စံအိမ်လက်ဝယ်ရရှိခြင်း! သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်!
Vol. 2 Ch. 23
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကို ချက်ချင်းကြည့်လိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်က အဆင့်ထပ်တက်သွားပြီ။ သူရလိုက်သောအသိပေးစာမှာ အဆင့် ၁ နယ်မြေထပ်ပြီးတိုးချဲ့နိုင်ကြောင်းနှင့် အဆင့် ၃ နယ်မြေသို့မြှင့်တင်နိုင်ကြောင်းဖြစ်၏။
အဆင့် ၃ နယ်မြေမှာ ပိုတန်ဖိုးကြီးသောသီးနှံများ စိုက်ပျိုးနိုင်လေသည်။
အဆင့် ၃ နယ်မြေမြှင့်တင်ဖို့ ဂိမ်းထဲကရွှေပြားတော့ လိုသေးတာပေါ့။ သူကဂိမ်းထဲမှသီးနှံအားလုံးကို လက်တွေ့ဘဝတွင် ထုတ်ရောင်းလိုက်ပြီဖြစ်၍ ဂိမ်းထဲတွင် ရွှေပြားမရှိပေ။
ဖြစ်ချင်တော့ သူ့နေ့တိုင်းမျှားထားသည့် ငါးများရှိသေး၏။
သူက ထိုငါးအားလုံးကို ချက်ချင်းရောင်းပစ်လိုက်သည်။ သူစုဆောင်းထားသည့် အရည်အသွေး ၂ ရှိသဘာဝကကတစ်ငါးများ၊ သဘာဝငါးကြင်းစိမ်းနှင့် ငါးကြင်းနက်များဖြစ်၏။
ထိုငါးများမှာ ပစ္စည်းကောင်းများဖြစ်သဖြင့် သူစုဆောင်းထားခြင်းဖြစ်သည်။
သို့သော် ဒီအတောအတွင်း သူဖမ်းမိထားသည့် ငါးများကိုရောင်းပြီးရထားသော ရွှေပြားများလည်းရှိသေးသည်။ ထိုရွှေပြားများမှာ အဆင့် ၃ မြှင့််တင်ရန်မလုံလောက်ပါချေ။
ကြည့်ရတာ အဆင့်မြင့်လာသည်နှင့်အမျှ ရွှေပြားများပိုလိုအပ်လာသည့်ပုံပင်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို ကိရိယာများထုတ်စေပြီး နယ်မြေအသစ်များဖွင့်စေလိုက်သည်။
ပေါင်းသင်ခြင်း၊ ကျောက်စရစ်ရှင်းခြင်း၊ သစ်ပင်ခုတ်ခြင်း... အချိန်ယူ၍ နယ်မြေအသစ်(၆)ကွက်ဖွံ့ဖြိုးစေပြီးနောက် ရုံးပတီမျိုးစေ့များချထားလိုက်၏။
ထိုမြေ(၆)ကွက်မှရသောရုံးပတီများကို လက်တွေ့လောကတွင်မရောင်းဘဲ ဂိမ်းထဲတွင်သာရောင်းရန် စီစဉ်ထားသည်။
အရင်ဆုံး အဆင့် ၃ နယ်မြေဖြစ်အောင် မြှင့်တင်ရပေမည်။
နောက်ပြီး နောင်တွင်ဆက်ဖွင့်မည့် မြေကွက်တစ်စိတ်တစ်ပိုင်းကိုလည်း ဂိမ်းထဲတွင်ရောင်းချရန် ထိန်းသိမ်းထားရပေမည်။ နောက်ပိုင်းတွင် ဇာတ်ကောင်မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးခြင်းတို့မှာ ရွှေပြားလိုအပ်မည်ဖြစ်သောကြောင့်ပင်။
အချိန်ကုန်တချို့ကုန်လွန်သွား၏။
နေ့လယ်(၂)နာရီတွင် ရုံးတင်လေလံစပြီဖြစ်ကြောင်း ချင်လင်အသိပေးစာရလိုက်သည်။
ယနေ့ခေတ် အွန်လိုင်းသတင်းအချက်အလက် လူ့အဖွဲ့အစည်းဖွံ့ဖြိုးလာခြင်းကြောင့် သမားရိုးကျရုံးတင်လေလံဆွဲသည်များ နည်းသထက်နည်းလာပြီဖြစ်၏။ တရားရုံးက အွန်လိုင်းရုံးတင်လေလံများကို အချိန်နှင့်တပြေးညီစတင်သည်။
ချင်လင်က အွန်လိုင်းမှ ဒေသဆိုင်ရာရုံးတင်လေလံထဲဝင်လိုက်ပြီး လေလံထိုင်ခုံနံပါတ်ယူလိုက်၏။
အခွန်ရုံးမှချိတ်ပိတ်ထားသည်များကို စတင်ပြီးလေလံဆွဲတော့သည်။
မကြာမီ ဖုဟိုင်စံအိမ်ကို စတင်လေလံဆွဲသည်။
နောက်ပြီး သူထင်ထားသလိုပင် ထိုနေရာကိုကြိုက်သည့်သူက နေရာယူထား၏။
လေလံစသည်နှင့် လူသုံးဦးက အပြိုင်အဆိုင်ဆွဲကြသည်။ စခေါ်စျေး (၆)သိန်းမှ (၆၁၀၀၀၀)၊ (၆၂၀၀၀၀)၊ (၆၃၀၀၀၀)... ယွမ်(၇)သိန်းရောက်သည်အထိ။
ထိုလူသုံးယောက်လုံးမှာ ယွမ်တစ်သောင်းခွာ၍ အော်နေကြပြီး မဖြစ်စလောက်ပုံပေါ်နေသည်။ သူတို့က လေလံကိုစျေးအနည်းဆုံးနှင့် နိုင်ချင်ကြသည်မှာသိသာပြီး ကုန်ကျစရိတ်လည်း ချွေတာချင်ကြ၏။
သူတို့ကြောင့် ချင်လင်စဉ်းစားခန်းဝင်သွားသည်။ သူ့မှာက ယွမ်(၁.၂၈)သန်းပဲရှိတာ။ တဖက်လူတွေမှာက ဘယ်လောက်ရှိမှန်းမသိပေ။
ထိုလူသုံးယောက်ကို သူထုတ်မပစ်နိုင်။ သည်လိုလူများတွင် စိတ်တစ်မျိုးရှိသည်။ ထိုစိတ်မှာ သူကနောက်ထပ် ယွမ်တစ်သောင်းလိုက်သည်နှင့် သူတို့က အလွယ်တကူမျောလိုက်ပြီး ရခဲ့လျှင် ကြက်ကန်းဆန်အိုးတိုးသည်ဟုထင်ကြမည်။
နောက်ပြီး ယွမ်တစ်သောင်းမှာ သည်လောက်ဖိအားမများ။ ဆယ်ဆမှ ယွမ်တစ်သိန်းရယ်။
သို့သော် တစ်ကြိမ်တည်း ယွမ်တစ်သိန်းတိုးလိုက်ပါက ဖိအားမတူတော့ချေ။ အဆုံးအဖြတ်ပေးနိုင်မည့် အရှိန်တောင်ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးမိသည်နှင့် ချင်လင်က ယွမ်တစ်သိန်းတိုးပြီးခေါ်လိုက်မည်အပြု သူဘာမှမလုပ်ရသေးခင် နောက်ထပ်လူတစ်ဦးဝင်လာပြီး ချက်ချင်းယွမ်(၈)သိန်းခေါ်လိုက်လေသည်။
သူ့လိုအတွေးဝင်တဲ့သူတစ်ယောက်ယောက်က ချက်ချင်းယွမ်တစ်သိန်းတိုးထည့်လိုက်တာဖြစ်မည်။
အမှန်တကယ်ပင် ယွမ်တစ်သောင်းနှင့်ထိုလူသုံးဦးမှာ ရပ်သွားကြ၏။
တစ်ကြိမ်တည်းနှင့် ယွမ်တစ်သိန်းက သူတို့သုံးဦးကိုခြောက်လှန့်လိုက်သလိုပင်။ ဒီတော့ သူတို့သုံးဦးက ငွေလည်းအလုံအလောက်မရှိသလို အခြေအနေကိုအမြတ်ထုတ်ချင်ရုံသက်သက်ဆိုတဲ့ သဘောပေါ့။
ချင်လင်လည်း ကသိကအောက်ဖြစ်သွား၏။
ပြိုင်ဘက်နှင့်တွေ့နေပြီ။ လက်ရှိဒီလူမှာ ငွေဘယ်လောက်ရှိသလဲဆိုတာကိုလည်း သူမသိရ။
''ထားလိုက်တော့... အလိုက်သင့်လုပ်ကြည့်တာပေါ့... ကံပဲ''ဟု ချင်လင်က ရေရွတ်ပြီး ယွမ်(၁.၂)သန်းတန်းခေါ်ချလိုက်၏။ စခေါ်စျေး၏နှစ်ဆပင်။
ဒီကောင်က ခြောက်ရုံလှန့်ရုံသက်သက်လား? ဘယ်သူက ဘယ်သူ့ကိုခြောက်မလဲ ကြည့်ရတာပေါ့။
ဘာပဲဖြစ်ဖြစ်သူက ဒီငွေကို အရင်းအနှီးမလိုဘဲရထားတာလေ။
တဖက်လူက ဆက်လုမယ်ဆိုရင်လည်း ကံမပါဘူးလို့ပဲ သဘောထားရမှာပေါ့။
ထိုအချိန်တွင်_
အခန်းထဲ၌ လူငယ်သုံးယောက်မှာ ကွန်ပျူတာကို ဂုဏ်ယူစွာကြည့်နေကြ၏။
သူတို့ထဲမှတစ်ယောက်က ပြုံးရင်း_ ''ငါသိတယ်... တစ်ချီတည်းယွမ်တစ်သိန်းတိုးလိုက်ရင် ဟိုယောင်ဒီယောင်လုပ်နေတဲ့ ဟိုသုံးကောင်ကို ခြောက်နိုင်လိမ့်မယ်ဆိုတာ... သူတို့နဲ့အတူလိုက်ပြီး တစ်သောင်းချင်းတိုးနေရင် ငါတို့ယွမ်တစ်သိန်းမက သုံးချင်သုံးနေရဦးမှာ''
ငယ်ရွယ်ချိန်တွင် အလုပ်ကြိုးစားချင်စိတ်ရှိပြီး စီးပွားရေးစရပေမည်။ ထိုလူငယ်သုံးဦးမှာ ဤကဲ့သို့သောလူငယ်များဖြစ်ကြ၏။ ယခင်က သူတို့မှာ မြို့တွင်းခရီးသွားစီစဉ်သူများဖြစ်သည်။ နှစ်အနည်းငယ်အကြာအတွေ့အကြုံယူပြီးသော် ဇာတိမြေပြန်လာပြီး စီးပွားရေးစလုပ်ချင်ကြ၏။
သူတို့က ဖုဟိုင်စံအိမ်ကို ဖြစ်နိုင်ချေအလားအလာများစွာရှိသည်ဟု ထင်မိသဖြင့် ငွေပမာဏတစ်ခုစုဆောင်းပြီး လေလံဆွဲရန်ပြင်ကြသည်။
သူတို့တိုးခေါ်လိုက်သည့်ပမာဏက တခြားလေလံဆွဲသူများကိုခြောက်နိုင်လိုက်သဖြင့် သူတို့သုံးဦးမှာ စိတ်ပျော်ရွှင်နေကြ၏။
''q43 က ယွမ်(၁.၂)သန်း!''
နောက်ဆုံးလေလံစျေးက ကွန်ပျူတာတွင်တက်လာသည်။
''သေစမ်း... ပြဿနာကောင်ရှိနေတာလား?'' လူငယ်တစ်ဦးက ခံပြင်းစိတ်နှင့်ပြောလိုက်၏။
၁.၂ သန်း?
ထိုပမာဏကိုမြင်လျှင် သူတို့သုံးဦးမှင်တက်သွားကြသည်။
သူက လေလံကို (၄)သိန်းတိုးလိုက်တာလား?
''ဒီကောင်ရူးနေပြီ!''
''သောက်တဇွတ်ထိုးကောင်!''
သူတို့သုံးယောက်က ကျိန်ဆဲလိုက်ကြ၏။
ဒီကောင် ယွမ်(၄)သိန်းတိုးလိုက်တာက ကမူးရှူးထိုးနိုင်လားမသိသော်လည်း သူတို့သာ ယွမ်တစ်သိန်းထပ်တိုးလိုက်ရင် သေချာပေါက်ကမူးရှူးထိုးဖြစ်တော့မည်။
တချို့ကလန့်သွားသော်လည်း တစ်ယောက်ကမူ ပိုပြီးပြင်းထန်လာ၏။
''မင်း ဆက်..ဆက်လိုက်ဦးမလို့လား?'' တစ်ယောက်ကမေးလိုက်သည်။
အခြားနှစ်ယောက်လည်း စိတ်ရှုပ်သွားကြသည်။ ဒါက သူတို့အသုံးစရိတ်ထက်ကျော်လွန်နေပြီ။
သူတို့ထဲမှတစ်ယောက်က သက်ပြင်းချလိုက်ရင်း_ ''ဘာလို့လွှတ်မထားလိုက်တာလဲ? ဘာပဲဖြစ်ဖြစ် ငါတို့ကငယ်သေးတယ်... အခွင့်အရေးတွေရှိပါသေးတယ်''
''နည်းနည်းထပ်စောင့်လိုက်ဦး!'' နောက်တစ်ယောက်ကပြောလိုက်သည်။
''ဒါဆိုလည်း နည်းနည်းထပ်စောင့်ကြတာပေါ့!'' တတိယလူက ဆိုလိုက်သည်။
…
''ဖုဟိုင်စံအိမ်ကို လေလံနိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Q43… ငွေကို ခုံနံပါတ်ရရှိတဲ့အချက်အလက်နဲ့ ပေးချေပြီး
သင့်လျော်တဲ့လုပ်ထုံးလုပ်နည်းတွေ လုပ်ရပါမယ်'’
ချင်လင်လည်း ထိုစာကိုမြင်တော့မှ သက်ပြင်းချနိုင်တော့၏။
ကြည့်ရတာ တခြားသူကလည်း ကမူးရှူးထိုးနိုင်တဲ့သူပင်။ သူ့လုပ်ရပ်က ထိုလူကိုခြောက်လိုက်နိုင်၏။
စံအိမ်လေလံဆွဲခြင်းကို ချင်လင်က အချိန်ဆွဲမထား။ ရုံးသို့ချက်ချင်းသွား၍ လုပ်ထုံးလုပ်နည်းများအတွက်စီစဉ်ပြီး ယွမ်(၁.၂)သန်းပေးချေလိုက်၏။
သို့သော် ထိုငွေပမာဏအများကြီးအတွက် လုပ်ထုံးလုပ်နည်းများမှာ အလွန်ကရိကထများ၏။ ရုံးတွင်းဥပဒေအတည်ပြုချက်ကို လက်ခံရရုံသာမက သက်ဆိုင်ရာဌာနများသို့သွား၍ ပူးပေါင်းလုပ်ဆောင်ပေးရ၏။
ထိုလုပ်ထုံးများမှာ ပြန်လည်ဆန်းစစ်ရန် အနည်းဆုံးရက်ပိုင်းခန့်ကြာဦးမည်။
သို့သော်လည်း ယွမ်(၁.၂)သန်းပေးချေပြီး စီရင်ချက်နှင့်ပြေစာရပြီးနောက်တွင် ထိုလုပ်ထုံးများမှာ ဖြည်းဖြည်းချင်းလုပ်သွားနိုင်၏။ နောက်ပြီး လေလံပွဲကို အခွန်ရုံးမှ ပြန်လည်ထိန်းသိမ်းသည့်အတွက် အခြားဌာနများက ကြားဝင်မည်မဟုတ်ပေ။ တစ်ခုခုပေါက်ကြားခဲ့ပါက သူတို့အပေါ် အများယုံကြည်မှုကျဆင်းမည်ဖြစ်သည်။
ညနေပိုင်းတွင်_
ချင်လင်က စတော်ဘယ်ရီနှင့်ရုံးပတီသီးမှည့်များကို RT စျေးသို့ပို့လိုက်သည်။ တစ်ရက်ဝင်ငွေနှင့်ပင် သူ့ဘဏ်လက်ကျန်ငွေက ယွမ်(၈)သောင်းမှ (၁၂၀၀၀၀)ဖြစ်သွားသည်။
ထို့နောက်အခွန်ရုံးသို့ လျှပ်စစ်ဆိုင်ကယ်စီးသွားပြီး ကျောက်မိုချင်းကို ဖုဟိုင်စံအိမ်အကြောင်း သတင်းကောင်းပြောချင်သဖြင့် အလုပ်မှသွားကြိုသည်။
ကျောက်မိုချင်းက လျင်မြန်စွာပင် ပြုံးပြုံးရွှင်ရွှင်နှင့်ထွက်လာ၏။
''မိုချင်း... ဒီနေ့ရုံးမှာ ပျော်စရာတွေရှိခဲ့လို့လား?''
ချင်လင်ကပြုံးလျက် မေးလိုက်သည်။
ကျောက်မိုချင်းက ပြုံးရင်း_ ''ဒါပေါ့... ကျွန်မဒီလဆုကြေးတွေအများကြီးရမှာမလို့ ပျော်နေတာ... ဒီနေ့ တို့အခွန်ရုံးကနေ လေလံပွဲအတွက်ပေးလိုက်တဲ့ပစ္စည်းတွေက အရမ်းအကျိုးရှိသွားတယ်... ပစ္စည်းရဲ့ခန့်မှန်းတန်ဖိုးထက်တောင် ကျော်နေသေးတယ်''
''အထူးသဖြင့် ဖုဟိုင်စံအိမ်ပေါ့... ကြည့်ရတာ အကြီးအကဲတစ်ယောက်ယောက်က သဘောကျပြီး ယွမ်(၁.၂)သန်းတန်းပေးလိုက်ပုံရတယ်''
''အဲဒီပမာဏက ကျွန်မတို့ထင်ထားတာထက် အများကြီးကျော်လွန်နေတယ်... တခြားသူတွေတောင်လန့်သွားတာလို့ လူတိုင်းပြောနေကြတာ... စျေးထပ်ခေါ်တဲ့သူရှိရင်တောင် အဲဒီငွေကိုရေလိုသုံးနေတဲ့သူက ပိုမြင့်တဲ့စျေးပေးလိမ့်မယ်'’
''...'' ချင်လင်မှာ_
သူဌေး? ငွေကိုရေလိုသုံးနေတဲ့သူ?
သူ့အကြောင်းပြောနေတာလား?
ရုတ်တရက်ကြီး ထိုဝမ်းသာရမည့်သတင်းကို သူမအား ပြောမပြချင်တော့ပေ။
ထိုစံအိမ်ကို နာမည်ကြီးအောင်လုပ်ပြီးမှ သူမကိုအကြီးကြီးအံ့သြသွားအောင်လုပ်ရမည်။
ကျောက်မိုချင်းက ဆက်ပြီး_ ''ဒါပေမဲ့ ဖုဟိုင်စံအိမ်ကိုလေလံဆွဲဖို့ ငွေဒီလောက်အများကြီးသုံးနိုင်ရင် ဒီစံအိမ်အောင်မြင်လာအောင် အတည်လုပ်မှာပဲလေ ဟုတ်တယ်မလား?''
''ပွင့်ပွင့်လင်းလင်းပြောရရင် စံအိမ်မှာ သုံးမရတဲ့မြေတွေက အများကြီးပဲ... တကယ်လို့သာ အရမ်းလှတဲ့သုံးပွင့်ဆိုင်ဇီးပန်းပွင့်တွေ ပင်လယ်လိုဝေအောင် စိုက်နိုင်မယ်ဆိုရင် လူတွေကိုတော်တော်ဆွဲဆောင်နိုင်မှာပဲ''
ချင်လင်က ကျောက်မိုချင်း၏စကားတို့ကို အသံတိတ်မှတ်သားထားလိုက်သည်။
သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်ကို အရင်ဆုံးအကောင်အထည်ဖော်ရမည်။