ချမ်းသာတဲ့ငတုံး! လူရွှင်တော်ကငါပဲ!
Vol. 4 Ch. 54
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်းဘာဆိုလိုသည်ကိုနားလည်သွားကြသည်။
''လောင်ချန် ဒီဆန်က... အရင်ကငါတို့ဝယ်ဖူးတဲ့ဆန်ထက်တောင် ပိုကောင်းသေးတယ်ထင်တယ်!'' မာလဲ့ဝမ်က ပါးစပ်အဟောင်းသားဖြစ်သွား၏။
''...'' ချန်ရှန်းဖေက ဘာမှမပြောနိုင်ခင် တခဏဆွံ့အသွားသည်_ ''သူဌေးချင်အလိမ်ခံရဟန်မတူဘူး... အလိမ်ခံရတာ ငါတို့ပဲထင်တယ်... ဒါသာရှန်းရွှေလက်ဆောင်ဆန်အစစ်သာဆိုရင် အရင်ကငါတို့ တစ်ကတ်တီ ယွမ် ၁၀၀၀ ကျော်ပေးရတဲ့ဆန်က အတုပဲ''
မာလဲ့ဝမ်ကပေါက်ကွဲသွားသည်_ ''မင်းတို့အားလုံးက ငါတို့ကိုချမ်းသာတာနဲ့ အချဉ်မှတ်နေလား? နံ့သာတစ်ထောင်ပွဲကြည့်စင်က ငါ့ကိုသဘာဝငါးနဲ့အရူးလုပ်ခဲ့တာမလား... အခုဟိုကောင်လီဖေးကပါ ငါတို့ကိုရှန်းရွှေလက်ဆောင်ဆန်နဲ့အရူးလုပ်ပြန်ပြီလား?''
ချန်ရှန်းဖေကမျက်မှောင်ကြုတ်လိုက်ပြီး_ ''ငါတို့ကို ရှန်းရွှေလက်ဆောင်ဆန်အစစ်မစားဖူးဘူးလားလို့ ဘယ်သူမေးဦးမလဲ? လီဖေ့ကငါတို့အသိုင်းအဝိုင်းကိုချဉ်းကပ်ချင်နေတာ... ဒါတောင်မှငါတို့ကို အတုအယောင်တွေနဲ့အရူးလုပ်သေးတယ်... နောက်ဆိုသူ့ကိုအရေးမလုပ်နဲ့တော့''
''ဟုတ်တယ်!'' မာလဲ့ဝမ်ကခေါင်းညိမ့်ပြီး ခါးခါးသီးသီးပြောလိုက်သည်_ ''ရှက်ဖို့ကောင်းလိုက်တာ... သူဌေးချင်ကိုလှည့်စားခံရတယ်လို့ပြောလိုက်သေးတယ်''
''...'' ချန်ရှန်းဖေလည်း မတတ်နိုင်တော့။ လူရွှင်တော်ဖြစ်သွားတာသူလို့ဘယ်ထင်လိမ့်မလဲ? ထို့နောက်သူက_ ''သူဌေးချင်ရဲ့ဆန်အိတ်က ကတ်တီ ၅၀ ဟုတ်တယ်မလား?''
ထိုတော့မှမာလဲ့ဝမ်က တုံ့ပြန်တော့သည်။ သူကတစ်ချီတည်းနဲ့ ဒီလိုဆန်မျိုးကတ်တီ ၅၀ ရနိုင်တယ်ပေါ့။ သူဌေးချင်ကိုဆန်ရောင်းလိုက်တဲ့သူက သာမန်တော့မဖြစ်နိုင် ဒါမှမဟုတ်တစ်ဖက်လူကအတုလို့ထင်ပြီး သူဌေးချင်ကိုလှည့်စားဖို့လုပ်လိုက်တာဖြစ်မည်။
သူတို့ကလည်း စပ်စပ်စုစုမလုပ်ချင်ပေ။ ဘာပဲဖြစ်ဖြစ်သူတို့က ဒီဆန်နှင့်အသက်မွေးဝမ်းကြောင်းမလုပ်။ သူတို့ကဧည့်သည်သက်သက်သာလျှင်ဖြစ်သည်။ ဆန်အကြောင်းလည်းစိတ်ပူနေရန်မလိုချေ။
သူဌေးချင်ကရအောင်လုပ်နိုင်သည်ဟုသိထားလျှင်တောင် သူတို့ကတော့မလုပ်နိုင်။ နောက်ပြီး အသိုင်းအဝိုင်းချင်းလည်းမတူ။ သူတို့ကချမ်းသာသည်မှာမှန်သော်လည်း တချို့အသိုင်းအဝိုင်းတွင် သူတို့ဝယ်လို့တောင်မရနိုင်ပေ။
သို့မဟုတ်ပါက သူတို့သာလူချမ်းသာတွေဆိုရင် ဘယ်လိုလုပ်ပြီးအရင်က ရှန်းရွှေလက်ဆောင်ဆန်အတုကိုဝယ်မိမှာလဲ?
သူတို့ကသူဌေးချင်နှင့်ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားပြီဆိုတော့ သူဌေးချင်မှာပစ္စည်းကောင်းတစ်ခုခုရှိရင် သူ့ကိုရှာလိုက်ရုံသာ။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ထိုတစ်နပ်စာကိုအလွန်ကျေနပ်နေသည်။ သူတို့ဒီလိုတစ်ခါမှ အပူအပင်မကင်းခဲ့ဟုပင်ဆိုနိုင်၏။ ဆန်မှအစ ငါးနှင့်အသီးအနှံအဆုံး အားလုံးမှာအထက်တန်းကျသည်။
ပုံမှန်ဆိုထိုဟင်းပွဲသုံးပွဲ၏တန်ဖိုးမှာ ငါးတစ်ကောင်၊ ထမင်းတစ်ပန်းကန်နှင့်သီးနှံနှစ်မျိုးကို ယွမ် ၉၀၀၀ ကျော်လည်းဖြစ်နိုင်၏။
နေ့လယ်စာစားပြီးလျှင်သူတို့က ချင်လင်ကိုရှာလိုက်ကြသည်။
''လူကြီးမင်းတို့... စိတ်တိုင်းကျရဲ့လား?'' ချင်လင်က သူတို့နှစ်ဦးကိုမြင်လျှင် ပြုံး၍မေးလိုက်၏။

ချန်ရှန်းဖေက အောင့်သီးအောင့်သက်နှင့်_ ''သူဌေးချင်... မင်းရဲ့ရှန်းရွှေလက်ဆောင်ဆန်အိတ်က အစစ်ထင်တယ်... အရင်ကငါတို့စားဖူးတာအတုပဲ... မင်းဟာနဲ့အများကြီးကွာတယ်''
မာလဲ့ဝမ်ကသက်ပြင်းချလိုက်ပြီး_ ''ငါတို့ချမ်းသာပြီး တုံးခဲ့တာ... ငါတို့ကအမြဲတမ်းပစ္စည်းအတုတွေနဲ့အချဉ်ဖမ်းခံရပြီး အရူးလုပ်ခံခဲ့ရတာ... ငါတို့စားနေတာအစစ်မှန်းမသိအောင် အတွေ့အကြုံမရှိကြတာကွ''
ဒါကိုကြားတော့ ချင်လင်စိတ်ထဲတွင် ဂိမ်းထုတ်ကုန်ရှန်းရွှေလက်ဆောင်ဆန်က ဆန်အစစ်ထက်အများကြီးပိုအရသာရှိကြောင်းသဘောပေါက်လိုက်၏။
သူဌေးကြီးနှစ်ဦးမှာ အရင်သူတို့စားဖူးသည်ကို အတုဟုမှတ်လိုက်ကြသည်။ သူတို့က သူတို့အားဆန်ရောင်းလိုက်သည့်သူကို အလွန်ဒေါသထွက်နေပုံပေါ်၏။
ထိုအကြောင်းကိုရှင်းပြရန် နည်းလမ်းမရှိပါချေ။ တစ်ယောက်ယောက်တော့ဝင်ရှုပ်နေပြီဟုသာ သူပြောလိုက်နိုင်သည်။
သို့သော်ချင်လင်က သူတို့နှစ်ဦးရှေ့တွင် အံ့အားသင့်ဟန်ဆောင်လိုက်ပြီး_ ''တစ်နည်းပြောရရင် ကျွန်တော်အလိမ်မခံရဘူးပေါ့? လောကကြီးမှာ လူကောင်းတွေတကယ်ရှိသားပဲ... ဘယ်လိုလုပ်ပြီး လူလိမ်တွေဒီလောက်ပေါရတာလဲ?''
“…” ချန်ရှန်းဖေ။
“…” မာလဲ့ဝမ်။
ချင်လင်လှည့်စားမခံရဘူး။ သူတို့လှည့်စားခံရတာ။ နံ့သာတစ်ရာပွဲကြည့်စင်ဖြစ်ဖြစ် ဆန်ရောင်းတဲ့လီဖေးဖြစ်ဖြစ် သူတို့ကိုအရူးလုပ်တာချည်းပဲ။ ဒါကြောင့်လည်း လူချမ်းသာတွေက အရူးတွေဆိုတဲ့ဆိုရိုးရှိတာကိုး။
မာလဲ့ဝမ်က အောင့်သီးအောင့်သက်နှင့်_ ''သူဌေးချင်... ငါ့မှာမင်းနဲ့ဆွေးနွေးစရာရှိတယ်... မင်းရဲ့ဖရဲသီးတွေကမဆိုးဘူး... ငါ့ကိုထပ်ရောင်းပေးနိုင်မလား? ငါ့ကုမ္ပဏီမှာ VIP တွေကိုဖျော်ဖြေဖို့နှစ်ပတ်လည်ပွဲရှိတယ်''
ထိုစကားကြားသည်နှင့် ချင်လင်၏မျက်လုံးများအရောင်လက်သွားသည်။ အခုပဲသူက လတ်တလော အရည်အသွေး ၂ ဖရဲသီးတွေရောင်းအားနည်း၍စိတ်ပူနေတုန်းရှိသေးသည်။ သူတစ်နေ့နည်းနည်းသာရောင်းရ၏။
ဂိမ်းထဲတွင်အလုံး ၆၀ ကျော်ရှိသေးသည်။
သူကချက်ချင်းမေးလိုက်၏_ ''လူကြီးမင်းမာ... ဖရဲသီးဘယ်လောက်များလိုလဲ? ဒီဖရဲသီးက သိပ်များများမရှိဘူး... အလုံး ၆၀ ကျော်ပဲရှိတယ်''
''၆၀ ကျော်ဆိုလောက်ပါတယ်... ငါအကုန်ယူလိုက်မယ်'' မာလဲ့ဝမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး_ ''ကောင်းပါပြီ... ကျွန်တော်ကားခေါ်ပြီးပို့ပေးပါ့မယ်... ထုတ်ကုန်နဲ့ကုန်စည်သယ်ယူစရိတ်သက်သာအောင် ကျွန်တော် ခင်ဗျားနဲ့မြို့ထဲလိုက်ခဲ့မယ်''
''ကောင်းပါပြီ!'' မာလဲ့ဝမ်က ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်သူကရှက်ရှက်နှင့်_ ''သူဌေးချင်... ငါအရဲစွန့်ပြီးတောင်းဆိုပါရစေ... မင်းရဲ့ရှန်းရွှေလက်ဆောင်ဆန်နည်းနည်းလောက်ပေးလို့ရမလား?''
ချန်ရှန်းဖေကကလည်း_ ''သူဌေးချင်... အရင်တစ်ခါကငါတို့အရူးလုပ်ခံလိုက်ရတာဆိုတော့ ဒီတစ်ခါနည်းနည်းလောက်ပေးလိုက်ပါဦး''
ကောင်းပြီလေ။ သူကသနားအောင်လုပ်ပြပြီး ချင်လင်ကိုနေရခက်အောင်လုပ်နေပြီဖြစ်၍ သူကပြုံးလိုက်ပြီး_ ''လူကြီးမင်းမာ လူကြီးမင်းချန်... သာမန်ဖောက်သည်တွေက ဒီဆန်မစားနိုင်ပါဘူး... ကျွန်တော့်ကိုအားပေးတာပဲ... ကျွန်တော့်အတွက်နည်းနည်းချန်ပြီး ကျန်တာကိုလွှဲပေးပါ့မယ်!''
ထိုစကားများက ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကို ချက်ချင်းဝမ်းမြောက်သွားစေသည်။ ချင်လင်အပေါ် သူတို့အထင်ကြီးမှုလည်းပိုတိုးလာပေသည်။

မာလဲ့ဝမ်လိုဖောက်သည်ကြီးကို ချင်လင်ကကောင်းကောင်းဧည့်ခံရမည်ပင်။ ဆွေးနွေးညှိနှိုင်းကြပြီးနောက် သူကသုံးဘီးကားကိုဂိုဒေါင်ဆီမောင်းသွားလိုက်ပြီး သူစုထားသောအရည်အသွေး ၂ ဖရဲသီးများကို ဂိမ်းထဲမှထုတ်လိုက်သည်။ ထို့နောက်အချိန်ယူကာ ကားပေါ်တင်လိုက်၏။
နောက်မှ ဖရဲသီးကိုစံအိမ်ဆီပို့လိုက်သည်။
…
နေ့လယ်ပိုင်းတွင် ဒေသခံဧည့်သည်များသိသိသာသာပိုများလာ၏။ ခရီးနီးသောကြောင့် ဒေသခံဧည့်သည်များမှာ စိတ်တိုင်းကျအချိန်မရွေးလာနိုင်ပေသည်။
ထို့အပြင်ရာသီဥတုကလည်း အေးလာပြီဖြစ်သည်။ နေ့လယ်ပိုင်းနေအရှိန်နှင့်နွေးသောကြောင့် ပန်းပင်လယ်သို့လာရန်အသင့်တော်ဆုံးအချိန်ဖြစ်၏။
ထို့ကြောင့် စံအိမ်တွင်ချက်ပြုတ်မစားချင်ကြသူများက ဤအချိန်လာရန်ရွေးချယ်ကြလေသည်။
လီကျားဝမ်လည်း ထိုနည်းတူပင်။ အရင်ကသူ့ယောက်မပေးခဲ့သောလက်မှတ်များနှင့် သူ့အခင်ဆုံးသူငယ်ချင်းသုံးယောက်ကို ယောက်ျား၊ကောင်လေးများနှင့်တကွချိန်းပြီး ပန်းပင်လယ်ကြည့်ရန်လာခဲ့သည်။ သို့သော်သူမလိုက်မေးကြည့်တော့ ယခုစံအိမ်က ခရီးသည်များစွာရှိနေပြီဖြစ်ကြောင်းသိလိုက်ရ၏။ ကားပါကင်လည်း အလွန်ထိုးရခက်မည်။ ထို့ကြောင့်ကားနှစ်စီးသာယူခဲ့သည်။
ကျောက်မိုယွင်က သူ့ BMW 5 series ကားကိုပါကင်ထိုးပြီး ကားထဲမှထွက်လိုက်သည်။ သူ့ဦးလေးအဆက်အသွယ်နှင့်ဆိုသော်လည်း သူက KTV ဖွင့်ထားပြီး BMW 5 series ကားပိုင်ဆိုင်ထား၏။ ပညာတတ်အလှပဂေးဇနီးသည်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်လူတကာက လုံးဝအားကျရသောအောင်မြင်နေသည့်လူတစ်ယောက်ပင်။
လီကျားဝမ်ကကားထဲမှထွက်လာပြီး သူ့လက်မောင်းကိုချိတ်လိုက်သည်။ ဒီလိုရှုမျှော်ခင်းနေရာမျိုးကိုရောက်မှတော့ ကြည်နူးမပြဘဲနေမည်လား?
''ဒီချမ်းသာတဲ့စံအိမ်မှာ ပိုင်ရှင်တွေ ခရီးသွားတွေအများကြီးရှိလိမ့်မယ်လို့မထင်ထားဘူး''
''ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က အခုအရမ်းနာမည်ကြီးနေတာ... နေ့တိုင်း Tiktok မှာတွေ့တယ်''
''ကျားဝမ်... ဒီစံအိမ်က လက်မှတ်ကြိုတင်ယူဖို့ ကန့်သတ်ထားတာမလား? မင်းလက်မှတ်တွေအများကြီးဘယ်လိုလုပ်ရလဲ?''
လီကျားဝမ်က သူ့အမေးကိုဘယ်လိုဖြေရမှန်းမသိချေ။ သူ့ယောက်မက သူ့ကိုပေးထားခဲ့တာဆိုတော့ အခွန်ဌာနကြောင့်ပဲဖြစ်မည်။ ဘာပဲဖြစ်ဖြစ်ဒီစံအိမ်ကို အရင်ကအခွန်ဌာနကထိန်းသိမ်းထားတာပဲလေ။
''ချင်လင်လား?'' ကျောက်မိုယွင်ကလမ်းလျှောက်နေရင်း ချင်လင်သုံးဘီးကားနှင့် စံအိမ်ထဲဖရဲသီးတွေတင်လာသည်ကိုမြင်လိုက်၏။
သူ့ညီမ၏ကောင်လေးမှန်းသိပြီး သူနှင့်အပြန်အလှန်ဆက်ဆံခဲ့ဖူးသည်။ ရှင်းရှင်းပြောရလျှင် ချင်လင်အကြောင်းသူသိသည်။ သူကလူကောင်းပင်။ သူ့ညီမကသူ့ကိုရွေးချယ်လျှင်လည်း သူကကန့်ကွက်မည်မဟုတ်ပေ။
သို့သော်သူ့မိခင်က သူ့သမီးဒုက္ခရောက်မည်ကိုမမြင်လို၍လက်မခံသောကြောင့် သားဖြစ်သူသူကလည်း အများကြီးမပြောလို။ သို့မဟုတ်ပါက သူ့ညီမနှင့်မိခင်ကြားတွင် ပဲလှော်ကြားဆားညှပ်ဖြစ်နေလိမ့်မည်။
''သူပဲ!'' လီကျားဝမ်ကခေါင်းညိမ့်လိုက်၏။
''ကျားဝမ်... အဲဒါဘယ်သူလဲ?'' သူမနံဘေးမှအမျိုးသမီးကမေးလိုက်သည်။
''ငါ့ယောက်မရဲ့ကောင်လေး'' လီကျားဝမ်ကရှင်းပြလိုက်၏။
ဘေးမှအမျိုးသားက အံ့သြစွာနှင့်_ ''မိုချင်းရဲ့ကောင်လေး? ကြည့်ရတာ သိပ်မဟုတ်သလိုပဲနော်... မိုချင်းရဲ့ပုံစံနဲ့ဆို ဒီထက်သာတာရနိုင်တယ်မလား?''
လီကျားဝမ်ကမျက်မှောင်ကြုတ်ပြီး ထိုလူကိုကြည့်လိုက်သည်_ ''လျိုဟွာ... ဒီလိုမပြောပါနဲ့... ချင်လင်ကလူကောင်းပါ... သူ့မိသားစုကြောင့်ဒုက္ခရောက်ခဲ့တာ... အခုသူက သီးနှံလက်ကားပေးနေတယ်လို့ကြားတယ်... ဒီကိုဖရဲသီးလာပို့တာဖြစ်လိမ့်မယ်''
လျိုဟွာက စိတ်မဝင်စားဟန်ဖြင့်_ ''သူကသီးနှံလက်ကားကိုလိုက်တောင်ပို့ရတယ်... စီးပွားရေးသိပ်မကောင်းတဲ့ပုံပဲ... အခုလက်ကားလုပ်ရတာ ခက်တယ်လို့ကြားတယ်... မိုချင်းက ဒီထက်သာတဲ့လူရှာလို့ရပါတယ်... ငါမိုချင်းကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးရမလား? လူတွေနဲ့ပိုအဆက်အသွယ်ရှိရင် ပိုကောင်းတဲ့လူတွေနဲ့တွေ့နိုင်တယ်မလား?''