← Chapters

ယွမ်နှစ်သိန်းနှင့်မဝယ်နိုင်! မျက်လှည့်ဆန်သော ဂေဟစနစ် +၃!

Vol. 2 Ch. 30

ယွမ်နှစ်သိန်းနှင့်မဝယ်နိုင်! မျက်လှည့်ဆန်သော ဂေဟစနစ် +၃!

Vol. 2 Ch. 30

မာကိုထွက်လာသောအခါ သူလည်းအံ့သြသွားသည်။ လေးမီတာအရှည်ရှိပြီး အမွှေးတဖွားဖွားနှင့် အလွန်ကြည့်ကောင်းသော သက်တန့်ရောင် သဟဇီဝပန်းပင်က သူ့အကြည့်ကိုချက်ချင်းဖမ်းစားလိုက်၏။

''ဒါ..ဒါက ရှေးဟောင်းအပင် ဟုတ်တယ်မလား?’’ မာကိုက စိုးရိမ်တကြီးနှင့် ရှေ့တိုးစူးစမ်းကြည့်လိုက်၏။

ဒီနယ်ပယ်ထဲကလူဖြစ်သည့်အလျောက် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်၏တန်ဖိုးကို သူကောင်းကောင်းသိ၏။ သက်တန့်ရောင်သဟဇီဝအပင်ဖြစ်ပြီး ပြီးပြည့်စုံအောင် ပြုစုပျိုးထောင်ခြင်းလည်း ခံထားရသည်။ ဤသည်မှာ ရှေးဟောင်းလက်ရွေးစင်အဆင့်အပင်ဖြစ်၏။

တိုင်းပြည်အတွင်း သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရှိသည့် ခရီးသွားနေရာများက ဤအပင်ကို ယွမ်နှစ်သိန်းကျော်ပေးရလျှင်တောင် ဝယ်ချင်ကြမည်ဆိုလျှင် ပိုမည်မထင်။

ဤစံအိမ်၏ပန်းပင်လယ်မှာ နာမည်ကျော်ရုံမက ကမ္ဘာပါကျော်ပေလိမ့်မည်။

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များနှင့်ယှဉ်လျှင် သူတို့အခြေခံစိုက်ပျိုးရေးမှပို့သော သုံးပွင့်ဆိုင်ဇီးပန်းပွင့်များမှာ သစ်ရွက်စိမ်းလေးတွေမျှသာ။

ချင်လင်ကားပေါ်မှဆင်းလာသည်နှင့် ချန်တပေက လာနှုတ်ဆက်သည်_ ''သူဌေး… ဒါက အခြေခံစိုက်ပျိုးရေးက သုံးပွင့်ဆိုင်ဇီးပန်းပင်တွေလာပို့တဲ့ လူကြီးမင်းမာကိုပါ'’

''မင်္ဂလာပါ!’’ ချင်လင်က မာကိုကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

လက်ဆွဲနှုတ်ဆက်ပြီးလျှင် မာကိုကမနေနိုင်ဘဲ သိချင်စိတ်ဖြင့်_ ''သူဌေးချင်… ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေက အရမ်းဈေးကြီးမှာပဲနော်? ဒီလိုသုံးပွင့်ဆိုင်ဇီးပင်မျိုးရဖို့ဆို ယွမ်နှစ်သိန်းလောက်သုံးရင်တောင် ရဖို့ခက်တယ်'’

''ကျွန်တော့်မိတ်ဆွေက ဈေးလျှော့ပေးတာပါ'’ ဟု ချင်လင်က အလိုက်သင့်ပြောလိုက်၏။

သို့သော် အရည်အသွေး ၃ ရှိသော ထိုသက်တန့်ရောင် သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်ကို ရှေးဟောင်းအပင်ဟု သူမထင်ထားချေ။

ရှေးဟောင်းအပင်မှာ သုံးပွင့်ဆိုင်ဇီးပန်းပင်များထဲတွင် လက်ရွေးစင်အဆင့်ဖြစ်သည်။ အချို့လူချမ်းသာများက ဈေးကောင်းပေးဝယ်ကြ၏။

အရင်ကသူ သတင်းတချို့တွေ့ဖူးသည်။ နှစ်ရောင်စပ်ထီးပုံ သုံးပွင့်ဆိုင် ဇီးပန်းပင်ပိုင်ရှင်တစ်ဦးက ၄င်းအပင်ကို ယွမ်သုံးသိန်းနှင့်စရောင်း၏။

နောက်ပြီး ဤသုံးရောင်စပ်သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ မာကိုပြောသည့်ဈေးနှုန်းထက်ကျော်ပေလိမ့်မည်။ ပြီးတော့တစ်ဖက်လူက သူ့သက်တန့်ရောင် သုံးပွင့်ဆိုင်ဇီးပန်းပင်ကို တစ်နှစ်ပတ်လုံး အရည်အသွေးရှိကြောင်းလည်း မသိပေ။

မာကိုက ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကိုမြင်ပြီးနောက် အပင်စိုက်နည်းလမ်းညွှန်မည့်အကြောင်းပြောရန် ရှက်မိသွားသည်။ မိချောင်းမင်းရှေ့တွင် ရေခင်းမပြရဲတော့။

ဤတစ်ကြိမ်တွင် မာကိုက အပင် ၃၀၀၀ ပါလာသည်။ ချင်လင်က သုံးပွင့်ဆိုင်ဇီးပန်းကို အမျိုးအစားအစုံမှာထားသောကြောင့် အရောင်တွေမှာမတူညီ။ အပင်ရွှေ့ပြောင်းစိုက်ပျိုးနှုန်းမှာလည်း အခက်အခဲရှိသောကြောင့် တစ်ကြိမ်တည်းနှင့် အားလုံးကိုပို့ရန် မဖြစ်နိုင်ပေ။

ချင်လင်က ဆရာလင်းအား လူခေါ်ခိုင်းလိုက်သည်။ အရည်အသွေး ၃ သက်တန့်ရောင် သဟဇီဝအဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ရုတ်တရက်ပေါ်လာသဖြင့် အလယ်နေရာတွင် အပြောင်းအလဲနည်းနည်းရှိသွား၏။ ထိုအရည်အသွေး ၃ ရှိသောသုံးပွင့်ဆိုင်ဇီးပန်းပင်ကိုသာ ရွှေ့ပြောင်းစိုက်ရမည်ပင်။

ချန်တပေက ထိုရှေးဟောင်းပင်၏ဈေးနှုန်းကို သိသည်နှင့် ထိတ်လန့်သွားပြီး ချင်လင်ကိုအကြံပေးလိုက်သည်_ ''သူဌေး လုံခြုံရေးအစောင့်နည်းနည်းထပ်ခန့်ပါလား?’’

ဒီလောက်တန်ဖိုးကြီးတဲ့သုံးပွင့်ဆိုင်ဇီးပျိုးပင်ကို အခြားသူများကခိုးချင်မှာ သူကစိုးရိမ်နေသည်။ အလှည့်ကျစောင့်ကြည့်ကြရန် ဆရာလင်းနှင့်ဆွေးနွေးထားသော်လည်း အကြောင်းတစ်စုံတစ်ရာရှိလျှင် သူနှင့်ဆရာလင်းမှာ အသုံးဝင်မည်မဟုတ်ပေ။

''ဟုတ်ပြီ… ကျွန်တော်ကိုင်တွယ်လိုက်မယ်'’ ချင်လင်က ခေါင်းညိမ့်လိုက်၏။

သူကလည်း လုံခြုံရေးအစောင့်ပိုခန့်ဖို့ လုပ်ထားတာပင်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ တန်ဖိုးကြီးသဖြင့် ချန်တပေတစ်ဦးတည်းနှင့် ဘယ်ရပါ့မည်လဲ?

ဆရာလင်းက လူခေါ်လာပြီး ထိုအရည်အသွေး ၃ ဇီးပင်ကိုမြင်လျှင် သူတို့အားလုံးအံ့အားသင့်သွားကြ၏။ ထိုသုံးပွင့်ဆိုင်ဇီးပင်ကို ပန်းပင်လယ်ထဲထည့်ရန် အတော်အားစိုက်ရပေမည်။

ထိုအပင်ကိုရွှေ့ပြောင်းစိုက်ရသည်မှာ နေ့တစ်ဝက်ကျိုးသွားသည်။

ကောင်းယောင်ယောင်နှင့်ဝန်ထမ်းအမျိုးသမီးနှစ်ဦးမှာ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်ကိုမြင်သည်နှင့် နှစ်သက်သွားကြ၏။ သူတို့က အရင်သုံးပွင့်ဆိုင်ဇီးပန်းပင်ကို အလှဆုံးဟုထင်ထားကြသော်လည်း ဤအပင်ကထိုထက်ပိုလှနေမည်ဟု မျှော်လင့်မထားကြပေ။

နောက်တစ်နေ့တွင်_

ချင်လင်စံအိမ်ကိုရောက်လာသောအခါ ကောင်းယောင်ယောင်က သူ့ဆီပြေးလာပြီး_ ''သူဌေး မနေ့ကရောက်လာတဲ့ သုံးပွင့်ဆိုင်ဇီးပန်းပင်ကို လိုက်ကြည့်ပါဦး’’

''ဘာဖြစ်လို့လဲ?’’ ချင်လင်က ပဟေဠိဖြစ်သွား၏။

သူက ကောင်းယောင်ယောင်နောက်လိုက်သွားပြီး သက်တန့်ရောင်ပန်းကိုတွေ့တော့မှ သဘောပေါက်သွားသည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်ပေါ်တွင် လိပ်ပြာတွေအများကြီး ရစ်ဝဲနေကြသည်။ အချို့ငှက်များမှာ ကျီကျီကျာကျာအော်မြည်နေကြ၏။ သူ့ကိုပိုပြီးအံ့သြစေတာက သစ်ပင်အပြင်ကိုခေါင်းပြူ၍ ထွက်နေသော ရှဥ့်နှစ်ကောင်ပင်။

ပန်းရနံ့တွေကို လိပ်ပြာကြိုက်မှတော့ ဒီပန်းပင်လယ်က လိပ်ပြာကိုမဆွဲဆောင်နိုင်တာ မထူးဆန်းပေ။ ငှက်များနှင့် ရှဉ့်များလည်းရှိနေသည်။ ပန်းရနံ့ကြောင့်ပင်ဖြစ်ရပေမည်။

ကောင်းယောင်ယောင်က စိတ်လှုပ်ရှားစွာနှင့်_ ‘’သူဌေး… မျက်လှည့်မဆန်ဘူးလား? ကျွန်မဆိုရှယ်မီဒီယာမှာတင်ဖို့ ဓာတ်ပုံလာရိုက်ရင်းနဲ့ တွေ့တာပဲ… သူတို့အနားကပ်သွားတာတောင် လူမကြောက်ဘူး'’

သို့နှင့်သူမက တဖြည်းဖြည်းတိုးသွားပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်အောက်ထိုင်ချလိုက်သည်။ အပင်ပေါ်ကရှဉ့်များကထွက်မပြေးကြဘဲ ကောင်းယောင်ယောင်မှီထားသည့် သစ်ကိုင်းနားတိုးလာပြီး သူမကိုပင် စူးစမ်းစွာကြည့်နေကြသေးသည်။

ပုံမှန်အတိုင်းဆိုပါက လူကပ်လာလျှင် ငှက်များနှင့်ရှဉ့်များက ကြောက်လန့်၍ပြေးကြသည်ချည်း။

ချင်လင်က ဘာဖြစ်နေမှန်းသဘောပေါက်သွား၏။ ဤအရည်အသွေး ၃ ရှိသုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ဂေဟစနစ်နှင့်ကိုက်ညီခြင်း +၃ ရှိ၍ ထိုမြင်ကွင်းမှာ ဂေဟစနစ်နှင့်ကိုက်ညီခြင်း +၃ ကြောင့်ပင်ဖြစ်ရမည်။

ထို့ကြောင့် အနီးအနားဝန်းကျင်ရှိ လိပ်ပြာများ၊ ငှက်များနှင့် ရှဉ့်များကိုဆွဲဆောင်နိုင်ခြင်းဖြစ်သည်။

‘’ကောင်းယောင်ယောင်… တို့မှာ သူတို့ကိုအန္တရာယ်ပေးနိုင်တဲ့ အရိပ်အယောင်မရှိလို့ဖြစ်မယ်'’ ထိုအခြင်းအရာကိုကြည့်ရင်း ချင်လင်ကပြောလိုက်သည်။ ဒီအချက်က ရောင်းကောင်းတဲ့အချက်ဖြစ်မှာပင်။

နောက်ပိုင်းတွင် စံအိမ်တစ်ခုလုံးမှာ နေသားတကျဖြစ်လာ၏။

စံအိမ်ကိုလုပ်ငန်းအတွက် လတ်တလောပိတ်ထားသေးသည်။

ချင်လင်က နေ့စဉ်ဂိမ်းထဲမှ သာမန်အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင်များကို ထုတ်ယူလာ၏။

ထို့အပြင် အရည်အသွေး ၃ ရှိသက်တန့်ရောင် အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ တစ်လနှစ်ကြိမ်ပေါ်ပေါ်လာသည်။ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ကို ပန်းပင်လယ်၏အလယ်တွင် စိုက်ထားသည်။ ပန်းကုတင်နှင့်ခြံစည်းရိုးကို ၄င်းပတ်လည်တွင် အထူးစိုက်ထားပြီး မှတ်ချက်ရေးထားသည်မှာ_ ‘’တိရစ္ဆာန်ငယ်များကို မထိခိုက်ပါစေနှင့်'’ ဟု ချိတ်ဆွဲထား၏။

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်ဝန်းကျင်၌ လိပ်ပြာများ၊ ငှက်များပိုဝဲကြပြီး တေးသံကဲ့သို့ သာယာစွာအော်မြည်ကြသည်။ ရံဖန်ရံခါ ရှဉ့်များက သစ်ပင်များကြားတွင် လှစ်ခနဲလှစ်ခနဲပြေးကြသည်ကို မြင်နိုင်၏။

ထိုလှပပြီး သဟဇာတဖြစ်သောမြင်ကွင်းမှာ လုံးဝစိတ်အပန်းပြေစေလေသည်။

အချိန်တချို့ကုန်လွန်သွားပြီး အောက်တိုဘာရောက်လာ၏။

ညနေတစ်ခုတွင်_

ပုံမှန်အတိုင်းပင် ချင်လင်က ရုံးပတီ ၂၄ ကွက်ကို ရိတ်သိမ်းပြီး မျိုးစေ့အသစ်များချထားလိုက်သည်။ ထို့နောက် ထိုရုံးပတီသီးတစ်သုတ်ကို RT စျေးပို့လိုက်ပြီး မန်နေဂျာချန်အား အရည်အသွေး ၂ ရုံးပတီသီး ၁၀ ကတ်တီပေးလိုက်၏။

သင်၏နောက်ဆုံးနံပါတ်… ဝင်ငွေမှာ ၁၉၆၅၃ ယွမ်။ သင်၏လက်ကျန်ငွေမှာ ၁၃၉၈၇၆.၀၀ ယွမ်!

လွန်ခဲ့သောလများက RT စျေးသို့ ရုံးပတီပို့ပြီး ယွမ် ၆ သိန်းကျော်ရ၏။ အခွန်အကောက်၊ သုံးပွင့်ဆိုင်ဇီးပန်းပင်အခြေခံစိုက်ပျိုးရေးသို့ပေးရသည့်ငွေ၊ ဆောက်လုပ်ရေးကုမ္ပဏီသို့ ပေးရသည့်ငွေများနှုတ်လိုက်လျှင် ယွမ် ၁၄၀၀၀၀ ပင်မကျန်တော့ချေ။

အခုတော့ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က အကောင်အထည်ပေါ်ပြီး စံအိမ်လည်း လုပ်ငန်းစတော့မည်။

ချင်လင်က သုံးဘီးကားကိုစီး၍ ဂိုဒေါင်ဆီသွားလိုက်သည်။ ကားပေါ်တွင် ရေပုံးကြီးနှစ်ပုံးပါသည်။ သူကပုံးငယ်တစ်ပုံးနှင့် ဂိမ်းထဲဝင်ပြီး ရေကန်ဆီတန်းသွားလိုက်၏။

အရင်လက ရေကန်ထဲမှသဘာဝငါးအကောင်ရေ ထောင်ကျော်ရ၏။

သူကချက်ချင်းပင် ထိုသဘာဝငါးများကို ပုံးငယ်လေးနှင့်ခပ်၍ ဂိမ်းထဲမှထုတ်လိုက်၏။ ထို့နောက် ရေပုံးကြီးနှစ်ပုံးထဲထည့်လိုက်သည်။ ကြိမ်ဖန်များစွာရွှေ့ပြောင်းပြီးနောက် ရေပုံးကြီးနှစ်ပုံးပြည့်သွားသည်။

ထိုထဲတွင် ငါးကြီး ၆ ကောင်လည်းပါ၏။

ထိုငါးများကိုသူက စံအိမ်၏ရေကန်ထဲတွင် ထည့်ထားချင်သည်။

ထို့နောက်သုံးဘီးကားကိုမောင်း၍ စံအိမ်ဆီဦးတည်ထွက်ခဲ့သည်။ စံအိမ်ပေါက်ဝရောက်သောအခါ သစ်သားဖြင့် အထူးဒီဇိုင်းဖော်ထားသော ဆိုင်းဘုတ်ကို မြင်နိုင်၏_ ‘’ချင်းလင်စံအိမ်!’’

ဝင်ပေါက်နှင့်မနီးမဝေး၌ အရောင်စုံပြီးမြင်သာသော သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရှိသည်။ သူ့ကိုဂုဏ်ယူရစေသောအရာပင်။ ဒါသူဖန်တီးထားတဲ့ ပန်းပင်လယ်ပဲလေ။

ပန်းပင်လယ်က အပြီးသတ်သွားပြီဖြစ်သည်။ ဧည့်ကြိုခန်းမနှင့် မလှမ်းမကမ်းတွင် ရှေးဟောင်းသစ်သား အဆောက်အဦတစ်ခုရှိ၏။

ထိုအဆောက်အဦမှာ ပစ္စည်းပစ္စယများ အရောင်းစင်တာအဖြစ်စီစဉ်ထားခြင်းဖြစ်သည်။ ဂိမ်းထဲတွင်စိုက်သောသီးနှံများ RT စျေးအတွက် ဝင်ငွေအပြောင်းအလဲရှိပါက သူကိုယ်တိုင်ရောင်းရပေမည်။ စံအိမ်ထဲ ယာဉ်အဝင်အထွက်များလာလျှင် သူကိုယ်တိုင်ရောင်းချ၍ကုန်နိုင်ပေသည်။ ပိုတန်ဖိုးကြီးသော ဆွဲဆောင်မှုတစ်ခုအဖြစ်တောင် ရောင်းချနိုင်၏။ အချိန်ကျလျှင် အခြားကုန်များကိုပါ အရံအဖြစ် လက်ကားရောင်းချနိုင်လာမည်။

ချင်လင်က သုံးဘီးကားကို ခန်းမအပြင်ဘက် မောင်းလာခဲ့၏။ ကောင်းယောင်ယောင်နှင့် မိန်းကလေး ၄ ဦးက သန့်ရှင်းရေးလုပ်နေကြသည်။ ထိုမိန်းကလေးများမှာ ချင်းလင်စံအိမ်ဟု တံဆိပ်ရိုက်ထားသော အပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ထားကြ၏။

ထိုထဲမှမိန်းကလေး ၃ ဦးကို အလုပ်ခန့်ထားသည်မှာ မကြာသေး။ ရှေ့လျှောက်တွင် မိန်းကလေးတစ်ဦးက စွန့်စားခန်းနှင့် မြက်ခင်းပြင်လျှောလုပ်ငန်း၌ တာဝန်ခံရမည်ဖြစ်သည်။ နောက်တစ်ဦးက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အတွက် လက်မှတ်ရောင်းရမည်ဖြစ်၏။

ကျန်မိန်းကလေးနှစ်ဦးမှာ ခန်းမထဲတွင် တာဝန်ယူရမည်။ ကောင်းယောင်ယောင်မှာမူ ယခုလတွင်တာဝန်ကျေခဲ့သဖြင့် စီနီယာအဖြစ် ရာထူးတိုးခံရ၏။ ထိုမိန်းကလေးမှာ ယခုအလွန်ပင်တက်ကြွနေပြီ။ သူမက မန်နေဂျာတစ်ဦးဖြစ်လာပြီး လစာကလည်း ယွမ် ၁၀၀၀ တက်သွား၏။

‘’သူဌေး… ဘာလိုပါသလဲခင်ဗျာ?’’ ချန်တပေက ချင်လင်ရောက်လာသည်ကိုမြင်လျှင် ယူနီဖောင်းဝတ်ထားသော လုံခြုံရေးအစောင့်နှစ်ယောက်နှင့်အတူ လျှောက်လာသည်။ သူကအလွန်တက်ကြွနေသည်။

ပန်းပင်လယ်ဆောက်ပြီးနောက်တွင် လုံခြုံရေးအစောင့်များမှာ မရှိမဖြစ်လိုအပ်လာ၏။ ချန်တပေနောက်မှနှစ်ယောက်အပြင် ထိန်းချုပ်ခန်းထဲတွင် စောင့်ကြည့်ကင်မရာနှင့် လူတစ်ယောက်လည်းရှိသေးသည်။ ညပိုင်းတွင် ညဘက်ပတ္တရောင်လှည့်သူနှစ်ဦးလည်းရှိ၏။ သူတို့အားလုံးကို လိုင်းပေါ်တွင် တစ်မြို့တည်းသား ဝန်ထမ်းဟောင်းများမှတဆင့် ခေါ်ထားခြင်းဖြစ်သည်။

စံအိမ်တွင် စောင့်ကြည့်ကင်မရာအချို့ထားထားသည်။ သဘာဝပသာဒနေရာများစွာရှိခြင်းကြောင့် မတပ်မဖြစ်တပ်ရ၏။ ဘာပဲဖြစ်ဖြစ် ပိုက်ကွန်မှလွတ်သော ငါးများရှိနေသည်လေ။

ချန်တပေက ဤလအတွင်း တက်တက်ကြွကြွလုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားသည်။ သူ့လစာလည်း ယွမ် ၁၀၀၀ တက်သွား၏။

ထို့အပြင်စံအိမ်တွင် ဆရာလင်းအားကူညီရန် စားဖိုမှူးတစ်ဦး၊ ငွေကိုင်နှင့် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အား ထိန်းသိမ်းပြုစုရန် ဥယျာဉ်မှူးသုံးဦးကိုပါ ထပ်ခန့်ထားသေးသည်။

မူလစာရင်းပြုစုသူနှင့် သန့်ရှင်းရေးအဒေါ်ကြီးပါပေါင်းလိုက်လျှင် စံအိမ်ဝန်ထမ်းများမှာ အယောက် ၂၀ နီးနီးပင် ရှိလာလေသည်။

All Chapters