ရှဉ့်များခြံရံ၍ အနမ်းပေးခြင်း! ပထမဆုံးဧည့်သည်!
Vol. 3 Ch. 36
“သူဌေး ဒီရောက်နေတာလား?” ချန်တပေက လင်းဖန်နှင့်ကျောက်မိုချင်းအား ခန်းမထဲသို့ ချင်လင်ခေါ်လာသည်ကိုမြင်လျှင် သူ့အကျင့်အတိုင်းပင် ရှေ့တိုး၍ညွှန်ကြားချက်ကိုစောင့်နေသည်။
သူ့သားအား တစ်ယောက်ယောက်က သူဌေးဟုခေါ်သည်ကို လင်းဖန်ကြားသောအခါ သူမပိုပြုံးလိုက်မိသည်။ ထိုအရာမှာ သူမမျက်စိထဲတွင် သူ့သား၏အောင်မြင်မှုပင်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။
“ရှောင်လင် မြန်မြန်... မိုချင်းကိုခေါ်ပြီး ပန်းပင်လယ်သွားကြည့်ချေ... ငါလမ်းခဏလျှောက်လိုက်ဦးမယ်” လင်းဖန်က လူငယ်များကြည်နူးချင်သည်ကိုသိသည်နှင့် သူ့ကိုတိုက်တွန်းလိုက်သည်။
အခုအချိန်တွင် သူ့သားနှင့်ကျောက်မိုချင်းကိုသာယာစေချင်သဖြင့် သူတို့နှစ်ဦးကိုတွန်းထုတ်လိုက်၏။
ချင်လင်လည်းရှောင်လွှဲမရတော့ဘဲ ကျောက်မိုချင်းကို သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆီခေါ်သွားလိုက်သည်။
ဝင်ပေါက်ရှိလက်မှတ်ရောင်းခန်းတွင် ကောင်းယောင်ယောင်က စားပွဲထိုးတစ်ယောက်နှင့်စီစဉ်နေသည်။
ယနေ့ဖွင့်ပွဲဖြစ်၍ ခရီးသွားများ အချိန်မရွေးရောက်လာနိုင်ပေသည်။
“သူဌေး!” ကောင်းယောင်ယောင်က ချင်လင်ကိုမြင်သည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်သည်။
ချင်လင်က သူတို့ကိုခေါင်းညိမ့်ပြလိုက်ပြီး ကျောက်မိုချင်းလက်ကိုဆွဲကာ ပန်းပင်လယ်ထဲဝင်သွားလိုက်သည်။
မကြာမီ ကျောက်မိုချင်းမှာ ပန်းပင်လယ်၏မြင်ကွင်းဖမ်းစားခြင်းကိုခံလိုက်ရသည်။
ဒီရှုခင်းကိုကိုယ်တိုင်မြင်ရတော့မှ ကြော်ငြာဗီဒီယိုထက်တောင်လှနေသေး၏။
လမ်းလျှောက်ရင်းလျှောက်ရင်းနှင့် အလယ်သို့ရောက်လာသည်။ အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်ပတ်လည်တွင် လိပ်ပြာပျံဝဲနေသည့်လှပသည့်မြင်ကွင်းကြောင့် ဖုန်းကိုထုတ်ကာ ဓာတ်ပုံများရိုက်လိုက်၏။
“ဘယ်လိုလဲ? ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က လှရဲ့လား?” ချင်လင်က ကျောက်မိုချင်းကိုနောက်မှသိုင်းဖက်လိုက်ပြီး ဂုဏ်ဆာလိုက်သည်_ “အဲဒီညက မင်းဟိုတယ်ထဲမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အကြောင်းပြောခဲ့တာလေ... ကိုယ်အဲဒါကိုသတိရပြီး မင်းအတွက်အကောင်အထည်ဖော်လိုက်တာ”
ထိုချစ်ကြည်နူးစကားများမှာ ကျောက်မိုချင်းကို စိတ်အလှုပ်ရှားစေဆုံးပင်။ သို့သော်သူမက ချင်လင်ကို မမေ့မလျော့တစ်ခုမေးလိုက်သည်_ “ချင်လင် ဘယ်လိုဖြစ်တာလဲ? ငါးကို ယွမ် ၆ သိန်းနဲ့ရောင်းလိုက်တယ်ပဲထားဦး... အဲဒါ ဒီစံအိမ်နဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုဝယ်ဖို့ မလုံလောက်သေးဘူးလေ... ရှင်ဘယ်က ပိုက်ဆံတွေရလဲ?”
ချင်လင်က ကျောက်မိုချင်းကို သူ့မိခင်ကဲ့သို့ လွယ်လွယ်နှင့်လှည့်စား၍မရမှန်းသိသည်နှင့် လုပ်ကြံဇာတ်ဆက်ခင်းလိုက်၏_ “ကိုယ်ကငါးကို သူဌေးတစ်ယောက်ဆီရောင်းလိုက်တာမလား? အဲဒီသူဌေးက ငွေကြေးချမ်းသာတယ်လေ.... ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက်ခင်သွားပြီးတော့ ကိုယ်ကသူ့ကို စံအိမ်အကြောင်းပြောပြလိုက်တယ်... ပြီးတော့ သူ့ဆီက ပိုက်ဆံချေးလိုက်တယ်”
ကျောက်မိုချင်းက ဇဝေဇဝါဖြစ်နေသည်_ “ဒီလောက်ပိုက်ဆံအများကြီးကို ဘာတောင်းဆိုချက်မှမရှိဘဲ ချေးပေးတဲ့သူ တကယ်ရှိတယ်ပေါ့?”
ချင်လင်က ဆက်ဖြီးလိုက်၏_ “တောင်းဆိုချက်ရှိတာပေါ့... အဲဒီလူက ငါးကိုသူ့အသက်လိုချစ်တာလေ... အခွင့်အရေးရခဲ့ရင် သူ့အတွက်ထပ်ပြီး ငါးဖမ်းပေးစေချင်တာ... နောက်ပြီးကိုယ်က အတိုးပေးရတယ်... အဲဒါကြောင့်ကိုယ့်မှာ အကြွေးသန်းချီရှိတယ်”
“အာ!”ထိုစကားကိုကြားလျှင် ကျောက်မိုချင်းစိတ်ပူသွား၏။ သူမကလက်လှမ်းပြီး ချင်လင်၏ဗိုက်ခေါက်ကို စိတ်ဆိုးဆိုးနှင့်ဆွဲလိမ်လိုက်သည်_ “ချင်လင် ရှင်တော်တော်ဆိုးတာပဲ... ဒီလောက်ကိစ္စအကြီးကြီးကို ကျွန်မနဲ့တောင်မတိုင်ပင်ဘူး... ရှင်အကြွေးတွေ ပြန်မဆပ်နိုင်မှာမကြောက်ဘူးလား?”
ချင်လင်က မကြောက်။ ဘာပဲဖြစ်ဖြစ် အလိမ်အညာကြီးလေ။ ထိုအကြောင်းပြချက်က အလုပ်ဖြစ်ကြောင်းသိသည်နှင့် သူကသွေးပူတုန်းဆက်ပြောလိုက်၏_ “ကိုယ်ကမင်းကိုအမြန်ဆုံး ပေါ်ပေါ်တင်တင်အိမ်ခေါ်ချင်တာနဲ့ အလောင်းအစားလုပ်ကြည့်ချင်တာပါ”
ကျောက်မိုချင်းကထိုစကားကြားသည်နှင့် ထပ်ပြီးအစ်အောက်မနေတော့ပေ_ “ဟွန့်... မှတ်ထားနော်... အခုကစပြီး ဆေးလိပ်မသောက်ရဘူး အရက်မသောက်ရဘူး... အန္တရာယ်များတာမလုပ်ရဘူး... ဖျားတာနာတာမရှိစေနဲ့... ကျန်းကျန်းမာမာနေ... ကျွန်မတို့ကလက်ထပ်ထားတာ... ရှင်တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မကဘယ်လိုလုပ်ပြီး အကြွေးသန်းချီကိုဆပ်နိုင်မှာလဲ?”
“မင်းလည်းသိသားပဲ... ကိုယ်ဆေးလိပ်မသောက်ဘူး အရက်မသောက်ဘူး... အန္တရာယ်များတာတွေလည်း ဘယ်တော့မှမလုပ်ဘူး” ချင်လင်က ကျောက်မိုချင်းအနားတိုးသွားလိုက်ပြီး သူမနှုတ်ခမ်းကိုနမ်းလိုက်သည်။
ကျောက်မိုချင်းက နေသားကျစွာ ချင်လင်၏ခါးကိုဖက်လိုက်၏။
သူတို့နှစ်ဦးမှာ သူတို့အတွေးနှင့်သူတို့ ခဏလွင့်မျောသွားကြသည်။ အသက်မရှူနိုင်တော့မှ နှစ်ဦးသားခွဲခွာလိုက်ကြ၏။ သို့သော် ကျွိကျွိမြည်သံက သူတို့အာရုံကိုဖမ်းစားလိုက်သည်။ အပေါ်မော့ကြည့်လိုက်ရာ ရှဉ့်တချို့မှာတန်းစီထိုင်နေပြီး လည်ကိုဆန့်၍ သူတို့နှစ်ဦးကိုစူးစမ်းကြည့်နေကြလေ၏။
“သူတို့က...” ကျောက်မိုချင်းက ထိုမြင်ကွင်းကိုမြင်လျှင် အလွန်ရှက်သွားသည်။ သူမနှင့်ချင်လင်ကို စောင့်ကြည့်နေသလို ခံစားလိုက်ရခြင်းပင်။
…
ချင်းလင်စံအိမ်မှာ ရုံချန်းစီရင်စုအပြင်ဘက်တွင်ရှိပြီး ဝင်ပေါက်မှာ မြို့တော်သို့သွားလမ်းနှင့်သဲမြို့တော်အကြားလမ်းပေါ်တွင်ရှိ၏။
ထိုအကြားတွင် မေဘာ့ချ် 62S ကားတစ်စီး ရုတ်တရက်ထိုးရပ်သွား၏။
ကားမောင်းသူက ကားထဲမှထွက်လိုက်ပြီးစစ်ဆေးကြည့်ကာ ကားနောက်ခန်းထဲမှပုဂ္ဂိုလ်ကို ရိုရိုသေသေပြောလိုက်သည်_ “ဥက္ကဌ... ကားညာဘက်တာယာပြားသွားပြီ... စောစောက ပြင်နေတဲ့လမ်းကိုဖြတ်လာတော့ သံချွန်နဲ့ထိုးမိတာထင်တယ်... အခုကားတာယာလဲဖို့ ဒီအနီးအနားမှာရှာကြည့်ရမယ်... နေ့လယ်ပိုင်းနားရလိမ့်မယ်”
ဥက္ကဌက ချင်းလင်စံအိမ်၏ကြော်ငြာဓာတ်ပုံကိုကြည့်ရင်း အံ့အားသင့်နေသည်။ ထိုကြော်ငြာဓာတ်ပုံက သူ့ကိုပြောမပြတတ်အောင် ဆွဲဆောင်နေ၏_ “ဒီစံအိမ်က ကောင်းမယ့်ပုံပဲ... မင်းကားမပြင်ခင် ငါ့ကိုအဲဒီပို့ပေးခဲ့”
ကြော်ငြာဓာတ်ပုံက အလွန်လှပြီး အနုပညာလက်ရာနှင့်ပင်တူကာ အရမ်းကဗျာဆန်နေသည်။
ဒါဓာတ်ပုံဆရာကြီးရဲ့လက်ရာလား?
သူက အဆင့်အတန်းမြင့်လှပါသည်ဆိုသော စံအိမ်များစွာကိုရောက်ဖူးသော်လည်း လမ်းဘေးလူမြင်ကွင်းဓာတ်ပုံကဲ့သို့ ဓာတ်ပုံဆရာလက်ရာမျိုးကိုသုံးဖို့အထိတော့ အလွန်အကျွံမဖြစ်ဖူးပေ။
“ကောင်းပါပြီ ဥက္ကဌ” ကားဒရိုင်ဘာက ခေါင်းညိမ့်ပြီး ချင်းလင်စံအိမ်ဆီမောင်းသွားလိုက်၏။
သူက ချင်းလင်စံအိမ်ကိုမြင်ပြီး အမှန်တကယ်ဆွဲဆောင်မှုရှိကြောင်းလည်းတွေ့လိုက်ရသည်။ ထိုကြော်ငြာဓာတ်ပုံကိုရိုက်သောသူမှာ ထိပ်တန်းဓာတ်ပုံဆရာဖြစ်ရမည်ဟုလည်း တွေးလိုက်၏။
ချင်လင်က ကျောက်မိုချင်းကို ခန်းမထဲပြန်ခေါ်လာခဲ့ပြီး ဝတ်စုံပြည့်နှင့်လူတစ်ယောက် လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ ဧည့်သည်ပဲဖြစ်ရမည်။
ခန်းမထဲဝင်လိုက်သောအခါတွင်မူ ချန်ရှန်းဖေက နည်းနည်းစိတ်ပျက်သွား၏။
လမ်းဘေးလူမြင်ကွင်းက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏ဓာတ်ပုံမှာ အလွန်အနုပညာဆန်၏။ ပန်းပင်လယ်ကိုမသွားရသေးသော်လည်း လမ်းတလျှောက်သွားရင်း ဤခန်းမထဲဝင်လိုက်သည့်အခါ သူထင်ထားသည်နှင့်ဘာမှမဆိုင်ပေ။ သူမျှော်လင့်ထားသည်နှင့် ကမ္ဘာခြားနေလေသည်။
ခန်းမကသိပ်မကြီး။ အလယ်တွင် စားသောက်စားပွဲများနှင့်သစ်သီးစင်ရှိသည်။ ကြည့်ရတာ ဟာတာတာနှင့်။
ကောင်းယောင်ယောင်က ဧည့်သည်ရောက်လာသည်ကိုမြင်လျှင် ပြုံး၍နှုတ်ဆက်လိုက်သည်_ “လူကြီးမင်း... ကြိုဆိုပါတယ်ရှင့်... ကျွန်မတို့မှာ ခမ်းနားတဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရယ် တောတွင်းစွန့်စားမှုရယ် မြက်ခင်းလျှောရယ် ခံစား...”
ကောင်းယောင်ယောင်က ပြုံးပြီး သူမကိုယ်သူမ သဘာကျစွာမိတ်ဆက်လိုက်သည်။
ထိုအချိန်တွင် ချန်ရှန်းဖေက သစ်သီးရောင်းသည့်စင်ကိုကြည့်လိုက်သည်။ သူကဈေးနှုန်းကိုမြင်ပြီး အံ့အားသင့်သွား၏။
စတော်ဘယ်ရီအနီတွေက တစ်ကတ်တီကို ၂၅ ယွမ်နှင့် ၅၀ ယွမ်။ ဖရဲသီးက တစ်ကတ်တီကို ၂ ယွမ်နှင့် ၁၀ ယွမ်။ ထိုဈေးနှုန်းကကိစ္စမရှိသော်လည်း စတော်ဘယ်ရီတစ်ကတ်တီ ယွမ် ၂၀၀၊ ဖရဲသီးတစ်ကတ်တီ ယွမ် ၁၀၀ နှင့် ရုံးပတီသီးတစ်ကတ်တီ ယွမ် ၄၀၀ တို့မှာ သူ့ကိုလက်မခံနိုင်အောင်ဖြစ်စေလေသည်။
ပြည်တွင်းစိုက်ပျိုးသော အထူးအရည်အသွေးမြင့်ထုတ်ကုန်များနှင့် နိုင်ငံခြားအထူးမျိုးများကို မစားဖူး၍မဟုတ်သော်လည်း ထိုဈေးနှုန်းနှင့်ပစ္စည်းကောင်းများ ဤစံအိမ်ထဲတွင်ရှိလိမ့်မည်ဟု ထင်မထားခြင်းပင်။
ဘာပဲဖြစ်ဖြစ် ဒီစံအိမ်က အဲလောက်အဆင့်မရှိတာ သိသာနေတာပဲ။
“ဟမ်?!” ချန်ရှန်းဖေက သူ့နံဘေးကငါးကန်ကိုကြည့်လိုက်မိပြီး_ “ဒီငါးတွေအကုန်လုံး သဘာဝငါးတွေလား?”
ငါးကန်ထဲတွင် ငါးကြီး ၆ ကောင်ကူးခတ်နေ၏။ သူအကုန်သိသည်_ သဘာဝကကတစ်ငါး၊ သဘာဝငါးကြင်းနက်နှင့် ငါးကြင်းစိမ်းတို့ပင်။ သူကငါးမျှားဝါသနာပါသူဖြစ်သဖြင့် သဘာဝငါးများအကြောင်းနည်းနည်းသိထားသည်။
သို့သော် ဒီလိုအကောင်ကြီးမျိုးတွေ့ရခဲမှန်းလည်း ကောင်းကောင်းသိထား၏။ သူ့တွင်ပိုက်ဆံရှိလျှင်တောင် ဝယ်ရခက်သည်။ ဒီလိုငါးကြီးမျိုး ၆ ကောင်ကို ဒီမှာတွေ့ရမည်ဟု ထင်မထားပေ။
ကောင်းယောင်ယောင်က ချက်ချင်းပင်_ “လူကြီးမင်းက တကယ်အမြင်ရှိတာပဲ... ဒီကကတစ် ငါးကြင်းနက်နဲ့ ငါးကြင်းစိမ်းတွေအားလုံးက သဘာဝငါးတွေပါ”
“ငါ့အတွက် ငါးတစ်ကောင်ထုပ်ပေး” ချန်ရှန်းဖေက ဈေးနှုန်းပင်မမေးဘဲ ချက်ချင်းပြောလိုက်၏။
ဈေးနှုန်းက အရေးမကြီး။ သူတတ်နိုင်သည်။
ရှားပါးတာက ဒီငါးမျိုးပင်။
ကောင်းယောင်ယောင်က သူ့ကိုအချိန်ကောင်းတွင် သတိပေးလိုက်သေးသည်_ “လူကြီးမင်း... ကျွန်မတို့ငါးကန်ထဲမှာ သဘာဝငါးတွေအများကြီးရှိပါသေးတယ်... စိတ်ဝင်စားရင် ငါးမျှားတံငှားပြီး ငါးမျှားလို့လည်းရပါတယ်... လူကြီးမင်းကိုယ်တိုင်လည်း ဖမ်းလို့ရပါတယ်”
“သဘာဝငါးတွေအများကြီး? ဒီလောက်ကြီးတဲ့ငါးတွေလား?” ချန်ရှန်းဖေက ချက်ချင်းပြန်မေးလိုက်၏။
ဒီကောင်မလေးက သူ့ကိုညာနေတာလား?
သဘာဝငါးတွေအများကြီးရှိတာယုံပေမဲ့ ဒီလောက်ကြီးတဲ့ငါးတွေရောရှိတယ်တဲ့လား? သူ့ကိုအချဉ်များမှတ်နေလား?
မြို့ထဲကအကြီးဆုံးတံငါသည်တောင် ဒီလိုစကားပြောရဲမှာမဟုတ်။
သူ့အမြင်အရဆိုလျှင် ဒီသူဌေးက ဒီငါးကြီး ၆ ကောင်ကိုဖမ်းနိုင်တာ အထင်ကြီးစရာပင်။
သို့သော် ဒီမိန်းကလေးကလည်း နောက်နေသည့်ပုံမပေါ်။ နောက်ပြီး သူ့ရှေ့တွင်ရှိနေသည့် ငါးကြီး ၆ ကောင်ကလည်း သူ့စိတ်ကိုဆွနေသေး၏။
ငါးဖမ်းဝါသနာပါသူတစ်ဦးအနေနှင့် ငါးကြီးဖမ်းမိချင်တဲ့ရည်ရွယ်ချက်မရှိဘဲနေမလား?
“မိန်းကလေး... ဒါဆိုရင် ငါ့ကိုငါးမျှားတံနှစ်ချောင်းငှားပေးပါ!” ချန်ရှန်းဖေက ချက်ချင်းပြန်ပြောလိုက်သည်။ ပြီးလျှင် တစ်ကတ်တီယွမ် ၂၀၀ ရှိသော အရည်အသွေး ၂ စတော်ဘယ်ရီကို လက်ညိုးထိုး၍_ “အဲဒီစတော်ဘယ်ရီတွေလည်း ချိန်ပေးပါ... ငါးမျှားနေတုန်းစားရအောင်... ဆိုင်ကြီးကအရသာတွေနဲ့ ဘယ်လိုနေလဲယှဉ်ကြည့်ရတာပေါ့”
“ကောင်းပါပြီ လူကြီးမင်း” ကောင်းယောင်ယောင်က သူ့အကြံပြုချက်အောင်မြင်သွား၍ အားရပါးရပြုံးလိုက်သည်။ သူမကချက်ချင်းပင် ချန်ရှန်းဖေအတွက် ငါးမျှားတံငှားပေးနေရင်း အခြားစားပွဲထိုးတစ်ဦးကို စတော်ဘယ်ရီချိန်ခိုင်းလိုက်၏။ ဈေးလည်းမကြီး။ ငါးမျှားတံတစ်ချောင်းကို ယွမ် ၂၀ နှင့် နှစ်ချောင်းကို ယွမ် ၄၀၊ ငါးစာပါဆိုလျှင် ၄၅ ယွမ်သာကျသည်။
ချန်ရှန်းဖေက နည်းနည်းတော့စိတ်ပျက်သွားမိ၏။
ငါးမျှားတံနှင့်ငါးစာမှာ မဖြစ်စလောက်ဖြစ်နေသောကြောင့်ပင်။
ကားဒရိုင်ဘာသာ ကားပြင်မသွားလျှင် ကားထဲမှသူ့ငါးမျှားတံကို သွားယူခိုင်းမိပေလိမ့်မည်။
နောက်ပြီး အသုံးအဆောင်တွေကလည်း ညံ့သေး၏။ ခွေးခြေခုံသေးသေးလေးနှင့် ရွှံ့ဗွက်တွေနှင့်ငါးအိုင်ကိုမျက်နှာမူထားသော စားပွဲတစ်လုံးသာရှိသည်။
အရင်သူသွားမျှားနေကြငါးကန်တွေနှင့် ဘာမှကိုမဆိုင်ပေ။
သို့သော်လည်း ချန်ရှန်းဖေက ငါးမျှားတံကိုကျွမ်းကျင်စွာကိုင်ပြီး ရေထဲချကာစောင့်နေလိုက်၏။
စတော်ဘယ်ရီသီးလာချပေးသည်ကိုမြင်လျှင် သူကလက်သွားဆေးလိုက်သည်။ ထို့နောက် စတော်ဘယ်ရီကိုကောက်၍ သူ့ပါးစပ်ထဲထည့်လိုက်ကာ ငါးစာလာချိတ်မည်ကိုစောင့်နေလိုက်၏။
သို့သော် စတော်ဘယ်ရီကို ပါးစပ်ထဲထည့်လိုက်သည်နှင့် ချန်ရှန်းဖေက အံ့အားသင့်သွားလေသည်_ “ဒီစတော်ဘယ်ရီအရသာက...!”