← Chapters

တကယ်တန်ဖိုးနည်းနည်းလေး!

Vol. 3 Ch. 31

တကယ်တန်ဖိုးနည်းနည်းလေး!

Vol. 3 Ch. 31

ချင်လင်က လူများနှင့်အတူကူညီရန်ရှေ့ထွက်လာသော ချန်တပေကိုကြည့်ပြီး ညွှန်ကြားလိုက်သည်_ ''ဒီငါးတွေကို ငါးကန်ထဲထည့်လိုက်ပါ''

စံအိမ်တွင် အရင်ကတည်းက ငါးမျှားသည့်အစီအစဉ်ရှိသည်။ ခရီးသွားများကို ငါးမျှားရန် ငါးမျှားတံငှားပေးခြင်းဖြစ်သည်။ ငါးများကိုချိန်ကြည့်ပြီးလျှင် ခရီးသည်များကိုယ်တိုင် ငါးကိုင်ကြ၏။ ပြီးလျှင် ပေါင်းစား ကင်စားကြသည်။

စံအိမ်သို့ကစားရန်လာကြသူများအတွက် ပျော်ရွှင်စရာတစ်မျိုးပင်။

သို့သော်သူဤမြေကို လေလံဆွဲစဉ်က ငါးကန်ထဲတွင်ငါးမရှိတော့။ ထို့ကြောင့် ငါးကန်ထဲသို့ ငါးထပ်ဖြည့်ရသည်။ ငါးတချို့ကိုသယ်လာရ၏။ နောက်ပြီး ထိုသဘာဝငါးများက လူကြိုက်များသောအချက်တစ်ချက်ပင်။

ငါးမျှားသည့်အပြင် ခရီးသည်များက ခန်းမထဲမှငါးကိုတိုက်ရိုက်ဝယ်ယူပြီး ကိုယ်တိုင်ချက်စားကြသေးသည်။ ထိုအတွက်လည်း သီးသန့်စီစဉ်ပေးရ၏။

သို့သော် လယ်တောအိမ်သို့ လာရောက်လည်ပတ်သူများက ငါးမျှားတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ငါးမျှားတံငှားပြီး စမ်းသပ်ကြည့်ကြပေမည်။ ငါးတစ်ကောင်မှ မရသည်လည်း ဖြစ်ဖို့များ၏။

ချန်တပေက စကားတစ်ခွန်းမှမဆိုဘဲ ချက်ချင်းကားပေါ်တက်လိုက်သည်။ ထို့နောက် အစောင့်နှစ်ယောက်အား ကားပေါ်မှရေပုံးနှစ်ပုံးကိုချရန် ညွှန်ကြားလိုက်၏။

''ကြီးလိုက်တဲ့ငါး'' အစောင့်တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။ သူက အကောင်ကြီးကို သေသေချာချာမြင်သွားသည်။

''ဒီအကောင်က ပေါင် ၃၀ ကျော်မှာပေါ့ ဟုတ်လား? တစ်ကောင်မကဘူး!'' တခြားတစ်ယောက်ကလည်း အံ့အားသင့်သွားသည်။

စာဖိုမှူးဝတ်စုံဝတ်ထားသော ဆရာလင်းကလည်း စိတ်ဝင်စားသွားပြီး ရေပုံးကိုသွားကြည့်ကာ မျက်လုံးပြူးသွားသည်_ ''သူဌေး... ဒါသဘာဝငါးတွေလား?''

''ဆရာလင်းက အမြင်ရှိတယ်'' ချင်လင်က ပြုံးရင်းပြောလိုက်သည်။

''အထင်ကြီးစရာ အထင်ကြီးစရာ'' ဆရာက သူ့အစွမ်းအစသူသိသည်နှင့် ရှင်းပြလိုက်သည်_ ''သဘာဝငါးတွေ အများကြီးပဲ... အကောင်ကလည်းမသေးဘူး... အထူးသဖြင့် ဒီငါးကြီးပေါ့... တစ်ကောင်ကို ယွမ် ၂၀၀၀ ကျော်တန်မယ်ထင်တယ်... ပြီးတော့ ပိုက်ဆံရှိတိုင်းလည်း ဝယ်လို့မရဘူး... သူဌေး ဒီငါးရဖို့ ပိုက်ဆံအများကြီးသုံးလိုက်ရတယ်မလား?''

ချင်လင်ကပြုံးရင်း_ ''စျေးနည်းနည်းနဲ့ရတာပါကွာ!''

စျေးနည်းတာပဲ မဟုတ်ဘူးလား? ဂိမ်းထဲမှာ အချိန်ယူပြီးငါးမျှားတယ်၊ ဂိမ်းထဲက အချိန်ယူပြီး ပြန်ထုတ်တယ်ဆိုတော့ အဖိုးနည်းတာပဲပေါ့။

''ကျုပ်သိပါတယ်... ခင်ဗျား ဒီငါးကို တန်ဖိုးတစ်ခုခုမပေးဘဲမရပါဘူး!'' ဆရာလင်းက သူ့အထင်မှန်သည်ဟုယူဆထားသည်။ သူကပြုံးစစနှင့် အကြံပြုလိုက်၏_ ''သူဌေး... ဒီငါးကြီးကို ခန်းမထဲကရေကန်ထဲ ထည့်လိုက်ပါလား... ဒီလိုသဘာဝငါးကြီးမျိုးက အမြင်နဲ့တင် လူတွေကို ဆွဲဆောင်နိုင်တယ်''



''ကောင်းပြီ!'' ချင်လင်က ခေါင်းညိမ့်လိုက်သည်။ အချိန်ကျလျှင် အကောင်ကြီးတချို့ကိုရွှေ့ပြီး ငါးကန်ထဲထည့်မည်ဖြစ်၏။

သို့သော်သူက ထိုငါးကြီးအရေအတွက်ကို ကြပ်ကြပ်မတ်မတ်ကန့်သတ်ရန် စီစဉ်ထားသည်။

ဒီလိုငါးကြီးမျိုးက နှစ်တိုင်းနှစ်တိုင်းစျေးထဲမှာတောင် နည်းနည်းလေးပဲတွေ့ရတာမျိုးဆိုတော့ အများကြီးထုတ်၍မသင့်တော်။ ထို့အပြင် စျေးနှုန်းကလည်း တော်ရုံသင့်ရုံလူတတ်နိုင်တာမျိုးမဟုတ်ပေ။

သူကိုယ်တိုင်စားပစ်တာထက် အခြားသူများကိုတည်ခင်းလိုက်တာက ပိုဂုဏ်တက်စေမည်။

ချန်တပေနှင့်ဆရာလင်းကို သဘာဝငါးပုံးကြီးနှစ်ပုံးလွှဲပေးပြီးနောက် ကောင်းယောင်ယောင်ကိုခေါ်လိုက်သည်။

''သူဌေး... ဘာလုပ်ပေးရမလဲ?'' ကောင်းယောင်ယောင်က ခုန်ပေါက်ရောက်လာ၏။

ချင်လင်က_ ''မနက်ဖြန်ကျရင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို ကြော်ငြာမယ့်ဗီဒီယိုရိုက်မယ်... သေသေချာချာလေးဝတ်စားပြီး ကြော်ငြာဓာတ်ပုံနဲ့ဗီဒီယိုအတွက် ပူးပေါင်းပေးရမယ်... ဒီအတွက် ယွမ် ၂၀၀၀ ပေးမယ်''

သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆောက်ပြီး လူသိများစေရန်၊ဆွဲဆောင်နိုင်ရန်အတွက် ဤပန်းပင်လယ်အကြောင်းလူသိအောင် အရင်လုပ်ရပေမည်။ ကြော်ငြာဓာတ်ပုံနှင့်ဗီဒီယိုတို့ကို သေချာပေါက်ရိုက်ထားရမည်။ ကြော်ငြာဓာတ်ပုံများကို မိတ္တူဆွဲထားရမည်။

သရုပ်ဆောင်ပေးမယ့်သူလည်း မရှိမဖြစ်လိုသည်ပင်။

ကောင်းယောင်ယောင်မှာ ကြည့်ပျော်ရှုပျော်ရှိသော မိန်းကလေးတစ်ဦးဖြစ်သည်နှင့် သူ့စိတ်ထဲတွင် နောက်တစ်ယောက်ရှာဖို့ အချိန်မဖြုန်းလိုတော့ပေ။

''ကျေးဇူးတင်ပါတယ် သူဌေး!'' သူ့စကားကိုကြားကြားချင်း ကောင်းယောင်ယောင်ကချက်ချင်းသဘောတူလိုက်၏။

ထို့နောက် ချင်လင်က သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆီ လျှောက်သွားလိုက်သည်။

ခန်းမကနေ ပန်းပင်လယ်ဆီကို အထူးကျောက်ခင်းလမ်းခင်းထား၏။

ပန်းပင်လယ်ဝင်ပေါက်တွင် လက်မှတ်အရောင်းရုံငယ်တစ်ခုရှိသည်။ ရိုးရိုးပန်းပင်လယ်လက်မှတ်မှာ ယွမ် ၃၀ မှ ၇၀ ဝန်းကျင်ရှိ၏။ သူက လက်မှတ်စျေးနှုန်းကို ယွမ် ၁၀၀ တန်းသတ်မှတ်လိုက်သည်။

သူ့ပန်းပင်လယ်အတွက်မူ ဤစျေးနှုန်းမှာ စျေးမကြီးသော်လည်း လူတွေကိုဆွဲဆောင်နိုင်ရန် အရမ်းစျေးကြီး၍လည်းမဖြစ်ပေ။ လူတွေလာနေသရွေ့တော့ တွဲဖက်အမြတ်ရနိုင်မည့်အစီအစဉ်များ စီစဉ်နိုင်သည်ပင်။ ဥပမာအားဖြင့် ဂိမ်းထဲမှသီးနှံများထုတ်လုပ်ရောင်းချနိုင်ပေသည်။

ပန်းပင်လယ်အနားသတ်ကို ပန်းနံရံသဖွယ် သုံးပွင့်ဆိုင်ဇီးပန်းပင်များပိန်းပိတ်အောင် သပ်သပ်ရပ်ရပ်စီစဉ်ထားပြီး မည်သူမှဝင်၍မရနိုင်ပေ။ ဝင်မည်ဆိုလျှင် လက်မှတ်ရုံကသာ ဝင်၍ရသည်။

ဧက ၃၀ ရှိသောပန်းပင်လယ်မှာ နည်းနည်းထောင့်မှန်ကျသည်။ အပြင်ပိုင်းပိန်းပိတ်နေသောသာမန်သုံးပွင့်ဆိုင်ဇီးပန်းပင်များနှင့်ပင် ဤခရီးကတန်နေပြီဖြစ်သည်။ အတွင်းရောက်လေလေ ဂိမ်းထဲမှသုံးပွင့်ဆိုင်ဇီးပန်းပင်များကြောင့် မျက်စိပသာဒပိုဖြစ်လေလေပင်။

တစ်ဖက်တွင် အရည်အသွေး ၂ သက်တန့်ရောင် သဟဇီဝ အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ခမ်းနားခြင်း +၂၊ အဆောင်အယောင်ဖြစ်ခြင်း +၂ နှင့် ဆွဲဆောင်မှုရှိခြင်း +၂ ဟူသော အရည်အသွေးများရှိ၏။

အထူးသဖြင့် ထိုအုပ်စုထဲတွင် ထင်ရှားနေသော အပင်သုံးပင်မှာ ၄ မီတာကျော်ရှည်လျားပြီး အရည်အသွေး ၃ ရှိသည့် ဇီးပန်းပင်များဖြစ်သည်။ ခမ်းနားခြင်း +၃၊ အဆောင်အယောင်ဖြစ်ခြင်း +၃၊ ဆွဲဆောင်မှုရှိခြင်း +၃၊ ဓာတ်ပုံစားခြင်း +၃ နှင့် ဂေဟစနစ်လိုက်ဖက်ခြင်း +၃ တို့ရှိ၏။

ထိုပန်းပင်လယ်မှာ လုံးဝအံ့အားသင့်ဖွယ်ဖြစ်ပြီး ကြည့်ရှုသူမှာ လုံးဝမျက်စိလွှဲနိုင်မည်မဟုတ်ချေ။

ပန်းပင်လယ်ဖန်တီးသူတစ်ဦးအနေနှင့် ချင်လင်ကကောင်းကောင်းသိသည်။ နေ့စဉ်မြင်တွေ့နေသည့်သူတောင် အံ့အားသင့်လျှင် ခရီးသွားများဆို မပြောနှင့်တော့။

အလယ်ဗဟိုရောက်သောအခါ ချင်လင်ကရပ်လိုက်သည်။ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်များပတ်လည်တွင် လိပ်ပြာများရစ်ဝဲနေသည်ကိုတွေ့ရ၏။ အပင်များကြားတွင် လျှပ်ပြေးနေသော ရှဉ့်တချို့လည်းရှိသည်။

အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်ပတ်ဝန်းကျင်တွင် ဂေဟစနစ်လိုက်ဖက်ခြင်း

+၃ ရှိခြင်းကြောင့် ထိုရှဉ့်များမှာ လူမကြောက်ကြပေ။



ချင်လင်က ခြံစည်းရိုးပေါ်ခုန်ဆင်းလာသော ရှဉ့်လေးကိုလက်လှမ်းလိုက်သည်။ ၄င်းကမပြေး။

သူက ထင်းရှူးသီးစေ့အနည်းငယ်ထုတ်ပြီး မြေပေါ်ချပေးလိုက်သည်။ ရှဉ့်များက ချက်ချင်းပြေးဆင်းလာပြီး ထင်းရှူးသီးစေ့များကိုကောက်လိုက်ကြ၏။

သူကတမင်သက်သက် သူ့လက်ထဲတွင် တစ်ခုချန်ထားလိုက်၏။ ရှဉ့်များက သိနေသလိုလို သူ့လက်ကိုစိုက်ကြည့်နေကြသည်။

ချင်လင်ကပြုံးပြီး လက်ကျန်ထင်းရှုးသီးစေ့ကို ပစ်ချပေးလိုက်သည်။ ရှဉ့်တစ်ကောင်က ချက်ချင်းရှေ့တိုးလာပြီး ကောက်လိုက်၏။ ထို့နောက် သုတ်သီးသုတ်ပျာနဲ့ အပင်ပေါ်ပြန်တက်သွားကြပြီး ထင်းရှူးသီးစေ့ကိုဝှက်လိုက်ကြသည်။

ထိုအတောအတွင်း နေ့စဉ်ရှဉ့်များကို ထင်းရှူးသီးစေ့ပို့ပေးရန် ကောင်းယောင်ယောင်ကိုမှာထားလိုက်သည်။ သူတို့ကလည်း အသားကျလာပြီဖြစ်သည်။ ညပိုင်းတွင် သူတို့သိမ်းထားသောထင်းရှူးသီးစေ့အားလုံးကိုယူပြီး တောထဲပြန်ပြေးကြ၏။ တဖန်နောက်နေ့တွင်ပြန်လာပြီး အချိန်မှန်မှန်စောင့်နေကြသည်။

ထိုလိပ်ပြာနှင့်ရှဉ့်များ၊ ကျီကျီကျာကျာအော်မြည်သောငှက်သံများကြောင့် ပန်းပင်လယ်ကိုပိုပြီးအသက်ဝင်စေလေသည်။

နောက်နေ့တွင်_

RT စျေးသို့ ရုံးပတီသီးများပို့ပြီးနောက် ချင်လင်က ချင်ရန်၏ကြော်ငြာနှင့်စတူဒီယိုဆီ ထွက်လာခဲ့သည်။

ချင်ရန်ကလည်း တွဲဖက်လုပ်ကိုင်သူတစ်ဦးပင်။ သူကစတူဒီယိုတွင် ရှယ်ယာထည့်ထားပြီး ဓာတ်ပုံဆရာတစ်ဦးလည်းဖြစ်၏။ သူ့လက်ရာမှာမဆိုးလှ။

သူက သူ့ငယ်သူငယ်ချင်းချင်ရန်ကို ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံများရိုက်ရန်အပ်ချင်သည်။

မဖြစ်မနေတစ်ယောက်ယောက်ကို အလုပ်ခန့်ရမည်ဆိုပါက သူ့သူငယ်ချင်းကိုသာ ဝင်ငွေရစေချင်၏။

ချင်လင်ဝင်လာသောအခါ ချင်ရန်အပြင် လူတချို့ပါရှိသေးသည်။ ချင်ရန်၏ဇနီး လျောင်လီနှင့် ချင်ရန်အိမ်တွင်မြင်ဖူးသော တခြားအမျိုးသမီးတစ်ဦးလည်းရှိ၏။

''လင်ဇီ ဘာကိစ္စလဲ?'' ချင်ရန်က ချင်လင်ကိုမြင်သည်နှင့် ဝမ်းသာအားရနှုတ်ဆက်လိုက်သည်။

''တရန်... ငါမင်းကို ဗီဒီယိုနဲ့ဓာတ်ပုံရိုက်ခေါ်ချင်လို့'' ချင်လင်ကပြုံးပြီး သူ့လာရင်းကိစ္စကိုပြောလိုက်သည်_ ''ငါနဲ့နေရာအရင်လိုက်ကြည့်လိုက်... နောက်မှအစီအစဉ်ပေးရမလား?''

ဧက ၃၀ ကျယ်သော သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံများစွာရှိသည်။ ကြော်ငြာရိုက်မည့်အဖွဲ့ကို မြေပြင်၊ အပေါ်ပိုင်းရိုက်ကူးရေးအဖွဲ့နှင့် ထုတ်လုပ်ရေးအပိုင်း စသည်ဖြင့် ဖြန့်ကျက်ထားရမည်။

သူကအွန်လိုင်းမှစုံစမ်းကြည့်ရာ ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံများမှာ သောင်းချီကျမည်။

''ဘာအစီအစဉ်လဲ?'' ချင်ရန်က စိတ်မချမ်းမြေ့စွာနှင့် ချင်လင်၏ပခုံးပေါ်လက်တင်လိုက်သည်_ ''မင်းရဲ့သစ်သီးဆိုင်အတွက် ဗီဒီယိုနဲ့ဓာတ်ပုံရိုက်ဖို့က အချိန်သိပ်မလိုပါဘူး... ငါ့ကို မင်းရဲ့ညီအစ်ကိုလိုရော သဘောထားရဲ့လား?''

သည်လိုနှင့် ချင်ရန်က အခြားသူများအား_ ''ငါ့ညီအစ်ကိုချင်လင်နဲ့ အပြင်သွားလိုက်ဦးမယ်''ဟု မှာခဲ့လိုက်သေးသည်။

ဒါကလည်း အခြားသူများအား ရှင်းပြချက်တစ်မျိုးပင်။ သီးသန့်အလုပ်လုပ်ခြင်းမဟုတ်၊ ညီအစ်ကိုကို အကူအညီပေးခြင်းဟု ယူဆစေရန်ဖြစ်၏။ လူတိုင်းတွင် သူ့အခြေအနေနှင့်သူရှိ၏။

''လင်ဇီ သွားကြစို့!'' ချင်ရန်က ခေါ်လိုက်သည်။

ချင်လင်ကပြုံးလိုက်၏။ ချင်ရန်က စေတနာနှင့်လုပ်ပေးခြင်းဖြစ်ပြီး သူ့ကိုငွေကုန်ကြေးကျမများစေရန်ဖြစ်သည်။ တစ်ခါတုန်းက သူ့သစ်သီးဆိုင်ကို ဓာတ်ပုံရိုက်ပေးခဲ့ဖူး၏။ သည်တစ်ကြိမ်ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံရိုက်ဖို့မှာမူ သူတစ်ယောက်တည်းနှင့်ပြီးသောကိစ္စမဟုတ်ပါချေ။

လျောင်လီနှင့်ညီအစ်မဝမ်းကွဲချူးနာတို့က ထိုမြင်ကွင်းကိုကြည့်နေကြသည်။ လျောင်လီက ငြင်းပယ်စရာမရှိ။ သူမသဘောကျတာက သူ့အိမ်ထောင်ဘက်၏သစ္စာရှိတတ်ခြင်းပင်။

ချူးနာကမူ ကန့်ကွက်စရာများစွာ ရှိနေ၏ _ ''လျောင်လီ... နင်ချင်ရန်ကိုပြောဦးလေ... အရမ်းလိုက်လျောမနေနဲ့... တစ်ဖက်လူက အခွင့်အရေးယူနေလိမ့်မယ်... အရင်ကသူ့ကို လူကောင်းလို့ထင်ခဲ့ပေမဲ့ အခုလူကျင့်ဝတ်တွေကိုမသိတတ်တာ ရှင်းနေတာပဲ... ချင်ရန်ကငွေမလိုချင်ဘူးဆိုတာနဲ့ သူကဟန်တောင်မဆောင်နိုင်တော့ဘူးလား?''

''စျေးဝယ်သွားရအောင်!'' လျောင်လီက သူ့ညီအစ်မဝမ်းကွဲနှင့် သဘောမတူသော်လည်း အငြင်းအခုန်တော့မပြုလို။

ချင်လင်နှင့်ချင်ရန်က စတူဒီယိုမှထွက်ပြီး လျှပ်စစ်ဆိုင်ကယ်စီးလိုက်ကြသည်။ ချင်ရန်က အနောက်ခုံတွင်ထိုင်ပြီးနောက် စက်နိုးကာ မောင်းထွက်လာခဲ့ကြ၏။

မကြာခင် တစ်ခုခုပုံမမှန်တော့မှန်း ချင်ရန်ကရိပ်မိလာသည်_ ''လင်ဇီ... ငါတို့စျေးထဲက ဟင်းသီးဟင်းရွက်ဆိုင်ကိုသွားမှာမဟုတ်ဘူးလား... ဘာလို့မြို့ပြင်ထွက်လာတာလဲ? ငါတို့ဘယ်သွားနေတာလဲ?''

''ရောက်ရင် သိပါလိမ့်မယ်ကွာ'' ချင်လင်က ပြုံးပြီး ပြောလိုက်သည်။



All Chapters