တန်ဖိုးကြီးအဆောင်အယောင်ငါး!
Vol. 2 Ch. 21
တခဏချင်း သန်းကြွယ်သူဌေးဖြစ်လာခြင်း!
သဘာဝကျားဖြူ?
ချင်လင်က သဘာဝကကတစ်၊ ငါးကြင်းစိမ်းနဲ့ ငါးကြင်းနက်ပဲသိတာ။
အဆောင်အယောင်ငါးဆိုတာကို သူတကယ်နားမလည်။
အခြားသူများက တန်ဖိုးကြီးအဆောင်အယောင်ငါးကို အသေးစိတ်ချီးကျူးတတ်ကြသည်ကိုမြင်တိုင်း ပထမဆုံးသူတွေးမိသည်မှာ ထိုငါးကိုပေါင်းစား၊ ကြော်လှော်စားလျှင် ဘယ်လိုအရသာရှိမလဲ?
ထိုသူများကိုအတွေးခေါင်သည်ဟုပင် ထင်မိသည်။
သို့သော် အခုတော့ ဒီလိုတန်ဖိုးကြီးသော သဘာဝအဆောင်အယောင်ငါးကို ရလာပြီဖြစ်၍ သူ့ဖုန်းထုတ်ပြီး အွန်လိုင်းတွင်ရှာကြည့်လိုက်၏။
ကျားဖြူမှာ ထိပ်တန်းအင်ဒိုနီးရှားကျားအမျိုးအစားဖြစ်သည်။ ၄င်းတွင် တလက်လက်တောက်နေသော ဖြူညိုညိုအရောင်နှင့် အလွန်လှပသော အသွင်သဏ္ဍန်ရှိ၏။
ထိုအထဲတွင် သဘာဝမျိုးများမှာ အလွန်ရှားပါး၍ ကံကောင်းမှသာ တွေ့နိုင်ကြ၏။ မပြင်မဆင် မခွဲမစိတ် မိတ်ကပ်မလိမ်းထားသော မိန်းမလှလေးကိုတွေ့လိုက်ရသလိုပင်။ အမှန်တကယ်ပင် ဘာမှမလိမ်းထားဘဲ သဘာဝအတိုင်းလှသူများရှိကြ၏။
ဒါက အရေးအကြီးဆုံးတော့မဟုတ်ပေ။ သဘာဝကျားဖြူ၏စျေးနှုန်းကိုတွေ့လျှင် ချင်လင်အံ့သြမှင်တက်သွားသည်။
ဒီလိုငါးက ယွမ်(၆)သိန်းနဲ့ရောင်းလို့ရသတဲ့လား? BMW 5 စီးရီးကားစျေးလောက်လား?
သူ့လိုသာမန်လူအတွက်တော့ ငါးတစ်ကောင်က BMW 5 စီးရီးနဲ့အတူတူဆိုတာ စဉ်းစား၍ပင်မရချေ။
ပိုအရေးကြီးတာက ဒီလိုငါးမျိုးကို အခုထိတန်ဖိုးမဖြတ်နိုင်ဘူးလား? ပေါ်လာသမျှငါးတွေကို ငါးကျွန်တွေက လုယူကြလိမ့်မည်။ ဒါက ပိုက်ဆံရှိပြီး ထားစရာမရှိတဲ့လူတွေ များနေတယ်ဆိုတဲ့ သဘောပင်။
ချင်လင်က မယုံတဝက်နှင့် ဂိမ်းထဲဝင်လာပြီး လူပုလေးကပေးခဲ့သောငါးကို ကြည့်လိုက်သည်။ ဒီငါးကတကယ်ပဲ ဒီလောက်တောင်တန်သတဲ့လား?
ဒီငွေပမာဏက သူပင်ပင်ပန်းပန်းနဲ့ ဖရဲသီးစိုက်၊ စတော်ဘယ်ရီစိုက်၊ ရုံးပတီသီးစိုက်ပြီး ရတဲ့ငွေထက်တောင် ပိုများသေးသည်။
(သဘာဝကျားဖြူ: အရည်အသွေး ၂!)

(အလွန်လှသောငါးဖြစ်သည်။ အမြင်တင့်တယ်မှု +၂၊ အရသာ +၂၊ အနံ့အရသာရှိခြင်း +၂၊ ဝယ်လိုအား +၂!)
အရသာတကယ်ကောင်း...
ဒီလိုငါးမျိုးကို ယွမ်(၆)သိန်းပေးဝယ်မယ့်သူရဲ့ခေါင်းက တစ်ခုခုတော့မှားနေပြီဟု သူထင်မိသော်လည်း ဒီလိုခေါင်းမျိုးရှိသူကို သူချက်ချင်းတွေ့လို၏။
တန်ဖိုးကြီးငါးနဲ့ယွမ်(၆)သိန်းဆို ယွမ်(၆)သိန်းကိုပဲရွေးမှာပေါ့။
သို့သော် ဘယ်သူ့ကိုရောင်းရမလဲတော့ သူမသိသေး။ တစ်ယောက်ယောက်တော့ ယူမှာဖြစ်သော်လည်း ထိုယူမည့်သူများကို ဘယ်လိုအသိပေးရမှန်းမသိဖြစ်နေသည်။
အတွေးတစ်ချက်နှင့် ချင်လင်ကငါးကန်ကိုယူပြီး သဘာဝကျားဖြူကို ဂိမ်းထဲမှထုတ်ယူလာခဲ့သည်။ ထို့နောက် အငှားကားခေါ်၍ ငါးကိုကားထဲ ဂရုတစိုက်သယ်လိုက်၏။
ရုံချန်းစီရင်စုထဲတွင် အဆောင်အယောင်ငါးများရောင်းသော ဆိုင်တစ်ဆိုင်ရှိသည်။ သို့သော် ထိုဆိုင်တွင် သောင်းချီတန်သောငါးပင် လုံးဝမရှိ။ သူတို့ရောင်းသောအဆောင်အယောင်ငါးများမှာ ဆယ်ဂဏန်းမှ ရာဂဏန်းသာတန်ဖိုးရှိလေသည်။
ဒါပေမဲ့ ဒီအဆောင်အယောင်ငါးဆိုင်ကိုဖွင့်တာ နည်းလမ်းတော့ရှိရမယ် ဟုတ်တယ်မလား?
သူ့လက်ထဲ ယွမ်(၆)သိန်းဝင်လာမည်ကိုတွေးမိသည်နှင့် ချင်လင်က ကားထဲဝင်ဝင်ချင်း ကားဆရာအား_ ''ဆရာ... ဖြည်းဖြည်းမောင်းပါ... ငါးလန့်သွားလိမ့်မယ်''
''...'' ကားဆရာက ချင်လင်ကို နောက်ကြည့်မှန်မှကြည့်လိုက်ပြီး နောက်ထပ်လူထူးလူဆန်းနဲ့တွေ့ပြန်ပြီဟု ထင်လိုက်သည်။
ငါးလေးတစ်ကောင်ပဲမလား? သူ့ကိုဒီလိုပြောစရာလိုလို့လား? ဒီမြို့ထဲမှာ သူဘယ်လောက်မြန်မြန်မောင်းနိုင်မှာတဲ့လဲ? သူ့မှာ ကားလေးနည်းနည်းသာကျော်တက်နိုင်သည်။
ကားဆရာက ဒီငါးကို BMW 5 စီးရီးထိပ်တန်းကားလောက်တန်ဖိုးရှိမှန်း ဘယ်သိပါ့မလဲ။ မဟုတ်လျှင် သူလည်းကန့်ကွက်မည်မဟုတ်ပေ။
မကြာမီ ချင်လင်သည် ဟွေ့မိုက်ဟုခေါ်သော အဆောင်အယောင်ငါးအရောင်းဆိုင်သို့ ရောက်လာသည်။ ဆိုင်ထဲဝင်လိုက်သောအခါ လေချွန်ရင်း ငါးကန်တစ်ခုကို စိတ်ရှည်လက်ရှည်လှည့်ပတ်နေသော လူတစ်ဦးကိုတွေ့လိုက်ရ၏။
သူက သူ့ဇနီးအပေါ်ယုယသည်ထက်ပင် ပိုယုယနေသည်ဟုထင်ရသည်။
''ဆိုင်ရှင်ရှိလား?'' ချင်လင်က ကျားဖြူကိုဆိုင်ထဲယူလာရင်း မေးလိုက်သည်။
''လူကြီးမင်း... ကျုပ်ကဆိုင်ရှင်ပါပဲ!'' ထိုလူက လှည့်ကြည့်ပြီး ပြန်ဖြေသည်။ သူ့အကြည့်တို့က ချင်လင်လက်ထဲရှိငါးဆီရောက်လာသည်။ သူက အံ့သြစွာနှင့်_ ''ကျားဖြူ? ဒီအရောင်အဆင်းနဲ့ပုံစံက... သဘာဝအတိုင်းရတာလား? ထိပ်တန်းအဆင့်ပဲ''
''လူကြီးမင်းက ငါးကန်ဝယ်ဖို့လား ငါးစာဝယ်ဖို့လား? ငါးကန်ဆိုရင်တော့ ဒီငါးနဲ့တန်တဲ့ကန်မျိုးမရှိပါဘူး... စိတ်ကြိုက်ပေးရမှာလည်း အားနာတယ်... ငါးစာတချို့တော့ရှိသေး...''
ချင်လင်က ချက်ချင်းဖြတ်ပြောလိုက်၏_ ''ဆိုင်ရှင်... ကျွန်တော်က ဒီငါးကိုရောင်းချင်တာ... နည်းလမ်းများရှိလား?''
ထိုစကားများက ဆိုင်ရှင်၏မျက်လုံးများကို ဝင်းလက်သွားစေ၏။ သူက ချင်လင်အား အားတက်သရောနှင့် ထိုင်ခိုင်းလိုက်ပြီး_ ''လူကြီးမင်း... ကျုပ်က လင်းရှန်ပါ... ခင်ဗျားက ဒီငါးဝယ်မယ့်သူကိုရှာနေတာလား? ခင်ဗျားကိုကူညီပေးဖို့ ကျုပ်မှာစျေးကွက်ရှိတယ်... စျေးအမြင့်ဆုံးရအောင်လည်း ကူညီပေးနိုင်တယ်... ဒါပေမဲ့ ထုံးစံအရ ကျုပ်ကအကျိုးဆောင်အနေနဲ့ ၂၀% ယူမယ်''
ဒါကြောင့် ဒီလူက ရုတ်တရက်အားတက်သွားတာကိုး။
သဘာဝကျားဖြူ။ သူဒီငါး၏စျေးကိုသိသည်။ Wechat တောင်ယာကစားသူများအဖွဲ့မှ ဤစျေးပေါက်သည့်အဆောင်အယောင်ငါးတချို့ရှိကြောင်း သိလာရခြင်းဖြစ်၏။ ဒါက အိမ်တံခါးဝကို ရွှေထုပ်ကျလာသလို တိုက်ဆိုင်တာမျိုးမဟုတ်လား?
ဒီငွေပမာဏရဖို့ ငါးကန်နဲ့ တန်ဖိုးနည်းတဲ့အဆောင်အယောင်ငါးဘယ်လောက်များ သူရောင်းရမလဲ?
''သူဌေးလင်း... ဒါဆိုလည်း ထုံးစံအတိုင်းပေါ့... ထိုက်သင့်သလောက် ခင်ဗျားရရမှာပေါ့''
ချင်လင်က သံသယမရှိပေ။ လူအဖွဲ့အစည်းထဲမှာ စီးပွားရေးအတော်များများက အကျိုးဆောင်တွေအပေါ်အားထားရတာမလား? ဒီလိုလူမျိုးတွေကိုခေါ်တာ နောက်တစ်မျိုးရှိသေးတယ်: ပွဲစားတဲ့။

ကြေးစားလုပ်တဲ့သူနဲ့ ကြုံမှလုပ်တဲ့သူရယ်လို့တော့ ရှိသေးတာပေါ့။ လင်းရှန်က ကြုံလို့လုပ်လိုက်တာမှန်း သူအတပ်ပြောနိုင်၏။
သူပြောတဲ့ ၂၀% ကတော့ ပုံမှန်ပဲလား စျေးကြီးလားတော့ သူမသိချေ။
မည်သို့ဆိုစေ သူ့အတွက်ကိစ္စမရှိပေ။ ဘာပဲဖြစ်ဖြစ်သူက ငွေရင်းမှမစိုက်ရဘဲ။ သူကိုယ်တိုင်လည်း ဝယ်သူလိုက်ရှာနိုင်ဖို့လမ်းမမြင်။ အချိန်ကုန်လူပမ်းပြီး ပြဿနာတောင်တက်နိုင်သေး၏။
''လူကြီးမင်းကြည့်ရတာ သဘောကောင်းတဲ့ပုံပဲ''
လင်းရှန်က ချင်လင်သဘောတူသည်နှင့် ဟက်ဟက်ပက်ပက်ပြုံးလိုက်သည်။ သို့သော် ချင်လင်ကတိပျက်မှာလည်းစိုးနေ၏။ သူက ကော်မရှင်စာချုပ်ကို ကျွမ်းကျင်စွာထုတ်လိုက်ပြီး လက်မှတ်ထိုးလိုက်ကြသည်။
ထို့နောက်သူက ငါးကို ဓာတ်ပုံနှင့်ဗီဒီယိုတချို့ရိုက်ယူလိုက်ပြီး အမှတ်အသား (သို့) မှတ်ပုံတင်ထားသည့်ကုတ်ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။
ဘာမှမရှိတော့မှ ပျော်ပျော်ရွှင်ရွှင်နှင့် သူ့ဖုန်းကိုကောက်ယူလိုက်ပြီး လုပ်ငန်းစတော့၏။ သူက ဖုန်းတချို့ခေါ်ပြီး Wechat မှ ဓာတ်ပုံနှင့်ဗီဒီယိုများပို့လိုက်သည်။
ထိုသို့လုပ်နေသည်မှာ တစ်နာရီခန့်ကြာသွားပြီးနောက် လင်းရှန်က ချင်လင်အား_ ''လူကြီးမင်း... ကျုပ် စိတ်ဝင်စားတဲ့သူသုံးယောက်နဲ့ချိတ်ပေးထားတယ်... စျေးအမြင့်ဆုံးပေးတဲ့သူက ရေမြို့တော်ကသူဌေးပဲ... သူက ဒီငါးကို ယွမ်(၆)သိန်းခွဲပေးတယ်... သူ့မြို့ကနေဒီလာဖို့ နှစ်နာရီလောက်ကြာလိမ့်မယ်''
''ကောင်းပြီ!'' ချင်လင်က ခေါင်းညိမ့်လိုက်၏။ ငါးရောင်းတဲ့သူ့ထက်ပိုပြီး ထိုလူကိုစိတ်လှုပ်ရှားနေမည်ဟု မထင်ထားပေ။
အချိန်နှစ်နာရီက အလျင်အမြန်ကုန်သွား၏။ ဆိုင်ပေါက်ဝသို့ ကားတစ်စီးလာရပ်ပြီး အသက်(၄၀)ခန့်လူတစ်ယောက်ဆင်းလာကာ ထိုလူက_ ''သူဌေးလင်း... ဘယ်မှာလဲ ငါးက?''
လင်းရှန်က ချက်ချင်းပင် စားပွဲပေါ်မှငါးကန်ကို လက်ညိုးထိုးပြလိုက်ပြီး_ ''သူဌေးကျွမ်... ငါးကဟိုမှာပါ... ခင်ဗျားဘေးကလူက ငါးပိုင်ရှင် လူကြီးမင်းချင်တဲ့''
''လူကြီးမင်းချင် ကျုပ်အရင်ဆုံး ငါးကိုကြည့်လို့ရမလား?'' သူဌေးကျွမ်က နည်းနည်းစိတ်ပူပုံပေါ်နေသည်။ သူ့ကိုနှုတ်ဆက်ပြီးနောက် ရှေ့တိုးသွားကာ စူးရှသည့်မျက်လုံးများနှင့် ကြည့်လိုက်၏။
ချင်လင်က သူ့ကိုမနှောင့်ယှက်ဘဲထားလိုက်သည်။
တဖြည်းဖြည်းနှင့် သူဌေးကျွမ်၏မျက်နှာထား ပြင်းထန်လာသည်ကို သိသိသာသာတွေ့ရ၏။
''လှတယ်... အရမ်းလှတယ်... ဒီမျက်လုံးတွေ... ဒီပုံစံ... အကြေးကလည်း ပြီးပြည့်စုံတယ်!''
သူဌေးကျွမ်က ပြုံးပျော်နေသောမျက်နှာထားနှင့်ဆိုလိုက်သည်။
''သဘာဝငါးတွေက တကယ်ပိုလှတယ်''
သူက မိန်းမလှလေးကို တွေ့လိုက်ရသလိုပင်။
ထိုအခြင်းအရာက ချင်လင်ကို ပါးစပ်အဟောင်းသားဖြစ်စေ၏။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူ့မျက်လုံးထဲတွင်တော့ ထိုငါးကနည်းနည်းပိုလှသည်မှလွဲ၍ ဘာမှမဟုတ်ပေ။
''လူကြီးမင်းချင်... ကျုပ်ဒီငါးကိုလိုချင်တယ်... ကျုပ်တို့အခုချက်ချင်းငွေချေလို့ရတယ်''
သူဌေးကျွမ်က အချိန်ခဏလောက် ငါးကိုချီးကျူးနေပြီးမှ စိုးရိမ်တကြီးပြောလာသည်။
ဒီငါးက ထိပ်တန်းပဲ။ ဒါကသဘာဝအတိုင်းပေါက်ဖွားလာတာ။ ထိန်းသိမ်းရတာလည်းကောင်းတယ်။ ဒါက သူ့ငါးပြခန်းထဲမှာ လက်ရွေးစင်ထဲကတစ်ခုဖြစ်လာလိမ့်မယ်။
ပြီးတော့ အကြောင်းအရင်းမရှိဘဲ ဒီငါးကိုမြင်တာနဲ့ ဝယ်ချင်စိတ်တဖွားဖွားပေါ်လာသည်။ မဝယ်လိုက်ရရင် သူနောင်တရမှာကိုလည်း သူသိနေ၏။
ချင်လင်က ကန့်ကွက်လိုခြင်း အလျဉ်းမရှိသော်လည်း ထိုငါးဝယ်သူများကို တကယ်နားမလည်နိုင်အောင်ဖြစ်ရသည်။ ငါးကိုယွမ်(၆)သိန်းပေးပြီးဝယ်တဲ့သူက ငါးရောင်းတဲ့သူ့ထက်တောင် ပိုစိတ်ပူနေသတဲ့။ သူကနတ်မိမယ်လေးရထားပြီး အခန်းပြင်ထားတာကျနေတာပဲ။
ဒါက ဝယ်လိုအား +၂ အာနိသင်ကြောင့်ဖြစ်မည်ထင်သည်။
သိပ်မကြာခင်_
သူဌေးကျွမ်မှာ နီရဲနေသောမျက်နှာနှင့် ငါးကိုယူပြီးထွက်သွားလေသည်။
ချင်လင်၏ဘဏ်ကတ်ထဲတွင်လည်း ငွေအချီကြီးရလိုက်သည်ပေါ့။
''သင်၏နောက်ဆုံးနံပါတ်... ဝင်ငွေမှာ ယွမ်(၆၅၀၀၀၀)... သင့်လက်ကျန်ငွေမှာ ယွမ်(၁၀၃၅၇၇၉.၆၀)''
တခဏချင်း သူက သန်းချီသူဌေးဖြစ်သွားပြီလား?