ချင်လင်က ဒီစံအိမ်ရဲ့သူဌေး!
Vol. 4 Ch. 55
''ဟုတ်ပါပြီ... ခင်ဗျားဒီကိုလာလည်တာလေ... လျှောက်မပြောနဲ့တော့'' ကျောက်မိုယွင်က ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်။
အမှန်အတိုင်းဆိုရလျှင် သူကလျိုဟွာကိုလုံးဝဂရုမစိုက်ပေ။ သူကဆေးလိပ်ရုံတစ်ခုဖွင့်ထားပြီး ဝင်ငွေသိပ်မရသေးသော်လည်း သူ့ကိုယ်သူတော့မမြင်ရှာ။
သူကပိုက်ဆံချေးသူများနှင့်သာအဆက်အသွယ်ရှိပြီး တစ်နေကုန် POSS စက်များကိုသုံးသည်။ စားဖို့သောက်ဖို့နှင့်လည်ပတ်ဖို့လောက်သာ သိသောသူဖြစ်၏။ ဒီလိုလူမျိုးက ပေါ့ပေါ့နေပေါ့ပေါ့စားပင်။ ပြဿနာလည်းဖြစ်လွယ်သည်။ သူ့မျက်စိထဲတွင်တော့ ချင်လင်ထက်နိမ့်ကျလေသည်။
အနည်းဆုံးတော့ချင်လင်က အလုပ်ကြိုးစားပြီး စိတ်ချရသေး၏!
သို့သော်တစ်ဖက်လူမှာ သူ့ဇနီး၏အခင်ဆုံးသူငယ်ချင်းဖြစ်သည်နှင့် သူကဘာမှမပြောတော့ချေ။ အိမ်ပြန်ရောက်လျှင်သူ့ဇနီးကို ဒီအခင်ဆုံးသူငယ်ချင်းနှင့်မပတ်သက်ဖို့ သတိပေးရပေဦးမည်။
လူတွေက ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကို အလွယ်တကူခံရတတ်သည်။ သူ့ဇနီးနှင့်သူ့အခင်ဆုံးသူငယ်ချင်းမှာ ယခုအဆင်ပြေသေးသော်လည်း ဒီလိုကောင်လေးမျိုးနှင့်ဆိုလျှင် သူတို့တန်ဖိုးမှာ အချိန်နှင့်အမျှတဖြည်းဖြည်းတူသွားလိမ့်မည်။
အခိုက်အတန့်လေးတွေက အရေးကြီး၏။
ဆက်စပ်ကြည့်လျှင် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တတ်လေသည်။
ကျောက်မိုယွင်၏စကားကိုကြားလျှင် တစ်ဖွဲ့လုံးမှာ ထိုအကြောင်းမပြောကြတော့ဘဲ တောင်တန်းစံအိမ်ဆီတန်းသွားလိုက်ကြ၏။
စံအိမ်ထဲဝင်ပြီးနောက် လီကျားဝမ်က ကျောက်မိုချင်းကို ဟန်ဝတ်စုံဝတ်ထားသောမိန်းကလေးတစ်ဦးနှင့်အတူလျှောက်လာသည်ကိုမြင်ပြီး အံ့အားသင့်၍လှမ်းအော်လိုက်သည်_ ''မိုချင်း''
ကျောက်မိုချင်းမှာ ပန်းပင်လယ်မှကောင်းယောင်ယောင်နှင့်အတူပြန်လာစဉ် သူ့အစ်ကို၊ယောက်မတို့နှင့်ဆုံလေသည်။ သူမချက်ချင်းပြေးသွားပြီး နှုတ်ဆက်လိုက်၏_ ''အစ်ကို ယောက်မ... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ?''
လီကျားဝမ်ကမေးလိုက်သည်_ ''မိုချင်း... ငါတို့ကမေးရမှာမလား? နင်ဘာလို့ဒီရောက်နေတာလဲ?''
''ယောက်မ... ပြောရရင်တော့ အရှည်ကြီးပဲ... ခန်းမထဲအရင်ဝင်ရအောင်... အသေးစိတ်ပြောပြမယ်'' ကျောက်မိုချင်းကချက်ချင်းပင် ကျောက်မိုယွင်နှင့်လီကျားဝမ်ကို ခန်းမထဲဖိတ်လိုက်သည်။
ခန်းမထဲရောက်သောအခါ ကျောက်မိုယွင်နှင့်လီကျားဝမ်က ချင်လင်ကိုအစောင့်နှစ်ယောက်နှင့်အတူဖရဲသီးများပိုက်ပြီး တံခါးဝတွင်နှုတ်ဆက်နေကြသည်ကိုတွေ့၏။ သူ့ဘေးတွင်လူနှစ်ယောက်ရပ်နေပြီး တစ်ယောက်ကိုရင်းနှီးနေသည့်ပုံပင်။
ကျောက်မိုချင်းက ချင်လင်နားသို့ပြေးသွားလိုက်ပြီး_ ''ချင်လင်... ကျွန်မအစ်ကိုနဲ့ယောက်မရောက်နေတယ်''
ချင်လင်ကလှည့်ကြည့်လိုက်သော် ကျောက်မိုယွင်နှင့်လီကျားဝမ်လျှောက်လာသည်ကိုတွေ့သည်။ သူကလှိုက်လှိုက်လှဲလှဲနှုတ်ဆက်လိုက်၏_ ''အစ်ကို... မရီး!''
ကျောက်မိုယွင်က ရှေ့တိုးသွားလိုက်ပြီး ချင်လင်၏ပခုံးကိုပုတ်လိုက်သည်။ သူကမေးလိုက်၏_ ''အခုဒီဖရဲသီးတွေ ဘယ်စျေးလဲ? ငါ့ KTV မှာ နေ့တိုင်းဖရဲသီးတွေအများကြီးလိုတာ''
အရင်ကသူ ချင်လင်ဖရဲသီးလက်ကားပေးမှန်းမသိခဲ့။ အခုသူ့ဇနီးဆီကသိရတော့ သူတတ်နိုင်သလောက် ကူညီဖို့တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ်သူ့ညီမက ချင်လင်အပေါ်စိတ်ဆုံးဖြတ်ထားမှန်းသိသာသည်လေ။
ချင်လင်ကပြုံး၍ ရှင်းပြလိုက်၏_ ''အစ်ကို... ဒါသာမန်ဖရဲသီးတွေမဟုတ်ဘူး... အထူးအရည်အသွေးရှိတဲ့ဖရဲသီးတွေပါ... တစ်ကတ်တီကို ယွမ် ၁၀၀ ရှိတယ်''
''...'' ကျောက်မိုယွင်က ထိုစျေးနှုန်းကိုကြားလျှင် ရုတ်တရက်ကြောင်သွားသည်။
တစ်ကတ်တီကို ယွမ် ၁၀၀?

ဖရဲသီးကလေ?
လျိုဟွာနှင့်တခြားသူများလည်း လုံးဝမယုံနိုင်သည့်ပုံပင်။
လီကျားဝမ်၏အခင်ဆုံးသူငယ်ချင်းတစ်ဦးက အံ့သြစွာနှင့်_ ''ဖရဲသီးက တစ်ကတ်တီကို ယွမ် ၁၀၀? ဒီလောက်စျေးကြီးတဲ့ဖရဲသီးမျိုး တစ်ခါမှမစားဖူးဘူး''
''ငါထင်တာတော့ သူကပိုက်ဆံမက်တာပဲ'' လျိုဟွာကမယုံနိုင်သည်မှာအထင်အရှား။
လီကျားဝမ်က တစ်ခုခုတွေးမိပြီး_ ''ဒီစံအိမ်က တစ်ကတ်တီယွမ် ၁၀၀ ရှိတဲ့ အထူးအရည်အသွေးရှိဖရဲမျိုးကိုရောင်းတာပဲ... အရင်ကဒါကြောင့် နာမည်ကြီးဖူးတယ်... နောက်ဆုံးတော့ မြို့ထဲကပင်လယ်ပြာအဖွဲ့အစည်းသူဌေးဝယ်သွားတာလေ... ချင်လင်... ဒီဖရဲသီးကိုမင်းပို့တာလား?''
ကျောက်မိုယွင်ကထိုစကားကြားတော့မှ သတိလက်လွတ် ချန်ရှန်းဖေကိုကြည့်လိုက်မိသည်။
သူဘာလို့ရင်းနှီးသလိုဖြစ်နေတာလဲဆိုတာသိပြီ။
သူအရင်က ထိုဗီဒီယိုကြည့်ဖူးသည်။
တစ်ဖက်လူက ပင်လယ်ပြာအဖွဲ့အစည်းရဲ့ဥက္ကဌလေ။ နှယ်နှယ်ရရမဟုတ်။
သူနှင့်သိကျွမ်းလိုသော်လည်း သွားပြီးမနှုတ်ဆက်ရဲပေ။
လျိုဟွာကထပ်ပြောလိုက်ပြန်သည်_ ''ကျားဝမ်... မင်းအတွေးလွန်နေပြီ... ဒီလိုဖရဲသီးမျိုးတွေတင်ပို့နိုင်တဲ့ကုန်သည်တွေမှ လုံးဝအများကြီး... ဘယ်လိုလုပ်ပြီး သူတို့ကိုယ်တိုင်ပို့မှာလဲ?''
ကိုယ်သာအမှန်လုပ်တတ်သူများမှာ အကြောင်းအရင်းမရှိသူများကိုပစ်မှတ်ထားတတ်ကြပေသည်။
ထိုစကားကြားလျှင်ကျောက်မိုယွင်က လျိုဟွာကိုစောင်းကြည့်လိုက်ကာ သူ့ဇနီးကိုသူ့ကောင်မလေးနှင့်အဆက်အသွယ်လျှော့ခိုင်းရမည်ဟု တိတ်တဆိတ်ဆုံးဖြတ်လိုက်၏။
ဒီလူကသက်သက်ထောင်လွှားပြီး EQ လုံးဝမရှိတဲ့သူပင်။
ထိုအချိန်တွင်ချန်တပေက နောက်ဆုံးဖရဲသီးကိုချလိုက်ပြီး ချင်လင်အား_ ''သူဌေး... ကျွန်တော်ချိန်ကြည့်ပြီးပါပြီ... စုစုပေါင်း ၇၄၈ ကတ်တီပါ''
'သူဌေး'ဟူသောနာမ်စားကြောင့် ကျောက်မိုယွင်နှင့်လီကျားဝမ်ကြောင်သွားသည်။
သူတို့အတွဲက ကျောက်မိုချင်းအား ဘာလဲဟူသောအကြည့်နှင့် အံ့သြစွာကြည့်လိုက်ကြ၏။
ထိုအချိန်တွင်ချင်လင်ကလည်း ကျောက်မိုယွင်နှင့်လီကျားဝမ်အားတောင်းပန်လိုက်သည်။ ထို့နောက်သူက မာလဲ့ဝမ်ကိုနှုတ်ဆက်လိုက်ပြီး_ ''လူကြီးမင်းမာ... အလေးချိန်ချိန်ကြည့်ပြီးပါပြီ... စိတ်ကြိုက်တစ်လုံးယူပြီးစမ်းကြည့်နိုင်ပါတယ်... ပြီးရင်ကျွန်တော်ကားခေါ်ပြီး လိုက်ပို့ပေးပါ့မယ်''
''မလိုပါဘူး... ကျုပ်သူဌေးချင်ကိုယုံတယ်!'' မာလဲ့ဝမ်က လက်ကာပြလိုက်၏။ သူကဒါမျိုးမလိုတာတွေလုံးဝမလုပ်ချင်။ ထို့နောက်သူက ချင်လင်အား_ ''သူဌေးချင်... စုစုပေါင်းဘယ်လောက်ကျလဲ? အားလုံးတွက်လိုက်ရအောင်... ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၄၀ ရယ်... ကျုပ်လောင်ချန်အတွက်ပါပေးမယ်''
''ကောင်းပါပြီ'' ချင်လင်ကခေါင်းညိမ့်ပြီး သူတို့စာရင်းကိုယူလိုက်သည်။ နေ့လယ်စာက စုစုပေါင်း ၉၂၀၀ ယွမ်ကျ၏။ သူက သူတို့နှစ်ဦးကို ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၄၀ ပေးလိုက်သည်။ သူတို့နှစ်ဦးက တစ်ကတ်တီယွမ် ၁၀၀၀ ထားရန်တိုက်တွန်းကြပြီး နောက်ဆုံး ၄၉၂၀၀ ယွမ်ပေးလိုက်၏။
ဖရဲသီးအချိန်က ၇၄၈ ကတ်တီရှိပြီး တစ်ကတ်တီယွမ် ၁၀၀ ဖြစ်သည်။ ထို ၇၄၈၀၀ ယွမ်နှင့်ပေါင်းလျှင် စုစုပေါင်း ၁၂၄၀၀၀ ယွမ်ကျလေသည်။
ချင်လင်ကတွက်ချက်လိုက်ပြီး မာလဲ့ဝမ်အား_ ''လူကြီးမင်းမာ... နောက်ဆုံးကျသင့်ငွေက ၁၂၄၀၀၀ ယွမ်ပါ''
''ကောင်းပြီ... ငါငွေလွှဲလိုက်မယ် သူဌေးချင်'' မာလဲ့ဝမ်က နည်းနည်းမှမတုံ့ဆိုင်းဘဲ ချင်လင်အား ၁၂၄၀၀၀ ယွမ်တန်းလွှဲပြီး အရောင်းအဝယ်ကိစ္စအပြီးသတ်လိုက်၏။
ဤသည်က ကျောက်မိုယွင်၊ လီကျားဝမ်နှင့် အခြားသူများကို မှင်တက်သွားစေလေသည်။

အထူးသဖြင့် လျိုဟွာပင်။ သူကမယုံကြည်နိုင်။
ယွမ် ၁၀၀၀၀၀ တောင်မဟုတ်လား? ဘာလို့ ၁၀ ယွမ်ကိုလွှဲလိုက်သလို ရိုးရှင်းနေရတာလဲ?
သူအခုပြောသွားသည်ကိုတွေးမိလိုက်လျှင် သူတုန်လှုပ်သွားသည်။
''သင့်နောက်ဆုံးနံပါတ်... ဝင်ငွေ ၁၂၄၀၀၀ ယွမ်။
လက်ကျန်ငွေ ၈၁၂၆၅၄.၆၀ ယွမ်''
ချင်လင်ဖုန်းထဲတွင် ငွေလွှဲပြီးကြောင်းစာ ချက်ချင်းဝင်လာသည်။ မာလဲ့ဝမ်၏ငွေနှင့် စံအိမ်ဝင်ငွေပေါင်းလျှင် သူ့လက်ကျန်ငွေမှာ တစ်သန်းကျော်တော့မည်။
ထို့နောက်သူက သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ကျောက်လီယွမ်ကိုခေါ်လိုက်ပြီး ဖရဲသီးသယ်ရန်ကုန်ကားအသေးတစ်စီးလွှတ်ခိုင်းကာ ချန်ရှန်းဖေတို့နောက်သို့လိုက်၍ မြို့ထဲလိုက်ပို့ခိုင်းလိုက်သည်။
စီစဉ်ပြီးလျှင်ချင်လင်က သူတို့နှစ်ဦးအား_ ''လူကြီးမင်းတို့... မကြာခင်ကားရောက်လာပါလိမ့်မယ်...ခဏစောင့်ပေးပါဦး... ကျွန်တော်တခြားသူတွေကိုဧည့်ခံလိုက်ဦးမယ်''
မာလဲ့ဝမ်က အရေးမကြီးသလိုပြုံးလိုက်ကာ_ ''သူဌေးချင်... ငါတို့ကိုမပူနဲ့... လောင်ချန်နဲ့ငါက တို့ဘာသာနေတတ်တယ်''
''ဟုတ်တယ်!'' ချန်ရှန်းဖေက ခေါင်းညိမ့်လိုက်၏။
ချင်လင်က ကျောက်မိုယွင်နှင့်လီကျားဝမ်ဆီသို့လျှောက်သွားလိုက်ကာ_ ''အစ်ကို မရီး... အထဲဝင်ခဲ့ပါ''
သူကတစ်ဖွဲ့လုံးကို ခန်းမထဲရှိစားပွဲတစ်လုံးဆီခေါ်ပြီးထိုင်လိုက်သည်။ ထို့နောက်သူက ချန်တပေအား_ ''အထူးအရည်အသွေးရှိဖရဲသီးတစ်လုံးခွဲခဲ့''ဟု ညွှန်ကြားလိုက်၏။
''ကောင်းပါပြီ သူဌေး!'' ချန်တပေကခေါင်းညိမ့်ပြီး စင်ပေါ်ကအထူးဖရဲသီးတစ်လုံးနှင့် မီးဖိုချောင်ထဲဝင်သွားလိုက်သည်။
မာလဲ့ဝမ်က ချင်လင်၏စတိုထဲမှအရည်အသွေး ၂ ဖရဲသီးများကိုထုပ်သွားပြီဖြစ်သည်။ ခန်းမထဲမှစင်ပေါ်တွင် အရည်အသွေး ၂ ဖရဲသီးအနည်းရှိသေး၏။
ကျောက်မိုယွင်နှင့်လီကျားဝမ်က ကျောက်မိုချင်းကိုကြည့်ရင်း မှန်းဆနေကြသည်။
''မိုချင်း... ငါ့ကိုပြောဦး... ဘာတွေဖြစ်ခဲ့တာလဲ?'' လီကျားဝမ်က တည့်တည့်မေးလိုက်၏။
သူမအခင်ဆုံးသူငယ်ချင်းကလည်း ကျောက်မိုချင်ကိုသိချင်စိတ်နှင့်ကြည့်နေသည်။
သူတို့အုပ်စုမှာစံအိမ်သို့တက်ကြွစွာလာခဲ့သော်လည်း မထင်မှတ်ဘဲစံအိမ်မှာ လီကျားဝမ်ယောက်မရဲ့ကောင်လေးဖွင့်ထားတာလိုလို။
ထို့ကြောင့်ဖြစ်ရိုးဖြစ်စဉ်အရ အလွန်တရာထူးဆန်းသောစိတ်အခြေအနေဖြစ်လာလေသည်! အံ့သြတာလား? သိချင်တာလား? ဒါမှမဟုတ် မနာလိုတာများလား?
ထိုခံစားချက်မှာ ရှင်းပြရခက်လှသည်။
ကျောက်မိုချင်းကဂုဏ်ယူစွာနှင့်_ ''ချင်လင်က တကယ်ပဲဒီစံအိမ်ရဲ့သူဌေးပါ!''
လီကျားဝမ်ကခန့်မှန်းပြီးဖြစ်သော်လည်း အလွန်အံ့သြနေဆဲပင်_ ''ဒါကြောင့် စံအိမ်ကကြိုတင်လက်မှတ်လက်မခံပေမဲ့ နင်ကငါ့ကိုလက်မှတ်အများကြီးပေးခဲ့တာကိုး''
ကျောက်မိုယွင်လည်း ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ့မိသားစုက ချင်လင်၏မိသားစုအခြေအနေကိုကောင်းကောင်းသိသည်။ ချင်လင်ကိုမတွေ့မိတဲ့ခဏအတွင်း ဒီလိုစံအိမ်တောင်ဆောက်နိုင်ပြီတဲ့လား?
ဗီဒီယိုအရ ထိုပန်းပင်လယ်ရရန် သန်းချီမကုန်ဘဲမဖြစ်နိုင်ပေ။
ထိုအချိန်တွင်_
ချင်လင်က အရည်အသွေး ၂ စတော်ဘယ်ရီတချို့ယူလာပြီး_ ''အစ်ကို မရီး... ဒီအထူးအရည်အသွေးရှိစတော်ဘယ်ရီကိုမြည်းကြည့်ပါဦး''
လီကျားဝမ်က စတော်ဘယ်ရီကိုကြည့်ပြီး မှင်သက်သွားသည်။ သူမကတစ်လုံးကောက်ကာမြည်းကြည့်လိုက်၏။ ထို့နောက်တစ်ခုခုကိုသတိရသွားပြီး ကျောက်မိုချင်းအား_ ''နင်အရင်တစ်ခေါက်ယူလာတာ ဒီဟာမလား?
''ထင်တာပဲ!'' ကျောက်မိုချင်းကခေါင်းညိမ့်လိုက်သည်။
''အိုက်ယိုး... ငါအထင်မှားသွားပြီ'' လီကျားဝမ်ကရုတ်တရက်ခံစားသွားရသည်။ အရင်တစ်ခေါက်က တက္ကသိုလ်ကအခင်ဆုံးသူငယ်ချင်းဝယ်လာသောနိုင်ငံခြားစတော်ဘယ်ရီမှာ ချင်လင်၏တစ်ကတ်တီယွမ် ၂၀ တမ်လောက်မကောင်းဟုထင်ခဲ့မိသည်။ ချင်လင်ရဲ့စတော်ဘယ်ရီတွေကလည်း အထူးအရည်အသွေးရှိတဲ့မျိုးလို့ ဘယ်ထင်ခဲ့ပါ့မလဲ?
ထိုဗီဒီယိုထဲတွင် စံအိမ်မှအထူးအရည်အသွေးရှိစတော်ဘယ်ရီမှာ တစ်ကတ်တီယွမ် ၂၀၀ တဲ့။