လုပ်ငန်းသစ်! အရည်အသွေး ၂ သဘာဝငါး!
Vol. 2 Ch. 16
စျေးပြန်ရောက်သောအခါ ချင်လင်က ပြတင်းတံခါးကိုဖွင့်လိုက်သည်။ ခွေးနက်ကဟောင်ပြီး သူ့ခြေထောက်နားပြေးလာကာ ကြိုဆို၏။
''သွားစို့... မင်းကိုငါ့အိမ်ခေါ်သွားမယ်''
ချင်လင်က ခွေးစာနှစ်အိတ်သယ်ပြီး ခွေးလည်ပတ်ကိုင်ကာ လမ်းလျှောက်ထွက်လာသည်။
''ဝု!'' ခွေးနက်ကနားလည်ပုံနှင့် ကြည့်ရတာစိတ်လှုပ်ရှားနေသည်။
လျှပ်စစ်ဆိုင်ကယ်ဆီရောက်လျှင် ခွေးကလျှပ်စစ်ဆိုင်ကယ်ခြေနင်းခုံတွင်ရုတ်တရက်မတ်တပ်ရပ်လိုက်သည်ကိုမြင်သောအခါ ခွေးကိုသူနှင့်လိုက်လျောညီထွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲ၊ ကားထဲဘယ်လိုထည့်ရမလဲဟု စိတ်ပူမိသည်။ သူ့နောက်ခြေကို ဖြောင့်ဖြောင့်ထားပြီး ရှေ့လက်များကို ကားရှေ့ပိုင်းတွင်တင်ထား၏။ သူ့ကိုမြန်မြန်လုပ်ဟုသတိပေးသလိုလို တအီအီလည်းအော်နေသေးသည်။
အရင်တုန်းကချင်လင် ဗီဒီယိုအတိုလေးများကြည့်ဖူးသည်။ တချို့ခွေးများကို လူဝင်စားသလိုလိုပြထားသည်မှာ ဖြတ်ညှပ်ကပ်ဟုထင်ခဲ့ဖူး၏။ အခုတော့ တချို့ခွေးတွေက လူဝင်စားသလိုသိတတ်မှန်း လက်ခံလိုက်ပြီ။
လျှပ်စစ်ဆိုင်ကယ်စီးရင်း ချင်လင်က မိသားစုဝင်အသစ်ကို အိမ်ခေါ်လာခဲ့၏။
''ဝု... ဝု!''
ချင်လင်အိမ်ရောက်ပြီး အိမ်တံခါးသော့ဖွင့်သောအခါ ခွေးနက်က ပို၍မြူးတူးကာဟောင်နေသည်။
''ရှောင်လင်... ဘာလို့ခွေးကိုအိမ်ခေါ်လာတာလဲ?'' လင်းဖန်က အိမ်ထဲဝင်လာတဲ့ခွေးနက်ကိုကြည့်ရင်း သိချင်စိတ်နှင့်မေးလိုက်သည်။
''အမေ... ပြောရရင်တော့ အရှည်ကြီးပဲ...'' ချင်လင်က သူ့မိခင်ကို ခွေးနက်အကြောင်းပြောပြလိုက်သည်။ ''အဲဒါကြောင့် အခုကျွန်တော်မွေးစားလိုက်တာ''
လင်းဖန်က ချင်လင်ပြောသမျှကိုနားထောင်ပြီးနောက် ငုတ်တုတ်ထိုင်လိုက်ကာ ခွေးနက်ခေါင်းကိုသပ်လိုက်သည်။ ခွေးနက်ကလည်း အလိုက်သင့်ခေါင်းထိုးပေးလိုက်ပြီး လင်းဖန်၏လက်ဖဝါးကိုတောင် လျက်နေသည်။
''လိမ္မာလိုက်တာ!'' လင်းဖန်က မနေနိုင်ဘဲချီးကျူးလိုက်သည်။ ထို့နောက် ချင်လင်အား_ ''ရှောင်လင်... သူ့ကိုကောင်းကောင်းမွေးကြတာပေါ့... ဆိုရိုးစကားရှိတယ်... ဝက်တွေက ဆင်းရဲမှုကိုသယ်ဆောင်လာတယ်... ခွေးတွေက ဝမ်ချိုင်ကိုသယ်ဆောင်လာတယ်တဲ့... ဒီခွေးက တို့ရဲ့နတ်ဘုရားဝမ်ချိုင်အတွက်လာတာဖြစ်မယ်... ဒါနဲ့ သူနာမည်ကဘာလဲ?''
''နာမည်? ကျွန်တော်လည်း မသိသေးဘူး!''
ချင်လင်လည်း ခွေးကိုမွေးစားပြီးမှ နာမည်တော့ပေးရမည်ဟုသတိရသည်။ သူက_ ''မင်းက ဝမ်ချိုင်ပေးဖို့လာတာဆိုမှတော့ ဝမ်ချိုင်လို့ပဲခေါ်တော့မယ်''
''ဒါဆိုလည်း ဝမ်ချိုင်လို့ခေါ်ကြတာပေါ့!''
လင်းဖန်ကပြုံး၍ ခေါ်လိုက်သည်_ ''ဝမ်ချိုင်!''
ခွေးနက်က လင်းဖန်ခေါ်သည်ကိုကြားလျှင် နည်းနည်းအံ့သြသွားသည့်ပုံပေါ်နေသည်။ သို့သော် ဒီကောင်ကဉာဏ်ကောင်းသည်။ သူ့ကိုခေါ်နေမှန်းသဘောပေါက်ပြီး ချက်ချင်းပြန်ဟောင်၍တုံ့ပြန်လိုက်၏။
ညစာစားပြီးသော် ချင်လင်ကခွက်တစ်လုံးရှာ၍ ဝမ်ချိုင်အတွက် ခွေးစာထည့်ပေးလိုက်သည်။ လင်းဖန်ကလည်း စက္ကူသေတ္တာတစ်လုံးရှာ၍ ဝမ်ချိုင်အိပ်ဖို့စီစဉ်ပေးလိုက်၏။ အိမ်ကကျဉ်းမြောင်းသဖြင့် ဒီလိုလုပ်ရန်သာရှိသည်။
အခန်းထဲပြန်ရောက်သောအခါ ချင်လင်က ဂိမ်းထဲမှမြက်ပင်များရှည်နေသည်ကိုတွေ့သဖြင့် ရှင်းလင်းလိုက်သည်။ ထို့နောက် ကျောက်မိုချင်းနှင့် Wechat တွင်စကားပြောပြီး ဝမ်ချိုင်အကြောင်းပြောပြလိုက်သည်။
…

နောက်နေ့တွင် ချင်လင်သည်အိပ်ရာမှနိုးနိုးချင်း သူ့စိတ်ထဲမှဂိမ်းကို ချက်ချင်းကြည့်လိုက်သည်။ သူက စတော်ဘယ်ရီနှင့်ရုံးပတီသီးမှည့်များကိုခူးပြီး မျိုးစေ့ထပ်ချထားလိုက်သည်။
အခန်းတံခါးဖွင့်လိုက်သောအခါ ဝမ်ချိုင်က သူ့အခန်းအပြင်တွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ့ကိုတွေ့သည်နှင့်တအီအီအော်ပြီး သူ့ခြေထောက်ကိုပွတ်သပ်ရန် ပြေးလာသည်။
''အဲဒီကောင် အစောကြီးကတည်းကနိုးပြီး မင်းအခန်းရှေ့မှာဆောင့်ကြောင့်ထိုင်နေတာ... ဒါပေမဲ့ အရမ်းသိတတ်တယ်နော်... ဟောင်လည်းမဟောင်ဘူး''
လင်းဖန်က ဆန်ပြုတ်အိုးနှင့်ထွက်လာပြီး ဝမ်ချိုင်ကိုချီးကျူးလိုက်သည်။
ချင်လင်ကပြုံးပြီး ဝမ်ချိုင်ခေါင်းကိုသပ်လိုက်သည်။
ဒီကောင်က အမွှေစိန်လုပ်တာတော့ တကယ်တော်သည်။
ဆန်ပြုတ်နှစ်ခွက်သောက်ပြီးနောက် ချင်လင်က သူ့မိခင်ကိုနှုတ်ဆက်ပြီး ဂိုဒေါင်ဆီသွားကာ ကုန်ပစ္စည်းများထုတ်ရန်ပြင်လိုက်သည်။
''ဝု... ဝု!''
ဝမ်ချိုင်က တအီအီနှင့် တံခါးအပြင်ထွက်လိုက်သည်။ သူကခွေးသံကြိုးကိုပင်ကိုက်ပြီး ချင်လင်လက်ထဲကမ်းပေးလိုက်ကာ သူ့ကိုချန်မထားခဲ့ဖို့ပြောနေသယောင်ယောင်။
ချင်လင်က ခွေးကိုအိမ်မှာထားခဲ့ချင်သော်လည်း ထိုအခြင်းအရာကိုမြင်သည်နှင့် ခွေးလည်ပတ်ကိုကိုင်ကာ ခေါ်ခဲ့ရတော့သည်။
သူက စျေးကိုဆိုင်ကယ်စီးသွားပြီး သုံးဘီးကားနှင့်လဲလိုက်သည်။ ထို့နောက် ဝမ်ချိုင်ကိုကားပေါ်တင်ပြီး ဂိုဒေါင်ဆီထွက်လာခဲ့၏။
ဂိုဒေါင်ဆီရောက်သည်နှင့် တံခါးသော့ခတ်လိုက်ပြီး ဂိမ်းထဲသို့အတွေးနှင့်ဝင်လိုက်ကာ ပျောက်ကွယ်သွားသည်။
''ဝု!'' ဝမ်ချိုင်က ချင်လင်ပျောက်သွားသောနေရာကိုကြည့်ရင်း မတ်တပ်ရပ်လိုက်သည်။ သူကရုတ်တရက်ပြေးသွားပြီး ထိုပျောက်သွားသည့်မြေပြင်ကို သူ့ခြေချောင်းများနှင့်ဆွဲကာ စိုးရိမ်ထိတ်လန့်တကြီး လှည့်ပတ်နေသည်။
ချင်လင်က စတော်ဘယ်ရီခြင်းနှင့်ပြန်ပေါ်လာသောအခါ ခွေးကလန့်သွားပြီး နောက်နှစ်လှမ်းပြန်ဆုတ်လိုက်သည်။ ချင်လင်က သူ့အပေါ်ခုန်အုပ်တော့မလိုလိုပုံကို စိတ်လှုပ်ရှားစွာမြင်ပြီးနောက် ချင်လင်က ခြင်းတောင်းချပြီး တဖန်ပြန်ပျောက်သွားပြန်သည်။
နှစ်ကြိမ်သုံးကြိမ်အပြီးတွင် ခွေးကအံ့အားသင့်နေသည်။
ဤတစ်သုတ်စတော်ဘယ်ရီနှင့်ရုံးပတီများကို ဂိမ်းမှထုတ်ပြီးနောက် ကားပေါ်တင်လိုက်သည်။ ချင်လင်က ခွေးကို RT စျေးသို့ခေါ်သွားပြီး ကုန်များပို့လိုက်သည်။
အချိန်နှစ်နာရီကြာပြီးနောက် သူ့အလုပ်များအပြီးသတ်သွား၏။
…
နေ့လည်စာစားပြီးချိန်တွင် ကျောက်မိုချင်းရောက်လာသည်။ မနေ့ညက Wechat တွင် ခွေးအကြောင်းပြောထားသဖြင့် ဝမ်ချိုင်ကိုတွေ့ရန်သက်သက်လာခြင်းဖြစ်၏။
ချင်လင်က ချက်ချင်းရှေ့ထွက်ကြိုပြီး သူမကိုဖက်ကာနမ်းလိုက်သည်။
ဝမ်ချိုင်က ထိုမြင်ကွင်းကိုကြည့်ပြီး တစ်ခုခုသဘောပေါက်သွားလိုလို။ သူကခင်မင်မှုကိုပြရမည်ဟုတွေးမိသည့်နှယ် ကျောက်မိုချင်းခြေထောက်နားသို့ပြေး၍ ပွတ်သပ်နေလိုက်သည်။
''ချင်လင်... ဒါဝမ်ချိုင်လား?''
ကျောက်မိုချင်းက အံ့သြသွားပြီး ငုတ်တုတ်ထိုင်ကာ ခွေးလည်ပင်းကိုဖက်လိုက်သည်။
ဝမ်ချိုင်က ကျောက်မိုချင်းထံ တအီအီအသံပေးလိုက်ပြီး ချစ်စရာကောင်းအောင်လုပ်ပြနေ၏။
ကျောက်မိုချင်းက ခွေးကိုကြည့်ရင်း မနေနိုင်သဖြင့် သူမဖုန်းကိုထုတ်ကာ selfie ဆွဲလိုက်သည်။
ဝမ်ချိုင်ကလည်း ကျောက်မိုချင်းကို အလိုက်သင့်နေပေးသည့်အလား ပြုံးဖြဲဖြဲလုပ်ကာ ရှေ့တိုးပေးလိုက်သည်။
ခွေးက ပို့စ်အချို့ကို လိုက်လျောညီထွေနေတတ်သဖြင့် ကျောက်မိုချင်းကို ပိုပြီးအံအားသင့်စေလေသည်။ ထိုအခြင်းအရာကြောင့် သူမပြုံးနေသည်မှာ ပန်းတွေပွင့်နေသလိုပင်။
''ချင်လင်... ဝမ်ချိုင်က အရမ်းဉာဏ်ကောင်းတာပဲ... ကျွန်မသူ့ကို အရမ်းသဘောကျသွားပြီ''
ချင်လင်က ထိုမြင်ကွင်းကို အံ့အားသင့်စွာကြည့်နေသည်။
အရင်တုန်းက ဒီလိုဓာတ်ပုံရိုက်ဖို့ အလေ့အကျင့်သာမရှိဖူးလျှင် ခွေးတွေက ဒါမျိုးသိတတ်ကြမည်မဟုတ်ပေ။
ဒီခွေးက တကယ်ဉာဏ်ကောင်းတဲ့ကောင်ပဲ။ သူ့နားကလူတွေ၊ သူ့မိခင်ကအစ ကျောက်မိုချင်းအဆုံး ဘယ်လိုစိတ်ကျေနပ်အောင် လုပ်ပေးရမယ်ဆိုတာသိပုံရသည်။
ကျောက်မိုချင်းက ဝမ်ချိုင်နှင့်ခဏကစားလိုက်ပြီး ချင်လင်ကိုဂရုစိုက်ပေးဖို့မှာခဲ့ကာ အလုပ်သွားလိုက်သည်။
တခဏလေးနှင့် သူမလည်း ခွေးကိုသံယောဇဉ်တွယ်သွားသည်မှာ အထင်အရှားပင်။

ချင်လင်က ပက်လက်ကုလားထိုင်ထိုင်ပြီး ဂိမ်းဇာတ်ကောင်ကို မြေပုံတလျှောက်လျှောက်သွားစေကာ လုပ်လို့ရနိုင်မည့်မစ်ရှင်များရှိမရှိကြည့်စေလိုက်သည်။
သို့သော်လည်း လုပ်နိုင်တာမရှိပေ။ စိုက်ပျိုးမွေးမြူရေးခြံထဲပြန်ရောက်လျှင် လူတစ်ယောက်ကိုတွေ့လိုက်ရပြီး သူရှေ့တွင်စကားပြောတချို့ပေါ်နေသည်။
ဒါဇာတ်ကွက်လား?
ချင်လင်က ချက်ချင်းပင် ဂိမ်းဇာတ်ကောင်ကို တဖက်လူနှင့်ပြောစေလိုက်သည်။ ထိုအခါမှသာ ထိုလူမှာ Zach ဖြစ်ပြီး ဂိမ်း၏လက်ခံသူမှန်းသိလိုက်ရ၏။
Zach: ဂိမ်းဇာတ်ကောင်က သစ်သီးနှင့်ဟင်းသီးဟင်းရွက်များရောင်းချပြီး သတ္တုမြို့တော်၏စီးပွားရေးကိုဖွံ့ဖြိုးစေသဖြင့် အလုပ်ပိုကြိုးစားဖို့ မျှော်လင့်ပါသည်။
Zach က ငါးမြှားတံနှင့်ငါးစာတစ်အိတ်ပေးပြီး မြစ်ဘေးတွင် ငါးမြှားနိုင်ကြောင်းလည်းပြောသည်။ မြစ်ထဲတွင် အလွန်လူကြိုက်များသော သဘာဝငါးများစွာရှိ၏။
Zach ထွက်သွားသောအခါ ဂိမ်းဇာတ်ကောင်၏ ကိရိယာသေတ္တာထဲတွင် ငါးမြှားတံနှင့်ငါးစာထုပ်ရောက်နေပြီမှန်း သတိထားမိလိုက်သည်။
ဒါက လုပ်ငန်းအသစ်ပဲ!
မြစ်ဘယ်နားရှိသည်ကို ချင်လင်သိသည်နှင့် ဂိမ်းဇာတ်ကောင်ကို စားကျက်မြေကိုဖြတ်၍ မြစ်ဆီသွားစေလိုက်သည်။
သူကငါးစာတပ်ပြီး ငါးမြှားချိတ်ကိုပစ်လိုက်သည်။ ထို့နောက် စောင့်နေလိုက်၏။
ခဏအကြာတွင် ဂိမ်းမှအသိပေးစာရောက်လာသည်။ ငါးစာတွင် ငါးမိနေပြီ။ သူက ဂိမ်းဇာတ်ကောင်ကိုထိန်းပြီး ချက်ချင်းချိတ်ကိုဆွဲစေလိုက်သည်။ နောက်ခဏတွင် ငါးပါလာ၏။
သူက ငါးကိုဖြုတ်ပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထိုအချိန်တွင် အသိပေးစာရလိုက်သည်။
(သဘာဝကကတစ်ငါးဖမ်းမိထားပါသည် - အရည်အသွေး ၂)
ချင်လင်က သဘာဝကကတစ်ငါးအကြောင်းသိသည်။ ၄င်း၏အာဟာရပြည့်ဝခြင်းကြောင့် လူကြိုက်များသည်ဟုပြောရမည်။ ဥပမာ သူ့မိခင်ကအားနည်းသည်၊ သို့သော် ကကတစ်ငါးက အာဟာရပြည့်ဝစေသည်။ ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးရုံမျှမက သရက်ရွက်ကိုအားကောင်းစေခြင်း၊ အစိုဓာတ်ရစေခြင်းနှင့် သွေးလှည့်ပတ်မှုကိုကောင်းစေသည့်အာနိသင်တို့ရှိသည်။
သူ့မိခင်၏ခန္ဓာကိုယ်အာဟာရဖြစ်စေရန် ကကတစ်ငါးကို မကြာခဏဝယ်လေ့ရှိပြီး သာမန်ကကတစ်ငါးမျိုးပင် တစ်ကတ်တီကို ယွမ်(၃၀)နှင့်ရောင်းနိုင်သည်။
သို့သော်လည်း ချင်လင်အံ့သြမိတာက ကျပန်းရလာတဲ့သဘာဝကကတစ်ငါးက အရည်အသွေး ၂ တဲ့လား?
ဒီအတောအတွင်း ချင်လင်နားလည်ထားသည်မှာ သာမန်အရာများတွင် အရည်အသွေးမရှိ။ အရည်အသွေး ၁ က သာမန်ထက်တစ်ဆင့်ပိုကောင်းပြီး အရည်အသွေး ၂ ကတော့ အရည်အသွေးအားလုံး နှစ်ဆင့်ပိုသည်။
ဂိမ်းမှထုတ်လုပ်သောပစ္စည်းများမှာ အနည်းဆုံးအရည်အသွေး ၁ ရှိသည်။
သူကချက်ချင်းပင် ဆိုင်ထဲမှသန့်စင်ခန်းငယ်ထဲဝင်လိုက်ကာ ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းသိုလှောင်ခန်းထဲတွင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များသိုလှောင်ရန် လိုအပ်သည်များရှိသကဲ့သို့ ကန်တချို့လည်းရှိသည်။ ထိုကန်များမှာ ရေသိုလှောင်ရန်ဖြစ်၏။ ထိုအချိန်ကန်တစ်ကန်မှာ ရေအသင့်ဖြည့်ပြီးသားဖြစ်၍ ၄င်းကန်ထဲတွင် ငါးတစ်ကောင်ရှိသည်။
ချင်လင်က သူ့ဘေးနားရှိပိုက်ကွန်ကိုကောက်လိုက်ရာ မှတ်ချက်များကိုတွေ့လိုက်ရသည်။
(သဘာဝကကတစ်ငါး: အရည်အသွေး ၂ - ၁၀ ကတ်တီ)
(မှတ်ချက်: သန့်စင်သောသဘာဝကကတစ်ငါးဖြစ်သည်။ ငါးကြီးဖြစ်၏။ ဂိမ်းမှအညစ်အကြေးများမရှိ။
ပရိုတင်းကြွယ်ဝခြင်း +၂၊ အစာကြေလွယ်ခြင်းနှင့်စုပ်ယူလွယ်ခြင်း +၂၊ သရက်ရွက်ကိုအားကောင်းစေခြင်း +၂၊ သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂၊ နှုတ်မြိန်စေခြင်း +၂၊ စားကောင်းသောက်ဖွယ် +၂၊ အနံ့အရသာရှိအသား +၂၊ အရသာကောင်းခြင်း +၂)
+၂ တွေချည်း တန်းစီတွေ့လိုက်ရတော့ ချင်လင်ပျော်ရွှင်သွားသည်။ ဒါကို သူ့မိခင်အာဟာရဖြစ်စေဖို့သုံးနိုင်ပေသည်။
ပြီးတော့ ဒီတစ်ကောင်တည်းကို မျက်လှည့်ဆန်ဆန်(၁၀)ကတ်တီတဲ့။
(၅)ကတ်တီရှိကကတစ်ငါးတစ်ကောင်ဖြစ်ရန် အနည်းဆုံး(၃)နှစ်ကြာမည်။ သဘာဝကကတစ်ငါးဆိုလျှင် ပိုတောင်ကြာဦးမည်။ (၁၀)ကတ်တီကျော်သော သဘာဝကကတစ်ငါးမှာ အလွန်ရှား၏။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် သားငါးအဖမ်းအဆီးများကြောင့် စျေးထဲတွင် နှစ်ကတ်တီ၊ သုံးကတ်တီလောက်ဆို ကြီးသည်ဟုပင် ယူဆရသည်။ သာမန်ငါးလေးများဆိုလျှင် တစ်ကတ်တီတောင်မရှိပေ။
သဘာဝကကတစ်ငါးမြှားပြိုင်ပွဲအကြောင်း သတင်းဆောင်းပါးတစ်ခု သူတွေ့ဖူးသည်။ (၁၁.၅)ကတ်တီရှိသော သဘာဝကကတစ်ငါးဘုရင်ကို တစ်ကတ်တီလျှင် ယွမ်(၂၀၀)ကျော်ရ၏။
သူက (၁၀)ကတ်တီရှိသော သန့်စင်သည့်သဘာဝကကတစ်ငါးကိုမိထားပြီး အရည်အသွေး ၂ လည်းရှိသည်။ ၄င်းမှာ ပိုက်ဆံရှိလျှင်တောင်ဝယ်မစားနိုင်သည့် တကယ့်ငါးကြီးဖြစ်၏။
ဂိမ်းက သြချလောက်စရာပင်!
ချင်လင်က ဒီလိုငါးကြီးကိုဖမ်းမိသည့်အတွက် အနည်းငယ်စိတ်လှုပ်ရှားနေသည်။
သူကဂိမ်းထဲမှထွက်ပြီး ဂိမ်းဇာတ်ကောင်ကို မြစ်ဆီတဖန်သွား၍ ငါးမြှားစေလိုက်သည်။ သိပ်မကြာခင် နောက်ထပ်ငါးတစ်ကောင်က ငါးစာတွင်လာမိလေသည်။
(သင် သဘာဝကကတစ်ငါးတစ်ကောင် ဖမ်းမိပါသည် - အရည်အသွေး ၁!)