← Chapters

ဇာတ်ကောင်အဆင့်တက်ပြန်ပြီ!

Vol. 4 Ch. 50

ဇာတ်ကောင်အဆင့်တက်ပြန်ပြီ!

Vol. 4 Ch. 50

ရှန်းရွှေလက်ဆောင်ဆန်!

တဖြည်းဖြည်းညဉ့်နက်လာသည်။

စံအိမ်ထဲတွင် ရွက်ဖျင်တဲငှားပြီး စခန်းချသူစုံတွဲတချို့မှလွဲ၍ ချင်းလင်စံအိမ်ထဲတွင် ဧည့်သည်မရှိတော့ချေ။

ချင်လင်က လျှပ်စစ်ဆိုင်ကယ်ကိုမောင်း၍ ကျောက်မိုချင်းကိုတင်ကာ စံအိမ်အပြင်မောင်းထွက်လာခဲ့သည်။

တရွေ့ရွေ့နှင့် အောက်တိုဘာလလယ်ရောက်ခဲ့ပြီ။ ညဘက်ဆိုင်ကယ်စီးလျှင် နည်းနည်းအေးလာပြီဖြစ်သည်။ ကျောက်မိုချင်းကအေးသလိုခံစားရ၍ ချင်လင်နောက်ကျောကိုမှီကာ တင်းတင်းကြပ်ကြပ်ဖက်လိုက်၏။

''မိုချင်း... ကားအရင်ဝယ်ရအောင်... ဘယ်ကားမျိုးကြိုက်လဲ?'' ချင်လင်လည်း နည်းနည်းအေးသလိုဖြစ်လာသည်။

ခဏအကြာတွင် အမှန်ပင်အေးလာသည်။ လျှပ်စစ်ဆိုင်ကယ်နှင့်အပြင်ထွက်ရသည်မှာ ဒုက္ခခံနေရသလိုပင်။

အရင်က အခြေအနေမပေးခဲ့၍သာ။ အခုတော့ အခြေအနေပေးပြီဖြစ်၍ ကျောက်မိုချင်းကိုထပ်မခံစားရစေချင်ပေ။

''ရှင့်စံအိမ်အကြွေးတွေတောင် မဆပ်ရသေးဘူး... ရှင်က ရွက်လွင့်မယ့်အစီအစဉ်စလုပ်နေပြီ... ပိုက်ဆံလောက်လို့လား? ဘာလို့မကြွေးကြေမှမဝယ်တာလဲ? ကျွန်မတို့ဂုဏ်ရှိဖို့အတွက်တော့ ကားဝယ်ဖို့မလိုပါဘူး'' ကျောက်မိုချင်းကပြန်ပြောလိုက်သည်။ ချင်လင်စံအိမ်လုပ်ငန်းစဖို့ အကြွေးယွမ်သန်းချီတင်ခဲ့တာ သူမသိသည်။ အခုသူက ရွက်လွင့်မည့်အစီအစဉ်လုပ်နေသည်ကလည်း အကုန်အကျများဦးမည်။

ချင်လင်၏စံအိမ်မှာ အရှိန်ရကာစရှိသေး၍ ထိုပိုက်ဆံကိုသုံးပစ်လိမ့်မည်ဟုသာ ထင်ထားသည်။

ချင်လင်က အရင်းအနှီးမလိုဘဲ အရောင်းအဝယ်လုပ်နေသည်ကိုလည်းကောင်း၊ ချင်လင်အကြွေးလုံးဝမရှိသည်ကိုလည်းကောင်း သူမမသိပါချေ။

သို့သော် ထိုစိတ်ရင်းမှန်နှင့်စကားများက ချင်လင်ကိုပျော်ရွှင်စေ၏။ အနှောင့်အယှက်ပေးသောမိန်းမများနှင့်စာလျှင် ကျောက်မိုချင်းမှာ ဘုးရားပေးသောဆုလဒ်တစ်ခုပင်။

ကျောက်မိုချင်းကို အရှေ့ပိုင်းမြို့တော်မှမင်းယွမ်နယ်ထဲပို့ပြီး အိမ်ပေါ်တက်သွားသည်အထိကြည့်ပြီးမှ ချင်လင်ကအေးအေးဆေးဆေးပြန်လာခဲ့သည်။

ကျောက်မိုချင်းကစိတ်ပျော်ရွှင်နေသဖြင့် အပေါ်တက်ရင်း သီချင်းလေးညည်းသွားလိုက်၏။

ချင်လင်က တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ကတိခိုင်မာလာသဖြင့် သူမကိုလုံးဝစိတ်သက်သာရာရစေလေသည်။

အရင်က သူမတိတ်တိတ်လေးအိမ်ထောင်စုစာရင်းယူကာ ချင်လင်နှင့်လက်ထပ်ခဲ့ခြင်းမှာ ချင်လင်ကိုအမှန်တကယ်ချစ်မြတ်နိုး၍ဖြစ်ပြီး သူနှင့်အတူရင်ဆိုင်ကာ လှပသောအနာဂတ်တည်ဆောက်နိုင်မည်ဟုယုံကြည်သောကြောင့်ပင်။

အခုတော့ အားလုံးအဆင်ပြေလာခဲ့ပြီ။

ချင်လင်မှာ ဤကဲ့သို့အခြေအနေမျိုးရှိလာပြီဖြစ်၍ ချင်လင်နှင့်လက်ထပ်လျှင်ဒုက္ခရောက်မည်ဟု သူမမိဘများပူပင်ရန်မလိုတော့ချေ။

အိမ်ပြန်ရောက်သောအခါ သူ့မိခင်နှင့်ယောက်မက အလွန်ပြဇာတ်ဆန်သောကိုးရီးယားကို ထိုင်ကြည့်နေကြသည်။ မိုးမျှော်တိုက်ထဲတွင် လက်စားချေသည့်ဇာတ်ဝင်ခန်းဖြစ်ပုံရ၏။

''အရမ်းနောက်ကျနေပြီ... ချင်လင်နဲ့တွဲနေပြန်ပြီလား?'' ချန်ရှောင်းက သူ့သမီးပြန်လာသည်ကိုမြင်သည်နှင့် တန်းမေးလိုက်သည်။

''အမေ... ဒီညအရမ်းလှနေပါလား... နည်းနည်းတောင်ငယ်သွားသလိုပဲ'' ကျောက်မိုချင်းကချက်ချင်းပြန်ပြောလိုက်၏။

''ဝေ့လည်ကြောင်ပတ်လုပ်ပြန်ပြီ'' ချန်ရှောင်းက စိတ်တိုတိုနှင့်_ ''မနက်ဖြန်ရုံးပိတ်ရက် အန်တီလျှိုတို့အိမ်လိုက်ခဲ့ပေးဦး... သူ့မွေးနေ့လေ''

''အမေ... အန်တီလျှိုမွေးနေ့ကို ကိုယ့်ဘာသာသွားလို့ရတယ်လေ... သမီးမနက်ဖြန်လုပ်စရာရှိသေးတယ်'' ကျောက်မိုချင်းက ပြောပြီးသည်နှင့် သူမအခန်းထဲလှစ်ခနဲဝင်သွားလိုက်သည်။

အန်တီလျှိုမှာ ပြန်ရောက်နေတဲ့သားရှိတယ်ဆိုတာ သူမမသိဘဲနေမလား? သူမမိခင်က ချင်လင်နှင့်မတွေ့အောင်စောင့်ကြပ်နေပုံမှာ သူခိုးကိုစောင့်နေသလိုပင်။ သူမက ချင်လင်နှင့်တိုင်ပင်ပြီး သူမတို့အကြောင်းဖွင့်ပြောပြသင့်ပြီဟု တွေးမိလိုက်သည်။



ခန်းမထဲတွင်_

ချန်ရှောင်းက ကျောက်မိုချင်းတံခါးပိတ်လိုက်သည်ကိုမြင်ပြီး ဒေါသထွက်ထွက်နှင့် လီကျားဝမ်ကိုကြည့်ကာ_ ''သူမနက်ဖြန် ချင်လင်နဲ့သွားတွေ့မှာသေချာတယ်... သူ့ယောက်မလုပ်နေပြီး သူ့ကိုဘာမှမပြောတော့ဘူးလား? ချင်လင်ကမကောင်းလို့မဟုတ်ပါဘူး... ဒါပေမဲ့ သူ့ယောက်မတစ်ယောက်အနေနဲ့ သူဒုက္ခရောက်တာ မြင်ချင်လို့လား?''

''အမေ... မိုချင်းအရင်တစ်ခေါက်က ကျွန်မကိုပန်းပင်လယ်လက်မှတ်တွေပေးထားတာရှိတယ်... ကျွန်မသူငယ်ချင်းတွေနဲ့ချိန်းပြီး မနက်ဖြန်ပန်းပင်လယ်သွားကြည့်မလို့... ကျွန်မသူငယ်ချင်းကအသံမက်ဆေ့ချ်ပို့ထားတာ'' လီကျားဝမ်က ဖုန်းကောက်ကိုင်ပြီး စကားပြောချင်ယောင်ဆောင်လိုက်၏။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူနှင့်ကျောက်မိုချင်းမှာသက်တူရွယ်တူဖြစ်၍ သူ့ယောက်မ၏ခံစားချက်ကိုနားလည်သည်။

အဓိကအကျဆုံးမှာ သူ့ယောက်မကြောင့်ပင်၊ သူမလည်းချင်လင်ကိုစိတ်ဝင်စား၏။ မိသားစုအခြေအနေကိုထည့်မတွက်လျှင် ချင်လင်မှာတကယ်တော်သည့်သူဖြစ်သည်။

…

ချင်လင်အိမ်ပြန်ရောက်သောအခါ သူ့မိခင်က ဝမ်ချိုင်ကိုဖက်၍ ခွေးဇာတ်ခင်းတီဗွီဇာတ်လမ်းတစ်ခုကိုကြည့်နေသည်။ သူကဇာတ်လမ်းခေါင်းစဉ်ကိုကြည့်လိုက်ပြီး မိုးမျှော်တိုက်ထဲတွင် ဇာတ်လမ်းဆန်ဆန်ဇာတ်ကွက်တစ်ခုပြောနေပုံရ၏။

အခုတလော ထိုဇာတ်ဆန်သောဇာတ်လမ်းမှာ အလွန်နာမည်ကြီးနေပုံရပြီး အသက် ၃၀ မှ ၅၀ အရွယ်အမျိုးသမီးများကြားတွင် အလွန်ရေပန်းစားနေလေသည်။

''ပြန်လာပြီလား?'' လင်းဖန်က သူ့သားပြန်လာသည်ကိုမြင်လျှင် တီဗွီကိုပိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။

ဝမ်ချိုင်ကသူ့ဆီပြေးလာပြီး လှည့်ပတ်နေသည်။

''အမေ... ဒီနေ့ဘယ်လိုနေသေးလဲ?'' ချင်လင်ကပြုံး၍မေးလိုက်သည်။

''ငါကျန်းမာရေးကောင်းတယ်... စိတ်မကောင်းဘူး!'' လင်းဖန်ကငေါ့လိုက်၏။

ချင်လင်ကတစ်ခဏမျှကြောင်သွားပြီး မေးလိုက်သည်_ ''အမေ... ဘာဖြစ်နေတာလဲ? ဘယ်သူကစိတ်ညစ်အောင်လုပ်တာလဲ? ဝမ်ချိုင်လား?''

''ဝူးဝူးဝူး!'' ဝမ်ချိုင်ကချက်ချင်းအော်ပြီး ခုန်လိုက်၏။ သူမဟုတ်ကြောင်းရှင်းပြနေချင်သည့်ပုံပင်။

လင်းဖန်ကထေ့လိုက်သည်_ ''ဝမ်ချိုင်ကိုလွှဲမချနဲ့... ငါ့ကိုစိတ်ညစ်အောင်လုပ်တာမင်းပဲ... လူဆိုတာ တစ်နေကုန်အိမ်ထဲမှာ လှောင်ပိတ်မနေနိုင်ဘူး သိလား? အပြင်ထွက်ပြီး သင့်ကြောင်းသင့်ရာလေးလုပ်ရမယ်... ဒီလိုမှမဟုတ်ရင် အထဲမှာပဲနေပြီး ချိနဲ့သွားမှာပေါ့... ငါကမင်းရဲ့ဒုတိယအဒေါ် အန်တီလင်းတို့နဲ့မတူဘူး... သူများက ဂရုစိုက်စရာကလေးရှိသေးတယ်...''

''အမေ... တော်ပါတော့... မနက်ဖြန်စံအိမ်ကိုသွားခွင့်ပေးမယ် ဟုတ်ပြီလား?'' ချင်လင်က သူ့မိခင်အကွက်ကိုကြိုမြင်နေသည်။

သူမရပ်မည်မဟုတ်ချေ။

လွန်ခဲ့သောလများက သူ့မိခင်ကို အရည်အသွေး ၂ သဘာဝကကတစ်ငါးများကျွေးခဲ့သည်။ အရည်အသွေး ၂ ကြောင့် သူ့မိခင်ကျန်းမာရေးအခြေအနေကို နည်းနည်းပြန်ထူထောင်နိုင်ခဲ့၏။ သူမစိတ်ချမ်းသာသရွေ့တော့ စာရင်းသွင်းဖို့လုပ်ခွင့်ပြုရပေမည်။

သူမရည်ရွယ်ချက်အောင်မြင်သွားသဖြင့် လင်းဖန်ကကျေနပ်သွားပြီး တီဗွီဇာတ်လမ်းပြန်ဖွင့်ကာကြည့်နေလိုက်သည်။

ချင်လင်ကရေမိုးချိုး၍ အခန်းထဲဝင်လိုက်၏။ ရေခြောက်အောင်သုတ်နေစဉ် သူ့စိတ်ထဲတွင်အသိပေးစာဝင်လာသည်။

သူကချက်ချင်း သူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကို ကြည့်လိုက်၏။ နောက်ထပ်သီးနှံမှည့်လာပြီ။

မြေကွက် ၆ ကွက်မှာ ဂိမ်းထဲတွင်ရွှေပြားရအောင်ရောင်းရန် အထူးသုံးထားသည်။ ရင့်မှည့်ချိန်မှာ တခြားမြေကွက် ၂၄ ကွက်နှင့်မတူဘဲ နောက်ကျ၏။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို ၄င်းမြေကွက် ၆ ကွက်မှရုံးပတီသီးများကိုခူးစေပြီး ဂိမ်းထဲတွင်ရောင်းလိုက်သည်။ သူကမျိုးစေ့အသစ်စိုက်ပြီးရုံရှိသေး စနစ်မှအသိပေးစာထပ်ဝင်လာ၏_ ''ဇာတ်ကောင်အဆင့်မြင့်ပြီး!''

သူအဆင့်ထပ်တက်သွားပြန်ပြီ!

ချင်လင်ကဝမ်းသာသွားပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို ချက်ချင်းကြည့်လိုက်၏။

အဆင့်တက်ပြီးသော် နောက်ထပ်မြေကွက် ၆ ကွက်ပွင့်သွားသည်။ တစ်ချိန်တည်းမှာပင် မြေကွက် ၆ ကွက်က အဆင့် ၂ ဖြစ်သွား၏။



တစ်နည်းဆိုရသော် အဆင့် ၁ မြေကွက်အရေအတွက်မပြောင်းလဲသော်လည်း အဆင့် ၂ မြေကွက် ၆ ကွက်ထပ်ရလိုက်သည်။

ထို့အပြင် အဆင့် ၁ လယ်ကွက်ထပ်ဖွံ့ဖြိုးလာ၏။

ဤသည်ကြောင့် ချင်လင်ကြောင်သွားသည်။

လယ်ကွက်?

ဒီပုံစံအသစ်မှာ ဒါရှိတာလား?

အရင်ပုံစံမှာ လုံးဝမရှိပေ။

ချင်လင်က တုံ့ဆိုင်းမနေ။ သူကဂိမ်းဇာတ်ကောင်ကို အသစ်ပွင့်သောမြေကွက် ၆ ကွက်အား ဖွံ့ဖြိုးအောင်လုပ်စေလိုက်သည်။ ထို့နောက် ထိုမြေကွက် ၆ ကွက်ကို အဆင့် ၁ မှ ၂ သို့ ချက်ချင်းအဆင့်မြှင့်လိုက်၏။

လွန်ခဲ့သောလများက နေ့တိုင်းဂိမ်းထဲတွင် ရုံးပတီသီး ၆ ကွက်ကိုရောင်းခဲ့သည်။ သို့ကြောင့် မြေကိုအဆင့်မြှင့်ရန် ရွှေပြားအလုံအလောက်ရှိ၏။

အဆင့် ၂ နယ်မြေမြှင့်ပြီးနောက် သူကစတော်ဘယ်ရီမျိုးစေ့ကိုတန်းစိုက်ထားလိုက်သည်။

ယခုခရီးသည်ပိုများလာပြီဖြစ်၍ အရည်အသွေး ၁ စတော်ဘယ်ရီ တစ်နေ့ကတ်တီ ၆၀၀ မှာမလုံလောက်။ ခရီးသည်အတော်များများက အနည်းနှင့်အများဝယ်ကြပေမည်။ ထို့အပြင် အရသာလည်းရှိသောကြောင့် တချို့ခရီးသည်များက အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားကြဦးမည်။ ဤသည်ကြောင့် ခရီးများမှာ ဝယ်ချင်လျှင်တောင်မဝယ်နိုင်ဖြစ်ရပေသည်။

လက်ရှိသူ့တွင် အဆင့် ၂ နယ်မြေ ၆ ကွက်တိုးလာပြီဖြစ်သဖြင့် မနက်ဖြန်အရည်အသွေး ၁ စတော်ဘယ်ရီကတ်တီ ၆၀၀ ပိုထွက်လာမည်။ သူ့ဝင်ငွေလည်း ယွမ် ၂၅၀၀၀ ပိုတိုးလာပေမည်။

ထို့နောက်ချင်လင်က ဂိမ်းဇာတ်ကောင်အား အဆင့် ၁ လယ်ကွက်ကိုဖွံ့ဖြိုးအောင်လုပ်စေပြီး သတ္တုမြို့တော်မှမျိုးစေ့သွားဝယ်စေလိုက်သည်။ အမှန်ပင် မျိုးစေ့အချို့ကိုတွေ့လိုက်ရ၏: ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်း စသဖြင့်။

အခုသူ့မှာ သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် ပင်လယ်စာများရှိနေပြီ။ ဒီတော့ အဓိကစားပွဲကိုလည်း ဖန်ရတော့မည်လား?

ထို့အပြင် ဆန်စျေးမှာ အလွန်စျေးကောင်းလာပုံရသည်။ တစ်ကတ်တီ ၄ ယွမ်ပင်ကျော်လာပြီဖြစ်၏။

သို့သော် မျိုးစေ့အသစ်များကြည့်ရင်း အံ့သြဖွယ်တစ်ခုကိုတွေ့လိုက်ရသည်:

(ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့: အရည်အသွေး ၁)

(အထူးဆန်မျိုးစေ့ဖြစ်သည်။ ကြာရှည်သုတေသနပြုပြီးနောက် တသမတ်တည်းကောင်းလာသော အထူးအမျိုးအစားဖြစ်သည်။ အပင်စိုက်ပြီးလျှင် ရှန်းရွှေလက်ဆောင်ဆန်ကို ရိတ်သိမ်းနိုင်သည်! ဂိမ်းမှထူးကဲဖန်တီးထား၍ ရာသီမရွေးစိုက်ပျိုးနိုင်သည်။ မျိုးပြောင်းလဲနိုင်သည်။ ပတ်ဝန်းကျင်အခြေအနေလိုက်၍ ပြောင်းလဲနိုင်သည်။

(ကန့်သတ်ချက်: ဂိမ်းမျိုးစေ့)

ရင့်မှည့်သက်တမ်း: ၁၂ နာရီ)

ရှန်းရွှေလက်ဆောင်ဆန်?

ချင်လင်တကယ်အံ့အားသင့်သွားသည်။

သာမန်ဆန်မျိုးမှာ တစ်ကတ်တီ ၂ ယွမ်မှ ၄ ယွမ်အထိသာရှိသော်လည်း တချို့ထိပ်တန်းဆန်စျေးမှာ သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။ ဥပမာ_

ကျင်းရန်ဆန် _ တစ်ကတ်တီ ယွမ် ၈၄၀၀

နှစ်တစ်ထောင်ဆန် _ တစ်ကတ်တီ ယွမ် ၆၉၀၀

အိုဒင်ပါးနီဆန် _ တစ်ကတ်တီ ယွမ် ၂၀၀၀

မြောက်ပိုင်းသဲကန္တာရမှအကြီးအကဲဆန် _ တစ်ကတ်တီ ၁၈၈၈ ယွမ်

ကျဲ့ဖန်ဆန် _ တစ်ကတ်တီ ၄၉၉ ယွမ်

ဖန်းရွှေစီရင်စုအအေးပိုင်းဆန်နီ_ တစ်ကတ်တီ ၃၆၈ ယွမ်

ဤဆန်စျေးမှာ သြချလောက်စရာ။ ဘုရင့်စားသောက်ဖွယ်ရာမျိုးပင်။ သာမန်လူများမှာ စားဖို့မဆိုထားနှင့်၊ ယုံပင်မယုံနိုင်ကြချေ။

ရှန်းရွှေလက်ဆောင်ဆန်စျေးမှာ တစ်ကတ်တီ ယွမ် ၅၀၀ ဖြစ်လေသည်။



All Chapters