← Chapters

လူဖန်တီးထားသော အင်တာနက်စနစ်! ကီးဘုတ်ဖိုက်တာအားလုံးက အသုံးချခံတွေ!

Vol. 3 Ch. 42

လူဖန်တီးထားသော အင်တာနက်စနစ်! ကီးဘုတ်ဖိုက်တာအားလုံးက အသုံးချခံတွေ!

Vol. 3 Ch. 42

ကောဟွိုက်က Dou+ တွင် ယွမ်နှစ်သောင်းပစ်သုံးလိုက်ပြီး ဗီဒီယိုပြန့်သွားအောင် စောင့်နေလိုက်သည်။

မိနစ်အနည်းငယ်အတွင်း like နှင့်မှတ်ချက်များ အလွန်အကျွံတိုးလာကြောင်း သတိထားမိလိုက်သည်။ ထူးထူးခြားခြား like အရေအတွက် ထင်မထားလောက်အောင်တက်လာ၏။ ပရိသတ်ဦးရေလည်း သိသိသာသာတက်လာသည်။

''အကျိုးသက်ရောက်မှုက အံ့သြစရာကောင်းလောက်အောင်ပါပဲလား'' ကော်ဟွေ့မျက်နှာတွင် စိတ်လှုပ်ရှားမှုက အတိုင်းသား။

ဤသည်မှာ နာမည်ကြီးရှာဖွေမှုဖြစ်စေရန် ယွမ် ၂၀၀၀ သုံးခြင်း၏စည်းချက်ဖြစ်ဟန်တူသည်။

လင်ချွန်းလန်ကလည်း သူ့ဗီဒီယိုကိုအာရုံစိုက်နေသည်။ like များပိုပိုများလာသည်ကိုတွေ့သောအခါ မနေနိုင်မထိုင်နိုင်မြောက်ကြွကြွဖြစ်လာ၏။

တစ်ဖက်လူက သူမကိုလူတွေအများကြီးရှေ့မှာ အရှက်ရအောင်လုပ်ခဲ့တာ။ သူမကလည်းပြန်ပြီး တစ်ဖက်လူရဲ့အဲဒီစံအိမ် ဆက်ပြီးမလည်ပတ်နိုင်အောင် လုပ်ရမယ်။

သူတို့ဂုဏ်သတင်းပျက်သွားရင် ဘာတွေဖြစ်မလဲ?

တစ်ဖက်တွင်_

ချင်လင်က Dou+ တွင် သူထည့်ထားသော ယွမ်တစ်သောင်း၏အကျိုးကိုကြည့်ရင်း ဟုတ်လှချည်လားဟူသောပုံစံဖြစ်သွား၏။

နာမည်ကျော်လေ ပိုကောင်းလေပေါ့။

ဤကိစ္စနာမည်ကျော်ပြီဟု သေချာသည်နှင့် လက်ရှိသူလုပ်စရာတစ်ခုရှိသေးသည်။ အထိအခိုက်ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ဗီဒီယိုစပေါက်လာသဖြင့် ဖုန်းသုံးလုံးလည်းဝင်လာ၏။ ကောင်းယောင်ယောင်၊ ဆရာလင်းနှင့် ချန်တပေ။

သူက ကောင်းယောင်ယောင်နှင့်ကျန်နှစ်ယောက်ကို နှစ်သိမ့်ပြီးရုံရှိသေး ချင်ရန်၏ဖုန်းဝင်လာပြန်သည်။

သူကလည်း ချင်ရန်ကိုရှာရန်စဉ်းစားနေသဖြင့် ချက်ချင်းကောက်ကိုင်လိုက်၏။

''လင်ဇီ... ဘာလို့ကောဟွိုက်က မင်းတို့စံအိမ်ကိုကျိန်ဆဲနေတာလဲ? ဘာဖြစ်ခဲ့လို့လဲ?'' ချင်ရန်က စိုးရိမ်စိတ်နှင့်မေးလာ၏။ သူတို့အားလုံးမှာ ရုံချန်းစီရင်စုမှဖြစ်၍ ဘယ်မီဒီယာကိုဘယ်သူပိုင်သလဲဆိုတာ သိကြသည်။

တစ်ဖက်လူမှာ ရုံချန်းစီရင်စုတွင် ပထမဆုံးကိုယ်ပိုင်မီဒီယာအကောင့်ပိုင်ရှင်များထဲမှ တစ်ယောက်ဖြစ်၏။ ထိုအကောင့်စတင်သည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ရုံချန်းစီရင်စုတွင်နာမည်ရနေဆဲပင်။

သူတို့စတူဒီယိုက ကိုယ်ပိုင်မီဒီယာအကောင့်တစ်ခုဖန်တီးထားသော်လည်း ပရိသတ်များများစားစားတော့မရှိ။ သူတို့ဖောက်သည်များနှင့် အရင်ကတည်းကရင်းနှီးကျွမ်းဝင်သူအချို့သာ စိတ်ဝင်စားကြသည်။

ချင်လင်ကပြုံး၍ ရှင်းပြလိုက်သည်_ ''ငါယုတ္တိမရှိတဲ့လူနဲ့ဆုံခဲ့တယ်ကွာ... ဒါနဲ့ တရန်... မင်းကကြော်ငြာလုပ်ငန်းထဲမှာပဲ... မင်းအင်တာနက်ပေါ်မှာ နောက်ခံစာရေးတဲ့သူတစ်သုတ်လောက် ရှာပေးနိုင်မလား?''

ချင်ရန်က_ ''အင်း... မင်းဒီကိစ္စကိုရှင်းပြဖို့ အင်တာနက်နောက်ခံစာရေးသူတွေလိုချင်တာလား?''

ချင်လင်ကပြုံးပြီး ပြန်ပြောလိုက်သည်_ ''မဟုတ်ဘူး... သူတို့ကိုငါ့အတင်းတုပ်ပါစေ... အဓိကက အဲဒီဗီဒီယိုထဲကတစ်ယောက်ပေါ့... တတ်နိုင်သလောက်ဆိုးဆိုးဝါးဝါးအပြစ်တင်နိုင်လေ ကောင်းလေပဲ''

''ဟုတ်ပါပြီ... ငါမင်းကိုကူညီပေးမယ်'' ချင်ရန်ကမငြင်းပေ။ သို့သော်ဖုန်းချပြီးလျှင် သူကဗီဒီယိုထဲမှချန်ရှန်းဖေကို နားမလည်နိုင်စွာကြည့်လိုက်သည်။ လင်ဇီက နောက်ခံစာရေးသူတွေငှားပြီး သူ့ကိုအပုပ်ချခိုင်းတဲ့အကြောင်းရင်းရှိရမည်။

''ဟူဖေး... သူဘယ်သူလဲဆိုတာ တစ်ချက်ကြည့်ပေးပါလား?'' ချင်ရန်က သူ့ဘေးမှအဖော်ကိုခိုင်းလိုက်သည်။ ထိုသူက ကွန်ပျူတာနည်းပညာလေ့လာထားသူဖြစ်၍ လိုင်းပေါ်တွင်သတင်းအချက်အလက်တချို့ရှာကြည့်ရန်မခက်ပေ။

ဟူဖေးက ဗီဒီယိုကိုကြည့်ပြီး ခေါင်းညိမ့်လိုက်၏။

သူလည်း ထိုဗီဒီယိုကိုမြင်ပြီးဖြစ်၍ ချင်ရန်က သူ့ညီအစ်ကိုသေချာပေါက်ကူညီချင်သည်ဆိုတာ သူနားလည်သည်။ သူကူညီနိုင်လျှင် ငြင်းပယ်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ကြော်ငြာဗီဒီယိုကိုရိုက်ကူးပြီးမှ သူတို့ကုမ္ပဏီရဲ့မီဒီယာအကောင့်မှာ ပရိသတ်တိုးလာခဲ့တာလေ။ ထိုကြော်ငြာဗီဒီယိုက သူတို့၏သင်္ကေတဖြစ်နိုင်ပေသည်။

ဟူဖေးက ကွန်ပျူတာခဏလောက်သုံးလိုက်ပြီး ရုတ်တရက်ထဆဲလိုက်၏_ ''သောက်...''

''ဘာဖြစ်လို့လဲ?'' ချင်ရန်ကမေးလိုက်သည်။

''ကိုယ်တိုင်ကြည့်ကြည့်... ဒီလိုလူမျိုးက ကလီကမာဟုတ္လား? ကောဟွိုက်ဘာတွေလုပ်နေတာလဲ?'' ဟူဖေးက ကွန်ပျူတာပေါ်ရှိချန်ရှန်းဖေဓာတ်ပုံကိုလက်ညိုးထိုးပြလိုက်ပြီး_ ''ဘယ်လိုလုပ်ပြီး ပင်လယ်ပြာအဖွဲ့အစည်းရဲ့ဥက္ကဌက ကလီကမာဖြစ်မလဲ? အဲဒီကောဟွိုက်က ဦးနှောက်မရှိတော့ဘူးလား? သူ့စကားတစ်ခွန်းနဲ့တင် သုံးနှစ်လောက်ကြိုးကြိုးစားစားလုပ်လာခဲ့တဲ့သူ့အကောင့်က အလဟဿဖြစ်သွားလိမ့်မယ်''

အခုတော့ချင်ရန်က ချင်လင်ဘာလို့ နောက်ခံစာရေးသူတွေငှားပြီး သူ့ကိုယ်သူနဲ့ အထူးသဖြင့်ချန်ရှန်းဖေကိုအပုပ်ချခိုင်းရတာလဲဆိုတာ သဘောပေါက်သွားပြီ။ သူကချက်ချင်းပင် ကောကျန်းကို_ ''နောက်ခံစာရေးသူတွေကိုဆက်သွယ်ပြီး ချင်လင်နဲ့ အထူးသဖြင့်အဲဒီချန်ရှန်းဖေကိုအပုပ်ချခိုင်းလိုက်... ဒါနဲ့ ဟိုဘက်လူရဲ့တရားဝင်အကောင့်ကိုပါတွဲတင်ခိုင်းလိုက်''

ဟူဖေးက ချင်ရန်ကိုအံ့အားသင့်စွာကြည့်လိုက်ပြီး_ ''သောက်... မင်းကကောဟွိုက်ကိုထိုးချဖို့လုပ်နေတာလား? ဒါပေမဲ့ ကြိုက်တယ်... ငါလည်း အဲဒီကောင်ကိုမကြည်နေတာကြာပြီ... သူကမိန်းကလေးတွေတွဲပြပြီး ကြွားကြွားနေတာ... ဒါနဲ့ငါတို့လည်း သူကျော်ကြားလာတဲ့အပေါ်လိုက်ပြီး ငါတို့စတူဒီယိုအတွက်ကြော်ငြာဝင်လို့ရတယ်!''

ချင်ရန်ကခေါင်းညိမ့်လိုက်ပြီး_ ''ဒီဗီဒီယိုကို တစ်ညလောက်ပေါက်အောင်လုပ်မယ်... မနက်ဖြန်ကျရင် ချန်ရှန်းဖေဘယ်သူဆိုတာသိအောင်ဗီဒီယိုတစ်ပုဒ်ပို့ပေးပြီး လင်ဇီကိုစင်ပေါ်တင်ပေးရမယ်... ငါတို့လည်းဆင်ဖြူတော်မှီပြီး ကြံစုပ်ရတာပေါ့''

ခဏအကြာတွင် နောက်ခံစာရေးသူများမှာ ကောဟွိုက်၏ဗီဒီယိုမှတ်ချက်တွင် ဝင်ယောင်ကြ၏။ ထို့ကြောင့် ကောဟွိုက်၏ဗီဒီယိုမှာပိုနာမည်ကြီးလာသည်။

တဖြည်းဖြည်းနှင့်လူပိုပိုများလာပြီး ဆဲရေးကြလေသည်။ အင်တာနက်နောက်ခံစာရေးသူများ၏လမ်းကြောင်းမှုကြောင့် ဗီဒီယိုထဲရွိ ဆဲရေးတိုင်းထွာသူများမှာ ချန်ရှန်းဖေဆီဦးတည်လာကြလေသည်။

''သောက်... ဒီလူကအရူးလား? သူကရောင်းတဲ့သူရဲ့အသုံးချခံနေရတာပဲ''

''သူက ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့ကောင်ကျနေတာပဲ... သူ့မိန်းမကတောင် လှည့်စားသွားပြီ... ပိုက်ဆံရချင်တာနဲ့ ဘာမဆိုလုပ်နေတာပဲ''

''ဟန်ဆောင်ကောင်းလိုက်တဲ့ကောင်... အကုန်လုံးတောင်ဝယ်သွားသေးတယ်... သူကကလီကမာဆိုတာ ဘယ်သူကမသိလို့လဲ?''

''ကလီကမာလုပ်နေတာတောင် သူ့မိန်းမက အိမ်မှာတခြားကောင်တွေနဲ့ရှုပ်နေသေးတယ်မလား?''

ဗီဒီယိုထဲတွင်လူတိုင်းက အကြောင်းမဲ့သက်သက် သူတို့၏တရားမျှတမှုကိုကြော်ငြာနေသလို သူတို့ကဖြောင့်မတ်မှန်သူများကဲ့သို့ ချန်ရှန်းဖေကိုပြင်းထန်စွာဝေဖန်ကြလေသည်။

သူတို့ကိုယ်တိုင်က အခြားသူ၏အသုံးချခံဖြစ်နေပြီမှန်းမသိကြချေ။

အချိန်တချို့ကုန်လွန်သွားသည်။

နောက်တစ်နေ့သို့ လျင်လျင်မြန်မြန်ရောက်လာ၏။

မြို့တွင်းရှိဇိမ်ခံစံအိမ်တစ်ခုထဲတွင် ချန်ရှန်းဖေမှာသက်သောင့်သက်သာအညောင်းဆန့်နေသည်။ သူ့ဇနီး ထန်ဝမ်က အိပ်ယာထ အဝတ်အစားလဲပြီးဖြစ်၏။ သူနိုးနေသည်ကိုမြင်လျှင် ရှက်သွေးဖြာသောမျက်နှာဖြင့်_ ''ယောက်ျား... မနေ့ညက ဘာများစားခဲ့လို့လဲ? ခါတိုင်းထက်တောင် ပိုကောင်းနေသေးတယ်!''

''တကယ္လား?'' ချန်ရှန်းဖေကပြုံးပြီး သူ့ဇနီးကိုဖက်လိုက်သည်။ သူမက အသက် ၃၀ ရှိပြီဖြစ်သော်လည်း ပိုက်ဆံရှိပြီး သူ့ကိုယ်သူပြင်ဆင်နိုင်သဖြင့် ဆွဲဆောင်မှုရှိနေဆဲပင်။

ထို့အပြင် သူလည်းဒီနေ့သက်သောင့်သက်သာရှိနေမှန်း သတိထားမိသည်။ အရင်ကသူ့ဇနီးနှင့်အတူနေပြီးလျှင် အားအင်ကုန်ခမ်းသလိုခံစားရမြဲ။

''ဟမ်!'' ထန်ဝမ်ကနှုတ်ခမ်းစူကာ အားရပါးရပြောချလိုက်သည်_ ''မနေ့ညက ကျွန်မတို့ဘယ်နှစ်ကြိမ်လုပ်တယ်ဆိုတာ မရေထားဘူးလား?''

ထိုအရာက သူ့ကိုအသိပေးလိုက်သလိုဖြစ်သွားသည်။ ရုံးပတီသီးက သူ့ကိုဒီလိုဖြစ်စေတာလား?

ထိုသို့တွေးမိသည်နှင့် ချန်ရှန်းဖေက သူ့ဇနီးအား_ ''ငါယူလာတဲ့ရုံးပတီသီးကို အိမ်အကူကိုချက်ခိုင်းလိုက်ပါဦး''

ထိုရုံးပတီသီးက သာမန်တော့မဟုတ်ဟု ထင်လိုက်သည်။ မနေ့ညက ငါးကိုပဲအာရုံရောက်နေပြီး ရုံးပတီသီးကိုသတိမထားမိချေ။

ထန်ဝမ်မှာ ညကအလွန်ကျေနပ်နေသဖြင့် စောစောစီးစီး ချန်ရှန်းဖေ၏တောင့်ဆိုမှုလေးကို ဖြည့်ဆည်းပေးချင်နေသည်။ သူမကိုယ်တိုင် ရုံးပတီသီးကိုချက်ပေးလိုက်၏။

ချန်ရှန်းဖေက အောက်ထပ်ဆင်းလာပြီး သူယူလာသောရုံးပတီသီးကိုစားကြည့်လိုက်သည်။ မြန်မြန်ဆန်ဆန်ပင် သူအံ့သြသွားသည်။ သူ့ခါးအောက်ပိုင်းတွင်ပူနွေးသောခံစားချက် ထပ်ဖြစ်လာ၏။

တစ်နည်းပြောရရင် ရုံးပတီသီးနှင့်လုံးဝဆက်စပ်နေတာလား?

ပစ္စည်းကောင်းပဲ!

တစ်ကတ်တီ ယွမ် ၄၀၀ က လုံးဝတန်တယ်။

သူက ထိုအကြောင်းကိုအမှုမထားပေ။ သူ့ဇနီးက သူ့ကိုကျေနပ်စွာကြည့်နေသည်ထက် အရေးကြီးတာဘာရှိဦးမလဲ?

ချန်ရှန်းဖေက အဖွဲ့အစည်းဆီ ပျော်ရွှင်စွာသွားလိုက်သော်လည်း ရုံးထဲဝင်လိုက်သည်နှင့် သူ့အတွင်းရေးမှူးက ရှေ့ရောက်လာပြီး အစီရင်ခံတော့သည်_ ''ဥက္ကဌ... တစ်ယောက်ယောက်က ခင်ဗျားကို နာမည်ဖျက်နေပါတယ်!''

''???'' ချန်ရှန်းဖေမျက်မှောင်ကြုတ်လိုက်သည်။ ဘယ်ပြိုင်ဘက်က လက်သည်းဖွက်ပြီးလုပ်နေတာလဲ?

သို့သော် သူကဗီဒီယိုယူကြည့်လိုက်လျှင် အတော်အံ့အားသင့်သွားလေသည်။ ဒါသူဌေးချင်ရဲ့စံအိမ်မှာဖြစ်ခဲ့တဲ့ကိစ္စပဲ။

သူ့မှာမနေ့က ထိုငါးမြောက်ငါးခြောက်နှင့် အဖက်လုပ်ပြောချင်စိတ်မရှိခဲ့။

သို့သော်ဤသည်က သူ့ကိုကျော်၍ရသည်ဟုမဆိုလို။ အထူးသဖြင့် သူ့ဇနီးကိုနာမည်ဖျက်ထားသောမှတ်ချက်များတွေ့သောအခါ သူဘယ်လိုလုပ်သည်းခံနိုင်ပါမည်လဲ?

''ကုမ္ပဏီဥပဒေအဖွဲ့ကို Tiktok ဆီ ရှေ့နေစာပို့ခိုင်းလိုက်!'' ချန်ရှမ်းဖေက တည်တည်ငြိမ်ငြိမ်ညွှန်ကြားပြီး လျစ်လျူရှုထားလိုက်သည်။ ဤကိစ္စမှာ ကုမ္ပဏီကိစ္စကြီးများနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပါချေ။

''ဟုတ်ကဲ့!'' အတွင်းရေးမှူးက အရိုအသေပေးကာထွက်လာပြီ ကုမ္ပဏီဥပဒေဌာနသို့သွားလိုက်၏။

ရုံချန်းစုရင်စုအတွင်း_

ကောဟွိုက်က နံနက်စောစောနိုးလာပြီး သူ့ဖုန်းကိုကောက်ကိုင်ကာ Tiktok ထဲဝင်လိုက်သည်။ သူ့ဗီဒီယိုကိုတစ်ချက်ကြည့်လိုက်ရာ like သုံးသိန်းကျော်နေပြီဖြစ်ပြီး ဆက်လက်တက်နေဆဲပင်။

ဤသည်က သူ့ကိုထူးထူးခြားခြားစိတ်လှုပ်ရှားစေ၏။

လုံးဝပေါက်သွားလေပြီ။ သူ့ပရိသတ်လည်းများစွာတိုးလာပြီး သုံးသိန်းပင်ကပ်နေသည်။ ထိုနှုန်းအတိုင်းဆက်သွားလျှင် နည်းနည်းကြိုးကိုင်ခြယ်လှယ်လိုက်ပါက ပရိသတ်ငါးသိန်းကျော်ရဖို့မဝေးတော့။

ကောဟွိုက်က မီဒီယာအကောင့်တစ်ခု၏ ပရိသတ်မြန်မြန်ဆန်ဆန်တိုးလာရခြင်းအကြောင်းရင်းကို ကောင်းကောင်းသိထားသည်။ ထိုအချက်မှာ နာမည်ကျော်ဗီဒီယိုတစ်ခုဖန်တီးရန်ဖြစ်ပြီး သို့မှသာတရားဝင်လမ်းကြောင်းနယ်ပယ်ထဲသို့ဝင်ခွင့်ရပေမည်။

ဒီလိုလူမှုရေးပြဿနာမျိုးက အရေးအကြီးဆုံးပင်။

ကောဟွိုက်က ဂုဏ်ယူစွာနှင့် ဗီဒီယိုတချို့ကိုလျှောက်ကြည့်လိုက်ရာ တခြားဘလော့ဂါများက ဤကိစ္စကိုစတင်အခွင့်ကောင်းယူနေပြီမှန်း သိလိုက်၏။ ဒါကောင်းသောအချက်ဖြစ်သည်။ ဆိုလိုတာက သူကထိုနယ်ပယ်ထဲရောက်နေပြီဖြစ်ပြီး သု့ပရိသတ်များလည်းတိုးလာလိမ့်မည်။

ရုတ်တရက်သူက စတူဒီယိုမှဗီဒီယိုတစ်ခုကိုတွေ့လိုက်၏။ ဗီဒီယိုကိုပို့ပေးတဲ့သူက သူ့အသိထဲကဖြစ်ပေလိမ့်မည်။ ဒီလူက ရုံချန်းစီရင်စုကဟူဖေးမဟုတ်လား?

အရင်ကထိုလူကို ရုံချန်းစီရင်စုမီဒီယာစုဝေးပွဲမှာတွေ့ဖူးသည်။ သူတို့စတူဒီယိုကလည်း မီဒီယာကြော်ငြာအကောင့်တစ်ခုဖွင့်ထားပြီး ဖြစ်ဖြစ်မြောက်မြောက်မဟုတ်။ သူက မိန်းကလေးတစ်ယောက်ရှေ့မှာကြွားဝါပြချင်သော်လည်း အငြင်းခံခဲ့ရ၏။

''အဲဒီကောင်ကလည်း နာမည်ရချင်နေတာ!'' ကောဟွိုက်မျက်နှာမှာ အထင်သေးခြင်းအပြည့်နှင့်။ သို့သော် ဗီဒီယိုဖွင့်လိုက်သည့်အခါ ထိုအကြောင်းအရာက သူ့မျက်နှာကိုချက်ချင်းပြောင်းလဲသွားစေလေသည်။

All Chapters