စံအိမ်! ထပ်မံအဆင့်တက်ခြင်း!
Vol. 2 Ch. 22
ယွမ်တစ်သန်းနဲ့ဘာလုပ်လို့ရလဲ?
ချင်လင်အတွက်ကတော့ အိမ်ကအကြွေးတွေအကုန်ဆပ်ပြီး ကျောက်မိုချင်းကိုအိမ်ခေါ်လာဖို့ အိမ်တစ်လုံးဖိုးတောင် ချေလို့ရသေးသည်။
ရည်မှန်းချက်တွေနဲ့လူတစ်ယောက်သာဆိုရင် ဒီယွမ်တစ်သန်းကို ကြီးကြီးမားမားလုပ်ဖို့စဉ်းစားကြမှာပင်။ သူတို့စိတ်ထဲမှာ နောက်ထပ်ယွမ်တစ်သန်းရဖို့ အကြံအစည်တွေအမျိုးမျိုးချထားလောက်ပြီ။
သို့သော်သူကတော့ ရည်မှန်းချက်မရှိ။ သူ့မှာပန်းတိုင်မရှိသေးခင် ပေါ့ပေါ့ပါးပါးနေပြီး ကျောက်မိုချင်းကို လူရွေးမမှားကြောင်း သိစေချင်သည်။
ယွမ်(၆)သိန်းခွဲရပြီးနောက် ချင်လင်ကမဆိုင်းမတွပင် လင်းရှန်အား ယွမ်(၁၃၀၀၀)လွှဲပေးလိုက်၏။
သူလည်း တစ်ထိုင်တည်းအချီကြီးရလိုက်သလို ပွဲစားကိုလည်း အချိန်ဆွဲမထားချင်ပေ။ နှစ်ဦးနှစ်ဖက်ပျော်ရွှင်မှုက နောက်ခြေလှမ်းအတွက် အခြေခံအုတ်မြစ်ဖြစ်၏။
ဂိမ်းထဲမှလူပုလေးအာနီက သူ့ကိုနောက်ထပ်လာရှာပြီး တဖန်ငါးမျှားပြိုင်ကာ နောက်ထပ်ငါးတစ်ကောင်များပေးလေမလား? ဒါဆိုရင် လင်းရှန်ကို လိုအပ်သေး၏။
ဒီအဆောင်အယောင်ငါးကိုရောင်းတာ ချင်လင်အတွက်ပထမဆုံးအကြိမ်ဆိုတာ လင်းရှန်လည်းသိသည်။ သူကပြုံးရင်း ငွေလက်ခံလိုက်ပြီး သတိပေးလိုက်၏_ ''လူကြီးမင်းချင်... တစ်လအတွင်း အခွန်ငွေအစီရင်ခံပြီး အခွန်ဆောင်ဖို့မမေ့ပါနဲ့... အဆောင်အယောင်ငါးရောင်းဝယ်ရေးမှာ တိတိကျကျအခွန်ငွေသတ်မှတ်ထားတာမရှိဘူးဆိုပေမဲ့ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေထဲမှာ အထူးအခွန်ဆောင်ရမယ့်အထဲပါနေတယ်''
''အရင်တုန်းက အဆောင်အယောင်ငါးကို ယွမ်(၅)သိန်းနဲ့ရောင်းပြီး အသိပေးဖို့မေ့နေတဲ့ လူတစ်ယောက်ရှိဖူးတယ်... သူကအတွေ့အကြုံမရှိလို့လေ... နောက်မှအစီရင်ခံစာတင်တော့ နှစ်ဆဒဏ်ရိုက်ခံရတဲ့အပြင် အချုပ်ထဲလည်း ခဏဝင်လိုက်ရသေးတယ်''
''သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးလင်း!'' ချင်လင်က အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိမ့်ပြလိုက်သည်။
သူက အခွန်ဆောင်ဖို့မေ့မည်မဟုတ်ပေ။ သူမေ့လျော့ပြီး အစစ်ဆေးခံရမှာကို ပိုတောင်ကြောက်သေးသည်။ နောက်ပြီး သူ့လျှို့ဝှက်ချက်များကိုလည်း လူသိခံ၍မဖြစ်ပေ။
လင်းရှန်ကိုနှုတ်ဆက်ပြီးနောက် ချင်လင်က စျေးထဲကဆိုင်သို့ပြန်ရောက်ရောက်ချင်း အခွန်ရုံးဝဘ်ဆိုက်ထဲဝင်လိုက်ပြီး လုပ်ငန်းအပေါ် အခွန်အစီရင်ခံစာတင်လိုက်၏။
အဆောင်အယောင်ငါးမှာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်ထဲတွင် အပါအဝင်ဖြစ်သော်လည်း အထူးတန်ဖိုးထပ်ပေါင်းလုပ်ငန်းဖြစ်လေသည်။ အခွန်နှုန်းမှာ ၉% ဖြစ်ပြီး တန်ဖိုးထပ်ပေါင်းအခွန်မှာ ၃% ဖြစ်သည်။ တစ်နည်းဆိုသော် သူ့မှာ ယွမ်(၆)သိန်းခွဲဖိုးရောင်းပြီး ယွမ်(၇၈၀၀၀)အခွန်ဆောင်ရလေသည်။
အွန်လိုင်းမှမှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်းပြီးသောအခါ သန်းချီသော သူ့ဘဏ်ကတ်မှာ (၉၅၃၀၀၀)ယွမ်သာကျန်တော့၏။
ညနေပိုင်းတွင် စတော်ဘယ်ရီနှင့် ရုံးပတီများမှည့်လာသည်။ ချင်လင်က ချက်ချင်းခူးပြီး မျိုးစေ့များထပ်စိုက်လိုက်သည်။ ထို့နောက် စတော်ဘယ်ရီသီးမှည့်များကို RT စျေးသို့ပို့ရာ ယွမ်(၄၂၃၉၀)ရသည်။
ထို့ပြင် မန်နေဂျာချန်အတွက် အရည်အသွေး ၂ ရုံးပတီသီး (၁၀)ကတ်တီထုတ်ယူခဲ့၏။ တစ်ကတ်တီကို ယွမ်(၄၀၀)နှင့် မန်နေဂျာချန်က ပျော်ပျော်ကြီးယွမ်(၄၀၀၀)ပေး၍ သူ့မှာရှိသလောက်ပို့ပေးရန်ပင် ညွှန်ကြားလိုက်သေးသည်။
သူက ယနေ့ယွမ်စုစုပေါင်း(၄၆၃၉၀)ရလိုက်ပြီး သူ့ဘဏ်စာရင်းမှာ ယွမ်တစ်သန်းကျော်သွား၏။
တစ်သန်းကျော်သွားပြန်ပြီ။
ညပိုင်းတွင်_
ညစာစားပြီးနောက် ချင်လင်က သန့်စင်ခန်းထဲဝင်ပြီး ရေချိုးလိုက်သည်။ သူက မိုချင်းကို အလုပ်မှသွားမကြိုခင် ရှပ်အင်္ကျီတစ်ထည်သေချာရွေးဝတ်ပြီး ဆံပင်များလေမှုတ်လိုက်သေး၏။
အခွန်ရုံးသို့ရောက်သောအခါ အထဲတွင်အချိန်ပိုဆင်းနေသူများ တစ်ယောက်ပြီးတစ်ယောက်ထွက်လာသည်။ ထိုထဲတွင် ချန်ဟောက်လည်းပါ၏။ ကြည့်ရတာ ဒီနေ့အချိန်ပိုဆင်းသူများပုံရသည်။
ချန်ဟောက်က ချင်လင်ကိုမြင်သွားပြန်၏။ သည်တစ်ကြိမ်တွင်မူ သူကမျက်နှာသေနှင့် သူ့ Audi ကားဆီလျှောက်သွားလိုက်သည်။ အဲဒီလို ကျားကိုစားရန် နွားဟန်ဆောင်နေသည့်ကောင်မျိုး သူမမြင်လိုပါချေ။
''ချင်လင်!'' ကျောက်မိုချင်းက လီကျားဟွေ့နှင့်အတူ စာဖိုင်များကိုင်ပြီး ထွက်လာသည်။ ချင်လင်ကိုမြင်သောအခါ ပျော်ရွှင်ပြီး ခပ်သွက်သွက်ပြေးလာကာ နောက်ခုံတွင်ဝင်ထိုင်လိုက်၏။
လီကျားဟွေ့က ထိုမြင်ကွင်းကိုမြင်လျှင် အားမကျဘဲမနေနိုင်တော့ချေ။ ကြည်နူးစရာကောင်းလိုက်တာ!
ဘယ်မိန်းကလေးကရော ဒီလိုမျိုးအလုပ်ကို လျှပ်စစ်ဆိုင်ကယ်နဲ့လာကြိုတဲ့ယောက်ျားမျိုး မလိုချင်ဘဲနေမှာတဲ့လဲ?
ချင်လင်က လျှပ်စစ်ဆိုင်ကယ်ကိုကွေ့ပြီး ဟိုတယ်ဆီသွားလိုက်သည်။ သူ့အခန်းကတ်ယူပြီးလျှင် အပေါ်ထပ်တက်ရင်း သူ့လက်ထဲမှအခန်းကတ်ကိုယမ်းလိုက်ကာ_ ''ငါဒီနေ့ ဒီဟိုတယ်မှာအကောင်းဆုံးအခန်းကိုယူလိုက်တယ်... ငါကြားတာတော့ အထဲကရေချိုးကန်က စူပါ...''
''ရှင်သေချင်လို့လား? ကျွန်မတို့က လူကြားထဲမှာလေ'' ကျောက်မိုချင်းက စိတ်ဆိုးဆိုးနှင့် ချင်လင်၏ခါးကို လှမ်းထုလိုက်သည်။
ချင်လင်က သူ့အခန်းကတ်ကို ဂုဏ်ယူစွာနှင့်ထုတ်လိုက်ပြီး အခန်းတံခါးဖွင့်လိုက်သည်။
''ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်!''
ကျောက်မိုချင်းက အခန်းထဲရောက်သည်နှင့်
သူ့အိတ်နှင့်စာဖိုင်များကိုချပြီး သန့်စင်ခန်းဝင်လိုက်သည်။
ချင်လင်က မသိတတ်သူမဟုတ်ပေ။ သူကအလိုက်သင့်နေလိုက်၏။
…
တစ်နာရီကြာပြီးနောက်_
ကျောက်မိုချင်းက သူမယူလာသော အချက်အလက်များစုစည်းနေသည်ကို ချင်လင်က ဘေးမှမျက်နှာသုတ်ပဝါကိုင်ကာကြည့်ရင်း_ ''မိုချင်း... ဘယ်အချက်အလက်က ဒီလောက်အရေးကြီးနေတာလဲ? အလုပ်ဆင်းပြီးတာတောင် အိမ်သယ်စရာလိုသေးလား?''
ကျောက်မိုချင်းက_ ''အရင်တုန်းက မြို့နယ်အစိုးရပိုင်လုပ်ငန်းတစ်ခု ပြဿနာတက်ခဲ့သေးတယ်မဟုတ်လား? အဲဒီပြဿနာက အရှိန်မသေသေးဘူး... လူတချို့ပါလာပေမဲ့ ပိုက်ဆံတချို့က ပြန်ဆယ်မရဘူး... အဲဒါကြောင့် သူတို့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ပြီး ရုံးထဲမှာ လေလံတင်ထားတယ်''
''ဒီနေ့အချိန်ပိုဆင်းရတာ အဲဒါကြောင့်လေ... ဦးလေးက ကျွန်မကို ဒီဖိုင်တွေစစ်ဆေးဖို့တာဝန်ယူခိုင်းတယ်... ပြီးရင် မနက်ဖြန်လေလံအတွက် ရုံးမှာမှတ်တမ်းတင်ဖို့ပေးခိုင်းလိုက်တယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ ကျောက်မိုချင်း၏ဦးလေးက အခွန်ရုံးမှာ ဌာနဆိုင်ရာအကြီးအကဲတစ်ဦး။ သူက ကျောက်မိုချင်းကို အထူးဂရုစိုက်ပြီး မျက်နှာသာလည်းပေးသည်။
မြို့နယ်လုပ်ငန်းအကြောင်းကို သူလည်းကြားထားပြီးသား။ ထိုကိစ္စမှာ ရုံချန်းစီရင်စု၏ Wechat လတ်တလောအစီအစဉ်တွင်တောင် ပျံ့နှံ့နေပြီ။ နောက်ပြီး လောလောဆယ်တွင် အားလုံးက လာဘ်စားသည့်ကိစ္စကို စိတ်အဝင်စားဆုံးဖြစ်နေကြ၏။
သူက ကျောက်မိုချင်းပြန်လည်စစ်ဆေးထားသည့် စာဖိုင်များကို သိချင်စိတ်နှင့်ယူကြည့်လိုက်သည်။ အားလုံးမှာ ထိုလူများ၏နာမည်နှင့် ကားများ၊ အိမ်များ၊ စတော့ရှယ်ယာများ စသည်။ ထိုအထဲတွင်လေလံတင်ထားသည့်ပစ္စည်းတစ်မျိုးက သူ့အာရုံကိုဆွဲဆောင်နေလေသည်။
ထိုလေလံပစ္စည်းမှာ လယ်တောအိမ်ပင်။ ဒါက မိုချင်းပြောဖူးတဲ့ အကျင့်ပျက်လူတွေစားသောက်ကြွားဝါနေတယ်ဆိုတဲ့လယ်တောအိမ်လား?
ထိုလယ်တောအိမ်၏အမည်မှာ ဖုဟိုင်စံအိမ်ဖြစ်သည်။ သေးသေးနုပ်နုပ်မဟုတ်၊ ဧက(၅၀၀)လောက်ရှိ၏။ ငါးကန်လည်းပါပြီး စံအိမ်အနီးတွင် ရေလှောင်တမံသုံးစွဲခွင့်လည်းရှိသည်။
သို့သော်လည်း မြေအများစုမှာ သုံး၍မကောင်းပေ။ သီးနှံမဖြစ်ထွန်းသောမြေတွေချည်း...
လေလံရုံးတင်သည့် ရုံချန်းစီရင်စုကဲ့သို့ နေရာငယ်လေးတွင် အငှားကာလနှင့် ပစ္စည်းဥစ္စာလွှဲပြောင်းရယူခွင့်အတွက် လေလံစခေါ်စျေးမှာ သိပ်မများပေ။ ယွမ်(၆)သိန်းသာကျပေမည်။
နောက်ဆုံးစျေးကတော့ ပြိုင်ဆိုင်သူများအပေါ် မူတည်၏။
''မိုချင်း... ဖုဟိုင်စံအိမ်ရော လေလံတင်ထားပြီလား? အရှုပ်အရှင်းတွေတော့ မရှိလောက်ဘူးမလား?'' ချင်လင်က မစဉ်းစားဘဲမေးလိုက်သည်။ သူ့စိတ်ထဲတွင် ထိုအကြောင်းသာရှိ၏။
တက္ကသိုလ်တုန်းက သူ့မေဂျာမှာ ခရီးသွားစီမံခန့်ခွဲမှုပင်။ ထိုအချက်အလက်တို့ကိုမြင်လျှင် ဖုဟိုင်စံအိမ်နှင့် သူ့စိတ်ထဲမှစံပြစိုက်ခင်းဂိမ်းတို့ကို ပေါင်းစပ်၍ရနိုင်မည်ဟုထင်မိသည်။ ဖရဲသီး၊ စတော်ဘယ်ရီသီးနှင့် ရုံးပတီသီးတို့ကိုရောင်းရန် သူဆက်ထိန်းထားနိုင်ပါမည်လား?
အခုတော့ သူ့ဝင်ငွေကိုအာမခံချက်ရှိစေမယ့် စနစ်ရှိပြီ၊ သူက အဆုံးထိ စာအုပ်ကြီးအတိုင်းသွားမည့်သူမဟုတ်ပေ။ အဆင်သင့်ပန်းတိုင်ရှိလျှင် သူ့အကြွေးတွေဆပ်ဖို့ဆိုင်းငံ့ထားပြီး လောလောဆယ်အိပ်မက်နောက်ကိုလိုက်မည်။ နောက်ပြီး အခွင့်ကောင်းတွေဆိုတာ လူကိုမစောင့်တတ်ဘူးလေ။
အရေးတကြီးအသုံးလိုမည့်အကြွေးရှင်မရှိလျှင် ရက်ပိုင်းလောက်စောခြင်း၊ နောက်ကျခြင်းက ကိစ္စမရှိ။ ကျေးဇူးကြွေးမှာ တစ်သက်စာဖြစ်ပြီး ရက်ပိုင်းနှင့်အလျင်စလိုလုပ်ရမည့်အရာမဟုတ်ပေ။
သို့သော် ရုံးတင်လေလံတွင် နောက်ဆက်တွဲပြဿနာများရှိတတ်၏။ ဥပမာအားဖြင့် ပြဿနာဖြစ်စေသော ပါတီမိသားစုဝင်များဖြစ်ပြီး အကြွေးရှိနိုင်ချေများ၏။
ကျောက်မိုချင်းက_ ''အိမ်နဲ့ကားပြဿနာတွေရှိနိုင်ပေမဲ့ အဲဒီအိမ်နဲ့ကားကိုလေလံတင်ရဲတဲ့သူတွေမှာ ပြဿနာဖြေရှင်းနည်းတော့ သေချာပေါက်ရှိမှာပဲ''ဟု ရှင်းပြလိုက်သည်။
''ဒီဖုဟိုင်စံအိမ်ကတော့ ပြဿနာမရှိဘူး... ကျွန်မသွားကြည့်ပြီးပြီ... ပတ်ဝန်းကျင်လည်း မဆိုးဘူး... သူတို့က အစာနဲ့ရေအတွက်ပဲဂရုစိုက်တာ... ကောင်းကောင်းမစီမံထားဘူး''
ကျောက်မိုချင်းစကားတို့ကိုကြားသည်နှင့် ချင်လင်လည်း စိတ်သက်သာရာရသွားသည်။
…
နောက်နေ့နံနက်တွင် ချင်လင်က ကျောက်မိုချင်းနှင့်အတူ ဟိုတယ်မှထွက်လာသည်။ သူမအလုပ်မသွားခင် အဝတ်အစားလဲရန် ပြန်ပို့ပေးရဦးမည်။
ထို့နောက် နေမကုန်ခင် ရုံချန်းစီရင်စုတရားရုံးအွန်လိုင်းလေလံတင်ပွဲတွင် ဖုဟိုင်စံအိမ်အပါအဝင် အခြားလေလံပစ္စည်းများတင်ထားသည်ကို ချင်လင်တွေ့လိုက်ရ၏။ စခေါ်စျေးယွမ်(၆)သိန်းအပြင် နောက်ထပ်လေလံပစ္စည်းပါသေး၏။ ငှားရမ်းစာချုပ်မှာ ထပ်မံလက်မှတ်ထိုးခြင်းဖြင့် သက်တမ်းတိုးနိုင်၏။ ထိုကာလအတွင်း ငှားရမ်းခတက်မည်လည်းမဟုတ်ပေ။ ထို့အပြင် ဦးစားပေးမြေငှားစာချုပ်လည်းရှိ၏။
ထိုစံအိမ်မြေမှာ အစိုးရပိုင်ဖြစ်၏။ မြေငှားစာချုပ်ကျလာလျှင် ထပ်မံငှားရမ်းရမည်ဖြစ်သည်။ ထိုစျေးနှင့်ပင် ဦးစားပေးရှိ၏။
သို့သော်လည်း ဆွဲဆောင်မှုတော့မရှိသေး။ ဘာပဲဖြစ်ဖြစ် နေရာငယ်လေးကစံအိမ်သာသာပဲလေ။ ကောင်းကောင်းလုပ်နိုင်ဖို့လည်းမသေချာ။ ကောင်းကောင်းမလုပ်နိုင်ခဲ့လျှင် အားလုံးဆုံးရှုံးရပေမည်။
အခုသူထည့်စဉ်းစားရမှာက တခြားပြိုင်ဘက်ရှိမရှိပင်။ သူလိုလူနှင့်ကြုံခဲ့ပါက စခေါ်စျေးယွမ်(၆)သိန်းထက်ကျော်မှာအသေအချာ၊ ယွမ်တစ်သန်းပင်ကျော်နိုင်သေး၏။
ဒီလိုစိတ်ကူးရှိတာ သူတစ်ယောက်တည်းမဟုတ်ဟုတော့ထင်သည်။
ဘာပဲဖြစ်နေနေ ချင်လင်က စိတ်ပြတ်သားစွာနှင့် လေလံအတွက် အချက်အလက်များဖြည့်ပြီး လျှောက်လွှာတင်လိုက်၏။ နောက်တစ်ပတ်အကြာတွင် လေလံတင်မည်ဖြစ်သည်။
…
အချိန်တစ်ပတ်က မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွား၏။
လွန်ခဲ့သောတစ်ပတ်အတွင်း စတော်ဘယ်ရီနှင့် ရုံးပတီစိုက်ခြင်းမှ ချင်လင်သည် ယွမ်(၂၇၀၀၀၀)ရလိုက်ပြီး သူ့လက်ရှိငွေမှာ ယွမ်(၁.၂၈)သန်းဖြစ်လာသည်။
နံနက်အစောအိပ်ရာမှနိုးလာသောအခါ ချင်လင်သည် တရားရုံးမှလေလံအသိပေးစာကို စောစောစီးစီးလက်ခံရလိုက်သည်။ လေလံပွဲက နေ့လယ်(၂)နာရီတွင်စမည်။ လေလံဝင်ပြိုင်ခွင့်ရရန် စခေါ်စျေး၏ ၁၀% သွင်းရမည်ဖြစ်၏။
ချင်လင်က မဆိုင်းမတွ ယွမ်(၆)သောင်းသွင်းလိုက်ပြီးနောက် ဂိမ်းဖန်သားပြင်ကိုကြည့်ပြီး စတော်ဘယ်ရီနှင့်ရုံးပတီမှည့်များခူးလိုက်ကာ မျိုးစေ့များထပ်ချထားလိုက်သည်။
ဤတစ်ကြိမ်မျိုးစေ့စိုက်ပြီးပြီးချင်း ဂိမ်းမှအသိပေးစာရလိုက်၏။
ဂိမ်းဇာတ်ကောင်အဆင့်ထပ်တက်သွားပါပြီ။ နယ်မြေအသစ်ဖွင့်နိုင်ပြီး အဆင့်(၃)နယ်မြေသို့မြှင့်တင်နိုင်ပါပြီ။