အကြွေးမရှိမှ စိတ်အေးရမှာ! လင်းဖန်၏သောက!
Vol. 2 Ch. 27
မကြာမီ_
ကားတန်းက စံအိမ်ဆီရောက်လာသည်။
သို့သော်ထိုကားကြီးမှာ စံအိမ်၏ကားပါကင်တွင်သာ ထိုးနိုင်သည်။ အထဲသို့မောင်းမဝင်နိုင်ပေ။
ချင်လင်က သူ့ကားကိုပါကင်ထိုးလိုက်သည်။ ဝမ်ချိုင်က ကားထဲမှခုန်ထွက်လိုက်ပြီး သူ့နောက်မှကပ်လိုက်လာ၏။
‘’လူကြီးမင်းချင်… ကျွန်တော်တို့ ဒါတွေကို ဒီကားပါကင်မှာပဲ ချရမှာလား?’’ ကျောက်လီယွမ်က ရှေ့ထွက်လာပြီးမေးလိုက်သည်။
‘’ဟုတ်တယ်… ဒီမှာပဲချကြမယ်'’ ချင်လင်က ခေါင်းညိမ့်လိုက်သည်။ သူတို့ချနိုင်တာဆိုလို့ ဒီနေရာပဲရှိတာလေ။
ကျောက်လီယွမ်က လူခေါ်ပြီးကုန်ချစေလိုက်၏။ ကုန်ချစရိတ်ကို သီးသန့်တွက်ချက်သည်။ သူတို့မလာခင် အွန်လိုင်းစာချုပ်ချုပ်ပြီးဖြစ်၏။
ချင်လင်က စံအိမ်ထဲ လမ်းလျှောက်ဝင်လာလိုက်သည်။
ဝမ်ချိုင်ကနှစ်ကြိမ်ဟောင်လိုက်ပြီး အလျင်စလိုနောက်မှလိုက်လာသည်။ လမ်းတလျှောက်တွင် သူက ဘေးပတ်လည်ကိုကြည့်လိုက်ဟောင်လိုက်နှင့် ပတ်ဝန်းကျင်သစ်ကိုစူးစမ်းနေ၏။
ထိုပုံစံကို ချင်လင်မြင်သည်နှင့် ပြုံးရင်း_ ‘’ဝမ်ချိုင်… အခုအချိန်ကစပြီး မင်းရဲ့နယ်မြေဖြစ်သွားပြီ… ပျော်လား?’’
ဝမ်ချိုင်က သူ့သခင်၏စကားကိုနားလည်ပုံနှင့် နှစ်ကြိမ်ဟောင်ပြီး ရုတ်တရက်ပြေးလိုက်သည်။ လမ်းတွင်လည်း အချို့အပင်များကို နှာခေါင်းတရှုံ့ရှုံနှင့် အနံ့ခံကြည့်၏။ ပြီးလျှင် ခြေထောက်မြောက်ပြီး သေးပန်းသည်။
ချင်လင်က သူ့ခွေး၏အပြုအမူကို အံ့အားသင့်စွာကြည့်နေမိသည်။ သူ့နယ်မြေကို ဒီနည်းနဲ့သတ်မှတ်တာလား?
စံအိမ်ထဲတွင်_
ကောင်းယောင်ယောင်အပြင် လူတချို့လည်းရောက်နေကြပြီ။ သူတို့အားလုံးမှာ ဝန်ထမ်းဟောင်းများဖြစ်ကြ၏။ သူတို့က ကောင်းယောင်ယောင်၏အသိပေးစာကို မနေ့ကရရှိပြီးနောက် စောင့်နေကြခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် အလုပ်ရှာရသည်မှာမလွယ်ပေ။ ရုံချန်းစီရင်စုထဲတွင် စံအိမ်မှရသည့်လစာမှာမဆိုးလှ။ တစ်ဦးကိုယွမ် ၃၀၀၀ မှ ၄၀၀၀ ရကြ၏။ ဘယ်သူမှသူတို့အလုပ်ကိုမဆုံးရှုံးချင်ကြ။
‘’ဒါသူဌေးအသစ်ပဲ!’’ ကောင်းယောင်ယောင်က ချင်လင်ရောက်လာသည်ကိုမြင်လျှင် ချက်ချင်းအခြားသူများအား မိတ်ဆက်ပေးလိုက်သည်။
တခြားသူများကလည်း သူတို့သူဌေးအသစ်ကို စူးစမ်းရင်းကြည့်လိုက်ကြ၏။
သူကအလွန်ငယ်သေးပြီး ခွေးတစ်ကောင်တောင်ပါလာသေးသည်။
ဒါကသူတို့ရဲ့ ချင်လင်အပေါ်ပထမဆုံးအမြင်ပင်။
‘’သူဌေး!’’ ကောင်းယောင်ယောင်က သူ့ဆီပြေးလာပြီး နှုတ်ဆက်သည်။
ချင်လင်က_ ‘’ကောင်းယောင်ယောင်… ဆရာလင်းက ဘယ်တစ်ယောက်လဲ?’’
‘’ဆရာလင်း… သူဌေးခေါ်နေတယ်'’ ကောင်းယောင်ယောင်က အသက် ၅၀ ခန့်ရှိမည်ထင်ရသော အသားမဲမဲနှင့်ကို ချက်ချင်းခေါ်လိုက်သည်။
ဆရာလင်းကရှေ့တိုးလာပြီး ချင်လင်ဘာမှမပြောရသေးခင်_ ‘’သူဌေး… ခင်ဗျားအတွက်အလုပ်လုပ်ပေးနိုင်ပါတယ်… ဒါပေမဲ့ ဒီဂင်ဂိုနှစ်ပင်ကိုရှင်အောင်လုပ်ခွင့်ပေးပါ… ဒီနှစ်ပင်ကို မခုတ်ပစ်ရဘူး'’
ထိုတောင်းဆိုချက်က ချင်လင်ကိုအံ့အားသင့်စေသည်။
အခြားသူများက သူတို့သူဌေးအပေါ် လုပ်အားခအတွက်တောင်းဆိုကြသည်။ ဒီလိုတောင်းဆိုမှုမျိုးကြားဖူးတာတော့ ပထမဆုံးပင်။
ကောင်းယောင်ယောင်က ချက်ချင်းပင်_ ‘’သူဌေး… အရင်တုန်းက အချိန််တစ်ချိန်ရှိခဲ့ဖူးတယ်မလား? ဆရာလင်းရဲ့အိမ်က ပစ်မှတ်ဖြစ်ခဲ့တာ… ဒီနေရာကအရမ်းဝေးတော့ ဆရာလင်းရဲ့အဘိုးက သူ့မိသားစုကိုခေါ်ပြီး ဒီကိုထွက်ပြေးခဲ့တာ… သူတို့မိသားစုက ဒီဂင်ဂိုပင်အောက်မှာ အကြာကြီးနေခဲ့တာ… ဆရာလင်းရဲ့အဘိုးဆုံးသွားတော့လည်း ဒီဂင်ဂိုပင်တွေအောက်မှာပဲ'’
‘’နောက်တော့ ဆရာလင်းရဲ့အဖေက သူ့မိသားစုကိုပြန်ခေါ်သွားတယ်… အရင်ကဆို ဆရာလင်းက ဒီအတွက်အလုပ်မျိုးစုံကိုလုပ်ခဲ့တာ'’
‘’ဆရာလင်း… ခင်ဗျားရဲ့တောင်းဆိုချက်ကို ကျွန်တော်သဘောတူပါတယ်… ကျွန်တော်တို့ အလုပ်စာချုပ်ကိုနောက်မှချုပ်ကြတာပေါ့… ကျွန်တော်နဲ့အတူ ကားပါကင်ကိုအရင်လိုက်ခဲ့ပါဦး… အဲဒီမှာ ခင်ဗျားအတွက်တာဝန်ပေးစရာရှိတယ်'’ ချင်လင်က ညိုးခြောက်နေသောနှစ်ပင်ကို ခုတ်ချင်စိတ်မရှိ။ နောက်ပြီး အရင်တုန်းကစံအိမ်မှာ ဆရာလင်းဘာလို့ အလုပ်မျိုးစုံလုပ်ခဲ့တာလဲဆိုတာ သူနားလည်သွားပြီ။ ဒီသစ်ပင်တွေကိုကာကွယ်ဖို့ပဲ။
ဒါကအရင်မျိုးဆက်တွေရဲ့ မမေ့နိုင်တဲ့အမှတ်တရတွေ။
ဒီလိုလူမျိုးက ခံစားချက်တွေကိုတန်ဖိုးထားတတ်ပြီး ယုံကြည်ရသည်။
ချင်လင်က ဆရာလင်းကို ကားပါကင်ဆီခေါ်လာခဲ့သည်။
ကောင်းယောင်ယောင်နှင့်အခြားဝန်ထမ်းများကလည်း စူးစမ်းရင်းလိုက်လာကြ၏။
ကားပါကင်ဆီရောက်သောအခါ ကျောက်လီယွမ်က သုံးပွင့်ဆိုင်ဇီးပန်းပင်များကိုချရန် လူခေါ်ထားပြီးဖြစ်၏။
‘’သူဌေး… ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေယူလာခဲ့တာလား? အရမ်းလှတာပဲ!’’ ကောင်းယောင်ယောင်က ချီးကျူးလိုက်သည်။ သူမမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်ကို လုံးဝစိတ်ဝင်စားနေ၏။
အခြားဝန်ထမ်းများလည်း ထိုနည်းတူပင်။ သူတို့လည်းမနေနိုင်ဘဲ ရှေ့တိုးကြည့်လိုက်ကြသည်။ ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေက အမှန်တကယ်လှလွန်းသည်။
ဆရာလင်းလည်း ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို စိတ်ဝင်စားသွား၏။ သူကအသက်အရွယ်နှင့်မဆိုင် လှပသောအရာများကိုသဘောကျသဖြင့်_ ‘’သူဌေး… စံအိမ်ထဲမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လုပ်မလို့လား?’’
ချင်လင်က ခေါင်းညိမ့်လိုက်ကာ_ ‘’အမှန်ပဲ… ကျွန်တော် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လုပ်ဖို့ စီစဉ်ထားတယ်… ဧက ၃၀ လောက်စိုက်မယ်… သုံးပွင့်ဆိုင်ဇီးပန်းပင်ကို တစ်သုတ်ချင်း အပင် ၁၅၀၀၀ ကျော်ပို့မယ်… ဆရာလင်း ကောင်းယောင်ယောင်ပြောတာတော့ ခင်ဗျားက ပန်းပင်စိုက်တတ််တယ်တဲ့… ကျွန်တော် ခင်ဗျားကိုတာဝန်ပေးဖို့လုပ်ထားတယ်'’
ဆရာလင်းက ချက်ချင်းအံ့အားသင့်သွားကာ_ ‘’သူဌေး… ခင်ဗျားက ကျုပ်ကိုလူလို့ရောသတ်မှတ်သေးလား? ဧက ၃၀၊ အပင် ၁၅၀၀၀ တောင်… ကျုပ်မလုပ်နိုင်ဘူး… လူအင်အားလိုတယ်!’’
ချင်လင်က ဧက ၃၀ တွင် သုံးပွင့်ဆိုင်ဇီးပန်းပင် ၁၅၀၀၀ ကျော်မည်မှန်းသိ၏။ ဆရာလင်းတစ်ယောက်တည်းနှင့် မလုပ်နိုင်ပေ။ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကိုရွှေ့ရန် ဥယျာဉ်မှူး(သို့) အတွေ့အကြုံရှိတောင်သူတစ်ဦးကို သေချာပေါက်ခန့်ရပေမည်။
ဆရာလင်းက လုံးဝနားလည်ပြီးဖြစ်၏။ စံအိမ်တာဝန်ခံပုဂ္ဂိုလ်ရဲ့အသုံးချတာကို သူခံခဲ့ရပြီလား?
သူက သုံးပွင့်ဆိုင်ဇီးပန်းပင်များကို ဆရာလင်းတစ်ယောက်တည်းမရွှေ့စေချင်။ ထိုနေရာတွင်အတွေ့အကြုံရှိ၍သာ ကြီးကြပ်စေခြင်းဖြစ်၏။
‘’ဆရာလင်း… အပင်တွေရွှေ့ကူဖို့ ကျွန်တော်လူထပ်ခေါ်မှာပါ'’ ချင်လင်က ရှင်းပြလိုက်သည်_ ‘’အချိန်ကျလာတဲ့အခါ စောင့်ကြည့်ပေးရုံပါပဲ… ပန်းပင်လယ်ဖြစ်လာရင် နေ့တိုင်းထိန်းသိမ်းပေးဖို့ ရေရှည်ဥယျာဉ်မှူးနှစ်ဦးခန့်ထားမှာ'’
ဆရာလင်းကခေါင်းညိမ့်ပြီး အပင်တွေကိုစောင့်ကြည့်ပေးဖို့ ကတိပြုလိုက်၏။
သုံးပွင့်ဆိုင်ဇီးပန်းပင် ၁၇၈ ပင်ကို လျင်လျင်မြန်မြန်ချလိုက်သည်။
ချင်လင်က ကျန်ငွေကိုရှင်းပေးလိုက်ကာ_ ‘’ခေါင်းဆောင်ကျောက်… မနက်ဖြန်လည်း လာဖို့လိုသေးတယ်… ပြီးတော့ နောက်လဆို နေ့တိုင်းလိုလိုဒုက္ခပေးရတော့မယ်''ဟု မမေ့မလျော့မှာလိုက်၏။
‘’သူဌေးချင်… ကျွန်တော့်ကိုသာဆက်သွယ်လိုက်ပါ'’ ကျောက်လီယွမ်က အဆင်သင့်ပြောလိုက်သည်။
ယခုအခါ သယ်ယူပို့ဆောင်ရေးမှာမလွယ်ကူ၊ သူလိုကြီးကြပ်သူတစ်ဦးအနေနှင့်လည်း မလွယ်ကူပေ။ သူ့ကိုထမင်းကျွေးမည့်အလုပ်ကို သေချာပေါက်လက်ခံရပေမည်။
သူဌေးချင်ကဘာလို့ ဒီပစ္စည်းတွေကို ဂိုဒေါင်ဆီတိုက်ရိုက်မပို့ခိုင်းတာလဲဟု သူသံသယဝင်မိသော်လည်း သူဝင်ငွေရနေသရွေ့တော့ သူ့ကိစ္စမဟုတ်ဟု ခံယူထားသည်။
ပြီးတော့ တချို့သူဌေးတွေမှာ ဝါသနာတွေအများကြီး။
ဥပမာဆိုရလျှင် သူ့သူဌေးတွင် ထူးဆန်းသောအကျင့်တစ်ခုရှိ၏။ သူ့တွင်အိမ်တစ်လုံးရှိပါလျက် နောက်တစ်လုံးကိုတိတ်တဆိတ်ဝယ်ယူထားသည်။ သူ့အိမ်တွင်မယားရှိပါလျက်နှင့်လည်း ထိုမယားနှင့်မအိပ်။ အလုပ်ကိစ္စနှင့်ခရီးသွားသည်ဟု အကြောင်းပြပြီး နောက်တစ်အိမ်တွင် တစ်ယောက်တည်းသွားအိပ်လေ့ရှိ၏။
သူကချမ်းသာပြီး လွတ်လပ်တယ် မဟုတ်ဘူးလား?
ကျောက်လီယွမ်တို့ယာဉ်တန်းထွက်သွားသောအခါ စံအိမ်ထဲတွင် ချင်လင်က မူလဝန်ထမ်းတချို့ကို စစ်ဆေးမေးမြန်းကြည့်သည်။ ပထမဆုံးအမြင်အရတော့ ဘယ်သူမှသိပ်မဆိုးလှ။ နောက်ပိုင်းမှအချိန်ယူပြီး ကြည့်ရမည်။
တစ်ဖက်တွင်လည်း အလုပ်သမားစာချုပ်ပြဿနာရှိနေသည်။ သူကထိုအပိုင်းတွင် အတွေ့အကြုံမရှိ။ နောက်ဆုံးတော့ စံအိမ်ရဲ့မူလစာချုပ်နမူနာကိုသာ ကြည့်ရပေမည်။ မနက်ဖြန် ကောင်းယောင်ယောင်တို့အုပ်စုနှင့် လက်မှတ်မထိုးမီ မူလစာချုပ်ကို ပြန်၍မိတ္တူဆွဲရန်စီစဉ်လိုက်သည်။
ထို့နောက် ဆရာလင်းနောက်လိုက်၍ စံအိမ်အတွင်း ဧက ၅၀၀ ကိုလှည့်ပတ်ကြည့်လိုက်သည်။ ထိုဧက ၃၀ ကျယ်ဝန်းသော သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်ကို ဖော်ဆောင်ရန် သင့်တော်သည့်နေရာတစ်ခုကို ရှာဖွေရပေမည်။
တစ်နာရီကျော်ကြာပြီးနောက်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို စံအိမ်ခန်းမ၏မြောက်ဘက်တွင်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
ပန်းပင်လယ်တည်ဆောက်မည်ဆိုကတည်းက ဧက ၃၀ မှာ အလွန်ကျယ်မည်ဖြစ်သည်။ မြေမျက်နှာသွင်ပြင်သိပ်ကွာခြား၍မရ။ တည်နေရာကွာခြားချက်များလွန်းလျှင် ကွာဟချက်များမည်ဖြစ်၍ ပန်းပင်လယ်ပုံပေါ်မည်မဟုတ်ပေ။
ဆုံးဖြတ်ပြီးသည်နှင့် ချင်လင်က စီရင်စုမြို့ပြန်လာပြီး နာမည်အကျော်ကြားဆုံးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုချိတ်ဆက်လိုက်သည်။
ရုံချန်းစီရင်စုကဲ့သို့ကုမ္ပဏီမှာ စီးပွားရေးရောထွေးနေ၏။ ၄င်းတွင် ပန်းပင်မည်သို့ရွှေ့စိုက်ရမည်ကိုသိသော ဥယျာဉ်မှူးနှင့် အတွေ့အကြုံရှိတောင်သူများလည်းရှိ၏။ သို့သော် အလုပ်သမားခမှာ တစ်ရက်ကို ယွမ် ၄၀၀ အထိပေးရ၏။
စာချုပ်ချုပ်၍ စရံငွေပေးချေပြီးနောက် ကုမ္ပဏီဝန်ထမ်းများက စံအိမ်သို့တန်းဝင်၍ ကနဦးကြည့်ရှုစစ်ဆေးကြ၏။ ညနေမှသာ ကြည်ရှု၍ပြီးကြသည်။
သို့သော် ညနေမိုးချုပ်ပြီးနောက် ကားပါကင်တွင်ထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်တို့မှာ ပြဿနာဖြစ်လာသည်။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်တို့မှာ စျေးမသက်သာလှ။ ညပိုင်း ၄င်းတို့ကိုစောင့်ကြပ်ရန် အရင်လုံခြုံရေးအစောင့် ချန်တပေကိုသာ ထားရသည်။ သူတို့၏စရိုက်ကို ကြည့်ရှုရန်အခွင့်ကောင်းပင်။
အားလုံးစီစဉ်ပြီးလျှင် ချင်လင်က စီရင်စုမြို့သို့ပြန်ရန် ပြင်လိုက်သည်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို စတည်ဆောက်ချိန်တွင် အိမ်၌ အကြွေးများဖြေရှင်းရမည်ဖြစ်၏။
အနှေးနှင့်အမြန်တော့ သူ့အသိတွေက စံအိမ်လုပ်နေကြမှန်းသိလာကြမည်ဖြစ်၏။ အထူးသဖြင့် သူ့အကြွေးရှင်များပင်။ အကြွေးမကျေသေးလျှင် 'စံအိမ်ဆောက်ဖို့တော့ပိုက်ဆံရှိတယ်၊ အကြွေးကျတော့မဆပ်ဘူး'ဟု ထင်မြင်သူတွေရှိလာပေမည်။
အကြွေးရှင်များမှာ သူ့မိဘများ၏ဆွေမျိုးသားချင်း မိတ်ဆွေများဖြစ်ကြ၏။ သူ့မိသားစုကို ငွေချေးနိုင်သူများမှာ သူ့မိသားစုနှင့် အဆက်အသွယ်ရှိသူများဖြစ်ကြသည်။ သူတို့ကထိုသို့မတွေးကြလျှင်တောင် ဘေးလူများက မြှောက်ထိုးပင့်ကော်လုပ်ကြပေလိမ့်မည်။
သို့ဖြစ်ပါက နောက်ပိုင်းအကြွေးပြန်ဆပ်လျှင်တောင် ဆက်ဆံရေးပျက်စီးနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် လူတွေက ရှုပ်ထွေးတဲ့သတ္တဝါမျိုးပင်။
ထို့ကြောင့် အကြွေးကဆပ်ကိုဆပ်ရမည်။ နောက်ပိုင်းမှ သူဒီစံအိမ်ဆောက်နေမှန်းသိကြလျှင်တောင် ခံစားချက်ကထိုသို့ဖြစ်ကြတော့မည်မဟုတ်။
ထိုအကြောင်းတွေးမိသည်နှင့် ချင်လင်က သူ့ဖုန်းကိုကောက်ကိုင်ပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို ကြည့်လိုက်၏။ သူ့ဖုန်းထဲတွင် သူ့မိသားစု၏အကြွေးရှင်များအားလုံးကို မှတ်သားထားသည်။ ချင်ရန်ဖခင်၏ ယွမ် ၅၀၀၀၀ နှင့် ယခင်နှစ်များအတွင်း လတိုင်းဆပ်ခဲ့သည်တချို့ကို ဖယ်လိုက်လျှင် သူ့တွင်အကြွေး ယွမ် ၃၃၀၀၀၀ ကျော်ကျန်သေး၏။
ချင်လင်က ပထမဆုံးနံပါတ်ကိုခေါ်လိုက်သည်။ ဖုန်းဝင်ဝင်ချင်းသူက_ ‘’ဦးလေးအာ့ကန်း… စားပြီးပြီလား… စားပြီးသွားပြီလား… ကျွန်တော်ဒီညဖိတ်ကျွေးလို့ရမလား… ဟုတ်ကဲ့ ကျွန်တော်ငွေလေးအဆင်ပြေလို့… ကျွန်တော့်အဖေ အရင်တင်နေတဲ့အကြွေးကို ပြန်ဆပ်မလို့ပါ…’’
ဖုန်းချပြီးလျှင် အကြွေးရှင်အားလုံးကုန်သည်အထိ တစ်ယောက်ပြီးတစ်ယောက်ဆက်ခေါ်လိုက်သည်။ သူတို့အားလုံးမှာ တစ်ရွာတည်းသား လူကြီးများဖြစ်ကြသည်။
တကယ်တော့ သူ့အတွက်ပိုက်ဆံပြန်ဆပ်ရန်လည်း ပိုကောင်းသွား၏။
သို့သော် သူ့မိခင်၏ပူပန်မှုကို ပြေလျော့စေချင်သေး၏။ သူ့မိခင်တွင် သူ့ဖခင်၏ဓာတ်ပုံရှိသေးသည်။ သူမနေ့တိုင်းပွစိပွစိနှင့်ပြောတတ်သည်မှာ အိမ်ကအကြွေးတွေပြန်မဆပ်နိုင်ရင်၊ သူအိမ်ထောင်ကျ ကလေးတွေရတာကိုမမြင်ရရင် သူ့ဖခင်က ငြိမ်းငြိမ်းချမ်းချမ်းအနားယူနိုင်မှာ မဟုတ်ဘူးတဲ့။
ဖုန်းကိုချပြီးနောက် ဂိုဒေါင်ဆီသွားပြီး ဂိမ်းထဲမှသာမန်သဘာဝငါးအချို့ကိုယူကာ သုံးဘီးကားမှပုံးထဲထည့်လိုက်၏။ ထို့နောက် အဝတ်နှင့်အုပ်၍ သူ့မြို့နယ်ဆီ ပြန်မောင်းလာခဲ့သည်။
ထိုအချိန်တွင် ဦးလေးအာ့ကန်းတို့မှာ ညစာစားပြီးဖြစ်ကြသည်။ ချင်လင်က သူ့အိမ်ကိုဖိတ်ကြားသည့်အနေဖြင့် လက်ဆောင်အချို့ပြင်ထားရပေမည်။
ထိုသာမန်သဘာဝငါးများမှာ ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ အလွန်ကောင်းသည့်လက်ဆောင်များဖြစ်လေသည်။
အိမ်ပြန်ရောက်သောအခါ လင်းဖန်က ညစာပြင်ထားပြီး အသင့်စောင့်လျက်ရှိ၏။
‘’ထမင်းစားလို့ရပြီ'’ လင်းဖန်ကအော်ပြောလိုက်သည်။ ချင်လင်ဝင်ထိုင်လိုက်သည်နှင့်_ ‘’ ရှောင်လင်… ဒီနေ့ဘာလို့အရမ်းနောက်ကျနေတာလဲ? လယ်တောအိမ်ကရော?’’
‘’ကျွန်တော်နည်းမှန်လမ်းမှန်ဖြစ်နေပါပြီ… အခုတလော အလုပ်နည်းနည်းများနေလို့ပါ'’ဟု ချင်လင်ကပြန်ပြောလိုက်သည်။
လင်းဖန်က_ ‘’ ရှောင်လင်… မိုချင်းကိုပစ်မထားပါနဲ့… သူ့လိုမိန်းမကောင်းလေး…’’
လင်းဖန်က ဘာမှထပ်မပြောတော့။ သူမက ဒီလိုမိန်းမကောင်းလေးကို သူတပါးချွေးမဖြစ်သွားမှာ စိုးရိမ်နေ၏။ ဒီလိုမျိုးနောက်ထပ်တစ်ယောက် ထပ်တွေ့ရန်မလွယ်ပေ။
သို့သော် သူမကမတတ်နိုင်သည့်အပြင် အကူအညီလည်းမပေးနိုင်။ သူမမိသားစုက ဒုက္ခတောထဲမှာ အကြွေးတွေတစ်ပုံကြီးနှင့်။ သူ့သားကလည်း အိမ်မရှိကားမရှိဖြစ်၍ ကျောက်မိုချင်းမိဘတွေက ဘယ်လိုလုပ်လက်ထပ်ဖို့ သဘောတူပါ့မလဲ?