ပြန်လည်ညှိနှိုင်းဖို့မဖြစ်နိုင်!
Vol. 4 Ch. 49
ကျန်းဟန်နှင့်လင်ချွန်းလန်ဝင်လာပြီးနောက် အမျိုးသားဖြစ်သူကျန်းဟန်က_ ''သူဌေးချင်လင်က ဘယ်သူလဲခင်ဗျ?''
''ကျွန်တော်ပါပဲ!'' ချင်လင်က သူတို့နှစ်ဦးကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ကျန်းဟန်က ချင်လင်ရှေ့သို့ခပ်သုတ်သုတ်လျှောက်လာပြီး_ ''သူဌေးချင်... ကျွန်တော်တို့က အရင်တစ်ခါဖြစ်ခဲ့တဲ့ကိစ္စကိုဆွေးနွေးဖို့ရောက်လာတာပါ... အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှားခဲ့ပါတယ်... ကျွန်တော်တို့ကိုခွင့်လွှတ်ပေးနိုင်မယ်မလား''
သို့နှင့်သူက သူ့ဇနီးကိုဆွဲခေါ်လိုက်ပြီး_ ''သူဌေးချင်ကို မြန်မြန်တောင်းပန်လိုက်''
လင်ချွန်းလန်က အလွန်ဂဏှာမငြိမ်ဖြစ်နေပြီး_ ''ကျွန်မတောင်းပန်ပါတယ်... ဒီကိစ္စကိုလွှတ်ပေးလို့ရမလား?''
ချင်လင်က ထိုအမျိုးသမီး၏ဝတ်ကျေတန်းကျေတောင်းပန်ပုံကိုကြည့်ရင်း အဓိပ္ပါယ်မရှိသလိုခံစားလိုက်ရပြီး_ ''မင်းဒီလိုပြောလိုက်တာနဲ့ ပြီးသွားမယ်ထင်လို့လား? ဒီလောက်လွယ်နေရင် ဥပဒေတွေဘာလို့ထားနေမှာလဲ?''
လင်ချွန်းလန်က ထိုစကားကြားလျှင် စိတ်ဆတ်သွားပြီး_ ''ရှင်ဘာလိုချင်တာလဲ? ကျွန်မတို့က မောင်ဝမ်းကွဲကို ယွမ်နှစ်သိန်းခွဲပေးလိုက်ရပြီးပြီ... ကျွန်မတို့အကြီးကြီးဆုံးရှုံးလိုက်ရပြီး သင်ခန်းစာရခဲ့ပြီးပြီ''
''အဲဒါ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ?'' ချင်လင်က ထိုအမျိုးသမီးကို ဟာသလာလုပ်နေသလိုခံစားလိုက်ရသည်။
လင်ချွန်းလန်က သူမတောင်းပန်သည်ကို ချင်လင်လက်မခံသောကြောင့် ဒေါသတကြီးနှင့်_ ''ရှင်ကဘာသဘောလဲ? ရှင်ငွေညှစ်ချင်တာနဲ့ ရဲခေါ်လိုက်တာမဟုတ်ဘူးလား? ဘယ်လောက်လိုချင်တာလဲ?''
ကျန်းဟန်က သူ့မိန်းမစကားကိုကြားလျှင် ထိတ်လန့်သွားပြီး_ ''သူဌေးချင်... သူပြောချင်တာ ဒီသဘေယမဟုတ်ပါဘူး!''
သူတကယ်စိတ်ဆင်းရဲနေပြီ။
အရင်ကသူ တရားဥပဒေနှင့်ပတ်သက်ပြီး ဗဟုသုတနည်းခဲ့သည်။ သူ့ဇနီးကိုစိတ်ထွက်ပေါက်ပေးရန် သူ့ညီဝမ်းကွဲကူညီပေးသည်မှာ ဘာမဟုတ်သည့်ကိစ္စလေးဟုထင်ခဲ့၏။ ဒီလိုတွေဖြစ်လာလိမ့်မည်ဟု ဘယ်ထင်ထားပါ့မလဲ? သူ့ညီဝမ်းကွဲ၏သုံးနှစ်လောက်လုပ်လာခဲ့သောအကောင့်ပင် တားမြစ်ခံလိုက်ရသည်။
ထို့အပြင် သူတို့ညီဝမ်းကွဲက သူတို့နှင့်စကားပြောထားသည်ကို အသံသွင်းထား၏။ မှန်မမှန်မေးလာခဲ့လျှင် သူ့ဇနီးကမှန်သည်ဟု အလိုက်သင့်ဖြေလိုက်မည်သာ။ ဒီကိစ္စအတွက်တာဝန်အလုံးစုံက သူတို့အပေါ်သာကျလာပေမည်။
အဓိကမှာ သူတို့ညီဝမ်းကွဲက သူတို့ကိုတရားစွဲပြီး လျော်ကြေးတောင်တောင်းလိုက်ခြင်းပင်။ မိသားစုတွင်းညှိနှိုင်းမှုကြောင့် သူတို့လင်မယားမှာ ညီဝမ်းကွဲကို အမှုရုတ်သိမ်းခိုင်းပြီး ယွမ်နှစ်သိန်းခွဲကျော်လျော်လိုက်ရသော်လည်း ရန်သူတွေပါဖြစ်သွားကြ၏။
သူက သူ့ဇနီးကိုခေါ်လာရခြင်းမှာ သူဌေးချင်နှင့်သီးသန့်ညှိနှိုင်းပြီး ကိစ္စကိုကြေအေးရန်ဖြစ်သည်။
မထင်မှတ်ဘဲ သူ့ဇနီးက မဟုတ်တမ်းတရားတွေလုပ်နေပြန်၏။ သူမမပြောရဲတာမရှိပါပေ။
လင်ချွန်းလန်က စိတ်မကြည်ပုံနှင့်_ ''ကျွန်မဆိုလိုတာ ဒီသဘောပဲ... ကျန်းဟန်... တစ်ဖက်လူက ရှင့်ညီဝမ်းကွဲလိုပဲ ငွေညှစ်ချင်နေတယ်ဆိုတာ မသိဘူးလား?''

သူ့မောင်ဝမ်းကွဲအား ယွမ်နှစ်သိန်းခွဲလျော်လိုက်ရသည်ကို သူမကလုံးဝမကျေနပ်နိုင်သေး။ ဒေါသတကြီးနှင့် ချင်လင်အပေါ်ပေါက်ကွဲလိုက်၏။
ချင်လင်က ဒေါသထွက်၍ဟားတိုက်လိုက်ပြီး_ ''ဒါဆိုကျွန်တော်ပြောမယ်... ကျွန်တော်ခင်ဗျားရဲ့ပိုက်ဆံကိုတကယ်မလိုချင်ဘူး... ခင်ဗျားကို ဥပဒေအတိုင်းတာဝန်ယူပေးတာပဲ ဖြစ်စေချင်တယ်... ကလေးကအမှားလုပ်ထားတာ မိခင်အနေနဲ့မဆုံးမဘူးဆိုရင် ကျွန်တော်ကပဲ လူ့အသိုင်းအဝိုင်းကိုယ်စား ပညာပေးရလိမ့်မယ်... ခင်ဗျားရဲ့ကလေးအတွက် ခင်ဗျားကအကောင်းဆုံးအမှားသင်ခန်းစာဖြစ်ပါစေ''
''ဘယ်လိုဟာတွေလဲ? ချန်တပေ... သူတို့ကိုမောင်းထုတ်လိုက်''
သူကတစ်ဖက်လူနှင့်ကြေအေးရန် မတွေးခဲ့ဖူး။
လူ့အဖွဲ့အစည်းထဲမှာ ကောလာဟလတွေ၊ နာမည်ဖျက်တာတွေကြောင့် စိတ်ဓာတ်ကျပြီးသတ်သေဖို့ရွေးချယ်ခဲ့ကြတဲ့သူတွေ ဘယ်လောက်တောင်များရှိသွားပြီလဲ?
ဒီလူတွေက ကောလာဟလပြော၊ နာမည်ဖျက်ပြီး လူတစ်ယောက်ကို လျှာဖျားလေးနှင့်ချောက်ထဲကျအောင်လုပ်နိုင်သည်။ တကယ်လို့ အခြေအနေသာတစ်မျိုးဖြစ်ခဲ့လျှင် သူကဤသို့ပြန်လှန်နိုင်မည်မဟုတ်ချေ။ သို့ဖြစ်လျှင် သူဝယ်ထားသောပန်းပင်လယ်မှာ ပစ်ရပေလိမ့်မည်။ သူလည်းဖျက်မရသည့် အမဲစက်ထင်ကျန်သွားပေမည်။
ထိုအချိန်တွင် တစ်ဖက်လူက ခပ်ချေချေတောင်ဖြစ်ရင်ဖြစ်နေဦးမည်။
အခုတော့ သူများနာမည်ဖျက်၊ ကောလာဟလလွှင့်ထားတဲ့သူက သီးသန့်ညှိနှိုင်းချင်တယ်တဲ့။ ဘယ်လိုလုပ်ဒီလောက်လွယ်မှာလဲ?
ချန်တပေက သူ့သူဌေးစကားကြားသည်နှင့် တုံ့ဆိုင်းမနေ။ အစောင့်တချို့နှင့်ရှေ့တိုးသွားပြီး ထိုစုံတွဲကိုနှင်ထုတ်လိုက်သည်။
သို့သော် လင်ချွန်းလန်က ခေါင်းမာမာနှင့်ပြောလိုက်သေး၏_ ''ဟေး... သူတော်ကောင်းယောင်ဆောင်မနေနဲ့... ရှင်ဘယ်လောက်လိုချင်တာလဲ?''
''တော်လောက်ပြီ!'' ချန်တပေက မနေနိုင်ဘဲအော်လိုက်တော့သည်_ ''ဒီမှာအမျိုးသမီး... ခင်ဗျားဉာဏ်ကောင်းတယ်မလား? ကျုပ်တို့သူဌေးက ဒီပန်းပင်လယ်ဆောက်ဖို့ ဘယ်လောက်ကုန်ထားတာလဲ သိလား? ဒီနေ့ကျုပ်တို့စံအိမ်ရဲ့ဝင်ငွေက ယွမ်နှစ်သိန်းနီးနီးရှိတယ်... ခင်ဗျားတို့မိသားစုရဲ့ပိုက်ဆံလောက်ကို အရေးစိုက်နေမလား?''
''ကျုပ်တို့သူဌေးက ကြေအေးချင်စိတ်မရှိဘူး... တရားရုံးကပြစ်ဒဏ်ချတာသာ စောင့်နေပေတော့! ခင်ဗျားက ခင်ဗျားရဲ့ပါးစပ်ပုပ်ကိုမထိန်းနိုင်ဘူးပဲ''
သို့နှင့်ချန်တပေက အစောင့်တချို့ကိုညွှန်ကြားလိုက်သည်_ ''သူတို့ကိုနှင်ထုတ်လိုက်... ဒါမှမသွားသေးရင် ရဲခေါ်ပြီးမောင်းထုတ်''
ချန်တပေစကားတို့မှာပြင်းထန်သော်လည်း ထိုစုံတွဲ၏အမူအရာကို သိသိသာသာညှိုးကျသွားစေ၏။ အထူးသဖြင့် စံအိမ်တစ်နေ့ဝင်ငွေမှာ ယွမ်နှစ်သိန်းနီးနီးရှိသည်ဟုကြားလိုက်ရခြင်းပင်။ ဤသည်မှာ သူတို့မိသားစု ချန်လင်ကိုလျော်လိုက်ရသည့်ပမာဏနီးနီးဖြစ်လေသည်။ ဒီလိုရှုခင်းသာနေရာမျိုးကဝင်ငွေကောင်းတာလည်း အားလုံးအသိ။
ကျန်းဟန်မှာ လုံးဝရင်တုန်သွား၏။ ဆိုလိုတာက တစ်ဖက်လူမှာ လုံးဝညှိနှိုင်းလိုသည့်ဆန္ဒမရှိခြင်းပင်။ တရားရုံးကအမှန်ပင် သူ့ဇနီးကိုထောင်ဒဏ်ချလိမ့်မည်။
အဓိကက သူ့ဇနီးထောင်ဒဏ်ချခံရလျှင် အမဲစက်ထင်ကျန်ခဲ့လိမ့်မည်။ နောင်တွင် သူ့ကလေးအပေါ်၌ပင် သက်ရောက်နိုင်လေသည်။
ကျန်းဟန်က စိတ်ပူသွား၏။ သူကသူ့ဇနီးကိုဆွဲခေါ်ပြီး ချင်လင်ဆီသွားချင်သော်လည်း အစောင့်များကတားမြစ်ထားသည်။
''တောင်းပန်ပါတယ်... သူဌေးချင်ကိုတွေ့ခွင့်ပေးပါ... ကျွန်တော်တို့တကယ်မှားသွားပါတယ်'' ကျန်းဟန်က လုံခြုံရေးအစောင့်များကိုတောင်းပန်ပြီး ဇွတ်ဝင်ရန်ကြိုးစားလိုက်၏။
လုံခြုံရေးအစောင့်များက ထိုစုံတွဲကိုလျစ်လျူရှုထားလိုက်သည်။ သူတို့ကလည်း အလုပ်ပြုတ်မခံချင်ပေ။ ထိုစုံတွဲကထွက်မသွားဘဲ အတင်းဝင်ရန်ကြိုးစားတော့မှ သစ္စာရှိအစောင့်တစ်ဦးက ချန်တပေ၏အမိန့်အတိုင်း သူ့ဖုန်းကိုထုတ်ကာ ရဲခေါ်လိုက်လေသည်။
မကြာမီ ရဲများရောက်လာပြီး စိတ်ဂယောက်ဂယက်ဖြစ်နေသောစုံတွဲကို ဆွဲခေါ်သွားလိုက်တော့၏။
ခန်းမထဲတွင်_

ကျောက်မိုချင်းက အဝေးမှရဲကားအချက်ပေးသံကိုနားထောင်ရင်း မျက်မှောင်နည်းနည်းကြုတ်လိုက်သည်_ ''ချင်လင်... အဲဒီစုံတွဲက ဘာတွေကြံစည်နေတယ်ထင်လဲ? သူတို့က ကလေးကမှားတယ်ဆိုရင် တောင်းပန်ပြီးအလျော်ပေးနိုင်ရဲ့သားနဲ့... ယွမ်လေးငါးရာလောက်ပဲမလား?''
ချင်လင်ကပြုံးပြီး ကျောက်မိုချင်းအား_ ''ဒါကြောင့် ယောက်ျားတစ်ယောက်က မယားကောင်းကိုရဖို့အရေးကြီးတာ... လူရွေးမှားခဲ့ရင် အိမ်မှာအေးအေးဆေးဆေးနေရမှာမဟုတ်ဘူး... ပြဿနာတွေတသီတတန်းကြီးနဲ့ ဒုက္ခပင်လယ်ဝေနေမှာ... မတော်တဆ အဲလိုယုတ္တိမရှိတဲ့မိန်းမမျိုးရခဲ့ရင် သေချာပေါက်ဒုက္ခရောက်ပြီပဲ... လူတိုင်းကမင်းလို နားလည်မှုရှိပြီး ဉာဏ်ကောင်းတယ် မွန်မြတ်တယ်များထင်နေလား?'
ကျောက်မိုချင်းမှာ ချင်လင်ကစကားပြောနေရင်း သူမကိုချီးကျူးလိမ့်မည်ဟုမထင်ထားပေ။ သူမကရှက်ရှက်နှင့် သူ့လက်မောင်းကိုဆွဲလိမ်လိုက်ပြီး_ ''လူတကာကြည့်နေတာ!''
သူ့နံဘေးမှ ကောင်းယောင်ယောင်တို့အုပ်စုမှာ ချက်ချင်းခေါင်းလေးတွေငုံ့၍ အသည်းအသန်သန့်ရှင်းရေးလုပ်နေဟန်ဆောင်လိုက်ကြ၏။
မထင်မှတ်ဘဲ သူဌေးလူမိသွားပြီး ဟန်ဖို့နေလိုက်သည်။
ထိုအချိန်တွင် ကျောက်မိုချင်းက ရုတ်တရက်ကောင်းယောင်ယောင်အား_ ''ယောင်ယောင်... စံအိမ်ရဲ့တရားဝင် Tiktok အကောင့်က မနက်ဖြန်အတည်ပြုရတော့မယ်... အစ်မမနက်ဖြန်နေ့လယ်ဟန်ဝတ်စုံငှားခဲ့မယ်... ရှေးခေတ်ပန်းပင်လယ်ပုံစံကြော်ငြာဗီဒီယိုရိုက်မလို့ ဝင်ပါပေးဦး''
''ဟုတ်ကဲ့ အစ်မမိုချင်း'' ကောင်းယောင်ယောင်က ချိုချိုသာသာပြန်ဖြေလိုက်သည်။
ဤသုခဘုံတောင်တန်းစံအိမ်တွေမှာ အလွန်ကျော်ကြားသည်။ သူမက ကြော်ငြာဗီဒီယိုတွေအတွက် အစကတည်းကမော်ဒယ်ဖြစ်ခဲ့၏။ သူမကိုယ်ပိုင်အကောင့်ကိုလည်း လူများစွာလိုက်ကြည့်နေကြသည်။ သူမတွင်ပရိသတ် ၂၀၀၀ ကျော်သာရှိသော်လည်း နဂိုကပရိသတ်ခုဂဏန်းသာရှိခဲ့သည့်သာမန်လူတစ်ဦးအနေနှင့် အလွန်ပျော်ရွှင်ရလေသည်။
''မိုချင်း... ဘာလို့အလုပ်ထွက်ပြီး ကိုယ့်ကိုမကူရတာလဲ? ကိုယ့်မှာဘဏ္ဍာရေးဌာနလိုအပ်လာပြီ'' ချင်လင်က အခွင့်အရေးယူပြီး ကျောက်မိုချင်းကိုအကြံပြုလိုက်၏။
စံအိမ်ပိုကြီးလာသည်နှင့်အမျှ စီမံခန့်ခွဲရသည့်ပြဿနာပိုများလာသည်။
အထူးသဖြင့် ဘဏ္ဍာရေးဘက်မှဖြစ်လေသည်။ သူကတရားဝင် မည်သူ့ကိုမှမခေါ်ရသေး။ အရင်ဆုံး သင့်တော်မည့်သူမရှိသေးသည်ကတစ်ကြောင်း ဒုတိယအနေနှင့် ယုံကြည်စိတ်ချရဖို့လိုသည်ကတစ်ကြောင်းကြောင့်ဖြစ်သည်။ သူ့အကျိုးအမြတ်အတော်များများမှာ အရင်းအနှီးမလိုဘဲ ဂိမ်းထုတ်ကုန်များကိုရောင်းဝယ်ခြင်းမှရ၏။ အခွန်ဆောင်မည်ဆိုပါက အကောင့်များလုပ်ရပေမည်။ အကယ်၍ လျှို့ဝှက်လှုပ်ရှားတတ်သူကိုအလုပ်ခန့်မိပါက ဒုက္ခရောက်ပေလိမ့်မည်။
ကျောက်မိုချင်းမှာ အခွန်ဌာနတွင်လုပ်ကိုင်နေသူဖြစ်၍ အသင့်တော်ဆုံးသူဖြစ်သည်။
''အာ.. ကောင်းပါ့မလား?'' ကျောက်မိုချင်းက မျက်မှောင်ကြုတ်လိုက်၏။
ချင်လင်ကချက်ချင်းပင်_ ''ဘာဖြစ်လို့လဲ? မင်းကကိုယ့်ဇနီးပဲဟာ... စံအိမ်ကလည်း မင်းနဲ့ကိုယ်ပိုင်တာ... လင်နဲ့မယား စီးပွားအတူတူထောင်ကြတာ ဘာမှားလို့လဲ?''
ကောင်းယောင်ယောင်တို့မှာ အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့ကထပ်ပြီး အချက်ပြလိုက်ပြန်၏။
သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခန်းမထဲတွင်ငြိမ်သက်သွားသည်။ သူဌေးက ချစ်ပြလို့မပြီးတော့ဘူး။
ကျောက်မိုချင်းက ကောင်းယောင်ယောင်တို့အမူအရာကိုရိပ်မိလျှင် ချင်လင်ကိုထပ်ဆွဲဆိတ်လိုက်ကာ_ '' ကျွန်မပြောတာ အဲဒါမဟုတ်ဘူး... ကျွန်မတကယ်ရှင့်ကိုကူပြီး ကျွန်မတို့ကိုယ်ပိုင်စီးပွားရေးကိုလုပ်ချင်တယ်... ဒါပေမဲ့လက်ရှိကျွန်မအလုပ်က ကျွန်မဦးလေးရဲ့ကျေးဇူးကြောင့်လေ... ကျွန်မအလုပ်လုပ်တာမှ တစ်နှစ်ပဲရှိသေးတယ်... တန်းထွက်လို့ကောင်းပါ့မလား?''
ချင်လင်ကပြုံး၍_ ''မိုချင်း... တို့စံအိမ်ကနောက်လဆို သေချာပေါက်အခွန်တွေအများကြီးဆောင်ရတော့မှာ... နောက်ဆိုအခွန်ဌာနနဲ့ တောက်လျှောက်ဆက်သွယ်ရတော့မယ်... မင်းရဲ့ဦးလေးစိတ်မကောင်းဖြစ်မှာစိုးလို့လား? အဲဒီအစား မင်းအလုပ်ထွက်မယ့်အကြောင်း ကြိုအသိပေးထားသင့်တယ်''
''ဟေး.. မင်းကိုဉာဏ်ကောင်းတယ်လို့ပြောရုံရှိသေး... တုံးသွားပြန်ပြီ''
ကျောက်မိုချင်းက နောက်ဆုံးစကားကိုကြားလျှင် လုံးဝမကျေမနပ်ဖြစ်သွားကာ ချင်လင်ကိုထပ်ဆွဲဆိတ်လိုက်ပြီး_ ''ကျွန်မကို တုံးတယ်လို့ပြောတယ်ပေါ့''
သူမက ချင်လင်ဆိုလိုသည်ကိုနားလည်သည်။ သူမထွက်လာလျှင် တစ်နေရာစာလွတ်မည်။ သူမဦးလေးကိုကြိုပြောလိုက်လျှင် သူအစီအစဉ်ဆွဲချင်ပါက မျက်နှာသာပေးနိုင်မည်။
နောက်ပြီး စံအိမ်လက်ရှိအခြေအနေနှင့် အခွန်အခနည်းမည်မဟုတ်။ လက်ရှိအခြေအနေနှင့်တွက်လျှင်ပင် ရုံချန်းစီရင်စုတွင် အခွန်ကြေးမြင့်ကုမ္ပဏီဖြစ်နေပြီ။
''ဒါဆို ကျွန်မအရင်ပြန်ပြီး ဦးလေးကိုနှုတ်ဆက်ဦးမယ်'' ကျောက်မိုချင်းက အပြန်အလှန်စဉ်းစားပြီးမှပြောလိုက်၏။
အမျိုးသမီးတစ်ဦးအနေနှင့် သူမခင်ပွန်းနှင့်အတူတူဒိုးတူပေါင်ဖက်လုပ်ပြီး အတူတူရင်ဆိုင်ကာ အပြည့်အဝထောက်ပံ့ပေးရမည်။ သို့မှသာ ကောင်းမွန်သောဘဝတစ်ခုကို ဦးတည်နိုင်မည်ဖြစ်ပေသည်။