ငါကအပေါ်ယံသမား! ငါလုံးဝအံအားသင့်သွားပြီ!
Vol. 4 Ch. 47
မာလဲ့ဝမ်နှင့်ချန်ရှန်းဖေတို့မှာ ထောင့်ချိုးတစ်နေရာရှိတိတ်ဆိတ်သောစားပွဲ၌ အသီးသီးခဏတဖြုတ်ဝင်ထိုင်လိုက်ကြသည်။ ကောင်းယောင်ယောင်က အရည်အသွေး ၂ ဖရဲသီးကိုခွဲပြီး စတော်ဘယ်ရီနှင့်အတူယူလာ၏။
''လူကြီးမင်းချန် လူကြီးမင်းမာ... ဖရဲသီးနဲ့စတော်ဘယ်ရီသီးရပါပြီ'' ကောင်းယောင်ယောင်မျက်နှာမှာ တက်ကြွရွှင်လန်းနေသကဲ့သို့ ချိုသာစွာပြောလိုက်သည်_ ''တခြားဟာတွေကိုလည်း မီးဖိုချောင်ထဲမှာ ပြင်ဆင်ထားပါပြီ''
''ဟုတ်ပြီ!'' ချန်ရှန်းဖေက ခေါင်းညိမ့်ပြီး မာဗင်ကိုပြောလိုက်၏_ ''လောင်မာ... ဒီဖရဲသီးနဲ့စတော်ဘယ်ရီကိုစားကြည့်စမ်း... အရသာအရမ်းကောင်းတယ်''
သူကပြောပြောဆိုဆိုနှင့် ဖရဲသီးတစ်စိတ်ကောက်ပြီး သူ့ပါးစပ်ထဲထည့်ဝါးလိုက်သည်။
ဤသည်ကို မာလဲ့ဝမ်မြင်လျှင် သူလည်းတစ်စိတ်ကောက်ပြီး တစ်ကိုက်ကိုက်လိုက်၏။ သူ့မျက်လုံးများအရောင်တောက်သွားပြီး_ ''ဒီဖရဲသီးက အရသာရှိလိုက်တာ!''
ဖရဲသီးမှာ အတွေ့ရများသောအသီးအနှံတစ်မျိုးဖြစ်ပြီး သူကစျေးကြီးသောအသီးမျိုးများကိုစားခဲ့ဖူးသည်။ သို့သော် သူ့လက်ထဲကဖရဲသီးကဲ့သို့ အရသာရှိတာမျိုး တစ်ခါမှမစားဖူးချေ။ သူ့စားချင်သောက်ချင်စိတ်ကို နှိုးဆွလိုက်သလိုပင်။ တစ်ကိုက်ကိုက်ပြီးသောအခါ သူ့ပါးစပ်ထဲတွင် ချိုမြိန်သောအရသာစွဲကျန်ခဲ့လေသည်။
မာလဲ့ဝမ်က နောက်ထပ်စတော်ဘယ်ရီကိုကောက်၍ ပါးစပ်ထဲထည့်လိုက်၏။ သူကမနေနိုင်ဘဲ ချီးကျူးလိုက်သည်_ ''လောင်ချန် မင်းပြောတာမှန်တယ်... ငါးတင်မကဘူး တခြားပစ္စည်းကောင်းတွေလည်းတကယ်ရှိတယ်... ဒီလိုအရသာရှိတဲ့ဖရဲသီးနဲ့စတော်ဘယ်ရီသီးတွေလည်းရှိတာပဲ... ငါကအသီးအနှံမျိုးစုံစားဖူးတယ်လို့ထင်ထားတာ... တစ်ကတ်တီကို ဒေါ်လာ ၁၀၀ ပေးရတဲ့ အထူးဖရဲမျိုးတောင်စားဖူးတယ်... ဒါပေမဲ့ ဒီဖရဲသီးနဲ့ဘာမှမဆိုင်ဘူး''
ချန်ရှန်းဖေကပြုံးပြီး_ ''ဒါငါတို့နိုင်ငံကဖရဲသီးတွေက သူများတွေထက်မကောင်းတာမဟုတ်ဘူးလို့ ဆိုလိုတာပဲ... သူတို့လိုမတော်တာပဲရှိတာ... အခုလူတွေအတော်များများက အပြင်ကတင်သွင်းတဲ့အထူးမျိုးတွေကိုပဲ အာရုံစိုက်နေကြတာ... ကိုယ့်ဆီကမျိုးကပိုကောင်းတာကို မသိကြဘူး''
''ဒီအတွေးအခေါ်ကောင်းတယ်... သဘောတူတယ်'' မာလဲ့ဝမ်က ချန်ရှန်းဖေကို လက်မထောင်ပြလိုက်သည်။
ခဏအကြာတွင် မီးဖိုချောင်အကူက ငါးဟင်းပွဲယူလာ၏။ ၁၀ ကတ်တီကျော် သဘာဝကကတစ်ငါးမှာ ငါးခေါင်းစွပ်ပြုတ်၊ ငါးပေါင်းငါးနှပ်ဖြစ်သွားလေပြီ!
''လောင်မာ... စားကြည့်!'' ချန်ရှန်းဖေကပြောရင်းဆိုရင်း ငါးစွပ်ပြုတ်ပန်းကန်ကိုလှမ်း၍ သူ့အတွက်ထည့်လိုက်သည်။ တစ်ငုံသောက်ကြည့်ပြီးနောက် သူကနှစ်ခြိုက်သွားသည့်ပုံပြလိုက်ပြီး_ ''ရှယ်ပဲ''
''လောင်ချန်... မင်းကတော့ပိုပြီ'' မာလဲ့ဝမ်က စလိုက်သည်။
ချန်ရှန်းဖေကပြုံး၍ ခပ်ဆိတ်ဆိတ်နေလိုက်၏။
မာလဲ့ဝမ်လည်း ငါးစွပ်ပြုတ်တစ်ပန်းကန်ဖြည့်လိုက်ပြီး စစားကြည့်သည်။ ထို့နောက်သူ့မျက်နှာမှာ မယုံနိုင်ဟန်ဖြင့်_ ''လောင်ချန်... ဒါငါးစွပ်ပြုတ်လား? ငါတို့စောစောကတွေ့ခဲ့တဲ့ သဘာဝငါးလား?''
ချန်ရှန်းဖေကပြုံးပြီး ပြန်ဖြေလိုက်၏_ ''မဟုတ်ရင်ရော? အဲလောက်ကြီးတဲ့ငါးမျိုးပဲ!''
''သောက်...'' မာလဲ့ဝမ်က ကျိန်ဆဲလိုက်ပြီး ဒေါသထွက်သွားသည်_ ''ဒါသဘာဝကကတစ်ငါးအရသာလား? ဒါဆိုနံ့သာပွဲကြည့်စင်သူဌေးက ငါ့ကိုအချဉ်ဖမ်းတာပေါ့? အရင်တစ်ခေါက်သူ ၅ ကတ်တီရှိတဲ့သဘာဝကကတစ်ငါးရတုန်းက အဲလိုငါးဘယ်လောက်ရှားတဲ့အကြောင်းပြောပြီး ကြွားတောင်ကြွားနေသေးတယ်... ငါ့ကိုအရမ်းမျက်နှာသာပေးတဲ့ပုံနဲ့''
''ဟိုလူရဲ့ ၂.၅ ကတ်တီရှိတဲ့သဘာဝငါးအရသာက ဒါနဲ့အရမ်းကွာနေတယ်မလား? သူက နာမည်ကျော်စားဖိုမှူးကိုယ်တိုင်ချက်တာလို့တောင် ပြောသေးတယ်လားလို့? သူငါ့ကိုအချဉ်ဖမ်းဖို့ အတုအယောင်မွေးတာပဲဖြစ်ရမယ်... မဟုတ်ရင် နှစ်ခုလုံးက သဘာဝငါးဆိုတော့ အရသာဒီလောက်ကွာစရာအကြောင်းမှမရှိတာ''
''ငါအဲဒီနံ့သာပွဲကြည့်စင်ကိုထပ်သွားရင် အရူးပဲ... နောက်မှ ငါ့ရဲ့အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်ကတ်ကြေးပြန်အမ်းခိုင်းရမယ်''
''အာ.. များများစား... နောက်မှဒီငါးက အရသာရှိရုံတင်မဟုတ်ဘူးဆိုတာ သိလိမ့်မယ်'' ချန်ရှန်းဖေကမှင်သက်သွားပြီး မည်သို့ရှင်းပြရမည်မသိတော့ချေ။

သူလည်း သဘာဝငါးများစွာစားခဲ့ဖူးသော်လည်း သူဌေးချင်၏ငါးနှင့်ယှဉ်လျှင် လုံးဝအမှိုက်သာသာပင်။
လောင်မာက နံ့သာတစ်ရာပွဲကြည့်စင်အကြောင်းမပြောသင့်ပေ။ သူက သူဌေးချင်အား သူတို့မသိသော တချို့ပစ္စည်းများနှင့်အထူးလျှို့ဝှက်နည်း (သို့) တချို့အထူးမျိုးစပ်များ ထပ်ပေါင်းထးးသလားဟု သံသယဝင်မိသည်။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ထိပ်တန်းဖြည့်စွက်စာတွေနဲ့ ယှဉ်နိုင်မှာတဲ့လဲ?
မာလဲ့ဝမ်က စားရင်းနှင့်ပင် တစ်ခုခုမှားနေပြီဟုချက်ချင်းခံစားလိုက်ရ၏။ နွေးထွေးသောစီးကြောင်းတစ်ခုက သူ့အကြောနှင့်သွေးကြောများထဲစီးဝင်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးနူးညံ့လာသလိုပင်။
''လောင်ချန်... ဒါဖြည့်စွက်စာ?'' မာလဲ့ဝမ်ကလည်းဗဟုသုတရှိပြီး အသိအမှတ်ပြသည်။
''အာနိသင်က မြို့ထဲကရွှဲ့မိသားစုရဲ့ဖြည့်စွက်စာထက်တော့ မညံ့နိုင်ဘူး... မဟုတ်ရင် မင်းကိုဘာလို့ဒီခေါ်လာရမှာလဲ?'' ချန်ရှန်းဖေကပြုံး၍ မျက်စိမှိတ်ပြလိုက်၏_ ''အဲဒါအပြင် ပိုကောင်းလာမှာရှိသေးတယ်''
ဤသည်က မာလဲ့ဝမ်ကိုလုံးဝအံ့အားသင့်စေသည်။
အစတုန်းကသူ ဒီစံအိမ်အပေါ်လုံးဝအထင်သေးခဲ့၏။ အဆင့်နိမ့်လွန်းသည်လေ။ ဒါပေမဲ့အခုတော့ သူအပေါ်ယံချည်းကြည့်နေမှန်းသိခဲ့ပြီ။
ဤစံအိမ်အပေါ်သူ့အမြင်မှာ လုံးဝပြောင်းလဲသွားပြီဖြစ်၏။ အရသာရှိသောဖရဲသီးနှင့် စတော်ဘယ်ရီတင်မကပေ။
ဤငါးကလည်း လုံးဝအထက်တန်းစားပင်။ သူ့ခန္ဓာကိုယ်အတွင်းနွေးထွေးသောစီးဆင်းမှုနှင့် တစ်ကိုယ်လုံးသက်သောင့်သက်သာခံစားရမှုမှာ လုံးဝအတုအယောင်မဟုတ်။
လောင်ချန်စကားအတိုင်း မြို့ထဲကရွှဲ့မိသားစု၏ဖြည့်စွက်စာထက် မနိမ့်နိုင်ပေ။ ပိုကောင်းအောင်ပြုပြင်ဆန်းသစ်ပြီး ထိပ်တန်းဖြစ်မည်ဆိုလျှင် ဤငါးမှာသိန်းချီပေးရသည့်ဖြည့်စွက်စာဖြစ်လောက်သည်။
ပိုပြီးအဓိကကျတာက လောင်ချန်က ဒီစံအိမ်ထဲမှာပိုကောင်းတာရှိသေးတယ်လို့ ပြောသလားလို့?
ဤသည်က သူ့ကိုလည်တဆန့်ဆန့်ဖြစ်စေလေသည်။
မြို့ထဲကကောင်တွေသာ ဒီအကြောင်းသိရင် ပါးစပ်အဟောင်းသားဖြစ်သွားကြမှာ ဟုတ်တယ်မလား?
သူမာလဲ့ဝမ်ကတော့ ဒီစံအိမ်သေးသေးလေးမှာ တကယ်မျှော်နေရပြီ!
မယုံနိုင်စရာကောင်းမှန်းသူသိသွားပြီ။
ခဏအကြာတွင် ကန်စွန်းဥ၊ ရုံးပတီသီးနှင့် ပန်းပွင့်စိမ်းပန်းကန်တို့ကိုတည်ခင်းလာသည်။
''လောင်ချန်... ဒါတွေက မင်းပြောတဲ့ပစ္စည်းကောင်းတွေလား?'' မာလဲ့ဝမ်က မြင်တွေ့နေကျဟင်းသီးဟင်းရွက်သုံးမျိုးကို မှုန်ကုပ်ကုပ်နှင့်ကြည့်လိုက်၏။
သူ့အရင်အတွေ့အကြုံအရ သူချက်ချင်းမဆုံးဖြတ်ရဲဘဲ တူကိုကောက်ကိုင်ကာ ဟင်းပွဲသုံးပွဲကိုစားလိုက်သည်။
တစ်ခဏအတွင်း တစ်ခုခုထူးဆန်းတာ ခံစားရပြန်၏။ ခါးအောက်ပိုင်းတွင်နွေးလာပြန်သည်။
''လောင်မာ... ခံစားမိလား?'' ချန်ရှန်းဖေလည်း ခါးအောက်ပိုင်းနွေးမှုကိုခံစားရပြီး သူကထူးဆန်းသောအပြုံးနှင့်မေးလိုက်၏_ ''အခုတလော ဘာလို့ငါ့ဇနီးက အရမ်းနူးညံ့နေပြီး စိတ်ကောင်းဝင်နေလဲဆိုတာ မင်းအခုသိပြီလား? ဒီအာနိသင်က ဆေးလုံးလို့တောင်ပြောလို့ရတယ်... အဓိကက ဒီဖြည့်စွက်စာက အန္တရာယ်မရှိဘဲ အာဟာရဖြစ်စေတာကွာ''
''သောက်...'' မာလဲ့ဝမ်က သာမန်ရုံးပတီသီးနှင့် ကန်စွန်းဥတွင် မသိသာသော်လည်း ထိုအာနိသင်ရှိကြောင်းတွေးမိလျှင် ထပ်ဆဲမိပြန်သည်။
သူကသတိလက်လွတ်တူကိုကောက်ကိုင်ကာ ဆက်စားနေလိုက်၏။

သူအသက် ၄၀ ပြည့်သောအခါ သူ့ဇနီးကသူ့ထက် ၁၀ နှစ်ကျော်ငယ်နေသည်။ သူ့အတွက်အမြဲတမ်းဖြည့်စွက်စာမှီဝဲနေရမည်က သူ့မာနကိုအလွန်ထိခိုက်စရာပင်။
စားလေလေ ပိုပြီးသက်သောင့်သက်သာရှိလေလေ ခံစားရသည်။
ဒီတစ်နပ်တော့ မာလဲ့ဝမ်က ဗိုက်မပြည့်မချင်းစားပစ်လိုက်သည်။
''ညီမ.. ဒီကိုခဏလာပါဦး'' မာလဲ့ဝမ်က ကောင်းယောင်ယောင်ကို လက်ယပ်ခေါ်လိုက်၏။
''လူကြီးမင်း... ဘာများဆောင်ရွက်ပေးရမလဲရှင့်?'' ကောင်းယောင်ယောင်က ချက်ချင်းမေးလိုက်သည်။
''မင်းတို့သူဌေးရော? သူ့ကိုတွေ့ချင်တယ်'' ဟု မာလဲ့ဝမ်ကပြောလိုက်သည်။
''လူကြီးမင်း... ခဏလေးစောင့်ပေးပါ'' ကောင်းယောင်ယောင်ကပြန်ဖြေပြီး ဖုန်းထုတ်ကာ ချင်လင်ကိုခေါ်လိုက်၏။
ချင်လင်ကဖုန်းလက်ခံရသည်နှင့် ချက်ချင်းရောက်လာသည်။
မာလဲ့ဝမ်က ချင်လင်ကိုထပ်တွေ့သောအခါ အလွန်တက်ကြွသွားသည်_ ''သူဌေးချင်... မင်းမှာ ရုံးပတီသီးနဲ့ကန်စွန်းဥရှိသေးလား? ငါဝယ်ပြီးအိမ်ပြန်သယ်သွားချင်လို့''
ချင်လင်တွင် အရည်အသွေး ၂ ရုံးပတီသီးအများအပြားရ်ှိသေးသည်။ အရင်လက သူဂိမ်းထဲတွင် အများကြီးလှောင်ထားခဲ့သည်။ သူကတစ်နေ့ ၁၀ ကတ်တီကျော်ရခဲ့ပြီး ကတ်တီ ၃၀၀ ကျော်ကျန်သေး၏။
ထိုပစ္စည်းကို ဂိမ်းသိုလှောင်ခန်းထဲတွင်ထည့်ထားသည်။ ဂိမ်း၏အထူးသဘာဝကြောင့် ပုပ်သိုးမသွားပေ။ သူလည်းအလျင်စလိုထုတ်ရန်မလို။
ဒါအရမ်းကောင်းတဲ့အခွင့်အရေးမဟုတ်လား?
သို့သော်သူက မာလဲ့ဝမ်ကိုမြင်သောအခါ ခက်ခဲသယောင်ဆောင်လိုက်၏_ ''လူကြီးမင်းမာ... ဒီလိုအထူးအရည်အသွေးရှိရုံးပတီသီးမျိုးရဖို့က မလွယ်ဘူး... စိုက်ပျိုးနေဆဲပဲရှိသေးတယ်... တစ်နေ့တစ်နေ့ရတဲ့ပမာဏက အကန့်အသတ်နဲ့... ကျွန်တော့်စံအိမ်တောင်မလောက်ဘူး''
၄င်းမှာ ရှားပါးကုန်ဖြစ်နေဆဲပင်။
ဥက္ကဌချူထံမှအခွင့်အရေးရသင့်သလောက်ရပြီးနောက် သူကပိုပြီးအကင်းပါးလာသည်။
''သူဌေးချင်... နည်းနည်းလောက်ရှိသေးရင် မျှပါဦး'' ချန်ရှန်းဖေကပြောလိုက်သည်။
ချင်လင်က ချန်ရှန်းဖေပြောသည်နှင့် အခွင့်ကောင်းယူပြီး_ ''လူကြီးမင်းချန်တောင်းဆိုမှတော့ ကျွန်တော်ရုံးပတီကတ်တီနည်းနည်းရအောင်လုပ်ပေးပါ့မယ်... ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက် ခဏတော့စောင့်ရမယ်... ကန်စွန်းဥနဲ့ပန်းပွင့်စိမ်းကတော့ ဒီနေ့မရသေးဘူး... မနက်ဖြန်မှနည်းနည်းထပ်ရမယ်''
''အဆင်ပြေပါတယ်... လောင်မာနဲ့ငါ တစ်ညစောင့်နိုင်တယ်'' ချန်ရှန်းဖေက ချင်လင်စကားကိုကြားလျှင် လုံးဝဂုဏ်ယူသွား၏။
ဘာပဲဖြစ်ဖြစ် ချင်လင်ကသူ့ကိုမျက်နှာသာပေးသည်လေ။
''ဟုတ်တယ်... ငါတို့တစ်ညလုံးစောင့်နိုင်တယ်'' မာလဲ့ဝမ်က ခေါင်းပြန်ညိမ့်ပြလိုက်၏။
သူနှင့်ချန်ရှန်းဖေက ပူးပေါင်းဆောင်ရွက်မည့်အကြောင်းဆွေးနွေးနေကြပြီး စာချုပ်အသစ်စရန်စီစဉ်နေကြသည်။ အတော်ကြာကြာလက်တွဲလုပ်ခဲ့ပြီးနောက် အသေးစိတ်ဆွေးနွေးခြင်း၊ လက်မှတ်ထိုးခြင်းသာ ကိစ္စတစ်ရပ်ဖြစ်သည်။ သူတို့ဘယ်နေရာရောက်နေနေ အတူတူပင်။ မြို့ထဲပြန်ပြီးလျှင် လက်မှတ်ထိုးကြရန်သာရှိ၏။
သို့သော် သူဒီပစ္စည်းကောင်းတချို့ကို ပြန်ယူသွားရမည်။ ဘာပဲဖြစ်ဖြစ်သူက အမြဲတမ်းအလုပ်များနေပြီး ဒီကိုနေ့တိုင်းမလာနိုင်ပေ။
သို့သော် တစ်ခုခုတွေးမိလိုက်သည်_ ''သူဌေးချင်... ဒီမှာကြိုတင်စာရင်းပေးထားလို့ရလား? ငါ့ကိုအဖွဲ့ဝင်ကတ်အရင်လုပ်ပေး... ငါယွမ်ငါးသိန်းအရင်ထည့်ထားမယ်''
''...'' ချင်လင်က ရုတ်တရက် ထိုစကားကိုနားမလည်နိုင်ဖြစ်သွား၏။
သူ့မှာကြိုတင်ဝန်ဆောင်မှု (သို့) ကတ်ဝန်ဆောင်မှုဟူ၍မရှိ။ ယွမ်ငါးသိန်းထည့်ထားဖို့ဆိုတာ မပြောနှင့်တော့။
သူ့တစ်သက်လုံးဆိုင်ပေါင်းများစွာသွားပြီး အဖွဲ့ဝင်ကတ်ပေါင်းများစွာလျှောက်ခဲ့ဖူးသော်လည်း ဘယ်တစ်ခုကမှ ယွမ် ၁၀၀၀ မကျော်ချေ။