စိတ်သက်သာခြင်း! တစ်စုံတစ်ယောက်ရဲ့ကလေးဖြစ်လာခြင်း!
Vol. 2 Ch. 28
လင်းဖန်က သက်ပြင်းချပြီး ချင်လင်အား_ ‘’အဲဒါဖွင့်တဲ့အခါ ငါ့ကိုသွားခွင့်ပေးဖို့သတိရဦး… ဧည့်သည်တွေကိုကူနှုတ်ဆက်ပေးမယ်'’ ဟု သတိပေးလိုက်၏။
ချင်လင်ကချက်ချင်းပင်_ ‘’အမေ… ကျွန်တော်က ဘယ်လိုလုပ်ပြီး ဧည့်ခံခိုင်းရမှာလဲ?’’
လင်းဖန်က စိတ်မချမ်းသာစွာနှင့်_ ‘’ငါကကျန်းမာရေးမကောင်းဘူးဆိုပေမဲ့ ငါ့သားရဲ့စီးပွားရေးအတွက်တော့ ဝမ်းသာတယ်လေ'’
‘’အမေ… ကျွန်တော်ပြီးရင် ပန်းကန်တွေဆေးလိုက်မယ်!’’ လင်းဖန်၏စကားတို့ကိုကြားသည့်အခါ ချင်လင်ပြုံးမိလိုက်သည်။ သူ့အမေရှိတာကောင်းလိုက်တာ။
ညစာစားပြီးနောက် ချင်လင်က ပန်းကန်များကိုသိမ်းပြီး မီးဖိုချောင်ထဲသို့ဆေးရန်ယူသွားလိုက်သည်။
လင်းဖန်က အလုပ်များနေတဲ့သူ့သားကိုကြည့်ရင်း သက်ပြင်းချမိပြန်သည်။ သူ့သားက ငယ်ငယ်ကတည်းက သိတတ်သည်။ သူ့အရွယ်ကလေးများနှင့်ယှဉ်လျှင် ဘာမှသိပ်စိတ်မပူရ။ ဒါမိဘများဖြစ်သည့် သူတို့အပြစ်ပင်။
ပန်းကန်များဆေးပြီးလျှင် ချင်လင်က အကြွေးရှင်များကိုသတိရပြီး သတိပေးလိုက်သည်_ ‘’အမေ… ကျွန်တော် ဦးလေးအ့ာကန်းတို့ကို ဖိတ်ထားတယ်… သူတို့မကြာခင်…’’
လင်းဖန်က အံ့အားသင့်သွား၏။ သူမတစ်ခုခုပြောမည်ပြုစဉ် တံခါးမှခေါင်းလောင်းမြည်လာ၏။ သူမက တံခါးကိုအလျင်စလိုဖွင့်ကာ အပြင်ဘက်ကလူကို ခါးခါးသီးသီးကြည့်လိုက်ရင်း_ ‘’အာ့ကန်း… မင်းဒီရောက်လာတယ်?’’
တစ်ဖက်လူက သူတို့မိသားစုရဲ့အကြွေးရှင်လေ။ အကြွေးက ယွမ် ၃၀၀၀၀ တင်နေသည်။
အခုအချိန်တွင် သူမအကြောက်ဆုံးက ထိုအကြွေးရှင်များပင်။ သူမမိသားစုမှာ ပြန်ဆပ်စရာငွေ တကယ်မရှိပါချေ။
‘’မရီးလင်းဖန်'’ အာ့ကန်းက လင်းဖန်ကိုနှုတ်ဆက်လိုက်ရင်း_ ‘’လင်ဇီပြန်လာပြီလား?’’
‘’ ရှောင်လင်… မင်းဦးလေးအာ့ကန်းရောက်နေတယ်'’ လင်းဖန်ကဘယ်လိုပဲခံစားနေရပါစေ၊ အိမ်ထဲတော့ဖိတ်ခေါ်လိုက်၏။
ပြန်စဉ်းစားကြည့်ရင် သူ့ယောက်ျားကိုကုသဖို့ ပိုက်ဆံချေးခဲ့ခြင်းဖြစ်လေသည်။ သူ့ကိုမကယ်နိုင်ခဲ့သော်လည်း အကြွေးရှင်တွေကိုတော့ ရှောင်ပုန်းလို့မရနိုင်။ လူဆိုတာအသိတရားရှိရမည်လေ။
ချင်အာ့ကန်းကို ကြိုဆိုပြီးလို့မှမဆုံးသေး၊ လင်းဖန်က အံ့အားသင့်သွားသည့်အသံတစ်ခုကြားလိုက်ရသည်_ ‘’အာ့ကန်း… မင်းလည်းဒီရောက်နေတာလား?’’
ချင်အာ့ကန်းက ထိုလူကိုနှုတ်ဆက်ရင်း ပြုံးလိုက်သည်။ ‘’တလင်… မင်းလည်းရောက်နေတယ်… မင်းရဲ့ဘားကဖွင့်ပြီလား?’’
‘’အခုမှပြင်တုန်းဆင်တုန်း'' ချင်တလင်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ပြောလိုက်၏။
သူတို့နှစ်ဦးစကားဖွဲ့နေစဉ် အနောက်မှ တစ်ယောက်ယောက်ရောက်လာသည်။
‘’အာ့ကန်း တလင်… မင်းတို့လည်းရောက်နေတာလား'’
‘’မင်းတို့လည်း ရောက်နေတယ်'’
လင်းဖန်က တိတ်တိတ်လေးသက်ပြင်းချနေသည်။ ဒီလူတွေအကုန်လုံးက အရင်က သူတို့မိသားစုပိုက်ဆံချေးခဲ့တဲ့သူတွေပင်။ သူ့သားက တကယ်ဒီလူတွေကိုဖိတ်ထားတာပဲ။
လူတိုင်းက အိမ်တံခါးရှေ့အကြွေးရှင်ရောက်လာမှာ ကြောက်ကြသည်ချည်းဖြစ်သော်လည်း အကြွေးတင်နေလျှင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုရမည်သာ။
သူမက အားတင်းပြုံးရင်း ထိုသူများကို အထဲဖိတ်လိုက်၏။ သူမက ခွက်တစ်လုံးထုတ်၍ ချင်အာ့ကန်းတို့အုပ်စုအတွက် ရေထည့်ပေးလိုက်သည်။
ချင်အာ့ကန်းတို့အုပ်စုမှာ အခန်းသေးလေးနှင့်အပြည့်ဖြစ်သွား၏။ ဝမ်ချိုင်က လူအများကြီးမြင်ပြီး အံသြနေသည်။ သူကချက်ချင်းထပြီး မီးဖိုချောင်ထဲပြေးဝင်ကာ ချင်လင်ကိုရှာလိုက်၏။
ချင်လင်ထွက်လာလျှင် ချင်အာ့ကန်းတို့အုပ်စုကိုမြင်သဖြင့် ချက်ချင်းထွက်ပြီး ကြိုဆိုလိုက်သည်_ ‘’ဦးလေးအာ့ကန်း… ဦးလေးတလင်…’’
ထိုအကြွေးရှင်များအားလုံးကို သူကျေးဇူးတင်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဖခင်ကင်ဆာဖြစ်တော့ သူတို့မိသားစုမှာ ဖတဆိုးနှင့်မုဆိုးမသာကျန်တော့မည်ကို သိနေသော်လည်း ပိုက်ဆံချေးကြသောကြောင့်ပင်။
ဦးလေးအာ့ကန်းတို့အုပ်စုက ပိုက်ဆံချေးပေးသဖြင့် ဘုရားမလိုက်သလိုဖြစ်ခဲ့သည်။
အဓိကက သူ့မှာဘွဲ့ရပြီး တစ်နှစ်ကျော်၊ လူတိုင်းက သူ့လိုဖတဆိုးနှင့်မုဆိုးမအတွက် မလွယ်ကူမှန်းသိကြ၍ ဘယ်သူမှ အကြွေးဆပ်ဖို့ လာမလောကြပေ။
တစ်ခါတလေ သူ့ဖခင်ကိုအရမ်းအားကျမိသည်။ လူတိုင်း ဒီလိုချစ်ခင်မှုမျိုးမရနိုင်။
ဒါမှမဟုတ် အရင်တုန်းကလူတွေလိုမျိုး ခံစားချက်တွေ အခုမျိုးဆက်သစ်တွေမှာ မရှိတော့တာပင်။
အခုခေတ်လူငယ်များမှာ လောကဓံနှင့် ထွေလီကာလီလူမှုရေးတန်ဖိုးများကြောင့် တဖြည်းဖြည်းဆုတ်ယုတ်လာပြီး ထိုသို့ခံစားချက်များကို ဝေမျှနိုင်စွမ်းမရှိကြတော့။
ချင်အာ့ကန်းက ချင်လင်ကိုမြင်လျှင် နှစ်နှစ်ကာကာချီးကျူးလိုက်သည်_ ‘’ ရှောင်လင်… မင်းတကယ်တော်တာပဲ… မင်းက ရွာထဲကအငယ်တွေထက်တောင် ပိုအားသာသေးတယ်'’
ချင်တလင်ကခေါင်းညိမ့်လိုက်ပြီး_ ‘’ ရှောင်လင်က ငယ်ငယ်ကတည်းက သိတတ်တယ်… ရလဒ်တွေလည်းကောင်းတယ်… ငါတို့ရဲ့ဘာမှသုံးမရတဲ့သားလေးက သူ့တဝက်လောက်သိတတ်ရင်ကို စိတ်အေးရပါပြီ'’
သူ့စကားကို အခြားသူများကလည်း သဘောတူကြ၏။
ရွာထဲတွင် အဓိကတက္ကသိုလ်ကိုတက်နိုင်သူမှာ ချင်လင်သာရှိသည်။ အခြားကလေးများမှာ အဆော့မက်ကြသည်ချည်း။ ချင်လင်က ကံမကောင်းအကြောင်းမလှခဲ့ခြင်းကြောင့်သာဖြစ်သည်။
သူများတွေက သူ့သားကိုချီးကျူးကြခြင်းကြောင့် လင်းဖန်ဝမ်းသာမိသော်လည်း သက်ပြင်းချမိပြန်သည်။ သူ့သားကို သူ့မိသားစုက ဆွဲချနေခဲ့မိတာပင်။
ချင်အာ့ကန်းက ချင်လင်ကိုချီးကျူးပြီး IOU ကိုထုတ်ကာ လင်းဖန်ဆီပေးလိုက်၏_ ‘’မရီးလင်းဖန်… ကြည့်ပါ… ဒါက ကျွန်တော့်ရဲ့ IOU ပါ'’
ချင်တလင်ကလည်း သူ့ IOUကိုထုတ်ပြီး_ ‘’ဒါကကျွန်တော့်ဟာပါ'’
တခြားသူများကလည်း သူတို့ယူလာသော IOU များကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်ကြသည်။
ချင်လင်က အကြွေးပြန်ဆပ်ချင်သည်ဆို၍ သူတို့က IOU ကိုယူလာကြခြင်းဖြစ်သည်။
အကြွေးကျေပြီဆိုလျှင် ရှေးထုံးအရ IOU ကို ကိုယ်တိုင်ဖျက်သိမ်းရ၏။
ချင်လင်က သူ့မိခင်စိုးရိမ်နေမည်စိုးသဖြင့် အလျင်စလိုဖြင့်_ ‘’အမေ… ဦးလေးအာ့ကန်းတို့ကိုလာဖို့ ကျွန်တော်ဖိတ်ထားတာပါ… ကျွန်တော်ရတဲ့ဝင်ငွေနဲ့ သူတို့ကိုပြန်ဆပ်နိုင်ပါပြီ'’
ဘာပဲဖြစ်ဖြစ် အကြွေးရှင်တံခါးလာခေါက်ပြီဆိုကတည်းက စိတ်ခံစားချက်ကောင်းမည်မဟုတ်ပေ။ သူကချက်ချင်း သူ့မိခင်ဘေးဝင်ထိုင်ပြီး သူမလက်ကိုဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် လိုလိုလားလားပင် IOU များကိုကောက်ကိုင်လိုက်ပြီး_ ‘’ဦးလေးအာ့ကန်း ဦးလေးတလင်… ဖုန်းတွေပါလာတယ်မလား? ကျွန်တော် ဘဏ်ထဲငွေလွှဲပေးပါ့မယ်'’
ထိုစကားလုံးများက လင်းဖန်ကိုမှင်တက်သွားစေသည်။ သူမက သူ့သားကို မယုံနိုင်စွာနဲ့ကြည့်လိုက်၏။
ထိုအချိန်တွင် ချင်အာ့ကန်းတို့က ဖုန်းများကိုထုတ်လိုက်ကြ၏။
‘’ ရှောင်လင်… ရှိတယ် ရှိတယ်'’
‘’ဖုန်းမရှိတဲ့သူရှိလားဗျ?’’
‘’ ရှိတယ်… ဒါပေမဲ့ အကုန်လုံးတစ်ခါတည်း ပြန်ဆပ်မလို့လား?’’
ချင်လင်ကတုံ့ဆိုင်းမနေ။ IOU များကိုယူပြီး တစ်ခုချင်းစစ်ကြည့်လိုက်သည်။ ထို့နောက် ဖုန်းထဲမှ ဘဏ်သို့ငွေလွှဲပေးလိုက်၏။ မျက်စိတစ်မှိတ်အတွင်း ယွမ်သုံးသိန်းကျော်လွှဲပေးလိုက်ရသည်။ သူ့ဘဏ်ကတ်ထဲလက်ကျန်ငွေမှာ အနီဖြစ်သွားပြန်၏!
သို့သော်အကြွေးဆပ်ပြီးသည်ဖြစ်၍ စိတ်သက်သာရာရသွားသည်။ နောက်ရက်အနည်းငယ်အတွင်း ဦးလေးအာ့ကန်းတို့ကို ထမင်းဖိတ်ကျွေးရမည်။ သူတို့အပေါ်ကြည့်ရှုထားမှုကြောင့် နောင်တွင်တဖြည်းဖြည်းပြန်ပေးဆပ်ရပေမည်။
ချင်အာ့ကန်းတို့က ငွေလွှဲပြောင်းရရှိကြောင်း စာဝင်လာလျှင် ပြုံးမိကြသည်။
သူတို့က ချင်လင်တို့သားအမိ အမြန်ဆုံးအကြွေးပြန်ဆပ်ရန် မျှော်လင့်မထားသော်လည်း ချင်လင်က တစ်ချီတည်းပြန်ဆပ်သည့်အခါ ပျော်မိကြသည်ပင်။
မိသားစုတိုင်းတွင် သူ့အခက်အခဲနှင့်သူရှိကြသည်ချည်း။ ဤငွေပမာဏနှင့်ဆိုလျှင် ပိုရှိလေကောင်းလေဖြစ်သည်။
ချင်အာ့ကန်းတို့က လင်းဖန်ကိုကြည့်ရင်း အားကျနေကြသည်။ သူတို့မိသားစုမှာ ဒုက္ခရောက်နေသော်လည်း သားလိမ္မာလေးရှိတာ တကယ်ကိုအားကျစရာ။
ချင်လင်က သြချလောက်ပေသည်။ သူ့မိဘအထောက်အပံ့မရှိသည့်အပြင် သူ့မိဘတွေတင်နေသည့် အကြွေးထောင်သောင်းချီကိုလည်း လျင်လျင်မြန်မြန်ပြန်ဆပ်နိုင်၏။
ဘယ်မိဘက ဒီလိုအရည်အချင်းရှိတဲ့သားမျိုး မလိုချင်ဘဲနေမှာတဲ့လဲ?
လင်းဖန်က ထိုအကြည့်ကိုသတိထားမိပြီး စိတ်ထွေသွားသည်။
ချင်အာ့ကန်းတို့က သူတို့ကိုမနှောင့်ယှက်တော့ဘဲ ချင်လင်ကိုချီးကျူးပြီး နှုတ်ဆက်ကာပြန်သွားကြ၏။
ချင်လင်က အောက်ထပ်လိုက်ပို့ပေးပြီး သုံးဘီးကားပေါ်မှ အဝတ်အုပ်ထားသောပုံးကိုဖွင့်လိုက်သည်။ သူက အိမ်ယူလာသော သဘာဝငါးများကို ကျေးဇူးတင်လက်ဆောင်အနေနှင့် တစ်ကောင်စီဝေလိုက်၏။
‘’ ရှောင်လင်… ဒါသဘာဝငါးတွေလား?’’
ချင်အာ့ကန်းတို့အဖွဲ့က နည်းနည်းအံ့အားသင့်သွားသည်။
‘’လက်ဆောင်သေးသေးလေးပါ… ဒီသဘာဝငါးက အာဟာရဖြစ်တယ်… ဦးလေး အိမ်ယူသွားပြီး ဝိုင်လေးနဲ့သောက်လိုက်'’
‘’ ရှောင်လင်… မင်းဘာလို့အရမ်းလိမ္မာတာလဲ?’’
“...”
ချင်အာ့ကန်းတို့အဖွဲ့က အလွန်ဝမ်းသာသွားကြသည်။ ဤသဘာဝငါးများမှာ အကောင်ကြီးပြီး ရှားပါး၏။
ချင်လင်က ချင်အာ့ကန်းတို့ကိုလိုက်ပို့ပြီးနောက် IOU များကို တဖန်ကောက်ကြည့်လိုက်သည်။ သူ့မိခင်က လက်မှတ်ထိုးထားပြီးဖြစ်၏။ ဒီအချိန်ရောက်လာခဲ့ပြီ။ အခုတော့ ဒါတွေအားလုံးပြန်သိမ်းပြီး စိတ်ထဲနည်းနည်းလှုပ်ရှားလာလေသည်။
သူ့ဖခင်၏ဓာတ်ပုံရှေ့သို့ယူသွားလိုက်ပြီး ထို IOU များအားလုံးကို တစ်ထိုင်တည်းမီးရှို့ပစ်လိုက်၏။ ဒီအကြွေးတွေက တစ်ချိန်ကသူ့ကို အသက်မရှုနိုင်အောင် ဖိအားပေးခဲ့သော တောင်ကြီးတစ်လုံးဖြစ်ခဲ့ဖူးသည်။
သူ့စိတ်ထဲကဂိမ်းကြောင့်သာ ခါးသီးမှုရွှံ့ဗွက်အိုင်ထဲမှ ရုန်းထွက်နိုင်ခဲ့တာပင်။
လင်းဖန်က နည်းနည်းစိုးရိမ်စိတ်ဝင်နေသည်။ သူမက ချက်ချင်းပင် ချင်လင်အား_ ‘’ ရှောင်လင်… မင်းမှန်မှန်ပြောစမ်း… ဒီလောက်ပိုက်ဆံအများကြီး ဘယ်ကရလဲ? တရားမဝင်တာတွေလုပ်နေတာလား?’’
ဒါကလည်း သူမအစိုးရိမ်နေဆုံးအရာပင်။ သူ့သားဆင်းရဲတာချမ်းသာတာ ကိစ္စမရှိ။ သူ့သားကို လမ်းမှားတော့မလျှောက်စေချင်။
ချင်လင်က သူ့မိခင်ပူပန်မည်ကိုသိပြီးဖြစ်၍ အကြောင်းပြစရာရှာထားပြီးသား_ ‘’အမေ… ကျွန်တော်ကဘယ်လိုလုပ် တရားမဝင်တာလုပ်ရမှာလဲ? တကယ်တော့ ကျွန်တော် သဘာဝအဆောင်အယောင် ငါးတစ်ကောင်ဖမ်းမိလိုက်တယ်… အဲဒါကို ယွမ်(၆)သိန်းကျော်နဲ့ရောင်းလိုက်တာ'’
‘’ပြီးတော့ အဲဒီပိုက်ဆံတွေနဲ့ လက်ကားအရောင်းအဝယ်လုပ်တယ်… အရင်တုန်းက ဖရဲသီးတွေသယ်တယ်… အဲဒီဖရဲသီးတွေကို လက်ကားပေးတယ်… နောက်ထပ်ငွေတွေထပ်ရတယ်… စံအိမ်ထဲမှာ အဲဒီငွေတွေမြှုပ်နှံထားတဲ့အပြင် ကျန်တဲ့ငွေတွေကို အကြွေးဆပ်ဖို့သုံးလိုက်တာ'’
ဤဆင်ခြေများမှာ အဆင်ချောနေသည်။
သူက ငါးနှင့်လက်ကားပေးခြင်းကို ရှေ့နောက်အစဉ်ပြောင်းပစ်လိုက်၏။
‘’ဘယ်ငါးက ဒီလောက်တန်ဖိုးကြီးတာလဲ?’’ လင်းဖန်က မယုံနိုင်ဘဲဖြစ်နေသည်။
ချင်လင်က_ ‘’သဘာဝကျားဖြူပါ… အဲဒီငါးက ဘာကောင်းသလဲတော့ ကျွန်တော်မသိဘူး… ဒါပေမဲ့ လူချမ်းသာတွေကကြိုက်တယ်… ငွေအများကြီးပေးဝယ်ကြတယ်'’
သည်လိုနှင့် ချင်လင်ကသူ့ဖုန်းထုတ်ပြပြီး သဘာဝအဆောင်အယောင်ငါးအတွက် အခွန်ဆောင်ထားသည်ကိုပြလိုက်သည်။
အခုတော့ လင်းဖန်က မယုံချင်ဘဲယုံလိုက်ရ၏။ သူမမျက်နှာတွင် သံသယအပြည့်နှင့်_ ‘’ဒီလောက်စျေးကြီးတဲ့ငါးရှိလား? မင်းဒီငါးကိုဖမ်းမိတာ မင်းအဖေကစောင့်ရှောက်တာဖြစ်မယ်'’
လင်းဖန်က စိတ်သက်သာရာရသွားပုံနှင့် တစိမ့်စိမ့်ပြုံးနေသည်။
ချင်လင်က သူ့မိခင်ပြောင်းလဲသွားပုံကိုကြည့်ရင်း လိုက်ပြုံးလိုက်မိသည်။
‘’ ရှောင်လင်… ဒါဆိုမင်းလုပ်နေတဲ့စံအိမ်က ယွမ်သုံးလေးသောင်းလောက်ရှိတဲ့ လယ်တောအိမ်မလား?’’ လင်းဖန်က အသိအမှတ်ပြုရင်း မေးလိုက်၏။
‘’ဟုတ်တယ်… စံအိမ်ကမသေးဘူး'’ ချင်လင်က ခေါင်းညိမ့်ရင်းဖြေလိုက်သည်။
လင်းဖန်က အခုမှစိုးရိမ်သွားပုံနှင့်_ ‘’ဒါဆိုမြန်မြန်လုပ်… မိုချင်းကိုပြောပြလိုက်… အရင်တစ်ခေါက် သူငါ့ဆီလာတုန်းက မင်းသူ့ကိုလယ်တောအိမ်အကြောင်း မပြောပြမှန်း သူသိသွားတယ်… ငါကမင်းမှာ ယွမ်သုံးလေးသောင်းတန် လယ်ယာထွက်ကုန်တွေရှိတာ သိပ်မသေချာတာနဲ့ မင်းကိုပဲစောင့်ဖို့ပြောလိုက်တယ်'’
‘’မိုချင်းက မိန်းမကောင်းလေး… မင်းသူ့ကိုအားတက်စရာပြောပြထားရမယ်… သူများလက်အပါမခံနဲ့… ငါသူ့ကိုပဲ ချွေးမအဖြစ် အသိအမှတ်ပြုတယ်'’
‘’ဟမ်!’’ ချင်လင်မှင်တက်သွားသည်။ သူဘာမှမပြောခဲ့တာက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လုပ်ပြီးတော့မှ ကျောက်မိုချင်းကို အံ့သြသွားအောင်လုပ်ချင်လို့လေ။