သူများမဝယ်နိုင်တာ စားသာစား!
Vol. 2 Ch. 18
ညစာစားပြီးနောက်_
ချင်လင်ကဂိမ်းထဲဝင်ပြီး (၃၁)ကတ်တီရှိသော အရည်အသွေး ၂ ငါးကြင်းစိမ်းကိုယူလိုက်သည်။
အိမ်အလည်သွားသောအခါ လက်ဆောင်တချို့ယူသွားရပေမည်။ ချင်ရန်၏ဖခင်က သွေးတိုးရှိသည်။ ဤအရည်အသွေး ၂ သဘာဝငါးကြင်းစိမ်းက သွေးတိုးကျစေသည့်အာနိသင် -၂ ရှိပေ၏။
(၃၁)ကတ်တီရှိငါးမှာ ချော်ထွက်နေသောကြောင့် ကိုင်ရတာနည်းနည်းလက်ဝင်သည်။ ချင်လင်က ငါးချည်ကြိုးနှင့်ဖောက်ပြီး ကောက်ဆွဲလိုက်သော်လည်း ငါးကရုန်းကန်နေဆဲ။ ရုန်းကန်အားကောင်းလွန်းသဖြင့် သူ့လက်ထဲမှလွတ်ကျတော့မတတ်ပင်။
ဖြစ်ချင်တော့ ငါးကခဏလူးလွန့်ပြီးသည်နှင့် အားကုန်သွားပြီး ပါးစပ်သာဟနိုင်တော့သည့်အချိန်တွင် ထိန်း၍ရသွားသည်။
ချင်ရန်၏အိမ်မှာ ထိပ်တန်းပညာသင်ဆုရှင်နေအိမ်ဖြစ်သည်။ နေရာကောင်းဖြစ်သော်လည်း မြို့လယ်ခေါင်တော့မဟုတ်ပေ။ ချင်ရန်၏အိမ်ရောက်သောအခါ အထဲ၌လူလေးယောက်ရှိသေး၏။ ချင်လင်၏မိဘနှစ်ပါး၊ ဦးလေးရွှေ့ကန်းနှင့်အန်တီရွှေ့ကန်း၊ နောက်ပြီး မိန်းမငယ်လေးနှစ်ဦး။
မိန်းကလေးနှစ်ဦးထဲမှတစ်ဦးမှာ ချင်လင်၏မိန်းကလေး လျောင်လီဖြစ်ပြီး စီရင်စုဆေးရုံမှသူနာပြုတစ်ဦးဖြစ်၏။ သူမက ဟိုးအရင်ကတည်းက ချင်ရန်နှင့်အတူတူနေခဲ့သူဖြစ်၏။
တခြားမိန်းကလေးမှာ လျောင်လီ၏အချစ်ဆုံးသူငယ်ချင်း(သို့)ဆွေမျိုးဖြစ်ရမည်။
''ရှောင်လင် ရောက်လာပြီလား?''
ချင်ရွှေ့ကန်းစိတ်ကြည်လင်နေသည်မှာ သိသာသည်။ မည်သို့ဆိုစေ သူ့သားကစေ့စပ်တော့မည်လေ။ ထို့နောက်သူ့အကြည့်က ချင်လင်လက်ထဲမှငါးကြီးဆီရောက်လာ၏။
ထို့အပြင် ချင်လင်အထဲဝင်လိုက်သည်နှင့် အားလုံး၏အကြည့်က ငါးကြင်းစိမ်း(၃၁)ကတ်တီကိုသာစိုက်ကြည့်လိုက်ကြသည်။
သာမန်လူများမှာ ဒီလိုငါးကြင်းစိမ်းကြီးမျိုး မြင်ရခဲသည်လေ။
ချင်လင်က ငါးကိုကိုင်ဆွဲထားသည်။ ငါးခေါင်းက သူ့ခါးအထက်တွင်ရှိ၍ ငါးမြီးကမြေပြင်တွင် တရွတ်ဆွဲနေ၏။
ချင်ရန်က အံ့အားသင့်စွာ ရှေ့တိုးလာသည်။
''မိုက်တယ် လင်ဇီ... ဒီလောက်ကြီးတာကြီး ဘယ်ကရလာတာလဲ?''
ချင်လင်က ငါးကြင်းစိမ်းကို ချင်ရန်လက်ထဲထည့်လိုက်ရင်း_ ''ဒါက သွေးတိုးအတွက်ကောင်းတယ်... ဦးလေးရွှေ့ကန်းအတွက်''
ချင်ရန်က ငါးကိုဆလံပါပဲဟူသော အမူအရာဖြစ်သွားသည်။ လျောင်လီနှင့်မိန်းကလေးမှာ မနေနိုင်ဘဲ သူတို့ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ကြ၏။
ဒီငါးက သူတို့ဆိုရှယ်မီဒီယာတွေမှာ ကြွားချင်လောက်စရာပင်။
''ဟမ်?'' ချင်ရွှေ့ကန်းက ရုတ်တရက်အံ့သြသွားသည်။ သူကငါးကိုသေချာကြည့်လိုက်ပြီး အံ့သြတကြီးနှင့်_ ''ရှောင်လင်... ဒါသဘာဝငါးကြင်းစိမ်းလား?''

''ဟုတ်ပါတယ် ဦးလေးရွှေ့ကန်း!''
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''ကျွန်တော် ဒီကောင်ကြီးကိုမိတာ ကံကောင်းတယ်... ဦးလေးအတွက်ယူလာတာ''
ချင်ရန်က ထိုစကားကြားသည်နှင့် ချက်ချင်းပင်_ ''လင်ဇီ... ဒီငါးကို မင်းဖမ်းမိခဲ့တာလား? မင်းမကောင်းဘူးကွာ... ဒီလိုငါးမျိုးတွေနဲ့ကစားဖို့ ငါ့ကိုခေါ်တောင်မခေါ်ဘူး... နောက်တစ်ခါဒီလိုထပ်ရရင် ငါ့ကိုခေါ်ဖို့မမေ့နဲ့''
ချင်ရွှေ့ကန်းက မျက်မှောင်ကြုတ်ပြီး_ ''ကလေး... မင်းဘာလို့ငါ့ကို ဒီလိုအဖိုးတန်တာကြီးပေးရတာလဲ? ဒီလိုသဘာဝငါးမျိုးက ပိုက်ဆံနဲ့တောင်ဝယ်လို့မရဘူးကွ... ပြန်ယူသွားလိုက်ပါ''
''ဦးလေးရွှေ့ကန်း... အိမ်ထဲတောင်ရောက်နေမှတော့ ဘာလို့ပြန်ယူသွားခိုင်းနေတာလဲ?''
ချင်လင်ကခေါင်းခါလိုက်ပြီး ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်။
''ဦးလေးရွှေ့ကန်း... ဒီနေ့ကျွန်တော်လာတာအကြောင်းရှိတယ်... ကျွန်တော့်အဖေကျန်းမာရေးမကောင်းတုန်းက ဦးလေးတို့မိသားစုဆီက ယွမ်(၅၀၀၀၀)ချေးထားတာ... အခု ချင်ရန်ကစေ့စပ်တော့မှာဆိုတော့ ကျွန်တော်ပိုက်ဆံပြန်ပေးချင်လို့ပါ''
''ရှောင်လင်... မင်းဒီလောက်ပိုက်ဆံအများကြီးဘယ်ကရလဲ?''
ချင်ရွှေ့ကန်းက မျက်မှောင်ထပ်ကြုတ်လိုက်ပြီး_
''ငါတို့က ရှောင်ရန်စေ့စပ်ဖို့အတွက်ရှိပြီးသားပါကွ... မင်းဒီလောက်အလောတကြီး ပြန်ဆပ်စရာမလိုပါဘူး''
သို့သော်လည်း ချင်လင်က သူ့ဖုန်းကိုထုတ်ပြီး Wechat မှတဆင့် ချင်ရန်ထံငွေလွှဲလိုက်သည်။ တဆက်တည်းပင် သူက_ ''ဦးလေးရွှေ့ကန်း... ကြွေးရှိမှတော့ ပြန်ဆပ်ရမှာပဲမလား? ကျွန်တော့်မှာငွေရှိလာရင် အကြွေးအရင်ဆပ်ရမှာပေါ့''
''အဖေ!'' ချင်ရန်က မတတ်သာစွာပင် သူ့ဖုန်းကို ချင်ရွှေ့ကန်းလက်ထဲထည့်ပေးလိုက်သည်။
ချင်ရွှေ့ကန်းကမြင်လျှင် သက်ပြင်းသာချနိုင်တော့၏။ သူကဝင်ကြည့်လိုက်ပြီး ချင်လင်လက်ထဲမထည့်ခင် IOU ကိုတွေ့လိုက်သည်။
''ရှောင်လင်... မင်းကကြီးပွားဦးမှာ... ဒီရွာထဲမှာဘယ်သူမှ မင်းလိုမသိတတ်ဘူး''
အန်တီရွှေ့ကန်းလည်း စိတ်လှုပ်ရှားသွားပြီး_ ''ရှောင်လင်... မင်းကသိတတ်လွန်းလို့ အားကျလိုက်တာ... ရှောင်ရန်သာ မင်းတစ်ဝက်လောက်သိတတ်ရင် ငါတို့စိတ်အေးရပါပြီ''
ချင်ရန်က မယုံနိုင်သည့်ပုံနှင့်_
''အမေ... ကျွန်တော်ဘယ်လောက်သိတတ်လိုက်လဲ?''
''သွားစမ်း'' အန်တီရွှေ့ကန်းက စိတ်မပါလက်မပါပြန်ပြောလိုက်သည်။
ထိုမြင်ကွင်းကြောင့် မိန်းကလေးနှစ်ဦးက ပွဲကျသွား၏။
ချင်လင်က ခဏတော့ ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူက လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီးမှ ချင်ရန်အား စေ့စပ်ပွဲအတွက် အကူအညီလိုမလိုမေးမြန်းလိုက်သည်။ ထို့နောက်မပြန်ခင်နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့သည်။ ချင်ရန်နှင့်သူ့မိဘများက အပြင်လိုက်ပို့ပေးကြ၏။
အိမ်ထဲတွင် မိန်းကလေးက လျောင်လီအား တိုးတိုးလေးမေးလိုက်သည်_ ''ရှောင်လီ... နင့်သူငယ်ချင်းက အမိဖမ်းဖို့ကောင်းတဲ့ပုံလေး... ကြည့်ရတာလည်း မဆိုးဘူး... Wechat ကနေ ခင်အောင်လုပ်ရင်ရော?''
လူကြီးနှစ်ဦးကချီးမွှမ်းနေသည်ကိုကြားပြီး သူမက ချင်လင်ကိုစိတ်ဝင်စားသွားသည့်ပုံပင်။
လျောင်လီက သူ့ဝမ်းကွဲညီမရဲ့စိတ်ကူးကို နားမလည်ဘဲနေမှာတဲ့လား? သူမက အသံတိုးတိုးလေးဖြင့်_ ''သူ့နာမည်က ချင်လင်... သူကလူကောင်းဆိုပေမဲ့ သူ့မိသားစုအခြေအနေက မကောင်းဘူး... သူ့မှာကားလည်းမရှိ အိမ်လည်းမရှိဘူး... သူ့မှာ ဒီယွမ်(၅၀၀၀၀)အပြင် စုဆောင်းထားတာလည်း မရှိလောက်ဘူး... နာနာ မင်းသေချာစဉ်းစားကြည့်ပြီးပြီလား? သူ့ Wechat ကိုတကယ်လိုချင်လား?''
''ရှောင်လီ... ငါကစနေတာပါ... ဘာလို့အတည်ယူနေတာလဲ?''
ချူနာက လျောင်လီ၏စကားကိုကြားလျှင် ရုတ်တရက်ထရယ်လိုက်သည်။
ဟာသပဲ။ သူကိုယ်တိုင်လည်း ပစ္စည်းဥစ္စာမမက်ဘဲ အချစ်စိတ်နဲ့ပဲဖြတ်သန်းခဲ့တာပါ ဟုတ်ပြီလား?
သူမက မဆိုးပေ။ သူမအကြည့်တို့က ပုံမန်ပင်။ တစ်ဖက်လူက အခြေအနေချို့တဲ့မည်ဆိုလျှင်တော့ သူ့အပေါ်ကြွေမိလောက်အောင် မိုက်မဲမည်မဟုတ်ချေ။
လျောင်လီက သူ့ဝမ်းကွဲညီမကို မျက်လုံးထောင့်ကပ်ကြည့်လိုက်၏။ ဒီအမျိုးသမီးက ကျန်ရစ်ဖြစ်ဖို့ပဲကောင်းသည်။
ခဏအကြာတွင် ချင်ရန်နှင့်သူ့မိဘများပြန်ရောက်လာသည်။
ချင်ရွှေ့ကန်းက မမေ့မလျော့ဘဲ ချင်ရန်အားမှာလိုက်သည်_ ''ရှောင်လင် ဒီလာပြီးအကြွေးဆပ်သွားတာ ဘယ်သူမှမသိစေနဲ့နော်''
''အဖေ.. ကျွန်တော်သိပါတယ်!'' ချင်ရန်ကခေါင်းညိမ့်လိုက်သည်။
သူတို့သားအဖက ချင်လင်ဘာလို့အကြွေးလာဆပ်မှန်းသိကြသည်။ သူတို့မိသားစုက စေ့စပ်ပွဲအတွက်ပိုက်ဆံလိုနေမှန်း သူသိ၍ဖြစ်ရမည်။ ဒီယွမ်(၅၀၀၀၀)အတွက် သူစုဆောင်းထားတာတွေကိုထုတ်လာတာပဲဖြစ်မည်။
ချင်လင်၏မိသားစုက တခြားလူတွေကိုလည်း အကြွေးတင်နေသေး၏။ သူကယွမ်(၅၀၀၀၀)ကို တစ်ချီတည်းဆပ်သွားမှန်းသိကြလျှင် တစ်ယောက်ယောက်က သေချာပေါက်သူ့အိမ်သွားပြီး ပူညံပူညံလုပ်မှာပင်။

ချင်ရန်ကဆက်ပြီး_ ''အဖေ လင်ဇီက ငါးယူလာမှတော့ ကျွန်တော်ဒီညနည်းနည်းချက်ပေးမယ်... ပြီးရင် အိပ်ကောင်းအောင် ဝိုင်််နည်းနည်းသောက်လိုက်''
ချင်ရွှေ့ကန်းက သူ့သားကိုမျက်လုံးလှန်ကြည့်လိုက်သည်။ အစားအသောက်ကောင်းတွေဆို သူလောဘကြီးမှန်းမသိဘူးလား? သို့သော်လည်း ခေါင်းညိမ့်ပြလိုက်သည်။
ဒီလိုသဘာဝငါးကြီးမျိုး သူတစ်ခါမှမစားခဲ့ဖူးပေ။
ညမိုးချုပ်ချိန်တွင် ငါးစွပ်ပြုတ်တစ်အိုးချက်စားကြပြီးနောက် ချင်ရန်မိသားစုမှာ သက်သောင့်သက်သာနှင့် နွေးထွေးမှုကိုခံစားကြရသည်။
ချင်ရွှေ့ကန်းမှာ နောက်နေ့မနက်အိပ်ရာအထတွင် မယုံနိုင်လောက်အောင်ဖြစ်ရ၏။ ခါတိုင်းဆိုလျှင် သွေးတိုးကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကိုခံစားရ၏။ ဒီနံနက်တွင်မူ အလွန်ပေါ့ပေါ့ပါးပါးရှိပြီး စိတ်ပိုကြည်လင်နေသည်။
…
ချင်လင်က လုပ်နေကျအတိုင်း စတော်ဘယ်ရီနှင့်ရုံးပတီများခူးပြီး RT စျေးပို့လိုက်သည်။ နေ့လယ်ပိုင်း၌ ဂိမ်းဇာတ်ကောင်ကို မြစ်ဘေးတွင်ငါးသွားမြှားစေလိုက်၏။ ငါးများပြန်မြှား၍ရနေပြီဖြစ်သည်။
နေ့လယ်ပိုင်းတွင် ငါး(၃၄)ကောင်ထပ်ရလိုက်သည်။ ၄င်းတို့မှာ သဘာဝကကတစ်ငါးများ၊ ငါးကြင်းစိမ်းနှင့် ငါးကြင်းနက်များဖြစ်သည်။ ထိုအထဲတွင် (၁၀)ကတ်တီကျော်အရည်အသွေး ၂ ကကတစ်ငါးများ၊ (၂၀)ကတ်တီကျော်အရည်အသွေး ၂ ငါးကြင်းစိမ်းနှင့်ငါးကြင်းနက်များလည်းပါသည်။
ထိုအခြင်းအရာကြောင့် သူစည်းမျဉ်းများကိုနားလည်လိုက်သည်။ အလေးချိန်ပြည့်မီသည့်ငါးက အရည်အသွေး ၂ ဖြစ်ပြီး ကျန်ငါးများမှာ အရည်အသွေး ၁ ဖြစ်၏။
ညနေပိုင်းတွင် စတော်ဘယ်ရီနှင့်ရုံးပတီသီးများ ထပ်ပို့လိုက်သည်။ တစ်နေ့အတွင်း ယွမ်(၃၈၂၁၆)ဝင်ငွေရ၏။
နောက်သုံးရက်တွင်လည်း စတော်ဘယ်ရီနှင့်ရုံးပတီစိုက်ခြင်း၊ ငါးမျှားခြင်းတို့ဖြင့် လည်ပတ်နေသည်။
ထိုသုံးရက်အတွင်း ချင်လင်သေသေချာချာသိလိုက်သည်။ မြစ်ဘေးတွင်ငါးမျှားခြင်းကို နေ့လယ်ရောက်လျှင်အသစ်ပြန်မျှားနိုင်၏။ အကောင်(၃၀)မှ(၄၀)ရလျှင် မြစ်ထဲတွင်ငါးထပ်မရနိုင်တော့ကြောင်းအသိပေးစာဝင်လာမည်ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်းဖမ်းမိသော ငါးများနှင့်ပေါင်းလျှင် စုစုပေါင်း(၁၆၈)ကောင်ရှိသည်။
ထိုအထဲတွင် အရည်အသွေး ၂ ရှိပြီး (၁၀)ကတ်တီကျော်သောငါး(၉)ကောင်၊ (၂၀)ကတ်တီကျော်က လေးကောင်နှင့် (၃၀)ကတ်တီကျော်သောငါး(၆)ကောင်ပါသည်။
လောလောလတ်လတ်တွင် ထိုငါးများကိုအရောင်းအဝယ်မလုပ်သေး။ သူက ငါးများကိုအရှင်လတ်လတ်သဘာဝအတိုင်းရောင်းချင်သည်။ ၄င်းတို့ကိုသယ်ပို့ရာတွင်လည်း ဒုက္ခများသေး၏။ အရင်ဆုံးသူ စုဆောင်းထားဖို့စီစဉ်ရမည်။
အချိန်ကျလျှင် အပြင်သွားပြီး မန်နေဂျာချန်ကိုရှာလျှင်ရှာ၊ မရှာလျှင် ပင်လယ်စာစျေးသို့သွားဖြစ်လိမ့်မည်။
သို့သော်(၃)ရက်ကြာပြီးနောက် စတော်ဘယ်ရီနှင့်ရုံးပတီများမှ ယွမ်(၁၁၃၆၄၈)ထပ်ရလိုက်သည်။ သုံးရက်အတွင်း သူ့ဝင်ငွေမှာ ယွမ်(၁၂၀၀၀၀)နီးနီးဖြစ်သွား၏။
ချင်ရန်၏မိသားစုကို ယွမ်(၅၀၀၀၀)ဆပ်ပြီးတာတောင် သူ့ဘဏ်ကတ်ထဲတွင် ယွမ်(၄၁၀၀၀၀)ကျော် ကျန်နေသေးသည်။
ထိုငွေပမာဏမှာ အချိန်တိုအတွင်းရခြင်းဖြစ်၏။
နေဝင်ပြီးချိန်၌ ချင်လင်က နောက်ထပ်(၁၁)ကတ်တီကျော်သည့် အရည်အသွေး ၂ ရှိသော သဘာဝကကတစ်ငါးကို အိမ်ယူလာပြန်သည်။
မြစ်ထဲကငါးများမှာ နေ့လယ်ဆိုပြန်ဖမ်းနိုင်တော့မည်။ ဤအရည်အသွေး ၂ သဘာငါးများမှာ ပြတ်သွားသည်မရှိပေ။ အခြားသူများက ငွေနှင့်ဝယ်၍မရနိုင်သော်လည်း သူကတော့ စိတ်ရှိသမျှစားနိုင်ပေသည်။
''နောက်ထပ်သဘာဝကကတစ်ငါးကြီးလား?''
လင်းဖန်က သူ့သားလက်ထဲမှငါးကိုကြည့်ရင်း အံ့အားသင့်သွားသည်။
မအံ့သြဘဲနေမလား?
ဒီအကောင်က ဒီရက်ပိုင်းအတွင်း သူ့သားဝယ်လာတာ တတိယမြောက်လေ။
ဒီလိုသဘာဝကကတစ်ငါးကြီးမျိုးက ဝယ်ချင်ရင်တောင် ဝယ်မရတာမျိုး။ သူမဘယ်လောက်ချမ်းသာသာ ဘယ်သူမှဖမ်းမိမလာရင် အချည်းနှီးပေ။ သို့သော်လည်း ဒီရက်ပိုင်းအတွင်း နေ့တိုင်းလိုလိုစားနေရသည်။
ချင်လင်ကပြုံးလိုက်ပြီး_ ''အမေ ဒါကအသာလေးရတာ... နောင်လည်းမပြတ်စေရဘူး!''
''???'' သူ့သားပြောနေတာအမှန်ဟုတ်မဟုတ် လင်းဖန်လည်းမပြောတတ်။
ဒီလိုသဘာဝငါးမျိုးကို အသာလေးရတာလို့ ဘယ်သူကပြောရဲမှာလဲ?
နည်းလမ်းတကျဆိုရရင်တော့ သူ့သားက ငကြွားပေါ့။ ဒါပေမဲ့လည်း သူ့သားက တစ်ကောင်ပြီးတစ်ကောင် အိမ်ကိုယူလာနေခဲ့တာလေ။