၏။

မှတ်ပုံတင်ကိစ္စကို မနက်ဖြန်မှသာ ဆက်လုပ်နိုင်တော့မည်။ ထို့နောက်သူက ဆိုင်ပြန်လာပြီး ဂိမ်းထဲမှ စတော်ဘယ်ရီနှင့် ရုံးပတီသီးများအရင်ခူးလိုက်သည်။ အရည်အသွေး ၂ ရုံးပတီက (၅)ကတ်တီရလိုက်၏။

မျိုးစေ့များထပ်ချပြီးနောက် ခွေးနက်ကိုဆိုင်ထဲထားခဲ့ပြီး ဂိုဒေါင်ကိုသွားကာ ဂိမ်းထဲမှရှိသမျှထုတ်လာခဲ့သည်။

ထိုတစ်သုတ်ကို RT စျေးသို့ပို့ပြီး ယနေ့အတွက်စုစုပေါင်း စတော်ဘယ်ရီ(၆၁၀)ကတ်တီနှင့် ရုံးပတီသီး(၃၁၁၀)ကတ်တီရလိုက်သည်။

သည်တစ်ကြိမ်တွင်လည်း မန်နေဂျာချန်ကိုယ်တိုင်ပေါက်ချလာ၏။

''သူဌေးချင်... ပြီးသွားပြီလား?''

မန်နေဂျာချန်က ပြုံးရင်းမေးလိုက်သည်။ သူကပင် စာရင်းကိုလှမ်းယူပြီး အလွန်စိတ်အားထက်သန်စွာ လက်မှတ်ထိုးပေးလိုက်၏။

ချင်လင်က သူ့ခြေလှမ်းများကို ရိပ်မိသည်။ ထို့ကြောင့် ပြုံးပြီး သုံးဘီးကားအနောက်ဘက်သို့သွားကာ အိတ်တစ်အိတ်ဆွဲယူ၍ မန်နေဂျာချန်လက်ထဲထည့်လိုက်သည်။

''မန်နေဂျာချန်... ဒါကအထူးစိုက်ပျိုးထားတဲ့ ရုံးပတီသီး(၅)ကတ်တီပါ... သူများဆီက ဒါလေးရဖို့ တော်တော်လုံးပမ်းထားရတာ''

သူက အရည်အသွေး ၂ ရုံးပတီ(၁၀)ကတ်တီလုံးမထုတ်လိုက်ပေ။ မန်နေဂျာချန်ပိုပြီးစိုးရိမ်လေလေ သူကလည်းပိုပြီးရင်ဖိုအောင်လုပ်ချင်လေလေပင်။

မန်နေဂျာချန်က အရည်အသွေး ၂ ရုံးပတီသီး(၅)ကတ်တီကို ဝမ်းပန်းတသာယူလိုက်သည်။ သူက ချင်လင်ကိုဘေးသို့ဆွဲ၍ တီးတိုးပြောလိုက်သည်_ ''သူဌေးချင်... ဒီတစ်ခေါက်မင်းကိုဒုက္ခပေးမိပြီ... နောင်ရော ပိုအားစိုက်ပေးပါဦးလား? ငါ့ကိုတစ်နေ့နည်းနည်းရအောင်လုပ်ပေးနိုင်ရင် ငါမင်းကို ကုန်ပို့လွှာထဲကစျေးအတိုင်းပေးမယ်''

ဆိုလိုတာက သူဖြတ်မစားချင်တော့ဘူးပေါ့။

မန်နေဂျာချန်က လိင်ကိစ္စအတွက် အလွန်အကျူးရင်းနှီးထားတဲ့ပုံပင်။

ထို့ကြောင့် ချင်လင်ထွက်လာသည်နှင့် သူကကုန်ပို့လွှာအတိုင်းနည်းနည်းပိုပေးပြီး စာရင်းရှင်းလိုက်သည်။

စတော်ဘယ်ရီစျေး (၃၂)ယွမ်နှင့် (၆၁၀)ကတ်တီကို (၁၉၅၂၀)ယွမ်၊ ရုံးပတီသီးစျေး(၆.၅)ယွမ်နှင့် (၃၁၁၀)ကတ်တီကို (၂၀၂၁၅)ယွမ်ရသည်။ မန်နေဂျာချန်၏အရည်အသွေး ၂ ရုံးပတီသီး(၅)ကတ်တီ(၂၀၀၀)ယွမ်နှင့်ပေါင်းလျှင် ယနေ့စုစုပေါင်းယွမ်(၃၉၇၃၅)ရလိုက်လေသည်။ သူ့တစ်နေ့ဝင်ငွေမှာ ယွမ်(၄၀၀၀၀)နီးနီးရလာ၏။

သူ့ဘဏ်လက်ကျန်ငွေမှာ ယွမ်(၃)သိန်းကျော်ပြီး (၃၁၈၄၈၂)ယွမ်အထိဖြစ်လာလေသည်။



All Chapters