တစ်နေ့ ယွမ်တစ်သိန်းရခြင်း!
Vol. 3 Ch. 40
လူဆိုးမက အရင်တိုင်နေတာမဟုတ်လား?
ချင်လင်က အရည်အသွေး ၂ ငါးကြင်းစိမ်းနှင့်ငါးကြင်းနက်ကို ကားပါကင်ဆီယူလာခဲ့သည်။ မေဘာ့ချ် 62S ကားကိုမြင်သောအခါ လူကြီးမင်းချန်မှာ သူထင်ထားသည်ထက် ပိုချမ်းသာကြောင်းသိလိုက်ရ၏။
ထိုကားမှာ မီလီယံဆယ်ချီတန်ပုံရပြီး ဂျက်မား၏ကားဖြစ်သောကြောင့် အလွန်နာမည်ကြီးလေသည်။ နောက်ပြီး နာမည်ကျော်၊ လူချမ်းသာများစွာက ထိုကားကိုအစီးများကြ၏။
''လူကြီးမင်းချန်... ကျွန်တော်က စံအိမ်ရဲ့သူဌေးပါ... မျိုးရိုးနာမည်က ချင်ပါ'' ချင်လင်က ငါးနှစ်ကောင်ကိုဆွဲ၍ ဒရိုင်ဘာလက်ထဲထည့်ပေးလိုက်သည်_ ''စောစောက ကျွန်တော်တို့အတွက်ပြောပေးလို့ ကျေးဇူးတင်ပါတယ် လူကြီးမင်းချန်... ကျေးဇူးတင်ကြောင်းပြသဖို့ဘာမှမရှိတဲ့အတွက် ဒီငါးနှစ်ကောင်ကိုလက်ခံပေးပါ''
''ဒီတော့ သူဌေးချင်ပေါ့!'' ချန်ရှန်းဖေက ငါးနှစ်ကောင်ကိုအံ့သြစွာကြည့်လိုက်သည်_ ''သူဌေးချင်... ဒီသဘာဝငါးနှစ်ကောင်ကိုပေးတာ အရမ်းစေတနာကောင်းတာပဲ''
သူ့အတွက်တော့ ဘယ်လောက်ပဲစျေးကြီးတဲ့လက်ဆောင်ရရ အံ့သြဖွယ်မဟုတ်ပါချေ။ ဘာပဲဖြစ်ဖြစ် သူကအရမ်းချမ်းသာသည်လေ။ သူ့ထက်ချမ်းသာသောသူ သိပ်များများစားစားမရှိ။ သူများဝယ်နိုင်ရင် သူလည်းဝယ်နိုင်သည်။ သူကပိုတောင်ဝယ်နိုင်သေး၏။
သို့သော် ထိုသဘာဝငါးကြီးနှစ်ကောင်ကိုတော့ တကယ်အံ့သြသည်။ ဤငါးမျိုးမှာရှားပါးပြီး ပိုက်ဆံရှိတိုင်းဝယ်နိုင်သည်မဟုတ်ပေ။
ထို့အပြင် သူကထိုငါးကိုစားဖူးပြီဖြစ်၏။ စောစောကတစ်နပ်စာက သူ့ကိုသက်သောင့်သက်သာဖြစ်စေလေသည်။
ချင်လင်ကပြုံးပြီး ယုံကြည်မှုအပြည့်နှင့်_ ''လူကြီးမင်းချန်... ကျွန်တော့်မှာ ဒီလိုသဘာဝငါးမျိုးကလွဲပြီး တခြားတော့မရှိပါဘူး... အချိန်မရွေးလာခဲ့ပါ... ဘယ်အချိန်လာလာ ဖြည့်ဆည်းပေးနိုင်ပါတယ်''
''သူဌေးချင် ဒါမင်းရဲ့အရည်အချင်းပဲ... မင်းရဲ့စကားနဲ့တင် အချိန်ရှိရင် ထပ်လာခဲ့ဦးမယ်'' ဟု ချန်ရှန်းဖေက စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်သည်။
သူက ချင်လင်၏စကားကို အကြွင်းမဲ့ယုံကြည်သည်။ ဘာပဲဖြစ်ဖြစ် သဘာဝငါးနှစ်ကောင်ကို ဘာမှမဖြစ်သလိုပေးလိုက်သည်လေ။ ခန်းမထဲတွင်အနည်းငယ်ရှိပြီး ငါးကန်ထဲတွင်လည်း တချို့တစ်ဝက်ရှိသေး၏။ သူသာလုပ်နိုင်စွမ်းမရှိရင် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်မှာလဲ?
ချန်ရှန်းဖေစကားကြောင့် ချင်လင်၏ရည်ရွယ်ချက်ပြည့်ဝသွားသည်_ ''ဒါဆို ကျွန်တော်စောင့်မျှော်နေပါ့မယ် လူကြီးမင်းချန်''
ချန်ရှန်းဖေသွားသည်နှင့် ချင်လင်က ခန်းမထဲပြန်ဝင်လာသည်။ ထို့နောက် သိချင်စိတ်နှင့်သူ့ဖုန်းကိုထုတ်၍ ချန်ရှန်းဖေအကြောင်းစုံစမ်းကြည့်ရန် လိုင်းပေါ်တက်လိုက်သည်။
သူစူးစမ်းကြည့်လျှင် တကယ်တွေ့မည်ဟု ထင်မထားမိချေ။ ပင်မစာမျက်နှာတွင် သတင်းအချက်အလက်များစွာပေါ်လာလေသည်...
ထိုလူက ပင်လယ်ပြာအဖွဲ့အစည်းကုမ္ပဏီပိုင်ရှင်ဖြစ်နေသည်မှာ ပို၍အံ့သြဖွယ်ရာပင်။ ထိုကုမ္ပဏီမှာ မင်စီရင်စုထဲတွင် အလွန်နာမည်ကျော်ပြီး ထူးခြားဖွယ်မှန်းသိကြ၏။ တွေ့ရှိရသောဓာတ်ပုံအများစုမှာ ချန်ရှန်းဖေနှင့်အရာရှိခေါင်းဆောင်ဖြစ်၏။
သူကတကယ်ထူးခြားသည်။ ဒီလိုလူမျိုးက သူစီးပွားရေးစလုပ်တဲ့ပထမဆုံးနေ့မှာ လာစိတ်ဝင်စားလိမ့်မည်ဟု ထင်မထားမိချေ။ သူ့ငါးနှစ်ကောင်လက်ဆောင်တန်ဖိုးက ကြီးမားသည်ဟု သူချက်ချင်းခံစားလိုက်ရ၏။
…
နေ့လယ်ပိုင်းတွင်_
စံအိမ်ကိုလာသည့် ဧည့်သည်အရေအတွက်မှာ မနက်ပိုင်းထက်လျော့နည်းမသွား။ စံအိမ်မှာ အလွန်အသက်ဝင်နေသည်။ ညနေ ၄ နာရီမှစပြီး မီးဖိုမှမီးခိုးများတက်လာပြန်၏။ စံအိမ်ထဲနေသူများမှာ အတူတကွစုပေါင်းချက်စားကြသည်။

မည်သို့ချက်ရမည်မသိသောသူများလည်းရှိ၏။
ချင်လင်လည်း မှည့်လာသောအရည်အသွေး ၂ စတော်ဘယ်ရီများကိုခူးပြီး စံအိမ်ထဲယူလာသည်။ ရုံးပတီသီးမှည့်များကိုမူ RT စျေးပို့လိုက်၏။ ဘာပဲဖြစ်ဖြစ် ဂိမ်းက တစ်နေ့တစ်နေ့ ရုံးပတီသီးကတ်တီ ၃၀၀၀ ထုတ်နိုင်သည်လေ။ စံအိမ်ထဲတွင် ရောင်းမကုန်ပေ။
ခရီးသည်အားလုံး မမှောင်ခင် တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြသည်။ ဝါသနာကြီးသောခရီးသည်တစ်ဦးနှစ်ဦးသာ ရွက်ဖျင်တဲငှား၍ စံအိမ်ထဲတွင်စခန်းချကြ၏။
ပထမဆုံးနေ့တွင်ပင် စံအိမ်အဖွင့်ကောင်းသွားသည်။
ကောင်းယောင်ယောင်နှင့်အခြားဝန်ထမ်းများမှာ ခြေကုန်လက်ပမ်းကျနေပြီဖြစ်သော်လည်း သူတို့မျက်နှာများမှာ ပြုံးရွှင်နေကြ၏။
တစ်နေကုန်ပင်ပန်းရလည်း ကိစ္စမရှိ။ သူတို့သူဌေးက သူတို့လစာမှာ အရင်လိုပုံသေမဟုတ်တော့ဟု ကတိပေးထားပြီဖြစ်သည်။ ကော်မရှင်ခလည်းရမည်။ သူတို့ပိုပင်ပန်းလေလေ စီးပွားပိုဖြစ်လေလေ ကော်မရှင်ခပိုရလေလေပင်။
ကျောက်မိုချင်းကလည်း ကောင်တာတွင် လက်တော့ပ်နှင့်စာရိုက်နေ၏။
သူမက ယနေ့စံအိမ်၏ဝင်ငွေကို တွက်ချက်နေသည်။ သူမကအခွန်ဌာနမှဖြစ်၍ ထိုကိစ္စများနှင့်အကျွမ်းဝင်ပြီးဖြစ်၏။
''ကျွန်မတွက်ပြီးပြီ'' ကျောက်မိုချင်းက လက်တော့ပ်ကို ချင်လင်လက်ထဲကမ်းပေးလိုက်သည်။ ထိုပမာဏကိုမြင်မှ သူမလည်းသက်ပြင်းချနိုင်၏။ ဘာပဲဖြစ်ဖြစ် ချင်လင်က စံအိမ်အတွက် အကြွေးများစွာတင်နေသည်လေ။
ချင်လင်ကယူပြီးကြည့်လိုက်ရာ ယနေ့စံအိမ်သို့ လာရောက်လည်ပတ်သူ စုစုပေါင်းခရီးသည် ၂၃၈ ဦးရှိ၏။ တစ်နည်းအားဖြင့် ပန်းပင်လယ်အတွက် ၁၁၉၀၀ ရလိုက်သည်။ ထို့အပြင် ချန်ရှန်းဖေက အရည်အသွေး ၂ ဖရဲသီး၊ စတော်ဘယ်ရီနှင့်ရုံးပတီများထုပ်သွားသေးသည်။
ချန်ထားသော အရည်အသွေး ၁ ရုံးပတီကတ်တီ ၃၀၀ ရောင်းထွက်သည်။ မနက်ပိုင်းမှည့်သော အရည်အသွေး ၁ စတော်ဘယ်ရီ ၃၀၃ ကတ်တီ အကုန်ရောင်းရ၏။ နေ့လယ်ပိုင်းမှည့်သည့်အထဲကလည်း ၁၉၀ ကတ်တီရောင်းရသည်။
ထိုစုစုပေါင်းဝင်ငွေမှာ ၄၇၃၄၄ ယွမ်ဖြစ်၏။
အရည်အသွေး ၂ ငါးကြင်းနက်တစ်ကောင်နှင့် အရည်အသွေး ၁ သဘာဝငါး ၄၅ ကောင်ဝင်ငွေကလည်း ၂၉၁၆၅ ယွမ်အထိရလေသည်။
တဖက်တွင်လည်း အခြားသော ထင်းရှူးသီးစေ့၊ ဟင်းသီးဟင်းရွက်စိုက်ခင်းမှ အသီးအနှံများ၊ ငါးမျှားတံငှားခြင်း၊ တောတွင်းစွန့်စားခန်း၊ မြက်ခင်းလျှော၊ သောက်စရာများ၊ မီးဖိုနှင့်အကင်စက်ငှားရမ်းခြင်း... ထိုအားလုံးမှဝင်ငွေ ၁၈၈၁၃ ယွမ်ရ၏။
ထို့ကြောင့် ယနေ့စံအိမ်ဝင်ငွေစုစုပေါင်းမှာ ၁၀၇၂၂၂ ယွမ်အထိရှိလာလေသည်။
ဝင်ငွေယွမ်တစ်သိန်းကျော်သွား၏။
ထိုဝင်ငွေမှာ ချန်ရှန်းဖေပါဆယ်ထုတ်သွားခြင်းကိုကျေးဇူးတင်ရမည်ဖြစ်သော်လည်း ဤသည်မှာ ပထမဆုံးနေ့ပင်ရှိသေးသည်။ တစ်ပတ်မပြည့်သေး။ နောက်ထပ်စိတ်ဝင်စားသောခရီးသည်များရှိလာဦးမည်ဖြစ်ပြီး အထူးသဖြင့် စနေတနင်္ဂနွေပိတ်ရက်များဖြစ်၏။
ကျောက်မိုချင်းက ချင်းလင်စံအိမ်တွင် အမြတ်ဘယ်လောက်ကျန်မည်မသိသော်လည်း သူမအမြင်တွင် ယွမ်တစ်သိန်းကျော်ဝင်ငွေနှင့်ဆိုလျှင် ကုန်ကျစရိတ်နှင့်ဝန်ထမ်းလစာများနှုတ်ပြီးပါက သေချာပေါက်မြတ်မည်ထင်သည်။ ချင်လင်လည်း အနည်းဆုံးအကြွေးပြန်ဆပ်နိုင်မည်။
ဤသည်မှာသတင်းကောင်းပင်။
သို့သော် ယွမ်တစ်သိန်းမှာ ဟင်းသီးဟင်းရွက်၊ ထင်းရှူးသီးစေ့နှင့် သောက်ဖွယ်ရာအပြင် အခြားကုန်ကျစရာမရှိမှန်း သူမမသိပေ။
RT စျေးသို့ပို့သော ရုံးပတီသီးဝင်ငွေ ၁၅၆၇၃ ယွမ်နှင့်ဆိုလျှင် ကုန်သွယ်ခွန် ၅.၆% နှင့် ထပ်ဆောင်းကိုယ်ပိုင်ကုန်သွယ်ခွန် ၂% ဆောင်ရသည်ဆိုဦးတော့ ကောင်းယောင်ယောင်နှင့်အခြားဝန်ထမ်းများ၏လစာနှင့်အခကြေးငွေနှုတ်လိုက်လျှင်တောင် ယနေ့သူ့ဝင်ငွေမှာ သေချာပေါက် ယွမ်တစ်သိန်းကျော်ဦးမည်ဖြစ်သည်။
ဘယ်သူ့ကိုမှပြောပြလို့တော့မဖြစ်ဘူးပေါ့။ တိတ်တဆိတ်ကံကြမ္မာဖန်တီးခြင်းသာ အကောင်းဆုံးပင်။
ထို့အပြင် စီးပွားဖြစ်လာသည်နှင့်အမျှ အခွန်ကိုတိတ်တဆိတ်ဆောင်ရပေမည်။ ဘယ်သူမှသိ၍မဖြစ် သို့မဟုတ် နောင်တွင်ပိုကောင်းမည့်နည်းလမ်း စဉ်းစားရပေမည်။
ဧည့်သည်များပြန်သွားလျှင် ချင်လင်က ဆရာလင်းကို စားပွဲတစ်ဝိုင်းပြင်ခိုင်းသည်။ သူက အားလုံးကိုချီးမြှင့်ရန်အတွက် အရည်အသွေး ၂ ငါးကြင်းနက်နှင့်အရည်အသွေး ၁ ငါးတချို့ကိုပင် သတ်လိုက်၏။
ဟင်းပွဲများတည်ခင်းပြီးလျှင် ချင်လင်က အားလုံးကိုထိုင်ခိုင်းပြီး ခွက်မြှောက်ကာ_ ''သောက်နိုင်တဲ့သူက သောက်... မသောက်နိုင်တဲ့သူက အချိုရည်သောက်... အရင်ဆုံးအားလုံးကိုဂုဏ်ပြုပါရစေ... ဒီနေ့ကအစကောင်းပဲ... အားလုံးပဲပင်ပန်းသွားကြပြီ... စားကြသောက်ကြတာပေါ့! ကျွန်တော်အားလုံးကို ဟုန်ပေါင်း ယွမ် ၂၀၀ ဆီပေးမယ်''
ဝန်ထမ်းများက မမျှော်လင့်ဘဲဆုငွေရမည်ဟု ထင်မထားပေ။ ယွမ် ၂၀၀ မှာများလှသည်မဟုတ်သော်လည်း မမျှော်လင့်ဘဲရ၍ ပျော်ရွှင်သွားကြ၏။ ကောင်းယောင်ယောင်နှင့်အခြားမိန်းကလေးများက ထပင်အော်လိုက်ကြသေးသည်_ ''သက်တော်ရာကျော်ရှည်ပါစေ သူဌေး!''

ထို့နောက်သူတို့အားလုံးက မတ်တပ်ရပ်ပြီး ချင်လင်အား စိတ်အားထက်သန်စွာ ဂုဏ်ပြုလိုက်ကြသည်။
လင်းဖန်နှင့်ကျောက်မိုချင်းက ထိုမြင်ကွင်းကြောင့် အလွန်စိတ်သက်သာရာရသွား၏။ တစ်ဦးက သူ့သားအတွက်၊ နောက်တစ်ဦးကမူ သူ့ယောက်ျားအတွက်ပင်။
ဂုဏ်ပြုပွဲကျင်းပပြီးလျှင် ချင်လင်က သူ့မိခင်နှင့်ကျောက်မိုချင်းကို စီရင်စုမြို့ဆီပြန်ပို့ပေးလိုက်သည်။ အရှေ့ပိုင်းမြို့တော်မှ မင်းယွမ်ခရိုင်သို့ရောက်သောအခါ ကျောက်မိုချင်းကကားထဲမှထွက်လိုက်၏။ ချင်လင်နှင့်လင်းဖန်ကိုနှုတ်ဆက်ပြီးနောက် ခရိုင်နယ်ထဲသို့ ပျော်ရွှင်စွာဝင်သွားလေသည်။
ဒီနေ့ သူမစိတ်ထဲတွင်တင်းနေသောကြိုးမှာ အနည်းငယ်လျော့သွားပြီဖြစ်၏။
အိမ်ထောင်စုစာရင်းခိုးကာ တိတ်တဆိတ်လက်ထပ်စာချုပ်ချုပ်ပြီးနောက် သူမမိဘတွေအပေါ် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။ သူမက ချင်လင်ကို လျှို့ဝှက်ချက်ထုတ်ပြောရန် တိုက်တွန်းနေခဲ့သော်လည်း တကယ်တမ်းပြောရမှာ ကြောက်နေမိပြန်၏။
သူမလုပ်ရပ်က မိဘတွေအပေါ် မလေးစားရာကျပြီး စိတ်ပျက်စရာဖြစ်မည်မှန်းသိ၏။
ဒီနေ့ချင်လင်က သူမကိုအံ့အားသင့်ဖွယ်ရာ အကြီးကြီးလုပ်ပြခဲ့သည်။ ဒီလိုသာဆက်သွားရင် ချင်လင်အကြွေးကျေပြီး အရာအားလုံးကောင်းဖို့သာဖြစ်လာပေလိမ့်မည်။
သို့သော် ချင်လင်က မီလီယံသန်းချီအကြွေးတင်နေသေးသည်။ သူမမိဘများကို လောလောဆယ်မပြောလိုသေး။ သူတို့ကိုပိုပြီး လန့်အောင်လုပ်မိမှာစိုးသည်။ ယွမ်သန်းချီဆိုတာ နည်းတဲ့ပမာဏမှမဟုတ်ပဲလေ။
အိမ်ပြန်ရောက်သောအခါ ကျောက်မိုချင်းက သူ့ယောက်မဖုန်းကြည့်နေသည်ကိုတွေ့၏။
''မိုချင်း... မြန်မြန်လာကြည့်!'' လီကျားဝမ်က ကျောက်မိုချင်းပြန်လာသည်ကိုမြင်လျှင် ခါးမတ်၍_ ''ချင်းလင်စံအိမ်က ဒီနေ့ပုံရိပ်တွေတင်ထားတယ်... ငါ့ Wechat မိတ်ဆွေတချို့လည်း သူတို့အမှတ်တရတွေမှာ တင်ထားတယ်... နောက်ပြီး Tiktok ကလူတွေ အတော်များများလည်း ဗီဒီယိုတွေတင်ကြတယ်... ပန်းပင်လယ်က တကယ်လှတာပဲ... ငါအချိန်ရရင် နင့်အစ်ကိုနဲ့သွားပြီး အုပ်စုတောင့်လာအောင် လူစုရမယ်''
''ဒါဆို နင့်ကိုလက်မှတ်ပေးမယ်'' ကျောက်မိုချင်းကပြုံး၍ လက်မှတ်တစ်ထပ်ကြီးထုတ်ကာ လီကျားဝမ်ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
သူမပြန်လာတုန်းက ချင်လင်ကလက်ဆောင်ပေးရန်ဆိုကာ လက်မှတ်တွေအများကြီးပေးလိုက်သေး၏။
''မိုချင်း... နင်ဒီလောက်လက်မှတ်အများကြီး ဘယ်ကရလဲ?'' လီကျားဝမ်က ချက်ချင်းအံ့အားသင့်သွားသည်_ ''ငါ့ကိုနည်းနည်းလောက်ထပ်ပေးဦး... ငါ့သူငယ်ချင်းတွေလည်း အဲဒီပန်းပင်လယ်ကိုကြည့်ချင်နေတာ''
ကျောက်မိုချင်းကပြုံးပြီး လက်မှတ် ၁၀ စောင်ထပ်ထုတ်ကာ သူ့ယောက်မလက်ထဲထည့်ပေးလိုက်သည်။
''ဟမ်?!'' လီကျားဝမ်က လက်မှတ်ကိုလက်တစ်ဖက်နှင့်ယူရင်း ကျန်တစ်ဖက်နှင့် Tiktok ကြည့်နေသည်။ ရုတ်တရက်သူမက အံ့သြစွာနှင့်_ ''မိုချင်း... ဒီဗီဒီယိုကိုကြည့်စမ်းပါဦး... ချင်းလင်စံအိမ်မှာတစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်... ငါတို့ရုံချန်းစီရင်စုမီဒီယာအကောင့်မှာ ချင်းလင်စံအိမ်ကို ဝေဖန်ထားတယ်... ပြီးတော့ ချင်းလင်စံအိမ်က ဘာလို့ဒီလိုဖြစ်ရတာလဲ? မလွန်လွန်းဘူးလား?''
''???'' ထိုသတင်းကြားသည်နှင့် ကျောက်မိုချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမကချက်ချင်းရှေ့တိုးကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
''အားလုံးပဲ ကြည့်ကြပါ... ဒီချင်းလင်စံအိမ်ကရောင်းတဲ့အသီးစျေးတွေက ခေါင်ခိုက်နေတာ... ခရီးသည်တွေကိုဝယ်ဖို့တောင် ဖိအားပေးသေးတယ်... ဒါအတင်းအကြပ်ရောင်းတာပဲ... ချင်းလင်စံအိမ်က အသီးတွေကိုစျေးတင်ရောင်းရုံတင်မကဘူး... ကျွန်မတို့လိုမတတ်နိုင်တဲ့ ခရီးသည်တွေကိုလှောင်ဖို့ နောက်ခံလူတောင်ရှာထားသေးတယ်...''
ဗီဒီယိုထဲတွင် စိတ်ဆိုးမာန်ဆိုးနှင့်အမျိုးသမီးအသံကိုကြားရသည်။
''...'' ကျောက်မိုချင်းလည်း မှင်တက်သွား၏။ ဒါဟိုယုတ္တိမရှိတဲ့အမျိုးသမီးရဲ့အသံမဟုတ်လား?
အဲဒီအမျိုးသမီးက ဒီနေ့စံအိမ်ထဲကနေ စိတ်ပျက်လက်ပျက်နဲ့ထွက်သွားတာ။ သူပဲအရင်ရစ်ပြီး လိုင်းပေါ်မှာဗီဒီယိုတင်ထားတယ်လား?
လောကကြီးထဲမှာ ဒီလိုလူမျိုးရှိသေးရဲ့လား?
အဓိကက ကိုယ်တိုင်အကူအညီတောင်းလို့ရတဲ့ မီဒီယာနံပါတ်ရှိနေတာပဲ။ ဘာလို့စုံစမ်းကြည့်ပြီးမှ အခြေအနေကိုနားလည်အောင်မလုပ်ကြတာလဲ?
လီကျားဝမ်က ဗီဒီယိုကိုကြည့်ပြီး အပြစ်တင်လိုက်သည်_ ''လွန်လွန်းတယ်... ချင်းလင်စံအိမ်က ဧည့်သည်တွေကိုအနိုင်ကျင့်တာမလား? ငါအစကသွားချင်နေတာ... အခုတော့မသွားချင်တော့ဘူး''
''...'' ကျောက်မိုချင်းက ဗီဒီယိုကိုကြည့်လိုက်တော့ like တွေအများကြီးရထားတာတွေ့လိုက်သည်။ တစ်မြို့တည်းမှ ဗီဒီယိုထဲတွင် လူအတော်များများက ပြစ်တင်ပြောဆိုထား၏။
''ဟဲဟဲ... ဒီချင်းလင်စံအိမ်က ဥစ္စာရူးရူးနေတာဖြစ်မယ်!!''
''ငါကလူမွဲ... တစ်ကတ်တီယွမ် ၂၀၀ တန်စတော်ဘယ်ရီကို မစားနိုင်ပါဘူး... ငါအဲဒီကြည့်ကောင်းတဲ့နေရာကိုသွားသင့်သေးလား?''
''ငါခါးပိုက်နှိုက်တွေမြင်ဖူးတယ်... ဒါပေမဲ့ ဒီလိုပေါ်တင်နှိုက်တာမျိုးတော့ မတွေ့ဖူးဘူး... ဒီချင်းလင်စံအိမ်က စဖွင့်တာနဲ့ အေးတော့မှာပဲ''
''@သက်ဆိုင်ရာဌာန... တိုက်ရိုက်ပိတ်သိမ်းပေးပါ!''
“…” ကျောက်မိုချင်း။
အခုသူမစိတ်ထဲတွင်ဖြစ်နေသောဒေါသကို ဖော်မပြနိုင်တော့ချေ။