← Chapters

အံ့အားသင့်နေသော ခရီးသွားများ!

Vol. 3 Ch. 37

အံ့အားသင့်နေသော ခရီးသွားများ!

Vol. 3 Ch. 37

ဒီပန်းပင်လယ်က ငါ့မွေးရပ်မြေမှာလေ!

ချန်ရှန်းဖေမှာ စတော်ဘယ်ရီကိုအထူးမျိုး၊ နိုင်ငံခြားမျိုးအားလုံးစားဖူးသည်ဟု ယုံကြည်ချက်ရှိသော်လည်း တစ်ကတ်တီယွမ် ၂၀၀ တန်ထဲတွင် သူအခုစားနေသော စတော်ဘယ်ရီလောက် ဘယ်စတော်ဘယ်ရီမှမကောင်းပါချေ။

ဤတစ်ကတ်တီယွမ် ၂၀၀ တန်မှာ စျေးသက်သာသည်ဟုထင်ရ၏။

အမှန်တကယ် အရသာရှိပေသည်။

ထိုသို့တွေးမိပြီး စတော်ဘယ်ရီတစ်လုံးပြီးတစ်လုံးကောက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ထိုအချိန်တွင် ငါးမျှားတံလှုပ်နေသည်ကို ချန်ရှန်းဖေသတိထားမိလိုက်၏။ သူကချက်ချင်း ငါးမျှားတံကိုကောက်ကိုင်ကာ ကြိုးကိုဆွဲလိုက်သည်။ ငါးတစ်ကောင်ချက်ချင်းမိသွား၏။

''တကယ်သဘာဝငါးပဲ'' ချန်ရှန်းဖေက အံသြသွားပုံနှင့် အသိအမှတ်ပြုလိုက်သည်။

မကြာမီ နောက်ထပ်ငါးတချို့ထပ်မိပြန်၏။ အားလုံးသဘာဝငါးများချည်းပင်။ ထို့ကြောင့် သူကတဖြည်းဖြည်းနှင့် စားပွဲထိုး၏စကားကို ယုံကြည်စပြုလာသည်။

သို့သော်လည်းသူက ထိုငါးများကိုပြန်လွှတ်ပေးလိုက်၏။ သူကငါးကြီးကြီးမိချင်သောကြောင့်ပင်။

အချိန်ကုန်သည်နှင့်အမျှ စံအိမ်မှာတဖြည်းဖြည်းအသက်ဝင်လာသည်။

လူတွေတစ်သုတ်ပြီးတစ်သုတ် တဖွဲဖွဲရောက်လာကြ၏။ သူတို့အားလုံးမှာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်မှ ကြော်ငြာဗီဒီယိုကို စိတ်ဝင်စားသွားခြင်းကြောင့်ဖြစ်လေသည်။

ကောင်းယောင်ယောင်မှာ စားပွဲထိုးနှင့်အတူ ခရီးသွားနှစ်သုတ်ကို ဧည့်ခံပြီးရုံရှိသေး၊ နောက်ထပ်နှစ်သုတ်ထပ်ရောက်လာ၏။

''ခရီးသည်များအားလုံး... ချင်းလင်စံအိမ်မှ ကြိုဆိုပါတယ်...''

ကောင်းယောင်ယောင်က ဧည့်သည်များကို အပြုံးလေးနှင့်ဧည့်ခံပြီး လက်မှတ်ရုံဆီ ခေါ်သွားလိုက်သည်။

ပန်းပင်လယ်၏နောက်ဆုံးသတ်မှတ်စျေးနှုန်းမှာ ယွမ် ၅၀ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ပန်းပင်လယ်ဆောက်ရတဲ့ရည်ရွယ်ချက်က ခရီးသွားတွေကို ဆွဲဆောင်ဖို့ပဲလေ။ ယွမ် ၁၀၀ က များလွန်းနေသည်။

ခန်းမထဲတွင် လင်းဖန်က ခရီးသည်များတိုးလာသည်ကိုကြည့်ရင်း ဝမ်းသားပျော်ရွှင်နေသည်။ ဒီလောက်ဧည့်သည်တွေအများကြီးလာတာ သူ့သားစီးပွားဖြစ်မှာပဲဟု တွေးမိသောကြောင့်ပင်။

''၃၇ ယောက်တောင်ရှိပြီ'' ကျောက်မိုချင်းကရေတွက်နေရင်း ချင်လင်ကိုပြောလိုက်သည်_ ''တစ်ယောက်ကို ပန်းပင်လယ်အတွက် ယွမ် ၅၀ စီဆိုတော့ စုစုပေါင်း ၁၈၅၀ ယွမ်ရပြီ... တချို့က သေချာပေါက်စားကြသောက်ကြ အသီးတွေဝယ်ကြဦးမှာပဲ... ဒီထက်ပိုပြီးရနိုင်သေးတယ်''

သူမျှော်လင့်သည်ထက် ပိုများလိမ့်မည်မှန်း မထင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ချင်လင်ဝယ်ခဲ့တဲ့တချို့အရာကလွဲပြီး ပျိုးပင်၊ ရုံးပတီနှင့်စတော်ဘယ်ရီတို့မှာ အကုန်အကျမရှိဘဲ ရောင်းနိုင်ပေသည်။

''ဒါအစပဲရှိသေးတယ်... ဒီနေ့လူတွေအများကြီးလာကြတာပဲ'' ချင်လင်ကပြုံးရင်းပြောလိုက်သည်_ ''နောက်ဆိုရင် သဲမြို့တော်ကလူတွေပါ လာကြလိမ့်မယ်... ငါတို့မြို့ထဲမှာကြော်ငြာဖို့နဲ့ လိုင်းပေါ်မှာအရောင်းမြှင့်တင်ဖို့ နည်းလမ်းရှာရမယ်... ဒါဆိုလူတွေပိုများလာလိမ့်မယ်... ငါ့ရဲ့ပန်းပင်လယ်က အင်တာနက်ပေါ်မှာ နာမည်ကျော်ဆွဲဆောင်မှုတစ်ခုတောင်ဖြစ်ရင်ဖြစ်လာဦးမယ်''

''ဟမ်... သုံးပွင့်ဆိုင်ပန်းပင်လယ်ဆောက်တာ အကြံကောင်းတစ်ခုပဲ ဟုတ်တယ်မလား?'' ကျောက်မိုချင်းက ချင်လင်၏ယုံကြည်ချက်ရှိသောပုံစံကိုကြည့်ရင်း အလိုလိုဂုဏ်ဆာချင်သွားသည်။

''ဒါပေါ့... မင်းကို အနမ်းတစ်ပွင့်ဆုချမယ်'' ချင်လင်ကပြုံးပြီး ကျောက်မိုချင်းနှုတ်ခမ်းကိုနမ်းလိုက်၏။

''ဝု!'' သူတို့နံဘေးရှိခွေးကဟောင်ပြီး သူတို့ခြေထောက်နားပြေးလာသည်။ သူတို့နှစ်ဦးကလူကျီစယ်နေပုံကိုကြည့်ရင်း သူလည်းဝင်ပါချင်သည့်ပုံပင်။



ကောင်းယောင်ယောင်က နောက်ထပ်လူအုပ်ကို ပန်းပင်လယ်လက်မှတ်ရုံဆီ ခေါ်သွားလေသည်_ '' ဧည့်သည်တို့... လက်မှတ်ရုံမှာတန်းစီ လက်မှတ်ဝယ်ပြီးရင် ပန်းပင်လယ်ထဲ ဝင်ကြည့်နိုင်ပါပြီ''

ခရီးသည်များက ထိုအသံကြားလျှင် လက်မှတ်ရုံရှေ့တွင် တန်းစီလိုက်ကြ၏။

ချန်ရွှဲ့မှာ ဓာတ်ပုံပညာဌာနမှ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည်။ သူမဝါသနာက ခရီးလျှောက်သွားပြီး ပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာဗီဒီယိုများဖန်တီးရခြင်းပင်။ သည်တစ်ကြိမ်တွင် အလုပ်မှပြန်လာပြီး အရှေ့ပိုင်းစီးပွားရေးစျေးကွက်မှကြော်ငြာဗီဒီယိုကို စိတ်ဝင်စားသွားခဲ့၏။

သူမမွေးရပ်မြေမြို့လေးတွင် ဤကဲ့သို့ပန်းပင်လယ်မျိုးဖြသ်လာလိမ့်မည်ဟု ထင်မထားမိပါချေ။ ထို့ကြောင့် သွားရောက်စူးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

ချန်ရွှဲ့ကလက်မှတ်ဝယ်ပြီးသောအခါ လက်မှတ်ရုံထဲတွင် ထင်းရှူးသီးစေ့များလည်း ရောင်းချနေမှန်း သတိထားမိသွားသည်။ သူမက ကြော်ငြာဗီဒီယိုထဲမှရှဉ့်များကို သတိရသွားပြီး ချက်ချင်းထင်းရှူးသီးစေ့တစ်ထုပ်ဝယ်လိုက်၏။ အများကြီးမရှိသော်လည်း စျေးနှုန်းမှာ ၁၀ ယွမ်တဲ့။

သို့သော်လည်း သူမက ရှဉ့်များကိုစဉ်းစားမိသည်နှင့် ဝယ်လိုက်သေးသည်။

ချန်ရွှဲ့က လက်မှတ်စစ်ရန် အခြားသူများနောက်လိုက်ပြီး ပန်းပင်လယ်ထဲဝင်သွားလိုက်သည်။ ဝင်ပေါက်တွင် အစောင့်နောက်တစ်ယောက်က လက်မှတ်များကိုသိမ်းလိုက်၏။ ထိုမိန်းကလေးက တိရစ္ဆာန်လေးများကို ထိခိုက်အောင်မပြုလုပ်ရန် အထပ်ထပ်သတိပေးနေသည်။

အစပိုင်းတွင် ပန်းပင်လယ်ကိုမအံ့သြမိချေ။ သုံးပွင့်ဆိုင်ဇီးပန်းပင်မျိုးကွဲများမှာ အရင်ကတွေ့ဖူးသောအပင်များနှင့် သိပ်မခြားလှပေ။

သို့သော် လျင်လျင်မြန်မြန်ပင် အံ့အားသင့်လာ၏။ သူမဘေးတလျှောက်မှသုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ သူမကိုကြည်နူးလာစေသည်။ အလွန်လှပြီးဆွဲဆောင်မှုရှိသဖြင့် ဖုန်းကိုထုတ်ကာ ဓာတ်ပုံလိုက်ရိုက်လိုက်၏။

ရှေ့ဆက်လျှောက်လေလေ ပိုအံ့သြလာလေလေပင်။ ချန်ရွှဲ့က မျက်စိရှေ့မှရောင်စုံသုံးပွင့်ဆိုင်ဇီးပန်းပင်များကို စွဲမက်သွားသည်။

စိတ်ကြည်နူးမှုလည်း ပိုပိုနက်ရှိုင်းလာ၏။ ၄င်းက လူတွေကိုစိတ်သက်သာရာရစေပြီး စကားလုံးများနှင့်ဖော်ပြရန်ခက်လှပေသည်။

ထိုအကျိုးအာနိသင်မှာ ခမ်းနားမှု +၂၊ အဆောင်အယောင်ဖြစ်ခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂ နှင့် ပျော်ရွှင်ကြည်နူးစေခြင်း +၂ တို့ကြောင့်ဖြစ်သည်။

သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်များစွာ၏အကျိုးသက်ရောက်မှုကြောင့် လုံးဝမကြည့်ဘဲနေနိုင်မည်မဟုတ်ပါချေ။

ဘေးပတ်ဝန်းကျင်မှ ရေရွတ်သံများ ဆက်ငြားနေရ၏။

''လှလိုက်တာ... အပြင်ကအပင်ထက်တောင် ပိုလှသေးတယ်''

''ဟုတ်ပါ့... ဒီအပိုင်းထဲက သုံးပွင့်ဆိုင်ဇီးပန်းပင်က အပြင်ကအပင်ထက်ပိုလှတာ သေချာတယ်''

“…”

သူ့နံဘေးမှဆွေးနွေးသံများကို ချန်ရွှဲ့လည်းသဘောတူသည်။ ဒါတွေက အရင်သူမမြင်ဖူးသမျှ သုံးပွင့်ဆိုင်ဇီးပန်းပင်တွေထက် အပြတ်အသတ်သာ၏။ သူမနေနိုင်တော့ဘဲ ဖုန်းကိုထုတ်ကာ ဓာတ်ပုံများဆက်ဆက်လိုက်သည်။

''အရမ်းလှတာပဲ!'' ချန်ရွှဲ့က သူမဖုန်းနှင့် အကောင်းဆုံးအနေအထားရအောင် ချိန်လိုက်၏။

သူမရှေ့ရှိလှပသော ထိုမြင်ကွင်းမှာ စီရင်စုထဲမှ သုံးပွင့်ဆိုင်ဇီးပန်းပင်များအားလုံးထက်သာသည်မှာ အသေအချာပင်။ ဒီထက်ကြီးမားသော ပန်းပင်လယ်တောင် သူမရှေ့ကမြင်ကွင်းကိုဘမယှဉ်နိုင်ပေ။

ချန်ရွှဲ့သာမက သူမနှင့်တစ်အုပ်တည်းလာသော ခရီးသည်များ၊ ရှေ့အသုတ်မှခရီးသည်များလည်း စွဲမက်သွားကြသည်။ သူတို့ကဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ယူကြပြီး သူတို့အဖော်များကိုလည်း ဓာတ်ပုံရိုက်ခိုင်းကြ၏။ သူတို့အားလုံးမှာ ပန်းပင်လယ်ထဲ စိတ်နစ်သွားကြလေသည်။

ဗီဒီယိုနှစ်ပုဒ်ရိုက်ပြီးနောက် ချန်ရွှဲ့က သူမ၏ဗီဒီယိုရိုက်စွမ်းရည်မှာ အရင်ထက်ပိုတက်လာကြောင်း သတိထားမိပြီး ပိုအံ့သြရပြန်သည်။ အမှန်တကယ်ပင် အနုပညာဆန်ဆန်ခံစားမိ၏။ ထိုနည်းစနစ်မှာ ဆရာများ သဘာများက ပြောပြဖူးသည့်နည်းပင်။

အရည်အသွေး ၂ ရှိခြင်းကြောင့်သာ သူမဖုန်းထဲမှဗီဒီယိုအရည်အသွေးတက်လာခြင်းဖြစ်ပေသည်။

သူ့စွမ်းရည်ကို သူကိုယ်တိုင်လည်းအသိ။ သူမ၏ဗီဒီယိုအရမ်းလှနေခြင်းမှာ သူမရှေ့မှပန်းပင်လယ်က အမှန်တကယ်လှလွန်းခြင်းကြောင့်သာဖြစ်ရမည်။

မြင်ကွင်းကပြည့်စုံနေသဖြင့် နည်းပညာပံ့ပိုးမှုသိပ်မလိုဘဲ စိတ်ကျေနပ်စရာဗီဒီယိုဓာတ်ပုံများရိုက်နိုင်ပေသည်။

အလှစစ်ကဲ့သို့ပင်။ သာမန်ကာလျှံကာလေးရိုက်လိုက်လျှင်တောင် အလွန်လှနေဦးမည်ဖြစ်သည်။ ဓာတ်ပုံပြင်ဖို့မဆိုထားနှင့် အလှပြင်ဖို့၊အနေအထားပြင်ဖို့တောင် မလိုပါချေ။

ချန်ရွှဲ့က မနေနိုင်ဘဲ သူမရိုက်ထားသောဗီဒီယိုကို Wechat အဖွဲ့ထဲပို့လိုက်ပြီး စာရေးလိုက်သည်_ လှပတဲ့မြင်ကွင်းလေးကို မျှဝေပါရစေ... ညီအစ်မတို့။

ထိုအဖွဲ့မှာ တက္ကသိုလ်တွင်တစ်ဆောင်တည်းနေကြသည့်အဖွဲ့ပင်။

''အာ ရွှဲ့ရွှဲ့... အဲဒါဘယ်နေရာလဲ? လှလိုက်တာ!''



''ဝါး... အရမ်းလှတာပဲ... နင်ခွင့်ယူပြီးတောင် သွားကြည့်တယ်ပေါ့''

''ရွှဲ့ရွှဲ့... နင်မကောင်းဘူး... ငါလည်းသွားချင်တာပေါ့''

“…”

ချန်ရွှဲ့က သူမအခန်းဖော်များ၏ တုံ့ပြန်ပုံကိုကြည့်ကာ နားလည်သည်။ သူတို့လည်းစိတ်ဝင်စားပြီး အံ့သြသွားကြမှာပင်။

သို့သော် အလယ်နေရာအရောက်တွင် သူမပါးစပ်အဟောင်းသားဖြစ်သွား၏။

အလယ်တွင်ရှိသော ၄ မီတာရှည်သည့်သုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ကိုကြည့်လိုက်မိသည်တွင် သူမမျက်စိတို့ကို လုံးဝဖမ်းစားသွားလေသည်။

ထိုအလှကိုဖော်မပြနိုင်ဘဲ သူမဖုန်းနှင့်သာ သတိလက်လွတ်ဓာတ်ပုံများရိုက်နေမိ၏။

ခမ်းနားခြင်း +၃၊ အဆောင်အယောင်ဖြစ်ခြင်း +၃၊ ဆွဲဆောင်မှုရှိခြင်း +၃ အရည်အသွေးတို့မှာ လုံးဝသြချလောက်စရာပင်။

ချန်ရွှဲ့က တကယ်တော့မယုံကြည်နိုင်။ သူမရှေ့မှပန်းတင်မဟုတ်၊ လိပ်ပြာများကပါ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်နားတွင် ပျံဝဲနေကြလေသည်။

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်ပေါ်တွင် ကျီကျီကျာကျာအော်မြည်နေသောငှက်များလည်းရှိ၏။ သစ်ကိုင်းများပေါ်တွင်ပြေးလွှားနေသော ရှဉ့်တချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကိုလည်း မြင်တွေ့နိုင်သေးသည်။

ထိုသဟဇာတဖြစ်လှသောမြင်ကွင်းမှာ သုခဘုံကဲ့သို့ပင် လှပလွန်းသည်။

ချန်ရွှဲ့ကတစ်ခုခုတွေးမိပြီး သုံးပွင့်ဆိုင်ဇီးပင်သုံးပင်နား ခုန်ဆွခုန်ဆွနှင့်သွားလိုက်၏။ စောစောက သူမဝယ်ထားသော ထင်းရှူးသီးစေ့များကိုထုတ်လိုက်ပြီး ပန်းကုတင်ပေါ်တင်ပေးလိုက်သည်။ ချက်ချင်းပင် ရှဉ့်တစ်ကောင်ကခုန်ဆင်းလာပြီး ထင်းရှူးသီးစေ့ကိုကောက်လိုက်၏။

အဓိကက ရှဉ့်ထွက်မသွားတဲ့အပြင် သူ့လက်ထဲကနောက်ထပ်ထင်းရှူးသီးစေ့ကိုပင် ငေးနေသေးသည်။

သူမကချက်ချင်းနောက်တစ်စေ့ကိုင်ကာ ချပေးလိုက်၏။ ရှဉ့်ကလည်း ချက်ချင်းထပ်ကောက်လိုက်ပြန်သည်။

ထိုအခြင်းအရာက သူမကိုအံ့သြသွားစေ၏။ ဒီရှဉ့်က လူမကြောက်ဘူးပဲ။

ချန်ရွှဲ့က သူမပခုံးပေါ် နောက်တစ်စေ့တင်ပြီး ကြိုးစားကြည့်သည်။ ထိုအခါ နောက်ထပ်ရှဉ့်တစ်ကောင်က သူမပခုံးပေါ်ခုန်ဆင်းပြီး ထင်းရှူးသီးစေ့ကိုကောက်လိုက်သဖြင့် သူမအံ့သြရပြန်သည်။

သူမက ထင်းရှူးသီးစေ့ကိုကောက်ပြီး ရှဉ့်တစ်ကောင်ရှေ့တွင်ချလိုက်သည်။ ထိုရှဉ့်က တကယ်ပင်လက်လှမ်းပြီး ကောက်ယူလိုက်၏။

ထိုမြင်ကွင်းက သူမလိုမိန်းကလေး၏စိတ်ကို အရည်ပျော်သွားစေပြီး ထိုအခွင့်အရေးကိုယူကာ ဗီဒီယိုရိုက်လိုက်သည်။

ထိုမြင်ကွင်းက အခြားခရီးသွားများကိုလည်း ဆွဲဆောင်နေသည်ပင်။ သူတို့လည်းမနေနိုင်ဘဲ ဖုန်းထုတ်ကာ ဓာတ်ပုံများရိုက်ကြ၏။

လူအတော်များများက ထင်းရှူးသီးစေ့မဝယ်မိသည့်အတွက် နောင်တရပြီး နောက်ပြန်လှည့်ကာ ဝယ်ကြသူပင်ရှိသည်။ သို့သော်လက်မှတ်များကို လုံခြုံရေးအစောင့်များက ဖြဲလိုက်ပြီဖြစ်၍ ထပ်ဝင်မည်ဆိုပါက လက်မှတ်ထပ်ဝယ်ရပေမည်။

သို့သော် ထိုအချိန်တွင် မည်သူကမှ လက်မှတ်ဖိုးယွမ် ၅၀ ကိုထည့်တွက်မနေ။

ချနိရွှဲ့က ဗီဒီယိုကို Wechat အဖွဲ့ထဲထပ်ပို့လိုက်၏။ အဖွဲ့မှာ ချက်ချင်းအသက်ဝင်သွားပြန်သည်။

''ရွှဲ့ရွှဲ့... နင်တဖြည်းဖြည်းနဲ့ လွန်လွန်လာပြီ.. နင်အခုဘယ်မှာလဲပြော''

''ဟုတ်တယ်... ငါလည်းသွားချင်တယ်... ငါလည်းခွင့်ယူမယ်!''

''အောက်တိုဘာလဆိုပေမဲ့ လိပ်ပြာတွေအများကြီးပဲ... ပြီးတော့ရှဉ့်လေးတွေကလည်း ချစ်စရာကောင်းလိုက်တာ''

''ရွှဲ့ရွှဲ့... နင်ဘယ်မှာလဲလို့ မြန်မြန်ပြော"

''ဒါငါ့မွေးရပ်မြေက ပန်းပင်လယ်မှာ'' ချန်ရွှဲ့က ဂုဏ်ယူစွာနှင့် စာပို့လိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒီပန်းပင်လယ်က အလွန်လှသည်မှာအမှန်ပင်။ နောင်ကျလျှင် သူမသူငယ်ချင်းများကို ဂုဏ်ယူစွာမိတ်ဆက်ပေးပြီး အတူကစားဖို့ခေါ်ရပေမည်။

ထိုစကားကြောင့် ပို၍မကျေမနပ်ဖြစ်သွားကြ၏။

''ရွှဲ့ရွှဲ့... နင်လွန်လွန်းတယ်... ငါနင်နဲ့သိတာ နှစ်နှစ်တောင်ရှိပြီ... ဒါပေမဲ့ နင့်မွေးရပ်မြေမှာ ဒီလောက်လှတဲ့နေရာရှိတာကိုမသိရဘူး"

''အမှန်ပဲ... ငါတို့ကိုခေါ်သွားမယ်လို့တောင် မပြောဖူးဘူး... ငါတို့ကသူငယ်ချင်းတွေ ဟုတ်သေးရဲ့လား''

“…”

ထိုစာကိုမြင်လျှင် ချန်ရွှဲ့ကပြုံးလိုက်မိသည်။ ဒီပန်းပင်လယ်က အရင်တုန်းကမှမရှိသေးတာ။ သူ့ညီအစ်မတွေကို နောက်တစ်ခေါက်မှခေါ်လာပြရပေမည်။



All Chapters