ထိပ်တန်းအရည်အသွေး ၃! ဒါလုံးဝနာမည်ကျော်လာမှာ!
Vol. 2 Ch. 29
ချင်လင်က_ ''အမေ ကျွန်တော်က စံအိမ်ပြီးတဲ့အခါကျမှ မိုချင်းကို အံ့သြသွားအောင်လုပ်မလို့… မိုချင်းမသိစေနဲ့ဦး!''ဟု ရှင်းပြလိုက်သည်။
''မင်းတို့လူငယ်တွေက အံ့သြအောင်လုပ်ရတာကြိုက်ကြတာပဲ!'' လင်းဖန်က ခေါင်းခါလိုက်သည်။
ဒီညတော့ ချင်လင်သည် အကြွေးများဆပ်ပြီးဖြစ်၍ ပေါ့ပါးနေကာ ထူးထူးခြားခြားအိပ်ကောင်းနေ၏။
နောက်နေ့တွင် ဂိမ်းထဲမှမနက်ပိုင်းမှည့်သော ရုံးပတီသီးများကိုထုတ်ယူ၍ RT ဈေးသို့ပို့လိုက်သည်။ ထို့နောက် အလုပ်သမားစာချုပ်ကိုမိတ္တူဆွဲ၍ စံအိမ်ဆီထွက်လာခဲ့သည်။
စံအိမ်ကားပါကင်ရောက်သော် လုံခြုံရေးယူနီဖောင်းဝတ်ဆင်ထားသည့် ချန်တပေက ရွက်ဖျင်တဲရှေ့ထိုင်ကာ သမ်းနေသည်ကိုတွေ့ရ၏။
သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပြီး တစ်ညလုံး သုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကိုစောင့်ကြည့်ထားမှန်း သိသာလေသည်။
ရွက်ဖျင်တဲမှာ စံအိမ်အပိုင်ဖြစ်သည်။ ညဘက်တွင် ရွက်ဖျင်တဲထိုးနေပြီး အလွန်သတ္တိကောင်းကြောင်းပြချင်သည့် စုံတွဲတို့မှာရှိစမြဲပင်။
''သူဌေး ရောက်လာပြီလား’' ချန်တပေက ချက်ချင်းမတ်တပ်ရပ်ပြီး ချင်လင်ကိုနှုတ်ဆက်လိုက်သည်။
''အရမ်းအလုပ်ကြိုးစားတာပဲ… ကျွန်တော်နဲ့အတူ ခန်းမထဲလိုက်ပြီး အလုပ်သမားစာချုပ်လက်မှတ်ထိုးဦး.. ပြီးရင်ပြန်နား'’ ချင်လင်က တစ်ဖက်လူအား ခေါင်းညိမ့်ပြလိုက်သည်။
''ကောင်းပါပြီ သူဌေး!’’ ချန်တပေက ခေါင်းညိမ့်၍ လိုက်လာခဲ့၏။
ခန်းမထဲရောက်သော် ချင်လင်က ကောင်းယောင်ယောင်အား လူအားလုံးခေါ်ခိုင်းပြီး စာချုပ်လက်မှတ်ထိုးစေသည်။
စာချုပ်အရလစာမှာ ထိုသူများ၏ယခင်လစာအတိုင်းပင်။ ဥပမာဆိုရလျှင် ကောင်းယောင်ယောင်က ကော်မရှင်ခ ယွမ် ၃၅၀၀ ကျော်ရ၏။ အရင်က တောတွင်းစွန့်စားခန်းနှင့် မြက်ခင်းလျှောသို့ လာကစားသူဦးရေများလေလေ သူမလစာပိုရလေဖြစ်သည်။
သူတို့ထဲတွင် ဆရာလင်းမှာ လစာအမြင့်ဆုံးဖြစ်သည်။ သူက နဂိုကတည်းက စားဖိုမှူးဖြစ်သည့်အပြင် အလုပ်များစွာရှိသောကြောင့် ပုံသေဝင်ငွေယွမ် ၆၀၀၀ ရ၏။
အခြားဝန်ထမ်းများမှာ ကောင်းယောင်ယောင်နည်းတူပင်။
ဤလစာမှာ မြို့ကြီးထဲတွင်မပြောပလောက်။ ရုံချန်းစီရင်စုတွင် လူတိုင်းယွမ်သုံးလေးထောင် လစာရကြသည်ဖြစ်၍ ပုံမှန်လစာဟုပင် ဆိုရပေမည်။
ထို့အပြင် စံအိမ်မှာကာမိသည်။ ဆန္ဒရှိလျှင် ကောင်းယောင်ယောင်ကဲ့သို့ စံအိမ်ထဲရှိအဆောင်တချို့တွင် နေနိုင်ကြသည်။
ဤသည်ကြောင့်ပင် စံအိမ်ပိတ်ပြီး သူဌေးပြောင်းသွားသည့်တိုင် ကောင်းယောင်ယောင်တို့အဖွဲ့က ပြန်လာကြခြင်းဖြစ်ပေသည်။ နောက်ပြီး ယခုအချိန်တွင် အလုပ်ရှာရသည်မှာမလွယ်ကူပေ။
ချင်လင်က_ ‘’လစာက အရင်အတိုင်းပဲ.. ဒါပေမဲ့ ဒါကယာယီပါ… ဒီစံအိမ်ဝယ်ပြီးနောက်ပိုင်း တိုးတက်အောင်လုပ်ရမှာ'’
''စံအိမ်ဖွံ့ဖြိုးလာပြီး မင်းတို့တွေကလည်း ကောင်းကောင်းလုပ်ကြမယ်ဆိုရင် လစာလည်းတိုးပေးမှာပါ… လူတွေလည်း ထပ်ခန့်မယ်… အဲဒီအချိန်ကျရင် စီမံတဲ့နေရာမြှင့်ပေးပြီး လစာကောင်းကောင်းပေးမယ်'’
ထိုစကားများမှာ အကြမ်းဖျင်းမျှသာဖြစ်သော်လည်း စကားကောင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်လှလှတွေက မြင်မြင်ချင်း သူ့ကိုဆွဲဆောင်သွားလေသည်။
သူဌေးအသစ်က ပန်းပင်လယ်ဧက ၃၀ စိုက်ချင်သည်ဆိုတော့ လုံးဝနာမည်ကျော်လာမှာပင်။ ပြီးတော့ သူတို့လစာတိုးမှာကလည်း လုံးဝသေချာ၏။
ထို့ကြောင့် ကောင်းယောင်ယောင်တို့က ရှေ့ရေးကိုမျှော်တွေးကြသည်။
ချင်လင်က အလုပ်သမားစာချုပ်လက်မှတ်ထိုးပွဲပြီး၍ စိတ်ကြည်လင်နေ၏။
အခုသူက လုပ်ငန်းနဲ့ ဝန်ထမ်းနဲ့ သူဌေးတစ်ယောက်ဖြစ်နေပြီ။
သိပ်မကြာခင်_
ပန်းပင်လယ်အတွက် စာချုပ်ကုမ္ပဏီလည်း ရောက်လာသည်။
ချင်လင်က သူတစ်ညလုံးရှာထားရသော ပစ္စည်းကိရိယာများကို လက်လွှဲပေးလိုက်သည်။
သူတည်ဆောက်ချင်သည့်အဆင့်မြင့်ပန်းပင်လယ်မှာ ကျောက်ခင်းလမ်း၊ ဒန်း၊ သစ်သားတန်းလျားများနှင့် ပွဲကြည့်စင်တို့ဆောက်လုပ်ရန်အတွက် ပစ္စည်းကိရိယာများလိုအပ်၏။
သူကခရီးသွားမန်နေဂျာတစ်ဦးအနေနှင့် ဈေးနှုန်းနှင့်အရောင်တို့ကိုရွေးချယ်လိုက်သည်။ အထူးစာချုပ်ကုမ္ပဏီက ဈေးနှုန်းကိုစုံစမ်းပေးပြီး သူ့ကိုဆုံးဖြတ်ချက်ချစေသည်။
အရာအားလုံးစီစဉ်ပြီးတာနှင့် လုပ်ငန်းစ၍ရပြီဖြစ်၏။
နေ့လယ်ပိုင်းတွင်_
အဆင့် ၂ နယ်မြေရှိ သာမန်အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင်ကို ထပ်မံရိတ်သိမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် ၁၅၆ ပင်ရ၏။
ချင်လင်က ဂိုဒေါင်ဆီသွားကာ ထိုအဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင်အားလုံးကို ဂိမ်းထဲမှထုတ်လိုက်သည်။ ထို့နောက် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို စံအိမ်သို့ပို့ရန် သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ကျောက်လီယွမ်ကို ဆက်သွယ်လိုက်၏။
နှစ်ရက်ခန့်အကြာတွင် စံအိမ်၏ဝန်ထမ်းများမှာ လမ်းကြောင်းမှန်ပေါ်ရောက်လာပြီဖြစ်လေသည်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လည်း ဆောက်နေပြီဖြစ်၏။
တတိယမြောက်နေ့တွင် ဂိမ်းထဲ၌ သက်တန့်ရောက်သဟဇီဝပန်းမှာ ထပ်ပွင့်လာ၏။
ချင်လင်က ဂိမ်းဇာတ်ကောင်အား ခူးစေလိုက်ပြီး ပျိုးပင်အသစ်များထပ်စိုက်စေလိုက်သည်။ ထို့နောက် ဂိုဒေါင်ဆီသွား၍ ဂိမ်းထဲထပ်ဝင်လိုက်၏။ သို့သော် မြောင်ကျူသိုလှောင်ဝန်းထဲ တဖန်ရောက်လာသည့်အချိန်တွင် သူအံ့အားသင့်သွားသည်။
၂.၅ မီတာအရှည်ရှိ သက်တန့်ရောင်အဆောင်အယောင် ဇီးပန်းပင် ၂၀ ကျော်ထဲတွင် တစ်ပင်မှာထင်ရှားနေသည်။ ထိုအပင်က ပိုရှည် ပိုလှပြီး ပိုဆွဲဆောင်မှုရှိ၏။ သူဝင်လိုက်သည့်တစ်ခဏတွင်ပင် မယုံနိုင်အောင်ဆွဲဆောင်ခံလိုက်ရသည်။
ချင်လင်က တစ်ခုခုအတွေးရသွားပြီး ထိုဇီးပန်းပင်ကို စစ်ဆေးကြည့်ရန် ချက်ချင်းလျှောက်သွားလိုက်သည်။
(ကြာရှည်ခံသက်တန့်ရောင်သဟဇီဝ သုံးပွင့်ဆိုင်ဇီးပန်းပင်: အရည်အသွေး ၃)
(သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်အထူးမျိုးဖြစ်သည်။ စုစုပေါင်း ၇ ရောင်ရှိပြီး တန်ဖိုးကြီးသည်။ ၄ မီတာအရှည်၊ ၃.၅ အလျားရှိကာ ထိပ်ပိုင်းတွင် ၃၆ စင်တီမီတာရှိ၏။ အလွန်လှပပြီး အလွန်ဆွဲဆောင်မှုရှိသည်။ ထို့အပြင် ရွှေ့ပြောင်းစိုက်ပျိုးရလွယ်ကူသည်။ တစ်နှစ်ပတ်လုံးခံသည်။)
(ဂိမ်းထုတ်ကုန်: ခမ်းနားထည်ဝါခြင်း +၃၊ ကြည့်ကောင်းခြင်း +၃၊ ဆွဲဆောင်မှုရှိခြင်း +၃၊ ဓာတ်ပုံစားခြင်း +၃၊ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ခြင်း +၃၊ စီးပွားရေးတွက်ချေကိုက်ခြင်း +၃!)
ဤသည်မှာ အရည်အသွေးမြင့်သက်တန့်ရောင် သဟဇီဝပန်းဖြစ်၏။ အရည်အသွေးအားလုံးအဆင့် ၃ ဖြစ်သဖြင့် အခြားသုံးပွင့်ဆိုင်ဇီးပန်းပင်များထက် သာလွန်နေခြင်းပင်!
ဤအရည်အသွေး ၃ ရှိသောသုံးပွင့်ဆိုင်ဇီးပန်းပင်တွင် စီးပွားရေးတွက်ချေကိုက်ခြင်း +၃ အရည်အသွေးတစ်ခုပိုပါသည်! သို့သော် ထိုအရည်အသွေးမှာ ဘာအတွက်အသုံးဝင်မှန်း လောလောဆယ်တော့ သူမသိသေးချေ။
နောက်ပြီး ဤအပင်ကို သူဂိမ်းထဲမှထုတ်ချင်လျှင်တောင် ဂိုဒေါင်နှင့်အဆင်ပြေမည်မဟုတ်ပေ။ ထို့ကြောင့် သူဂိမ်းထဲမှထွက်ပြီး ဂိုဒေါင်အပြင်ထွက်ခဲ့သည်။ ဘယ်သူမှရှိမနေမှန်း သေချာအောင်ကြည့်ပြီးမှ အတတ်နိုင်ဆုံးဂိမ်းထဲမြန်မြန်ဝင်ကာ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်ကို ဂိမ်းထဲမှထုတ်လိုက်၏။
သို့သော် ထိုအပင်ကိုစံအိမ်သို့သယ်မည်ဆိုပါက ကျောက်လီယွမ်က ပိုကြီးသောထရပ်ကားကို ယူလာရပေမည်။
ကျောက်လီယွမ်က ယာဉ်တန်းကိုခေါ်လာခဲ့ပြီး ထိုအဆင့် ၃ ရှိသောသုံးပွင့်ဆိုင်ဇီးပန်းပင်ကိုမြင်လျှင် အာစေးမိသွား၏။ အလျင်စလိုပင် သူ့လက်အောက်ငယ်သားများကို ပိုပြီးဂရုစိုက်ရန်မှာလိုက်သည်။ ဒီအပင်က ပိုပြီးစျေးကြီးမှာ သေချာသည်။
အချိန်အတော်ကြာအလုပ်များပြီးနောက် ထိုအပင်ကို ကားပေါ်တင်နိုင်သွား၏။
စံအိမ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပျားပန်းခတ်နေသည်။ အလုပ်ခန့်ထားသော ဥယျာဉ်မှူးနှင့်တောင်သူများက သုံးပွင့်ဆိုင်ဇီးပန်းပင်များကို စတင်ရွှေ့ပြောင်းနေကြပြီ။ သက်တန့်ရောင်အဆောင်အယောင် ဇီးပန်းပင်များကို အလယ်ဗဟိုတွင်ထားပြီး သာမန်အဆောင်အယောင်ပင်များကို ခြံရံထား၏။ နောက်ဆုံးသာမန်သုံးပွင့်ဆိုင်ဇီးပန်းပင်များကို အစွန်အဖျားတွင်ထားပြီး ဖြာထွက်နေသည့်ပုံစံဖြစ်စေသည်။
ဤသို့ဖြင့် ခရီးသွားများက အတွင်းသို့ဝင်လေလေ ပို၍အံ့အားသင့်ဖွယ်ခံစားရလေဖြစ်ပေမည်။ အပြင်ပိုင်းကို ငြီးငွေ့ဖွယ်ဖြစ်မသွားစေရန် အပြင်မှဝယ်ထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်တို့နှင့် လိုက်ဖက်ညီမည့် သက်တန့်ရောင်သဟဇီဝ အဆောင်အယောင်မျိုးနှင့် သာမန်အဆောင်အယောင်မျိုးကို ခွဲခြားထားသည်။
ချန်တပေက ကားပါကင်ရှိသုံးပွင့်ဆိုင်ဇီးပန်းပွင့်တို့ကို တာဝန်ယူစောင့်ကြည့်နေရင်း ကားတန်းလာနေသည်ကို မြင်လိုက်ရသည်။ မြို့ထဲမှလာတာဖြစ်မည်။
ကားတန်းက အပြင်၌ရပ်သွားသည်။ ချန်တပေက စိတ်ရှုပ်ထွေးစွာ အပြင်ထွက်ကြည့်လိုက်၏။
သက်လတ်ပိုင်းအမျိုးသားတစ်ဦး ကားထဲမှထွက်လာပြီး သူဌေးချင်၏စံအိမ်ဟုတ်မဟုတ်မေးလေသည်။
ချန်တပေက_ ‘’ဟုတ်ပါတယ်… ဘာလို့လဲ?’’
ထိုသက်လတ်ပိုင်းအမျိုးသားက_ ‘’ကျွန်တော့်နာမည် မာကိုပါ… ကျွန်တော်က မြို့တော်ရဲ့ သုံးပွင့်ဆိုင်ဇီးပန်းပင်အခြေခံစိုက်ပျိုးရေးညွှန်ကြားသူပါ… သူဌေးချင်ကို သုံးပွင့်ဆိုင်ဇီးပန်းပင်ပေးပြီး အပင်စိုက်နည်းညွှန်ကြားပေးရမလား?’’
ညွှန်ကြားသူစေလွှတ်ခြင်းမှာ အခြေခံစိုက်ပျိုးရေး၏ ထပ်ဆောင်းဝန်ဆောင်မှုဖြစ်၏။ ဘာပဲဖြစ်ဖြစ် အပင်တစ်သောင်းတောင် မှာယူထားတာလေ။ သူတို့ကလည်း ပန်းပင်လယ်တည်ဆောက်မှာမှန်းသိကြ၏။ တစ်ဖက်သားကကျော်ကြားလာလျှင် သူတို့အတွက်ပါ ကြော်ငြာပြီးသားဖြစ်ပေမည်။
ချန်တပေက ချက်ချင်းပင် ကားပါကင်ကို ညွှန်ပြလိုက်ပြီး_ ‘’သူဌေးက ခင်ဗျားလာရင် ကားပါကင်မှာချထားခဲ့ဖို့ မှာသွားပါတယ်'’
မာကိုကခေါင်းညိမ့်ပြီး ကားပေါ်မှ သုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကိုချပြီး အထဲသို့ထည့်ရန် လူခေါ်လိုက်သည်။ ထို့နောက် သူ့နောက်လိုက်ပြီး ကားပါကင်ထဲဝင်လာရန် ညွှန်ကြားလိုက်၏။ ကားပါကင်ထဲဝင်လိုက်လျှင် မာကိုအံ့အားသင့်သွားသည်။ သူက ကားပါကင်ထဲမှ သုံးပွင့်ဆိုင်ဇီးပန်းပင်များကို မယုံနိုင်စွာနှင့်ကြည့်နေမိ၏။
သက်တန့်ရောင်? ထိုသက်တန့်ရောင်အဆောင်အယောင် ဇီးပန်းပင်တို့ကိုမြင်လျှင် မာကိုအံအားသင့်သွားသည်။ သူက ကောင်းယောင်ယောင်တို့နှင့်မတူ။ အထူးကျွမ်းကျင်သူဖြစ်သဖြင့် သက်တန့်ရောင်သဟဇီဝ သုံးပွင့်ဆိုင်ဇီးပန်းပင်က ဘာကိုကိုယ်စားပြုလဲ သူသိသည်။
သုံးပွင့်ဆိုင်သဟဇီဝဇီးပန်းပင်များစွာရှိသော်လည်း အများအားဖြင့် သုံးရောင်စပ်သဟဇီဝပန်းများသာဖြစ်သည်။ ငါးရောင်စပ်ဆိုလျှင်ပင် ထူးခြားမြင့်မြတ်နေပြီ။ နှစ်မီတာထက်ရှည်သော သက်တန့်ရောင်သဟဇီဝပန်းများမှာ လုံးဝရှားပါး၏။
အဓိကက ထိုသက်တန့်ရောင်များမှာ အံ့အားသင့်စရာကောင်းအောင် ပြီးပြည့်စုံနေသည်။ အထူးကျွမ်းကျင်သူအနေနှင့် မျက်စိမခွာနိုင်အောင် သူ့ကိုဆွဲဆောင်လွန်းနေ၏။
ထို့အပြင် ထိုအပင်ကိုမြင်လိုက်သည်နှင့် စိတ်သက်သာရာရသလိုခံစားရ၏။ ဘယ်လောက်အံ့သြဖို့ကောင်းတဲ့ လမ်းညွှန်သူလဲ?
သူတို့အခြေခံစိုက်ပျိုးရေးကတောင် ဒီလိုထိပ်တန်းဖန်တီးသူမျိုး မပျိုးထောင်နိုင်ပေ။
ကြည့်ရတာ ဒီလိုထိပ်တန်းသုံးပွင့်ဆိုင်ဇီးပန်းပင်မျိုး အတော်များများရှိသည့်ပုံပင်။ ဒီပန်းပင်လယ်က သေချာပေါက်နာမည်ကျော်ဖြစ်လာပေမည်!
မာကိုတွေးတောနေစဉ် အပြင်မှကားသံကြားလိုက်ရ၏။ ထို့နောက် သူနှင့်ပါလာသည့် အခြေခံစိုက်ပျိုးရေးမှဝန်ထမ်းများ အံ့အားသင့်နေကြသံကို ကြားရပြန်သည်။
ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်က တကယ်ရှည်တာပဲ!
နှစ်မီတာရှည်တာတောင် တော်တော်လှနေပြီ။ ဒီအပင်က မယုံနိုင်စရာပင်။ လေးမီတာတောင်ရှည်တယ် ဟုတ်တယ်မလား?