← Chapters

လူပုလေးဆီမှလက်ဆောင်!

Vol. 2 Ch. 20

လူပုလေးဆီမှလက်ဆောင်!

Vol. 2 Ch. 20

ချင်လင်က အခွန်ရုံးထဲဝင်လိုက်သည်။ ထိုအချိန်တွင် ဘယ်သူမှရှိမနေ၍ တန်းစီရန်မလိုချေ။ နောက်ပြီး အများစုက အွန်လိုင်းမှအခွန်ဆောင်ကြ၏။ ဖုန်းတစ်လုံးသာကိုင်ထားရန်လိုသည်။

နယ်မြေအခွန်ရုံးသို့လာ၍ အခွန်ဆောင်ကြသူများမှာ ပထမဆုံးအကြိမ်အခွန်ဆောင်ဖူးသူ (သို့) အခွန်ရုံးမှာဆောင်နေကြဖြစ်သောကြောင့်ပင်။ သူတို့မှာ အွန်လိုင်းအခွန်ဆောင်ရခြင်းကို စိတ်ရှုပ်မခံနိုင်သဖြင့် မလုပ်ကြပေ။ အများစုမှာ အသက်ကြီးသူများဖြစ်ကြ၏။

''လူကြီးမင်း... ကျေးဇူးပြုပြီး ID အချက်အလက်လေးပြပါ... အခွန်ပြေစာထုတ်ဖို့ ကူညီပေးပါ့မယ်'' ပြတင်းပေါက်မှဝန်ထမ်းမှာ လီကျားဟွေ့ဆိုသော မိန်းကလေးဖြစ်သည်။

ချင်လင်က သူ့ ID ကတ်ကိုထုတ်ပြလိုက်သည်။ သူက အခွန်အစီရင်ခံစာကို အွန်လိုင်းမှတင်ပြပြီးဖြစ်၏။ သူ့ ID ကတ်နှင့်ဖြတ်လိုက်လျှင် အခွန်အချက်အလက်များကိုတွေ့ရမည်။

ချန်ဟောက်လည်း အထဲသို့ရောက်လာသည်။

သူက အချက်အလက်ရယူသလိုဟန်ဆောင်ရင်း ကျောက်မိုချင်း၏ယောက်ျားအခွန်ဘယ်လောက်ဆောင်ရသလဲဆိုတာ အဓိကထားကြည့်၏။

ဒါက စိတ်ပိုင်းဆိုင်ရာထူးဆန်းမှုပင်။ သူ့ဂုဏ်သိက္ခာကျဆင်းရမှုအတွက် ရုတ်တရက်မခံမရပ်နိုင်ဖြစ်ခဲ့ရ၍လည်းဖြစ်မည်။

လီကျားဟွေ့က ချင်လင်၏ ID ကတ်ကိုယူလိုက်သည်။ သူမက အခွန်အချက်အလက်ကို ကတ်ဖြတ်၍ယူလိုက်ပြီးလျှင် ပါးစပ်အဟောင်းသားဖြင့်_ ''ဟမ်...''

သူမအံ့သြလည်း အံ့သြလောက်စရာပင်။ ထိုပေါ်မှအချက်အလက်မှာ မယုံနိုင်လောက်စရာ။

သူ့အသက်(၂၃)နှစ်နှင့် တက္ကသိုလ်ကဘွဲ့ရပြီးခါစရှိသေးတယ်မဟုတ်လား? သူက တစ်လကိုယွမ်(၁)သိန်းဝင်ပြီး ယွမ်နှစ်သောင်းကျော်အခွန်ဆောင်နေပြီ။

ရုံချန်းစီရင်စုလိုနေရာမျိုးမှာ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ တစ်နှစ်ယွမ်(၁)သိန်းဝင်တယ်ဆိုရင်ပဲ အတော်ဟုတ်နေပြီ။ တစ်လယွမ်(၁)သိန်းဝင်သောလူမှာ လက်တစ်ဖက်တည်းနှင့်ရေလျှင်တောင်ရ၏။

မိန်းမပျိုလေးတစ်ယောက်အတွက် ဒါကဘယ်လိုအရည်အချင်းမျိုးလဲ?

သူမက တမူထူးခြားသည့်အကြည့်ဖြင့် ချင်လင်အား သတိလက်လွတ်ကြည့်လိုက်မိသည်။

''လူကြီးမင်းရဲ့အခွန်အချက်အလက်ကို ရပြီးပါပြီ... အခွန်ဆောင်ဖို့အတွက် ကတ်ကိုစကင်န်ဖတ်လိုက်ပါ... ပြီးတာနဲ့ ကျွန်မအခွန်ပြေစာထုတ်ပေးပါ့မယ်''

လီကျားဟွေ့မှာ သူမ၏ပြီးပြည့်စုံသောပုံစံကို မြင်စေချင်သကဲ့သို့ အသံကပိုနူးညံ့သွား၏။

ချင်လင်ကလည်း ဖုန်းကိုထုတ်၍ အခွန်ဆောင်လိုက်သည်။

ခဏအကြာတွင် ဖုန်းထဲမှ AI အသံထွက်လာသည်။ ''(၂၄၃၇၈)ယွမ် အခွန်ဆောင်ပြီးပါပြီ!''

ထိုအသံကို ချန်ဟောက်ကြားလျှင် သူ့ရင်ထဲ၌ အကြိမ်ထောင်သောင်းချီ ကျိန်စာသံကြားသလို သူ့မျက်လုံးများချက်ချင်းပြူးကျယ်သွား၏။

ဒီလောက်အများကြီးအခွန်ဆောင်တာ သူတစ်လကို ယွမ်တစ်သိန်းလောက်ရလို့ပေါ့ ဟုတ်တယ်မလား?

တစ်လယွမ်တစ်သိန်းရတဲ့သူက လျှပ်စစ်ဆိုင်ကယ်လေးစီးသတဲ့လား?

ဟုတ်တာပေါ့! ပိုက်ဆံမရှိလို့ လျှပ်စစ်ဆိုင်ကယ်စီးတဲ့သူကို ဆင်းရဲသားတဲ့။ ပိုက်ဆံရှိရဲ့သားနဲ့ လျှပ်စစ်ဆိုင်ကယ်စီးတဲ့သူကိုတော့ ခပ်လျှိုလျှိုနေတတ်သူပေါ့။

ချန်ဟောက်မှာ အလွန်အမင်းစိတ်ရှုပ်ထွေးသွား၏။

ထိုခဏတွင် လီကျားဟွေ့ကလည်း ပြေစာထုတ်ပြီး ချင်လင်ဆီကမ်းပေးလိုက်သည်။ ထို့နောက် သူမကအပြုံးလေးနှင့်_ ''လူကြီးမင်းချင်... ကျွန်မတို့အခွန်ရုံးမှာ တန်ဖိုးထပ်ပေါင်းဝန်ဆောင်မှုရှိပါတယ်... ကျွန်မက လီကျားဟွေ့ပါ... ကျွန်မတို့ Wechat မှာလည်း ဆက်သွယ်လို့ရပါတယ်... အခွန်နဲ့ပတ်သက်တဲ့ပြဿနာတွေရှိရင် အချိန်မရွေးမေးနိုင်ပါတယ်''

''သောက်...'' ထိုအသံကြားသည်နှင့် ချန်ဟောက်က စိတ်ထဲမှကျိန်ဆဲလိုက်သည်။

သူတို့ရဲ့တန်ဖိုးထပ်ပေါင်းဝန်ဆောင်မှုမှာ တစ္ဆေကပ်နေလား?

''ချင်လင်... ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ?''

ခပ်ပြတ်ပြတ်အသံတစ်ခုထွက်လာသည်။

ကျောက်မိုချင်းက ချင်လင်ကိုမြင်သည်နှင့် အံ့သြပြီး ပြတင်းပေါက်ဆီပြေးလာသည်။

''မိုချင်း!'' ချင်လင်က သူ့ဇနီးကိုမြင်လျှင် ဖက်၍နမ်းလိုက်ချင်သော်လည်း အတွေးနှင့်ပင် ရပ်တန့်လိုက်ရသည်။

လီကျားဟွေ့က ထိတ်လန့်သွားပုံနှင့် စပ်စပ်စုစုမေးလိုက်သည်_ ''မိုချင်း... ဒီကလူကြီးမင်းချင်ကိုသိလား?''

''သူ့ယောက်ျားလေ!'' ချန်ဟောက်က ခပ်ပေါ့ပေါ့ပြောလိုက်၏။

''ဘယ်လို?'' လီကျားဟွေ့က မှင်တက်သွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။

ဒီလိုအရည်အချင်းရှိတဲ့ယောက်ျားမျိုးက လူကိုမစောင့်ဘူးပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးကို လက်ဦးတဲ့သူရှိသွားပြီ။

ဒါကြောင့် ကျောက်မိုချင်းက သူ့ကိုပိုးပန်းနေတဲ့ချန်ဟောက်ကို လျစ်လျူရှုထားတာကိုး။

သူမက မိဘတွေ၊ အစ်မတွေအားကိုးနှင့် ကားဝယ်ထားသော ချန်ဟောက်ကိုကြည့်လိုက်သည်။ သူတော့ ခြေလှမ်းနည်းနည်းနောက်ကျသွားပြီ။

''...'' ချန်ဟောက်ကလည်း လီကျားဟွေ့၏ မထီမဲ့မြင်အကြည့်ကို သတိထားမိလိုက်၏။

သူ့အကြည့်က ဘာသေဘာလဲ?

ချင်လင်က ကျောက်မိုချင်းကိုမြင်သည်နှင့် ပြုံးပြီး_ ''မိုချင်း... ကိုယ်ဒီကိုအခွန်အစီရင်ခံပြီး အခွန်လာဆောင်တာ''

''အခွန်?'' ကျောက်မိုချင်းလည်း နည်းနည်းအံ့သြသွားသည်။ ချင်လင်၏ဆိုင်အခြေအနေကို သူမလည်းအသိ။ ယခင်ကဆိုလျှင် အခွန်ဆောင်နိုင်ခွင့်တောင်မရှိပေ။ အခုဘာလို့ အခွန်လာဆောင်နေတာလဲ?

ချင်လင်ပြောဖူးတာတော့ လက်ကားအရောင်းအဝယ်စလုပ်နေပြီတဲ့။ ကြည့်ရတာ အရက်ထက်စာရင် ဝင်ငွေကောင်းလာသည့်ပုံပင်။

သူမက ချင်လင်အတွက် ဝမ်းသာသွားပြီး သူ့လက်ထဲမှအခွန်ဆောင်ထားသည့်လက်မှတ်ကိုယူကာ ချင်လင်ဘယ်လောက်ဆောင်လိုက်ရလဲကြည့်လိုက်၏။

''၂၄၃၇၈ ယွမ်?'' ကျောက်မိုချင်းက ချင်လင်အခွန်ဆောင်ထားသည့်ပမာဏကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီလောက်အခွန်ငွေများရင် ချင်လင်ဒီလဝင်ငွေက ယွမ်တစ်သိန်းကျော်တာပေါ့။

သူမအမြင်မှားလားဟု ထပ်ခါထပ်ခါကြည့်လိုက်မိ၏။ သူမက ချင်လင်ကို အပြင်ဆွဲခေါ်သွားလိုက်သည်။ အခွန်ရုံးအပြင်ရောက်လျှင် မနေနိုင်ဘဲ ချင်လင်အား မေးလိုက်သည်_ ''အမှန်တကယ်ပဲလား? လက်ကားရောင်းတာက ဒီလောက်တောင်မြတ်သလား?''

ချင်လင်ကပြုံးပြီး ကျောက်မိုချင်းခါးကိုဖက်လိုက်သည်။ ''ဒါပေါ့... အဲဒါထက် ကိုယ့်ဇနီးအတွက် အလုပ်ပိုကြိုးစားရမယ်... ကိုယ်မင်းကို အမြန်ဆုံးအိမ်ခေါ်လာချင်ပြီ''

အမျိုးသမီးများမှာ စိတ်လှုပ်ရှားလွယ်ကြသည်။ ကျောက်မိုချင်းက ထိုစကားကိုကြားသည်နှင့် စိတ်လှုပ်ရှားသွားပြီး မနေနိုင်ဘဲ ချင်လင်၏မျက်နှာကိုနမ်းရှုံ့လိုက်သည်။ ချင်လင်နှင့်အတူ အခက်အခဲများဖြတ်သန်းရန် ဆန္ဒရှိသဖြင့် သူမမိသားစုကိုအသိမပေးဘဲ လက်ထပ်စာချုပ်တောင်ချုပ်ထားသော်လည်း အမျိုးသမီးတစ်ဦးအနေဖြင့် သူ့ယောက်ျားအောင်မြင်သည်ကို မလိုချင်ဘဲနေပါမည်လား?

''ကျွန်မဒီညအချိန်ပိုဆင်းရမယ်။ အလုပ်ကနေလာကြိုပါ'' ကျောက်မိုချင်းကပြုံးရင်း ချင်လင်ကိုကြည့်လိုက်ပြီး ရှက်ရှက်နှင့်သတိပေးလိုက်သည်_ ''ဒီနေ့ ကျွန်မမိဘတွေ နယ်ပြန်ကြမှာ... ကျွန်မဒီည နေလို့ရတယ်''

''ပြီးရင် ဟိုတယ်အခန်းယူထားလိုက်မယ်!''

ချင်လင်က သတိလက်လွတ်ပြောလိုက်သဖြင့် ကျောက်မိုချင်းက သူ့ခါးကိုလှမ်းဆိတ်လိုက်သည်။

''ဟွန့်... အလုပ်အရင်လုပ်လိုက်ဦးမယ်'' ကျောက်မိုချင်းက ဂုဏ်ယူသံနှင့် ထေ့လိုက်သည်။

ချင်လင်က ကျောက်မိုချင်းအခွန်ရုံးထဲဝင်သွားပုံ၊ ခန်းမထဲဝင်သွားပုံကိုကြည့်လိုက်ပြီးမှ လီကျားဟွေ့ပြတင်းပေါက်တွင် အွန်လိုင်းအခွန်ကိစ္စသွားလျှောက်လိုက်သည်။

သည်တစ်ကြိမ်တွင်မူ လီကျားဟွေ့မှာ သိပ်ဟက်ဟက်ပက်ပက်မရှိတော့။ စောစောကလို နူးညံ့သိမ်မွေ့မှု၊စိတ်အားထက်သန်မှုမျိုးနှင့် ဘာမှမဆိုင်တော့။ စိတ်အပြောင်းအလဲမြန်ရောဂါရှိမလားဟု သူများကထင်ကြပေမည်။

အခွန်ရုံးကထွက်လာပြီးနောက် ချင်လင်မှာ အရင်တုန်းကမတူအောင် ပျော်ရွှင်နေ၏။ သူ့လျှပ်စစ်ဆိုင်ကယ်လေးကို ဆေးဆိုင်တွင်ရပ်ပြီး စျေးအကြီးဆုံးထီးလေးကိုဝယ်ရန် ဝင်လိုက်သည်။

သူ့တွင်ရွေးချယ်စရာမရှိ။ မိုချင်းကို အိမ်သို့ ပေါ်ပေါ်ထင်ထင်မခေါ်နိုင်သေးခင် ဘာမှဖြစ်၍မရ။ သို့မဟုတ်ပါက အချိန်ကျလျှင် သူမမိဘများက သေချာပေါက် ပေါက်ကွဲလိမ့်မည်။

သူစျေးသို့ပြန်ရောက်ပြီး ဆိုင်ထဲရောက်သောအခါ ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုကြည့်ရင်း အံ့အားသင့်သွားသည်။

ဂိမ်းထဲမှာ ဇာတ်ကွက်အသစ်ပေါ်နေပြီ။

ဤဂိမ်းထဲတွင် နေ့စဉ်စိုက်ပျိုးခြင်း၊ သားပေါက်ခြင်း၊ တည်ဆောက်ခြင်းတို့အပြင် အခြားဇာတ်ကွက်များလည်း ကွက်ကျားကွက်ကျားပါ၏။ သတ္တုမြို့တော်သားများနှင့်ဆက်သွယ်ခြင်း၊ Zach က ငါးမျှားတံနှင့်ငါးစာလာပေးခြင်းတို့ကဲ့သို့ဖြစ်သည်။

ပုံမှန်အားဖြင့် ဇာတ်ကြောင်းကို တိရစ္ဆာန်တစ်ကောင်ကောင်နှင့် အစပျိုးတတ်၏။ တချို့ထူးဆန်းသည့်သတ္တဝါတစ်ကောင်ကောင်နှင့်အစပျိုးသည်ဆိုပိုမှန်မည်။

ဥပမာဆိုရသော် သူ့ရှေ့က လူပုလေးပင်။

တောနက်ထဲက လူပုလေးများကို သတ္တုမြို့တော်တွင် လူပုလေး(၇)ယောက်ရှိသလို ဇာတ်လမ်းဆင်ထားသည်။ သူတို့က လူပုလေးများကို စိုက်ပျိုးမွေးမြူရေးခြံထဲတွင် အလုပ်လုပ်ရန်ပင် ဖိတ်ခေါ်ထားသည်။

''သင်က စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်လား? ကျွန်ုပ်က တောနက်ထဲကလာတဲ့လူပုလေး အာနီပါ... ကျွန်ုပ်မှာ အဖော်(၇)ယောက်ရှိပါတယ်... သတ္တုမြို့တော်အပြင်ဘက်မှာ အခြေချနေကြတာ... ဒီရက်တွေမှာ သူတို့အိမ်ဆောက်တာကို ကူညီပေးနေပါတယ်'’

''ကျွန်ုပ်က ငါးမျှားရတာကိုသဘောကျပါတယ်... လွန်ခဲ့တဲ့ရက်တွေက မြစ်ဘေးမှာ သင်ငါးမျှားမျှားနေတာကိုတွေ့တယ်... ငါးမျှားပြိုင်ကြမလား?’’

''ငါးမျှားပြိုင်ပွဲမှာ သင်နိုင်ခဲ့ရင် သင့်ကိုလက်ဆောင်တစ်ခုပေးမယ်!’’

လူပုလေးက ငါးမျှားပြိုင်ရန်ဆိုလာသောအခါ ချင်လင်က ဂိမ်းဇာတ်ကောင်ကို လက်ခံစေလိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်က လူပုလေးနှင့် မြစ်ဆီသို့လိုက်သွားတော့၏။

သည်တစ်ကြိမ်တွင် မြစ်ဘေးရှိဂိမ်းမြင်ကွင်းမှာ မတူတော့ပေ။ ဂိမ်းဖန်သားပြင်အမှောင်ကျသွားပြီး ငါးမျှားပြိုင်ပွဲလေးအတွက်မြင်ကွင်းဖြစ်သွားသည်။

ပြိုင်ပွဲမှာ တစ်မိနစ်တွင်း ဘယ်သူကငါးပိုဖမ်းနိုင်မလဲဟု ဖြစ်ပုံရ၏။

ဤပြိုင်ပွဲလေးတွင်ငါးမျှားခြင်းမှာ အရင်ငါးမျှားခြင်းနှင့်မတူ။ ပြိုင်ပွဲဝင်၏တုံ့ပြန်နှုန်းကို အဓိကစမ်းသပ်ခြင်းဖြစ်၏။ ငါးဖြတ်ကူးလာတာတွေ့လျှင် ချိတ်ကိုပစ်ချပြီး ငါးဖမ်းလိုက်မည်။

သူ့လက်နှင့်ဖမ်းရမည်ဆိုပါက ဤကစားပွဲတွင် ချင်လင်ကတုန်ကယင်ဖြစ်နေပေမည်။ အခုတော့ သူ့စိတ်နှင့်ထိန်းပြီးပြိုင်ရမည်ဖြစ်သောကြောင့် စိုးရိမ်ခြင်းမရှိ။

ထို့ကြောင့် ပြိုင်ပွဲစသည်နှင့် ချင်လင်ကလက်ဦးမှုယူပြီး ပြိုင်ပွဲကိုအနိုင်နှင့်ပိုင်းလိုက်လေသည်။

ဂိမ်းဖန်သားပြင်လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ လူပုလေးအာနီက သူ့ကိုလှိုက်လှိုက်လှဲလှဲချီးကျူး၏။ ''သင့်ရဲ့ငါးမျှားစွမ်းရည်က တကယ်တော်တာပဲ… ကျွန်ုပ်ရှုံးသွားပြီ… အနိုင်ရတဲ့အနေနဲ့ ဒါလေးဆုအဖြစ်ပေးမယ်… ဒါကိုအခုပဲ တောထဲကရလာတာ'’

လူပုလေးက ဂိမ်းဇာတ်ကောင်ကို အထူးပုံစံခွက်လေးပေးလိုက်သည်။ အထဲတွင် လှပသောဖြူညိိုညိုအရောင်ငါးလေးကူးခတ်နေ၏။

(တန်ဖိုးကြီးသော အထူးအဆောင်အယောင်သဘာဝငါးကို သင်ရလိုက်ပါပြီ: သဘာဝကျားဖြူ)

All Chapters