ဝဋ်လည်ခြင်း! ငါတော့သေပြီ!
Vol. 3 Ch. 43
ချင်ရန်စတူဒီယိုကထုတ်လိုက်သောဗီဒီယိုမှာ ရှင်းပြချက်ဗီဒီယိုဖြစ်သည်။ ကောဟွိုက်ဗီဒီယို၏နာမည်ကြီးမှုကြောင့် ထိုဗီဒီယိုကိုအလွန်စိတ်ဝင်စားကြလေသည်။
''ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့စတူဒီယိုက ချင်းလင်စံအိမ်ရဲ့ပန်းပင်လယ်အတွက် ကြော်ငြာဗီဒီယိုရိုက်ကူးပေးခဲ့တဲ့စတူဒီယိုဖြစ်ကြောင်းအသိပေးလိုပါတယ်... ပြီးတော့ သူများနာမည်ဖျက်တဲ့ဗီဒီယိုကိုတင်ခဲ့တဲ့သူကအရူးလား? နာမည်ဖျက်မယ်ဆိုရင်လည်း တစ်ဖက်လူကဘယ်သူဆိုတာ အရင်မစုံစမ်းသင့်ဘူးလား? ဒီဗီဒီယိုထဲကလူက မင်စီရင်စုတစ်လုံးမှာထိပ်တန်းအဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ ပင်လယ်ပြာအဖွဲ့အစည်းရဲ့ဥက္ကဌပဲ... သူကဘာလို့ကလီကမာလုပ်ရမှာလဲ?''
''နောက်ပြီး ဒီကိစ္စကို မသိတတ်တဲ့ကလေးက အပြစ်လုပ်မိတယ်လို့ပဲ နားလည်ထားပါတယ်... အဲဒါကိုယုတ္တိမရှိတဲ့မိဘတွေက သွန်သင်ဖို့မကြိုးစားဘဲ ဒရာမခင်းခဲ့တယ်... ဖုန်းကိုင်ပြီးဗီဒီယိုရိုက်တိုင်း ကျိုးကြောင်းသင့်တယ်ထင်လို့လား?''
ဗီဒီယိုအဆုံးမှာ စံအိမ်၏စောင့်ကြည့်ကင်မရာဗီဒီယိုမှတ်တမ်းပါပြီး ထိုစဉ်ကစကားပြောကို အသံဖမ်းစက်နှင့်အသံသွင်းထားသည်။ ချင်ရန်က ထိုအရာကို ချင်လင်ဆီမှတကူးတကယူထားခြင်းဖြစ်၏။
ထိုဗီဒီယိုထွက်လာသောအခါ တစ်မြို့တည်းလည်း ဝက်ဝက်ကွဲသွားသည်။
အရှေ့ပိုင်းစီးပွားရေးစျေးကွက်၏ဖန်သားပြင်တွင် ချင်းလင်စံအိမ်ကြော်ငြာဗီဒီယိုကိုတင်ပြီးကတည်းက ၄င်းမှာနာမည်ရပြီးသားဖြစ်၏။ မနေ့ကဖြစ်ရပ်ကြောင့် ချင်းလင်စံအိမ်မှာ ပိုနာမည်ကျော်လာသည်။ သို့သော် မနေ့ညက မကောင်းသောအကြောင်းဖြင့် နာမည်ကျော်ခြင်းပင်။ လူတိုင်းက ချင်းလင်စံအိမ်ကိုပုတ်ခတ်ကြ၏။
တစ်ညတာအတွင်း အခြေအနေတွေပြောင်းပြန်လှန်သွားမည်ဟု ဘယ်သူကထင်ပါမည်လဲ?
ချင်ရန်စတူဒီယိုကလည်း ပိုက်ဆံများများသုံး၍ Dou+ တွင် ရင်းနှီးမြှုပ်နှံချင်သည်။ ကောဟွိုက်ဗီဒီယို၏နာမည်ကြီးခေါင်းစဉ်အောက်တွင် သူတို့ဗီဒီယိုကလည်း နာမည်ကျော်လာ၏။ ချန်ရှန်းဖေတောင် နည်းနည်းနာမည်ရလာသည်။ ချန်ရှန်းဖေအကြောင်းမိတ်ဆက်ဗီဒီယိုများလည်း ထွက်လာ၏။
အကြောင်းမှာ ချန်ရှန်းဖေ၏မီဒီယာအကောင့်ကိုသိသောမြို့သားများက နာမည်ရရန်ကြိုးစားကြခြင်းကြောင့်ပင်။
အချိန်တိုအတွင်း အရာရာမှာ လူထုကအာရုံထားသည့်နောက်ခေါင်းစဉ်တစ်ခုသို့ပြောင်းသွားသည်။
ယခုခေတ်တွင် အပြစ်လုပ်သောကလေးဆိုးများစွာရှိပြီး သူတို့မိဘများကလည်း ယုတ္တိမတန်။ ချန်ရှန်းဖေလိုလူမျိုးကို ကလီကမာကဲ့သို့ဆက်ဆံလိုက်ခြင်းက ထိုယုတ္တိမရှိသည့်မိဘများမှာ ပိုပြီးဒရာမာခင်းရာကျသွား၏။ ထိုအချက်က ထိုမိဘများကို အသိဉာဏ်မရှိ မိုက်မဲသည့်ပုံပေါ်စေသည်။
ထို့ကြောင့် မနေ့ကဗီဒီယိုကိုကြည့်ပြီးသူများက မှင်တက်သွားကြ၏။
ထိုတန်ပြန်ချက်က သူတို့ကိုမတုံ့ပြန်နိုင်အောင်ဖြစ်စေသည်။
လူအတော်များများက သူတို့၏ကြမ်းတမ်းသောမှတ်ချက်များကိုကြည့်ရင်း တိတ်တိတ်လေးပြန်ဖျက်လိုက်ကြ၏။ ထို့နောက် သူတို့တရားမျှတမှုက ပြန်လည်ခေါင်းထောင်လာပြီး မှတ်ချက်ပေးကြပြန်သည်_ ''ကောင်စုတ်လေး...''
ဗီဒီယိုကိုကြည့်ပြီးနောက် ကောဟွိုက်ကသူ့ဖုန်းကိုအလျင်စလိုထုတ်လိုက်ကာ အွန်လိုင်းတွင် ပင်လယ်ပြာအဖွဲ့အစည်းအကြောင်းရှာကြည့်လိုက်သည်။ ချန်ရှန်းဖေအကြောင်းတွေ့လိုက်ရသောအခါ သူ့ခြေထောက်များညွတ်ကျသွား၏။
''သောက်... မင်းတို့ကောင်တွေ ငါ့ကိုသတ်နေဆာပဲ!'' ကောဟွိုက်က ဒေါသတကြီးကျိန်ဆဲလိုက်သည်။
သူက သူ့အစ်ကိုဝမ်းကွဲနှင့်မရီးကိုယုံ၍ သေသေချာချာမစုံစမ်းဘဲ ထိုကိစ္စကိုအသုံးချပြီး ပရိသတ်တိုးလာစေရန်ကြံလိုက်မိသည်။ သူ့မရီးကလှည့်စားမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ? သူပြောတဲ့ကလီကမာလူက ဒီလိုလူစားတဲ့လား?
သူကထိုဗီဒီယိုကိုချက်ချင်းဖျက်မည်အပြု ရုတ်တရက်စနစ်မှအသိပေးစာဝင်လာသည်_ ''သင့်ဗီဒီယိုမှာ တရားဥပဒေနှင့်ငြိစွန်းနေပါသည်... တားမြစ်လိုက်ပါပြီ''
ထို့နောက်ချက်ချင်းပင် နောက်ထပ်တရားဝင်စနစ်အသိပေးစာတက်လာပြန်၏_ ''သင့်အကောင့်မှာ တရားမဝင်ဗီဒီယိုဖြန့်ဖြူးသည်ဟု သံသယရှိသည်... အခြေအနေပြင်းထန်သည်... သင့်အကောင့်ကို အမြဲတမ်းအတွက်ပိတ်သိမ်းလိုက်သည်''
''မလုပ်... မလုပ်...'' ကောဟွိုက်စိတ်ပူသွားသည်။

ထိုကိုယ်ပိုင်မီဒီယာအကောင့်ကိုရဖို့ သုံးနှစ်လောက် ပစ္စည်းများဝယ်စုခြင်း၊ ဗီဒီယိုရိုက်ခြင်းနှင့် Dou+ တွင်ပိုက်ဆံများသုံးခဲ့ရသည်။ ဤနှစ်မှစ၍ ပိုက်ဆံဝင်ခြင်းဖြစ်၏။ ထို့အပြင်သူက ကြော်ငြာနှစ်ခုလက်ခံထားသေးသည်။ သူ့အကောင့်ပျက်လျှင် နှစ်ဆလျှော်ရမည်ဖြစ်လေသည်။
ကောဟွိုက်က စိုးရိမ်တကြီးနှင့်သူ့ဖုန်းကိုထုတ်ပြီး Tiktok တရားဝင်စီမံခနိ့ခွဲရေးဆီ ဆက်သွယ်လိုက်သော်လည်း သူ့ကိုပိတ်ထားခံနေရသည်။
သူကြောင်သွား၏။
ပရိသတ်နှစ်သိန်းကျော်တဲ့ကိုယ်ပိုင်မီဒီယာအကောင့်က Tiktok မှာလုံးဝအရေးမပါတော့ပေ၊ အထူးသဖြင့် ဥပဒေအဖွဲ့က ရှေ့နေစာပို့ပြီးနောက်ပိုင်းတွင်ဖြစ်သည်။ သူတို့ကဘယ်လိုလုပ်မင်းအသက်ကိုအရေးစိုက်မလဲ?
ကိစ္စကိုဆက်မလိုက်လျှင် တော်သေး၏။ ဆက်သာလိုက်လာလျှင် သူတော့အလောင်းဖြစ်တော့မည်။
''သွားပြီ!'' ကောဟွိုက်က ငတုံးမဟုတ်။ သူ့အခြေအနေသူသိသည်။ သူက သူ့မရီးကိုစိတ်ပျက်ပျက်နှင့်ခေါ်လိုက်ပြီး_ ''မရီး... မရီးပြောတော့အမှန်ပါဆို? ဘာလို့ဒီလိုဖြစ်ရတာလဲ? ကျွန်တော်ကတော့ မိသားစုလိုသဘောထားတာ... မရီးကကျွန်တော့်ကိုဒီလိုလှည့်စားတယ်ပေါ့? ခွေးထက်တောင်ဆိုးသေးတယ်''
လင်ချွန်းလန်က ကြိမ်းမောင်းခံရ၍ စိတ်မကြည်တော့_ ''ဗီဒီယိုလေးတစ်ပုဒ်ပဲဟာ... ဖျက်လိုက်ပေါ့... ငါကခံရတဲ့သူလေ... အဲမှာဗီဒီယိုရိုက်ထားတာပဲ... ငါအလုပ်ဘယ်လိုသွားရမလဲတောင် မသိတော့ဘူး''
သို့နှင့်လင်ချွန်းလန်က စိတ်ဆိုးမာန်ဆိုးနှင့်ဖုန်းချသွားသည်။
''သောက်...'' ကောဟွိုက်က ဒေါသတကြီး ဖုန်းကိုပေါက်ခွဲပစ်လိုက်၏။ ဒီပြဿနာက ဗီဒီယိုကိုဖျက်လိုက်ရုံနဲ့ ပြီးသွားမတဲ့လား?
ဗီဒီယိုလေးတစ်ပုဒ်ပဲတဲ့လား?
သွေးတောင်အန်မိတော့မယ် မပြောနဲ့တော့။
တစ်ဖက်လူကရဲခေါ်ပြီးတော့ သူများဂုဏ်သတင်းကိုအသရေဖျက်မှု၊အပုပ်ချမှုနဲ့ စွပ်စွဲလာခဲ့ရင် like တွေသိန်းချီရထားတာရယ်၊ သူတို့နာမည်ကြီးတဲ့အပေါ်ကပ်ပြီးပေါ်လာတဲ့ဗီဒီယိုတွေရယ်နဲ့ဆို သူတို့တစ်နေ့ထမင်းသုံးနပ်အလကားစားရတော့မည်။
နောက်ဆုံးတော့ ပိုယုံကြည်ရတဲ့သူဆိုတာ ဘာကိုဆိုလိုတာလည်းသိခဲ့ပြီ၊ သေတွင်းထဲပိုပြီးတွန်းပို့နိုင်တဲ့သူပေါ့။
…
မနက်ပိုင်းတွင် ချင်လင်က ရုံးပတီသီးမှည့် ၃၀၀ ကတ်တီကိုချန်၍ ကျန်ရုံးပတီသီးအားလုံးကို စံအိမ်ပို့လိုက်သည်။
စံအိမ်ရောက်သည်နှင့် ကောင်းယောင်ယောင်က စိတ်လှုပ်ရှားစွာပြေးထွက်လာသည်ကိုတွေ့လိုက်ရ၏_ ''သူဌေး... လူကြီးမင်းချန်က ဘယ်သူလဲသိလား? သူကမြို့ထဲကအဖွဲ့အစည်းကြီးတစ်ခုရဲ့ဥက္ကဌတဲ့... ရှင့်ကိုနာမည်ဖျက်တဲ့မီဒီယာအကောင့်ကတော့ ဒုက္ခရောက်နေပြီ... သူ့ဗီဒီယိုနဲ့အကောင့်ကို အခုပဲပိတ်ခံလိုက်ရပြီ''
သူမကလည်း စံအိမ်နာမည်ဖျက်ခံရသည်ကို အလွန်စိုးရိမ်နေသည်။ ပြဿနာအခြေအနေပြောင်းလဲလာမှုကို တောက်လျှောက်အာရုံစိုက်ထား၏။ ယခုချင်လင်ကိုမြင်သောအခါ မနေနိုင်ဘဲသတင်းကောင်းကို တန်းပြောမိသည်။
ချင်လင်က ချန်တပေကို လုံခြုံရေးအစောင့်နှင့်အတူ ကားပေါ်မှပစ္စည်းများချခိုင်းပြီး သူ့ဖုန်းကိုထုတ်ကြည့်လိုက်၏။
သူထင်ထားသည့်အတိုင်း မနေ့ကဗီဒီယိုကိုမတွေ့ရတော့။ သူ့အကောင့်ပင်အပိတ်ခံထားရသည်။
သူမျှော်လင့်ထားသည့်အတိုင်းဖြစ်လာ၏။ လူကြီးမင်းချန်၏သရုပ်မှန်ပေါ်သည်နှင့် လူကြီးမင်းချန်ကဘာမှမပြောလျှင်တောင် Tiktok က ဗီဒီယိုပို့သည့်သူကို သည်းခံမည်မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် မှားနေတာက Tiktok ပင်။ လူကြီးမင်းချန်က သူတို့ကိုပြဿနာရှာမှာလည်းကြောက်၏။
သို့သော် သူ့ကိုဝေဖန်ပါက သူ့ကလည်းအလွတ်ပေးမည်မဟုတ်ပေ။
အခြေအနေတစ်မျိုးပြောင်းပြီး လက်တုံ့ပြန်ဖို့်နည်းလမ်းမရှိပါက သူ့စံအိမ်လည်းဇာတ်သိမ်းပြီဖြစ်သည်။ ထိုအတောအတွင်း သူ့အားစိုက်မှုအားလုံးမှာ အချည်းနှီးဖြစ်ရပေလိမ့်မည်။
ထို့အပြင် ထိုအချိန်က ၄င်းဧည့်သည်နှင့်တွေ့ပြီး ပြဿနာမဖြေရှင်းခဲ့ပါက ဤကဲ့သို့ဖြစ်ရပ်မျိုးထပ်ဖြစ်နိုင်သည်ကို သူကသေချာသိထားလေသည်။

ထို့ကြောင့်ချင်လင်က စံအိမ်မှထွက်ခဲ့ပြီး ရံချန်းရဲစခန်းသို့တန်းသွားလိုက်၏။
အသရေဖျက်မှုဆိုသော ပြစ်မှုရှိသည်။
တစ်စုံတစ်ဦး၏သိက္ခာကိုကျဆင်းအောင်လုပ်၍ နစ်နာသူ၏စိတ်ပိုင်းအခြေအနေပမာဏတစ်ခု(သို့)ပြင်းထန်စွာစိတ်ထိခိုက်စေပါက အသရေဖျက်မှုမြောက်သည်။ ပြင်းထန်မှုအခြေအနေပေါ်လိုက်၍ ထောင်ဒဏ်သုံးနှစ်အောက်ဖြစ်စေ၊ ပြစ်မှုထိန်းသိမ်းခြင်း၊ ထိန်းချုပ်ခြင်း၊ (သို့) နိုင်ငံသားအခွင့်အရေးဆုံးရှုံးစေခြင်းတို့ဖြစ်စေ ချမှတ်နိုင်သည်။
သို့သော် ထိုပြစ်မှုတွင် ဆွေးနွေးညှိနှိုင်းခွင့်လည်းရှိသည်။ လူမှုရေးလုပ်ငန်းပြင်းပြင်းထန်ထန်အန္တရာယ်ဖြစ်စေခြင်းနှင့် တိုင်းပြည်တစ်ဝန်းအာရုံစိုက်သောကိစ္စမှလွဲ၍ ပြောမှသာညှိနှိုင်းပေးသည်။
ထို့ကြောင့် အသရေဖျက်မှုကို ''အမှုတင်ပြမှသာဖြေရှင်းမှု''ဟုရည်ညွှန်းကြ၏။ နစ်နာသူကဝန်ခံမှသာ ရုံးတော်ကလက်ခံသည်။ တစ်နည်းအားဖြင့် သီးသန့်ဖြေရှင်းမှုပေးလိမ့်မည်။
ဤသည်က အသရေဖျက်မှု၏ဒဏ်ကြေးကို အနိမ့်ဆုံးဖြစ်စေ၏။ အင်တာနက်ပေါ်မှလူအတော်များများမှာ မရိုးသားကြ။ ဤကဲ့သို့ကိစ္စမျိုးဖြစ်လျှင် နစ်နာသူက မျက်ရည်ညစ်ကာ သူတို့အပြစ်ကိုတင်ပြမည် (သို့) ငယ်ရွယ်သူအပေါ်အပြစ်ပုံချကာ လျစ်လျူရှုမည်။ နစ်နာသူအများစုက မေ့ဖျောက်ပစ်ကြလိမ့်မည်။
တချို့လူများက ပိုက်ဆံထုတ်၍ တိတ်တဆိတ်ပင်ဖြေရှင်းလိုက်ကြမည်။
နစ်နာသူများက ထိုသို့ဖြစ်ပျက်ထားသည်ကိုမြင်ပြီးလျှင် အကျိုးအမြတ်ယူကာ လက်ခံချင်ကြ၏။
အဲဒီဖြစ်ပုံနှစ်မျိုးနဲ့မတူတဲ့သူတွေလည်း ရှိသည်ပေါ့။ သူတို့ကတော့ ပညာပေးချင်၍ပင်။ အခြေအနေဆိုးလျှင် အထဲဝင်ပြီး ထမင်းသုံးအလကားစားရနိုင်သည်။
ချင်လင်က အခုသင်ခန်းစာပေးချင်သည်ဖြစ်၍ ကိစ္စကိုအရင်တင်ပြရန်ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ ကလေးဆိုးကိုမသွန်သင်သည့်မိဘများ၏အမှားပင်ဖြစ်သည်။ မိဘများကသိသိရက်နှင့်သောင်းကျန်းနေပါလျှင် လူ့အဖွဲ့အစည်းကိုယ်စား သူကပညာပေးပြီး ထိုကလေးဆိုးအတွက် စံပြဖြစ်စေရမည်။
ချင်လင်က ရဲစခန်းထဲဝင်၍ အမှုဖွင့်လိုက်သည်။ သူကသက်သေလည်း တင်ပြလိုက်၏။ အမှန်တော့ ဗီဒီယိုမှာပေါက်လွန်း၍ ရုံချန်းရဲစခန်းမှရဲအရာရှိများမှာ သိပြီးဖြစ်သဖြင့် လွယ်လွယ်လက်ခံလိုက်ကြသည်။
ထို့နောက် ရဲစခန်းက ချင်လင်ကိုအရင်ပြန်ခိုင်းလိုက်ပြီး ဗီဒီယိုထဲမှအမျိုးသမီးအကြောင်းစတင်စုံစမ်းတော့သည်။
…
တစ်ဖက်တွင် ကောဟွိုက်မှာ ဖုန်းထဲစာဝင်လာသည်နှင့် အမူအရာပိုပျက်သွားသည်။
''လူကြီးမင်းကော... ခင်ဗျားအကောင့်အပိတ်ခံလိုက်ရပြီ... ခင်ဗျားကြော်ငြာစာချုပ်အတိုင်းလုပ်ဖို့ ပျက်ကွက်ခဲ့တယ်... အမြန်ဆုံးပြန်အလျော်ပေးမယ်လို့မျှော်လင့်ပါတယ်... မဟုတ်ရင် ကျုပ်တို့ ခင်ဗျားကိုတရားစွဲရလိမ့်မယ်...''
သူကကြော်ငြာနှစ်ခုလက်ခံထားသည်။ စာချုပ်အတိုင်းပေးလျော်ရမည်ဆိုပါက သူ့ကားရောင်းလိုက်လျှင်တောင် မလောက်ပေ။
ထိုကြောင့် တွေးလေလေ စိတ်တိုလေလေဖြစ်လာ၏။ သူ့အစ်ကိုဝမ်းကွဲနှင့်မရီးကိုဒေါသထွက်ပေါက်ပေးချင်ကာမှ သူ့အလုပ်အကိုင်ပါပျက်စီးခဲ့ရသော်လည်း မရီးဖြစ်သူကမူ ဘာမှမဖြစ်ခဲ့သလိုပင်။
ကောဟွိုက်က သူ့အစ်ကိုဝမ်းကွဲအိမ်တန်းမောင်းသွားလိုက်သည်။ အိမ်တံခါးပေါက်ရောက်လျှင် ခပ်ပြင်းပြင်းခေါက်လိုက်၏။
''ညီဝမ်းကွဲ... ရောက်လာပြီလား?'' သူ့အစ်ကိုဝမ်းကွဲက အနေခက်စွာပြောလိုက်၏_ ''ဒီကိစ္စကမင်းကိုထိခိုက်မယ်မှန်းသိပါတယ်... ဒါပေမဲ့ ဗီဒီယိုလည်းပိတ်လိုက်ပါပြီ... မင်းကိုတောင်းပန်ချင်လို့ ထမင်းတစ်နပ်ကျွေးပါရစေ''
''ဒီကိစ္စက ထမင်းတစ်နပ်ကျွေးပြီး ပြီးသွားမယ့်ကိစ္စလား?'' ကောဟွိုက်က ဒေါသတကြီးအော်လိုက်သည်_ ''ခင်ဗျားကိုကူညီလို့ ကျွန်တော့်အကောင့်အပိတ်ခံလိုက်ရတာ သိလား? ဒီနံပါတ်အပေါ် ယွမ်တစ်သိန်းလောက်သုံးထားတာ... ကြော်ငြာနှစ်ခုလည်းလစ်ပြီ... အခုယွမ်နှစ်သိန်းကျော်လျော်ရတော့မယ်... အဲဒီပိုက်ဆံခင်ဗျားပေးရမယ်... မဟုတ်ရင် ခင်ဗျားကိုအလွတ်မပေးဘူး''
လင်ချွန်းလန်က ထိုစကားကြားသည်နှင့် မှုန်ကုပ်ကာထွက်လာသည်_ ''ကောဟွိုက်... အဲဒါမင်းအမှားလေ... ငါမင်းကိုဗီဒီယိုပြပြီး ပြောခဲ့တာလေ... မင်းအောင်မြင်ချင်လို့ အဲဒီဗီဒီယိုကိုအသုံးချတာ ငါမသိဘူးများမှတ်နေလား... အခုတစ်ခုခုဖြစ်တော့မှ မင်းကငါတို့ကိုရှာပြီး ဒရာမာခင်းနေတာ''
ထိုစကားကြားလျှင် ကောဟွိုက်မှာ သွေးအန်မိတော့မတတ်ပင်။ နောက်ဆုံးတော့ သူ့မရီးကဘယ်လိုလူဆိုတာ သိလိုက်ရပြီ။ ချင်းလင်စံအိမ်မှာ ဒီလိုရှက်စရာကောင်းတဲ့အလုပ်လုပ်ခဲ့တာကို မအံ့သြမိတော့ပေ။
သူတို့ငြင်းခုန်နေစဉ် ရဲအရာရှိတချို့အပေါ်တက်လာသည်ကို ရုတ်တရက်မြင်လိုက်ရ၏။
ရဲအရာရှိများထဲမှတစ်ဦးက သူတို့သုံးဦးကိုမြင်လျှင်_ ''အမျိုးသမီးလင်ချွန်းလန်နဲ့ လူကြီးမင်းကျန်းဟန်... ချင်းလင်စံအိမ်အသရေဖျက်မှုကိုစုံစမ်းဖို့အတွက် ပူးပေါင်းပေးမယ်လို့မျှော်လင့်ပါတယ်... နောက်ပြီး ရုံချန်းစီရင်စုထဲက ဟွိုက်ရင်းမီဒီယာရဲ့အကောင့်ပိုင်ရှင်ကိုလည်း ပြောပြပေးပါ''
ထိုသို့ကြားလိုက်သည်နှင့် လင်ချွန်းလန်က ချက်ချင်းလန့်သွား၏။ သူမက ဘာမဟုတ်သည့်ကိစ္စလေးဟုသာတွေးခဲ့ပြီး ရဲတွေသူမကိုလာရှာလိမ့်မည်ဟုလည်း ထင်မထားပေ။ သူမမှာထိတ်လန့်လွန်း၍ ကြောက်ဒူးများပင်တုန်သွားလေသည်။