အံ့အားသင့်နေသော ကျောက်မိုချင်း!
Vol. 3 Ch. 35
စံအိမ်ဝင်ပေါက်မှာ မြို့ထဲနှင့်သဲမြို့တော်သွားလမ်းပေါ်တွင်ရှိသည်။ ဝင်ပေါက်ဝတွင် ဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထား၏။ ထိုအပေါ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဓာတ်ပုံရှိသည်။ ကားများဖြတ်သန်းသွားလာရင်း တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်ပေသည်။
ဓာတ်ပုံစားခြင်း +၃ အရည်အသွေးကြောင့် ချင်ရန်စတူဒီယိုကရိုက်သော ကြော်ငြာဓာတ်ပုံမှာ အနုပညာလက်ရာတစ်ခုနှင့်တူပြီး ထင်မထားလောက်အောင်ဆွဲဆောင်မှုရှိနေ၏။
စံအိမ်ဖွင့်လျှင် ချင်လင်က မည်သည့်ဖန်စီကစားပွဲမှလုပ်မည်မဟုတ်ပေ။ လိုအပ်သည်ဟု မထင်သောကြောင့်ပင်။
စံအိမ်ထဲဝင်ပြီးနောပ် ချင်လင်က ခန်းမဆီသို့မောင်းသွားလိုက်သည်။ ယနေ့ဖွင့်ပွဲဖြစ်သည့်အတွက် ကောင်းယောင်ယောင်နှင့်အခြားဝန်ထမ်းများမှာ ပြင်ဆင်နေကြ၏။
ဆရာလင်းကလည်း စားဖိုမှူးဝတ်စုံကိုဝတ်စားထားသည်။ နောက်ဆုံးတော့ သူကစားဖိုမှူးသာဖြစ်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်များထိန်းသိမ်းခြင်းကို ဥယျာဉ်မှူးသုံးဦးအား လွှဲအပ်ထား၏။
''ချန်တပေ... ကားထဲကပစ္စည်းတွေ ခန်းမထဲရွှေ့ဖို့ လူခေါ်လိုက်ပါဦး... ငါအဲဒီအပေါ်မှာ စျေးနှုန်းသတ်မှတ်ထားတယ်... ကောင်းယောင်ယောင်ကို စျေးနှုန်းတွေမှတ်ခိုင်းလိုက်'' ချင်လင်က ကားထဲမှထွက်လာပြီး ချန်တပေကိုညွှန်ကြားလိုက်၏။
''ကောင်းပါပြီ သူဌေး!'' လုံခြုံရေးခေါင်းဆောင်ချန်တပေက သူ့သူဌေးရောက်သည်နှင့် အကူအညီပေးရန် ရှေ့ထွက်လာမြဲပင်။
ရုံးပတီသီး၊စတော်ဘယ်ရီသီးနှင့်ဖရဲသီးများကို ကားပေါ်မှချပြီးနောက် ကောင်းယောင်ယောင်က မိန်းကလေးတချို့နှင့်စားပွဲထိုးများခေါ်လာသည်။
ခန်းမထဲတွင် စင်တချို့အသင့်ရှိ၏။ သူတို့သူဌေးက ပစ္စည်းများသယ်လာပြီး ခရီးသည်များကိုရောင်းချရန်စီစဉ်နေမှန်း သူတို့သိထားကြသည်။
သို့သော် ကောင်းယောင်ယောင်က စျေးနှုန်းကိုမြင်လျှင် မှင်တက်သွားပြီး_ ''သူဌေး... ဒါစျေးမှားတာလား? ဖရဲသီးက တစ်ကတ်တီကို ယွမ် ၁၀၀ တဲ့''
တခြားစားပွဲထိုးများလည်း အံ့သြသွားကြသည်။
ဖရဲသီးသာမက စတော်ဘယ်ရီနှင့်ရုံးပတီသီးသေတ္တာငယ်များတွင် ယွမ် ၂၀၀ နှင့် ယွမ် ၄၀၀ ဟု အသီးသီးကပ်ထား၏။
ဒါအမှတ်မှားတာပဲဖြစ်ရမယ်။ ဒါဘယ်လိုလုပ် ဒီလောက်စျေးကြီးမှာလဲ?
''မမှားဘူး... အဲဒီစျေးနဲ့ပဲရောင်း'' ချင်လင်က ရှင်းပြလိုက်သည်။ ကောင်းယောင်ယောင်နှင့်အခြားသူများဖြစ်ပျက်နေပုံကိုကြည့်ပြီး သူက_ ''ဆရာလင်း... ဖရဲသီးကိုခွဲပြီး အားလုံးကိုပေးမြည်းလိုက်ပါဦး''
ချင်လင်၏စကားကြောင့် အားလုံးက ယုံရခက်ခက်ဖြစ်သွားကြ၏။ ရိုးရိုးသားသားဆိုရလျှင် သူတို့လိုသာမန်လူတွေက ဖရဲသီးကို ဒီလိုစျေးကြီးကြီးနဲ့ရောင်းရဲတာမျိုး တစ်ယောက်မှမတွေ့ဖူးပေ။
ဆရာလင်းက ညွှန်ကြားချက်ကြောင့် ဖရဲသီးတစ်လုံးကောက်ကိုင်ပြီး မီးဖိုချောင်ထဲသွားခွဲလိုက်သည်။ ထို့နောက် နေရာရှိလူအားလုံးကို ဝေပေးလိုက်၏။
ကေင်းယောင်ယောင်နှင့်မိန်းကလေးများက မရေမရာစိတ်ဖြင့် ဖရဲသီးကိုကောက်ကိုင်ကာ မြည်းကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါက ၅၀၀ ဂရမ်ကို ယွမ် ၁၀၀ ရောင်းတဲ့ဖရဲသီးလေ။ ဘယ်လိုအရသာရှိမည် သူတို့မသိပေ။
သို့သော် တစ်ကိုက်ကိုက်လိုက်သည်နှင့် ကောင်းယောင်ယောင်က သူမလျှာကိုကိုက်မိတော့မတတ်ပင်။ အရသာရှိလွန်းသည်။
''ဒီဖရဲသီးက ဘယ်လိုဖြစ်ပြီး ဒီလောက်အရသာရှိတာလဲ?'' စားပွဲထိုးက ရေရွတ်လိုက်၏။
''ဟုတ်တယ်... အရမ်းအရသာရှိတယ်... ငါ့လျှာတောင်ကိုက်မိတော့မလို့'' ကောင်းယောင်ယောင်က ခေါင်းတညိမ့်ညိမ့်လုပ်နေလိုက်သည်။
အနံ့အရသာကောင်းခြင်း +၂၊ ချိုမြိန်ခြင်း +၂၊ အရသာရှိခြင်း +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂ ဆိုတာ ဟာသမဟုတ်တန်ရာ။

ထိုဖရဲသီးကိုမြည်းကြည့်ပြီးနောက် ကောင်းယောင်ယောင်တို့အုပ်စုမှာ အတွေးတစ်ခုသာရှိတော့သည်။ ထိုဖရဲသီး ၅၀၀ ဂရမ်ကို သူတို့ ယွမ် ၁၀၀ နှင့်ရောင်းနိုင်သည်ဟူ၍ပင်။
ဆရာလင်းမှာ အရွယ်ရပြီဖြစ်သော်လည်း အခြားမိန်းကလေးများကဲ့သို့ စားနိုင်သေး၏။ သူကမနေနိုင်ဘဲ ချီးကျူးလိုက်သည်_ ''သူဌေး... ကျုပ်ဘဝမှာ ဒီလောက်အရသာရှိတဲ့ဖရဲသီးမျိုး တစ်ခါမှမစားဖူးဘူး... ဒါသာမန်ဖရဲသီးတော့ မဟုတ်ဘူးမလား?''
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''ဒါအခုမှစစိုက်တဲ့ အထူးဖရဲမျိုးပဲ... လောလောဆယ် စျေးထဲမှာဝယ်လို့မရဘူး... ဒါကိုရောင်းတာ ကျွန်တော်တစ်ယောက်တည်းရှိတယ်''
ထိုအရည်အသွေး ၂ ဖရဲသီးမှာ ပြိုင်စံရှားပင်။ ဒါအထူးမျိုးစပ်ထားတာမှမဟုတ်ရင် ဘာဖြစ်ဦးမလဲ?
ကောင်းယောင်ယောင်က ဖရဲသီးတစ်စိတ်စားပြီးနောက် တစ်စုံတရာတွေးမိသည်နှင့် မေးလိုက်သည်_ ''သူဌေး... သာမန်ဖရဲသီးတွေရောင်းနေတာ မဟုတ်ဘူးလား? ဒီဖရဲသီးက အရမ်းအရသာရှိပြီး စျေးနှုန်းတပ်ထားတယ်ဆိုပေမဲ့ တခြားလူတွေက မသိဘူးလေ... တကယ်လို့ စပ်စပ်စုစုတစ်ယောက်ယောက်က ဗီဒီယိုရိုက်ပြီး ဖရဲသီးကိုဒီလောက်စျေးကြီးတဲ့အကြောင်း ခေါင်းစဉ်တပ်လိုက်ရင်ရော... လိုင်းပေါ်မှာနည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်ထင်တယ်''
ထိုစကားများက ချင်လင်ကိုသတိပေးလိုက်သလိုပင်။
ဒါတကယ်ပြဿနာပဲ။
စျေးနှုန်း ထင်ထင်ရှားရှားရေးထားပြီး မိမိဆန္ဒအလျောက်လုပ်ငန်းဖြစ်သည်ဆိုလျှင်တောင် စပ်စုတဲ့သူတွေက ဖွတတ်စမြဲဖြစ်၏။
သို့သော်လည်း ကိစ္စတော့မရှိ။ အရည်အသွေး ၁ ဖရဲသီးကို စိုက်ခင်းနှစ်ကွက်လောက်စိုက်ထားလျှင် အရည်အသွေး ၁ နှင့် ၂ အကြား နှိုင်းယှဥ်စရာရှိလာပေမည်။ သာမန်ဖရဲသီးလည်း တစ်သုတ်လောက်ထည့်ထားပြီး အရည်အသွေး ၁ ဖရဲသီးစျေးကို ၅၀၀ ဂရမ်လျှင် ၁၀ ယွမ်တင်လိုက်မည်။
သာမန်ရုံးပတီသီးတချို့လည်းရှိသည်။ တစ်ကတ်တီကို ၁၅ ယွမ်အစားထဲကပင်။
ဘာပဲဖြစ်ဖြစ် သီးနှံအစားစား၏စျေးနှုန်းတွေက တူမည်မဟုတ်မှန်း ယေဘူယျအားဖြင့်သိကြပေမည်။ သံသယရှိပါက လူအများရှေ့တွင် ပေါ်တင်ခွဲပြီး မြည်းကြည့်ခိုင်းလျှင် အဖြူအမည်းကွဲပြားသွားမည်ပင်။ စပ်စပ်စုစုတွေရှိလျှင်တောင် ပါးစပ်ပိတ်သွားပေလိမ့်မည်။ သို့မဟုတ်ပါက အကျိုးသင့်အကြောင်းသင့်ဖြစ်မည်မဟုတ်ပေ။
စတော်ဘယ်ရီလည်း အတူတူပင်။ သာမန်စတော်ဘယ်ရီသီးများကို ၂၅ ယွမ်နှင့်ရောင်းမည်၊ အရည်အသွေး ၁ စတော်ဘယ်ရီကို ယွမ် ၄၀၊ အရည်အသွေး ၂ စတော်ဘယ်ရီကို ယွမ် ၂၀၀ ထားရောင်းမည်။
ထိုအတွေးနှင့်ချင်လင်က သူ့စိတ်ထဲတွင် ရုံးပတီသီးစိုက်ခင်းနှစ်ကွက်ကိုကော်ထုတ်ပြီး ဖရဲမျိုးစေ့များချလိုက်သည်။ ထို့နောက် သုံးဘီးကားကို စီရင်စုမြို့ထဲပြန်မောင်းခဲ့ပြီး လက်ကားစျေးသို့တန်းသွားကာ ဖရဲသီးနှင့်စတော်ဘယ်ရီတစ်သုတ်စီဝယ်လာခဲ့၏။
သူကလောလောဆယ် ထိုအတိုင်းလုပ်ထားမည်ဖြစ်ပြီး ဖွင့်ပွဲပြီးမှ အခြေအနေအရ ကြည့်လုပ်ရပေမည်။
အားလုံးစီစဉ်ပြီးလျှင် သူကအိမ်ပြန် ရေမိုးချိုးကာ ကားအငှားဆိုင်သို့ ကားငှားရန်ထွက်သွားလိုက်၏။ ဒီနေ့ သူ့မိခင်နှင့်ကျောက်မိုချင်းကို စံအိမ်ခေါ်သွားမည်ဖြစ်၍ လျှပ်စစ်ဆိုင်ကယ်နှင့် အဆင်မပြေ။
အငှားကားမောင်းပြီး အိမ်ပြန်ရောက်သည့်အခါ လင်းဖန်က ဝမ်ချိုင်နှင့်အသင့်စောင့်နေသည်။
သူမက ဒီနေ့မဝတ်စဖူး သေသေချာချာဝတ်ဆင်ထားသည်။ ဝမ်ချိုင်ကလည်း ရှပ်အင်္ကျီလေးနှင့်။
အခုတလော ချင်လင်အလုပ်များနေ၍ လင်းဖန်က ဝမ်ချိုင်ကို လမ်းလျှောက်ထွက်ပေးပြီး အင်္ကျီတစ်ထည်ဝယ်ပေးထားခြင်းပင်။
ဒီကောင်က အရမ်းဉာဏ်ကောင်းပြီး သူများသဘောကျနေတတ်သဖြင့် လင်းဖန်ကအလွန်သဘောကျနေသည်။
အကြွေးတွေကျေပြီးနောက်ပိုင်း သူမလည်းပိုပြီး စိတ်သက်သာရာရလာ၏။ သူ့သားရဲ့လုပ်ငန်းက ဒီနေ့ဖွင့်ပွဲဆိုတော့ ဝမ်းသာဂုဏ်ယူခြင်းအတိနှင့်။
''ဝု!'' ချင်လင်ရောက်လာသည်ကိုမြင်လျှင် ဝမ်ချိုင်က မြူးတူးလိုက်သည်။ ကားတံခါးဖွင့်လိုက်သည်နှင့် ၄င်းကပြေးဝင်လိုက်သည်။
သူ့မိခင်ကိုခေါ်ပြီးနောက် ချင်လင်က ကျောက်မိုချင်းဆီသွားလိုက်သည်။
ကျောက်မိုချင်းက အပြင်တွင်အသင့်စောင့်နေ၏။ ကားရပ်သည်ကိုမြင်လျှင် သူမကရှေ့ကိုလျှောက်လာသည်။
ချင်လင်က သူမကိုကားနံပါတ်ပြောပြပြီးဖြစ်၏။
သူမကကားထဲဝင်လိုက်ပြီး လင်းဖန်အား_ ''အန်တီ!''
ကျောက်မိုချင်းအပြုံးကိုမြင်လျှင် လင်းဖန်ကပိုပျော်ရွှင်သွားလေသည်။ သူ့သား၏မိန်းကလေးဖြစ်သည်ကိုလည်း အလွန်ကျေနပ်နေ၏။
အခုတော့ အိမ်ကအကြွေးတွေလည်းကျေပြီ။ သူ့သားနှင့်ကျောက်မိုချင်းကို အမြန်ဆုံးလက်ထပ်စေချင်သည့်ဆန္ဒသာကျန်တော့သည်။
''ဝု!'' ခွေးကလည်း သူမကိုနှုတ်ဆက်လိုက်ပြီး မျက်နှာချိုသွေးသည့်ပုံနှင့် ကျောက်မိုချင်းကို သူ့ခေါင်းနှင့်ပွတ်နေ၏။
''ဝမ်ချိုင်'' ကျောက်မိုချင်းကလည်း လက်လှမ်းပြီး ခွေးခေါင်းကိုပွတ်သပ်ပေးလိုက်သည်။
ထို့နောက် ကားကစတင်ပြီး စီရင်စုမြို့မှထွက်ကာ ချင်းလင်စံအိမ်ဆီ ဦးတည်လာခဲ့လေသည်။

လမ်းတလျှောက်လုံး လင်းဖန်ကစိတ်ကြည်နေသည်။ သူ့သားစံအိမ်က မည်သို့မည်ပုံရှိမလဲဟု မှန်းဆကာနေသည်။
သို့သော် ကျောက်မိုချင်းကမူ ကားရှေ့သို့ရွေ့လာလေလေ သူမမျက်နှာပေါ်တွင် ပဟေဠိဖြစ်လာသည့်ပုံပေါ်လေလေဖြစ်နေ၏။
ထိုလမ်းကိုသူမရင်းနှီးနေသောကြောင့်ပင်။ ဒါဖုဟိုင်စံအိမ်ကိုသွားတဲ့လမ်းမဟုတ်ဘူးလား?
ပိုနီးကပ်လာလျှင် ကျောက်မိုချင်းက နည်းနည်းစိုးရိမ်စိတ်ဝင်လာကာ_ ''ချင်လင်... ရှင်ဒီနေရာမှာ လယ်တောအိမ်ရထားတာလား? ဖုဟိုင်စံအိမ်ကလည်း ဒီနားမှာပဲဆိုတာသိလား?''
သူမတကယ်စိတ်ပူလာသည်။ သူ့ကောင်လေးအတွက် စီးပွားရေးတစ်ခုစဖို့ ပိုက်ဆံရရန်မှာမလွယ်ကူ။ သူ့ပိုက်ဆံတွေအားလုံး ချင်လင်ကိုပေးလိုက်လျှင်တောင် ဖုဟိုင်စံအိမ်အနီးတွင် လယ်တောအိမ်စလုပ်ခြင်းက အချည်းနှီးဖြစ်မည်ပင်။
နောက်ပြီး ဖုဟိုင်စံအိမ်ရဲ့သူဌေးအသစ်က အဲလောက်တောင်လှတဲ့ ပန်းပင်လယ်ဖန်တီးထားတာ။
သို့သော် ကားက ချင်းလင်စံအိမ်၏ကားပါကင်တွင် ရပ်လိုက်သောအခါ ကျောက်မိုချင်းအံ့အားသင့်သွား၏။
ချင်းလင်စံအိမ်?
ဘာလို့ ဒီမှာလဲ?
မယုံကြည်နိုင်သော အတွေးတစ်ခုက သူမစိတ်ထဲထင်ဟပ်လာသည်_ ချင်းလင်... ကျောက်မိုချင်း... ချင်လင်?
ဖုဟိုင်စံအိမ်ကိုဝယ်လိုက်တဲ့သူဌေးကြီးက တကယ်ပဲ ချင်လင်လား?
ထိုအတွေးက ကျောက်မိုချင်းအတွက် အိပ်မက်ဆန်လွန်းနေသည်။ သူ့ယောက်ျားရဲ့အိမ်အခြေအနေကို သူလည်းအသိ။
''သူဌေး!'' ကားပါကင်စောင့်လုံခြုံရေးက ချင်လင်ကားထဲမှထွက်လာသည်ကိုမြင်သည်နှင့် တလေးတစားလာနှုတ်ဆက်သည်။
ထိုအခြင်းအရာက ကျောက်မိုချင်း၏အတွေးကို သေချာသွားစေသဖြင့် သူမကမနေနိုင်ဘဲ မေးလိုက်မိတော့သည်_ ''ချင်လင်... ဘာတွေဖြစ်နေတာလဲ?''
လင်းဖန်က ကားထဲမှထွက်လာပြီး သူမမျက်စိရှေ့က စံအိမ်ကိုဝမ်းသာအားရကြည့်လိုက်သည်။
သူ့သားဆောက်တဲ့စံအိမ်က ဒီလောက်ကောင်းမည်မှန်း ထင်မထားမိပါချေ။ သူမစိတ်ကူးထားတာထက် အများကြီးသာလွန်နေ၏။
ကျောက်မိုချင်းစကားကိုကြားလျှင် သူမကကူပြီးရှင်းပြလိုက်သည်_ ''မိုချင်း... ရှောင်လင်က ကံကောင်းတယ်... သူက သဘာဝအဆောင်အယောင်ငါးတစ်ကောင်ဖမ်းမိပြီး အဲဒါကို ယွမ် ၆ သိန်းနဲ့ရောင်းလိုက်တာ... နောက်တော့ ရက်ပိုင်းလောက် လက်ကားအရောင်းအဝယ်လုပ်ပြီးရတဲ့ငွေနဲ့ ဒီစံအိမ်ကိုဖွင့်လိုက်တာ''
ကျောက်မိုချင်းက တစ်ခုခုတော့မှားနေပြီဟု မျက်မှောက်ကြုတ်လိုက်သည်။ ဒီစံအိမ်ရဲ့လေလံစျေးကပင် ယွမ် ၁.၂ သန်းဟု သူမသိထားသည်။ ပန်းပင်လယ်ဆောက်တာနှင့်ဆို သေချာပေါက်ပိုကုန်ဦးမှာပင်။
သို့သော် လင်းဖန်ပျော်နေပုံကိုကြည့်ပြီး စိတ်ညစ်မသွားစေရန် သူမစိတ်ရှုပ်ထွေးမှုကိုပြောမပြတော့ချေ။
''အန်တီ... အထဲပြီးကြည့်ရအောင်လေ!'' ကျောက်မိုချင်းက လင်းဖန်လက်ကိုဆွဲ၍ စံအိမ်ထဲလျှောက်သွားလိုက်သည်။
လင်းဖန်ကလည်း ပျော်ရွှင်စွာနှင့် သူမလက်ကို ကျောက်မိုချင်းလက်မောင်းတွင်ချိတ်လိုက်၏။
ထိုအမျိုးသမီးနှစ်ဦးမှာ သားအမိသဖွယ်ဖြစ်ပြီး ချင်လင်မှာတော့ ရုတ်တရက်အပြင်လူနှယ်ဖြစ်သွားလေသည်။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ မနီးမဝေးတွင်မြင်နေရသော လှပသည့်သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။
''ဒါသုံးပွင့်ဆိုင်ဇီးပန်းပင်တွေလား? မင်းစိုက်ထားတာ အများကြီးပါလား?'' လင်းဖန်က အံ့အားသင့်ပြီးမေးလိုက်၏။
ကျောက်မိုချင်းကမူ ပန်းပင်လယ်ကို ထူးထူးဆန်းဆန်းကြည့်နေသည်။
အရင် သူနှင့်သူ့ယောက်မက ကြော်ငြာဗီဒီယိုကြည့်ပြီး ဤပန်းပင်လယ်ကို စိတ်ဝင်စားခဲ့ကြဖူးသည်။
အဲဒီအချိန်က သူ့ယောက်မက ဒီစံအိမ်ကို ချင်လင်ဖွင့်ပြီး သူတို့နာမည်ပေးခဲ့တာဟုပင် စနောက်ခဲ့သေး၏။
ယောက်မကလည်း ဒီလိုဖြစ်လိမ့်မည်ဟု လုံးဝထင်ထားမှာမဟုတ်ဘူးမလား? သူမပါးစပ်အဟောင်းသားဖြစ်နေလေသည်။
ထို့နောက် ကျောက်မိုချင်းက တစ်ခုခုကိုသတိရသွား၏။ ဟိုတယ်အခန်းထဲမှာတုန်းက ဖုဟိုင်စံအိမ်မှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဖြစ်လာရင် သေချာပေါက်နာမည်ကျော်မှာပဲဟု သူမပြောခဲ့ဖူးသည်။
မထင်မှတ်ဘဲ ချင်လင်က တကယ်မှတ်ထားပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပေသည်။
ထိုအတွေးကြောင့် သူမကနောက်ပြန်လှည့်ပြီး ချင်လင်ကိုကြည့်လိုက်၏။ သူမစိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင်ဝဲနေသည်။
ချင်လင်က ကျောက်မိုချင်း၏အကြည့်ကို သတိထားမိသည်။ သူမ၏ရွှန်းစိုနေသောမျက်ဝန်းမှာ အလွန်ဆွဲဆောင်မှုရှိနေ၏။ သူဒီည အရည်အသွေး ၂ ရုံးပတီသီးစားပြီး ဟိုတယ်မှာ အခန်းကြိုငှားထားမည်ဟုပင် စဉ်းစားလိုက်သည်။
စံအိမ်ဖွင့်ပွဲကို တမူထူးသည့်နည်းလမ်းဖြင့် အောင်ပွဲခံရပေမည်။