ဘဝတွင် ပထမဆုံးအခွန်ဆောင်ဖူးခြင်း!
Vol. 2 Ch. 19
သေအောင်ရိုက်လျှင်တောင် သူမယုံနိုင်!
ညပိုင်းတွင်_
ညစာစားပြီးနောက် ချင်လင်က ဝမ်ချိုင်နှင့်ခဏကစားလိုက်သည်။ မွေးစားပြီးနောက် ခွေးကသူ့ကို နည်းနည်းတွယ်ကပ်ကာ အခြားသူများကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ရမလဲလည်း သူသိသည်။ သူတို့ကို ရွှန်းလဲ့သော မျက်လုံးများနှင့်ကြည့်ပြီး သူတို့ခြေထောက်ကို သူ့ခေါင်းနှင့်အသာအယာပွတ်ပေးတတ်သည်။ မည်သူမဆိုမနေနိုင်ဘဲ သူ့ခေါင်းကို လှမ်းကာပွတ်သပ်မိကြသည်ချည်း။
အခန်းထဲရောက်သော် စတော်ဘယ်ရီနှင့် ရုံးပတီပျိုးပင်များမှာ နည်းနည်းခြောက်သွေ့နေသဖြင့် ရေလောင်းရန်လိုအပ်နေသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို ရေပုံးရေပန်းနှင့် စတော်ဘယ်ရီနှင့်ရုံးပတီပျိုးပင်များကို ရေလောင်းစေလိုက်သည်။ ထို့နောက် Wechat တွင် ကျောက်မိုချင်းနှင့်စကားပြောကြ၏။
ဤသို့ဖြင့် နှစ်ရက်ကုန်လွန်သွားသည်။
နံနက်စောစောတွင် ချင်လင်က စတော်ဘယ်ရီနှင့် ရုံးပတီသီးမှည့်များကို စူပါမားကတ်သို့ပို့လိုက်သည်။ စျေးထဲမှဆိုင်သို့ပြန်ရောက်သောအခါ ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်လိုက်သည်။
သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဆိုင်အတွက် အခွန်ငွေအစီရင်ခံရန် အချိန်ကျပြီဖြစ်ခြင်းကြောင့်ပင်။
အခွန်ငွေအစီရင်ခံခြင်းမှာ အခွန်ငွေဆောင်ခြင်းနှင့်မတူပေ။ ကုမ္ပဏီဖြစ်စေ သီးသန့်လုပ်ငန်းရှင်ဖြစ်စေ အခွန်ငွေဆောင်ရန်မလိုသော်လည်း အခွန်ငွေအစီရင်ခံရသည်။
အခွန်ငွေအစီရင်ခံခြင်းမှာ လုပ်ငန်းလုပ်ဆောင်ချက်အခြေအနေ၊ ဝင်ငွေအသုံးစရိတ် စသည်တို့ကို အခွန်ကြီးကြပ်ဌာနသို့ အစီရင်ခံရခြင်းဖြစ်၏။ ဝင်ငွေ(သို့)အခွန်ဆောင်နိုင်သည့်အခြေအနေမရှိလျှင် အခွန်ဆောင်ရန်မလိုပေ။
သစ်သီးဆိုင်ကိုအမွေဆက်ခံထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း အခွန်ဆောင်ခြင်းမှာ ချင်လင်နှင့်လားလားမှမသက်ဆိုင်ပါချေ။
အကြောင်းမှာ သစ်သီးဆိုင်များအတွက် အထူးမူဝါဒများရှိခြင်းကြောင့်ပင်။ လစဉ်ရောင်းရငွေ ယွမ်(၁)သိန်းမကျော်လျှင် တန်ဖိုးထပ်ပေါင်းအခွန်ငွေဆောင်ရန် မလိုပေ။ ဒေသအလိုက်ထောက်ပံ့ရေးမူဝါဒအရဆိုလျှင် ရောင်းရငွေ ယွမ်(၅)သောင်းမကျော်ပါက အခွန်ဆောင်ရန်မလိုပါချေ။
သူ့မိသားစုပိုင် သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဆိုင်လေးမှာ တစ်လတစ်လ ငှားရမ်းခ၊ အသုံးစရိတ်များဖယ်လိုက်လျှင် ယွမ်(၁)သောင်းတောင်မကျန်ပေ။ အမြတ်မှာ ၂၅% ခန့်သာရှိပြီး အခွန်ဆောင်နိုင်သည့်အခြေအနေလည်းမရှိ။
တစ်နည်းဆိုသော် ယခုအချိန်အထိ သူ့ဝင်ငွေထဲမှ နိုင်ငံတော်အတွက် သီးသန့်အခွန်မထမ်းခဲ့ဖူးပေ။ သူကသာ နိုင်ငံတော်၏ကျန်းမာရေးအာမခံနှင့် အခြားအကျိုးအမြတ်များကို ခံစားနေဆဲဖြစ်၏။ အတိုင်းအတာတစ်ခုအထိတော့ သူက တိုင်းပြည်အတွက် ဆန်ကုန်မြေလေးဖြစ်နေခဲ့လေသည်။
သူရှက်မိသည်!
သို့သော် လတိုင်း အခွန်ကိစ္စများ ချန်လှပ်ထားခြင်းမရှိသည်မှာ သူ၏တာဝန်သိစိတ်ကြောင့်ပင်ဖြစ်သည်။
အချိန်ကိုသတိရစေရန် ဒေသဆိုင်ရာအခွန်ငွေကို နောက်နှစ်ရက်အတွက် အစီရင်ခံစာတင်ရမည်ဟု သတ်မှတ်ထားသည်။
အရင်က အခွန်ဆောင်နိုင်သည့်အခြေအနေမရှိလျှင် ခဏတဖြုတ် ရှုပ်ရှုပ်ယှက်ယှက်ဖြစ်ပြီးနောက် တချို့ကိစ္စများကျော်လွှားနိုင်မည်။ ဘယ်သူမှလည်း ဂရုမစိုက်သလို လူတိုင်းကလည်းထိုသို့လုပ်နေကြပင်။
အခုအချိန်တွင် မဟုတ်တော့။ သူကျိန်းသေအခွန်ဆောင်ရပေမည်။
တစ်ဖက်တွင် သူ၏စုဆောင်းငွေမှာ အချိန်ခဏလေးအတွင်း ယွမ်(၄၀၀၀)ပတ်လည်ရနေပြီး နောင်တွင်လည်း ဒီထက်ပိုလာဦးမည်ဖြစ်၏။ သေချာပေါက် သူ့ကိုဘဏ်က ကြပ်မတ်တော့မည်ဖြစ်သည်။ ဒါကလည်း အကြပ်တွေ့ပေလိမ့်မည်။
အခွန်ဆောင်ရတော့မည်ဆိုမှတော့ အရင်တွက်ချက်ကြည့်ပြီး ဒီအတောအတွင်းကုန်ပို့လွှာများကို စုစည်းထားရမည်။
သူ့ဘဏ်အကောင့်က နည်းနည်းအခက်တွေ့ဦးမည်။ သီးသန့်လုပ်ငန်းရှင်က အဖွဲ့အစည်းဝင်ငွေခွန်ဆောင်ရန် မလိုသော်လည်း အခွန်လွတ်ငြိမ်းခွင့်နှင့် တန်ဖိုးထပ်ပေါင်းအခွန်ပမာဏကို ကျော်လွန်ပါက သီးသန့်လုပ်ငန်းရှင်အခွန်နှင့် တန်ဖိုးထပ်ပေါင်းအခွန်ကို ဆောင်ရပေမည်။
ဖြစ်နိုင်တာက:
အသားတင်အမြတ် ယွမ်(၃၀၀၀၀)ထက်မကျော်လျှင် အခွန် ၅%။
ယွမ်(၃၀၀၀၀)မှ (၅၀၀၀၀)အထိကို အခွန် ၁၀%+ တန်ဖိုးထပ်ပေါင်းအခွန်ငွေ ၃%။
ယွမ်(၉၀၀၀၀)မှ (၃၀၀၀၀၀)အထိကို အခွန် ၂၀%+ တန်ဖိုးထပ်ပေါင်းအခွန်ငွေ ၃%။
အခုဆို သစ်သီးဆိုင်က အခွန်ဘယ်လောက်ဆောင်ရမည်မှန်း ချင်လင်မသိတော့။
သူ့လုပ်ငန်းမှ ယွမ်(၄)သိန်းအထက် ဝင်သည်ဆိုသော်လည်း အခွန်များမှာ စျေး၏ပုံမှန်ကျသင့်နှုန်းအတိုင်း သေချာပေါက်နုတ်ယူမည်ဖြစ်လေသည်။ သူ့တွင် ငွေလုံးငွေရင်းမရှိဟုပြောရအောင်လည်း သူမိုက်မဲမည်မဟုတ်ချေ။
ငွေလုံးငွေရင်းလုံးဝမရှိဘဲ အခွန်အစီရင်ခံမည်ဆိုလျှင်တောင် ပြန်လည်စမ်းစစ်သူတို့က သူ့အားဘာမှမသိသည့် လူရိုးကြီးသဖွယ် ဆက်ဆံကြပေလိမ့်မည်။ သူတို့ကပင် သူ့အားစိတ်ရှည်လက်ရှည်နှင့် အခွန်အစီရင်ခံခြင်း၏ ကုန်ကျစရိတ်နှင့်အမြတ်များကို တွက်ချက်ပြပေဦးမည်။ ငွေရင်းလုံးဝမရှိဘဲ အခွန်ဆောင်ချင်သည်ဆိုပါက သူတို့က သူ့အတွက် လုပ်ပေးဝံ့ကြမည်မဟုတ်။
သို့သော် ငွေရင်းလုံးဝမရှိဘဲ အခွန်အစီရင်ခံရလောက်အောင် မည်သူကမှ မိုက်မဲမည်မဟုတ်ချေ။
ထို့ကြောင့် အရင်ဆုံး သူ့ဘဏ်စာရင်းကို စနစ်ကျအောင်လုပ်ပြီးမှ သူတို့ကိုအသိပေးရမည်။
တစ်နေကုန်ပြီးနောက် သူ့လည်ပင်းနှင့်ပခုံးများ နာကျင်ကိုက်ခဲလာသည်။ ထို့နောက် ချင်လင်က ကွန်ပျူတာဆော့ဖ်ဝဲကိုသုံး၍ ကျသင့်ငွေကို တွက်ချက်လိုက်သည်။
ဒီအတောအတွင်း ယနေ့ဝင်ငွေအပါဆိုလျှင် ဖရဲသီးကစုစုပေါင်း(၁၈၆၉၇၇)ရောင်းပြီးဖြစ်သည်။ သူ့မှတ်ထားသည့်စာရင်းအရ အမြတ်ငွေမှာ(၃၅၂၆၅)ယွမ်ဖြစ်သည်။ စတော်ဘယ်ရီက (၁၄၇၇၅၃)ရောင်းရပြီး အမြတ်ငွေ(၃၆၉၃၈)ဖြစ်၏။ ရုံးပတီက (၁၃၅၁၆၅)ရောင်းရပြီး အမြတ်ငွေ(၃၃၇၉၁)ယွမ်ရလေသည်။
တစ်နည်းဆိုရသော် ငွေရင်းလုံးဝမရှိဘဲ ယွမ်(၄)သိန်းကျော်ရခဲ့သော်လည်း ဖရဲသီး၊ စတော်ဘယ်ရီနှင့် ရုံးပတီတို့၏ သာမန်ကုန်ကျစရိတ်ကို နုတ်လိုက်သော် အမြတ်ငွေမှာ (၁၀၅၉၉၄)ယွမ်ဖြစ်သည်။
တစ်နည်းအားဖြင့် သူဆောင်ရမည့်အခွန်ငွေမှာ အသင့်တော်ဆုံးပင်။ (၉၀၀၀၀)ကျော်ဖြစ်သဖြင့် သတ်မှတ်ထားချက်အရ သီးသန့်ဝင်ငွေခွန် ၂၀%နှင့် တန်ဖိုးထပ်ပေါင်းအခွန်ငွေ ၃% ပေါင်းလျှင် (၂၀၀၀၀)ကျော် အခွန်ဆောင်ရပေမည်။
ဤသည်မှာ ကျားကြီးလျှင် ခြေရာကြီးသည်ဟူသော ဆိုရိုးစကားနှင့် လုံးဝကိုက်ညီပေသည်။ ထို့ကြောင့် လူအတော်များများက အခွန်ရှောင်ချင်ကြသည်မှာ မဆန်းပေ။
အရင်ကဆိုလျှင် တစ်ချီတည်းနှင့် အခွန်ငွေအများကြီးဆောင်ဖို့မှာ သူ့အတွက် စိတ်ကူး၍ပင်မရချေ။
ရုံချန်းကဲ့သို့စီရင်စုလေးတွင် ယွမ်(၂၀၀၀၀)ကျော်အခွန်ဆောင်ဖို့မဆိုထားနှင့် တစ်လယွမ်(၂၀၀၀၀)ဝင်ငွေရသည့်သူပင် သိပ်များများစားစားမရှိ။
သူ့အတွက်မူ ယွမ်(၃)သိန်းကျော်ကို အခွန်ရှောင်ထားခြင်းကြောင့် ယွမ်(၂၀၀၀၀)ကျော်အခွန်ဆောင်ရသည်ကို မမှုပေ။
ထိုသို့တွက်ချက်ပြီးနောက် အခွန်ငွေစနစ်ထဲဝင်လိုက်ပြီး အွန်လိုင်းပေါ်မှအခွန်ငွေအစီရင်ခံလိုက်သည်။
အစီရင်ခံပြီးနောက် လက်ခံပြန်စာကိုစောင့်နေလိုက်သည်။
နောက်နေ့တွင်_
ချင်လင်အိပ်ရာမှထပြီး လုပ်နေကျအတိုင်း စတော်ဘယ်ရီနှင့်ရုံးပတီသီးမှည့်များကိုခူး၍ မျိုးစေ့များပြန်ချထားလိုက်သည်။
သူတံခါးဖွင့်လိုက်လျှင် ဝမ်ချိုင်ကအော်သံပေးပြီး သူ့ဆီသို့ခေါင်းလာဝှေ့သည်။
ချင်လင်ကပြုံးရင်း ဝမ်ချိုင်ခေါင်းကိုပွတ်သပ်ရန် လက်လှမ်းလိုက်သည်။
ခွေးက ပုံမှန်သူအိပ်ရာထချိန်ကိုစောင့်နေသလိုပင် သူ့တံခါးအပြင်တွင် လာစောင့်နေ၏။
မနက်စာစားပြီးချိန် သူထွက်လာသောအခါ ဝမ်ချိုင်က ခွေးသံကြိုးကိုယူလာပေးသည်။
ခွေးကိုဆိုင်တွင်ထားခဲ့ပြီး ဂိုဒေါင်ဆီထွက်လာကာ မနက်ပိုင်းမှည့်သည့်စတော်ဘယ်ရီနှင့်ရုံးပတီများကို စူပါမားကတ်သို့ပို့ပေးလိုက်သည်။ အလုပ်ပြီး၍ ဆိုင်ပြန်ရောက်သောအခါ အွန်လိုင်းအခွန်ငွေဆောင်ခြင်း အောင်မြင်ပါသသည်ဟူသောသတင်းကိုတွေ့လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် လျှပ်စစ်ဆိုင်ကယ်စီး၍ အခွန်ရုံးသို့ထွက်လာခဲ့၏။
အခွန်ကိုလက်ခံပြီးနောက် အခွန်ရုံးသွား၍ အခွန်ဆောင်ပြီး ချက်ကိုယူနိုင်ပြီဖြစ်သည်။ အွန်လိုင်းမှအခွန်ဆောင်နိုင်သော်လည်း လျှောက်ထားရန်အချက်အလက်ယူရပေဦးမည်ဖြစ်၏။
သူပထမဆုံးအခွန်ငွေဆောင်ခြင်းဖြစ်သဖြင့်လည်း အခွန်ရုံးကိုသွားရပေမည်။
ချင်လင်မမျှော်လင့်ထားသည်က အခွန်ရုံးပေါက်ဝသို့ရောက်ပြီး လျှပ်စစ်ဆိုင်ကယ်ရပ်လိုက်လျှင် သူမျက်မှန်းတန်းမိနေသော အော်ဒီကားရပ်ထားသည်ကို တွေ့လိုက်ရခြင်းပင်။
ချန်ဟောက်က သူ့အဖော်နှစ်ယောက်နှင့် ကားထဲမှထွက်လာပြီး ချင်လင်ကိုမြင်လျှင် အံ့သြသွား၏။
သူက သူ့အဖော်များနှင့် ခရီးမှပြန်လာလာချင်း ကျောက်မိုချင်း၏ယောက်ျားကိုတွေ့ရလိမ့်မည်ဟု ထင်မထားပေ။
ဒီကောင်ရှေ့တွင် အောင့်သီးအောင့်သက်နှစ်ခါဖြစ်ပြီးကတည်းက သူ့ကိုအမုန်းဆုံးဖြစ်ခဲ့တာပင်။
သို့သော်လည်း ချန်ဟောက်က သူ့နံဘေးမှအပေါင်းအပါနှစ်ဦးအားကြည့်ပြီး ချင်လင်ကိုအပြုံးနှင့် နှုတ်ဆက်လိုက်သည်။
‘’ထပ်ဆုံကြပြန်ပြီနော်?’’
ထိုအပေါင်းအပါနှစ်ဦးက ချင်လင်ကိုကြည့်လိုက်ကြသည်။ တစ်ယောက်က_ ‘’ချန်ဟောက်… မင်းသူ့ကိုသိလား?’’
ချန်ဟောက်ကပြုံးရင်း_ ‘’ငါ့အထင်… သူက ကျောက်မိုချင်းရဲ့ယောက်ျားပဲ'’
ထိုသို့ပြောရင်း ထူးဆန်းသည့်အပြုံးက ချန်ဟောက်မျက်နှာတွင်ပေါ်လာသည်။ ဒါက သူ့ရည်ရွယ်ချက်ပင်။
ကျောက်မိုချင်းကို သူစိတ်ဝင်စားနေမှန်းသိသဖြင့် ဌာနထဲမှလုပ်ဖော်ကိုင်ဖက်တွေက သူနှင့်ကျောက်မိုချင်းအခြေအနေဘယ်လိုလဲဟု မေးလေ့ရှိကြသည်။ သူဘယ်လိုဖြေရမှန်းမသိခဲ့။
သူက ဒီအခွင့်အရေးကိုအမိအရယူပြီး ကျောက်မိုချင်းမှာ ယောက်ျားရှိကြောင်း၊ ထိုသူက လျှပ်စစ်ဆိုင်ကယ်တောင် စီးနေရတဲ့သူဖြစ်ကြောင်း သူ့အပေါင်းအပါများကို သိစေချင်၏။
ယနေ့ခေတ်တွင် မိသားစုအခြေအနေ အတော်အသင့်ကောင်းသူများက ဘွဲ့ရပြီးလျှင် ကားစီးနိုင်ကြ၏။ လျှပ်စစ်ဆိုင်ကယ်စီးစရာမလို။
ထို့အပြင် ကျောက်မိုချင်းလိုဇနီးဖြစ်သူကလည်း လျှပ်စစ်ဆိုင်ကယ်နှင့် အပြင်ထွက်ရန်ရှက်ပေလိမ့်မည် မဟုတ်ပါလော?
ဒီအတိုင်းဆိုလျှင် ကျောက်မိုချင်းကို သူလိုက်၍ရမရ အားလုံးကစိတ်ဝင်စားတော့မည်မဟုတ်ချေ။ ကျောက်မိုချင်းကိုသာ နွားချေးပုံထဲက ပန်းပွင့်သဖွယ် အဆင်းသာရှိပြီး ရနံ့မရှိဟု သဘောထားကြပေလိမ့်မည်။
သူ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးက ဒီသတင်းကို အမြန်ဖြန့်ပေးလိမ့်မည်။
ချန်ဟောက်စကားကိုကြားသည်နှင့် ထိုအပေါင်းအပါနှစ်ဦးက ချင်လင်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်ကြသည်။ ကျောက်မိုချင်းမှာ ဌာနတွင်းမှပန်းလေးဖြစ်ပြီး အိမ်ထောင်ကျပြီးဖြစ်မည်ဟု ထင်မထားကြပေ။ ကြည့်ရတာ သူမယောက်ျားက တကယ်မကောင်းသည့်ပုံပင်။
ချင်လင်က ချန်ဟောက်ကိုမှတ်မိသည်။ သူ့ကိုနှုတ်ဆက်လိမ့်မည်ဟု ထင်မထား။ သူကယဉ်ကျေးစွာပင် ခေါင်းညိမ့်ပြလိုက်ပြီး_ ‘’မင်္ဂလာပါ'’
‘’မိုချင်းကို ထပ်လာကြိုတာလား? ဒါပေမဲ့ သူချက်ချင်းအလုပ်ဆင်းလို့ရဦးမှာမဟုတ်ဘူး!’’ ချန်ဟောက်က သူ့ကိုသတိပေးသလိုလိုနှင့် တကယ်တော့ သူ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးအား ကျောက်မိုချင်း၏ယောက်ျားက လျှပ်စစ်ဆိုင်ကယ်နှင့် လာကြိုလေ့ရှိကြောင်း အသိပေးလိုခြင်းဖြစ်၏။
‘’ကျွန်တော်က အခွန်အစီရင်ခံရုံသက်သက်ပါ… အခွန်ဆောင်ဖို့လာခဲ့တာ'’ ချင်လင်က ငတုံးမဟုတ်။ သူက တဖက်လူ၏လေသံမှာ ဘဝမြင့်သံစွက်နေမှန်းသိသည်။ သူ့ကိုအဖက်လည်းမလုပ်လို၍ ယဉ်ယဉ်ကျေးကျေးပြောပြီး အထဲဝင်လာခဲ့သည်။
ချန်ဟောက်နှင့် အပေါင်းအသင်းနှစ်ယောက်မှာ မှင်တက်သွားသည်။
တစ်ယောက်က_ ‘’ဒီနေ့က ကိုယ်ပိုင်သစ်သီးနဲ့ဟင်းသီးဟင်းရွက်ဆိုင်ရှင်တွေ အခွန်အစီရင်ခံရမယ့်နေ့ ဟုတ်တယ်မလား? ကျောက်မိုချင်းရဲ့ယောက်ျားကရော ဆိုင်ရှင်ပဲလား? အခွန်ဆောင်နိုင်တယ်ဆိုရင်တော့ သူ့ဝင်ငွေက မဆိုးဘူးပြောရမယ်'’
နောက်တစ်ယောက်က_ ‘’အနည်းဆုံးတော့ တစ်လယွမ်တစ်သောင်းပဲ… ဒါဆိုရင်တောင် ရုံချန်းစီရင်စုမှာ ဝင်ငွေကောင်းတာပဲ… စီးပွားရေးကောင်းရင် တစ်လယွမ်နှစ်သောင်းလည်း ရနိုင်တယ်… ဒါငါတို့လိုစီရင်စုမြို့လေးမှာတော့ အစိုးရဝန်ထမ်းလုပ်တာထက်တောင် ကောင်းသေးတယ်…’’
‘’ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? တစ်လယွမ်နှစ်သောင်းရတာတောင် လျှပ်စစ်ဆိုင်ကယ်ကို ဆက်စီးချင်သေးတယ်ပေါ့?’’ ချန်ဟောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲမှာရေရွတ်ရင်းနဲ့ လျှပ်စစ်ဆိုင်ကယ်ဟောင်းလေးကို ကြည့်လိုက်မိသည်။
သူမယုံနိုင်ပေ။