ခေါင်းမာပေမဲ့ နှလုံးသားနူးညံ့တဲ့ယောက္ခမ!
Vol. 4 Ch. 57
ရုတ်တရက်ဝင်လာသောဖုန်းကြောင့် ကျောက်မိုချင်း၏စိတ်တက်ကြွမှုလွင့်ပါးသွားလေသည်။
ဤသည်ကိုကျောက်မိုယွင်မြင်လျှင် သူက_ ''မိုချင်း ချင်လင်... ငါမင်းတို့ကိုပို့ပေးမယ်'' ဟုသာဆိုနိုင်တော့၏။
လီကျားဝမ်ကလည်း သူမအခင်ဆုံးသူငယ်ချင်းသုံးယောက်အား_ ''ရှန်ရှန်... ပန်းပင်လယ်ထဲအရင်သွားနှင့်လေ... ငါမိုချင်းကိုအဖော်လိုက်ပေးလိုက်ဦးမယ်''
သူမလည်း သူမယောက္ခမ၏အသံကိုဖုန်းထဲတွင်ကြားလိုက်ရသည်။ အရမ်းစိတ်ဆိုးနေပုံရပြီး တစ်ခုခုဖြစ်တော့မလိုပင်။
ရှန်ရှန်မှာ လျိုဟွာ၏ကောင်မလေးဖြစ်သည်။ သူမနှင့်ကျန်အခင်ဆုံးသူငယ်ချင်းနှစ်ယောက်မှာ ခေါင်းသာညိမ့်ပြနိုင်တော့၏။
''ချင်လင် မိုချင်း... သွားကြစို့!'' ကျောက်မိုယွင်က သူတို့နှစ်ဦးကိုထပ်ခေါ်လိုက်သည်။
သူတို့လေးယောက်သားမှာ ကားပါကင်ရောက်လျှင် BMW 5 Series ကားထဲသို့ဝင်လိုက်ကြ၏။
ကားထဲရောက်သည်နှင့် ကျောက်မိုယွင်ကသတိပေးလိုက်သည်_ ''ချင်လင်... မင်းဘာလို့လျှို့ဝှက်မထားတာလဲ? မင်းကလျိုဟွာကို ငါးဘယ်နားကဖမ်းမိတယ်ဆိုတာ ပြောပြလိုက်တယ်... ငါထင်တယ် အဲကောင်ကအခွင့်အရေးသမား... သူကိုယ်တိုင်သွားဖမ်းချင်နေတာ''
ချင်လင်ကခဏကြောင်သွားပြီးမှ ပြုံးလိုက်ကာ_ ''အဲဒါဆိုလည်း ဖမ်းပါစေပေါ့... သူဖမ်းနိုင်တယ်ဆိုရင် အဲဒါသူ့အရည်အချင်းပဲ''
ဟာသပဲမဟုတ်လား? သူ့ငါးကဂိမ်းထုတ်ကုန်လေ။ သူပြောတဲ့နေရာမှာသာဖမ်းမိတယ်ဆိုရင် ထူးဆန်းနေမှာပေါ့။
''မင်းကတကယ်သတ္တိကောင်းတာပဲ'' ကျောက်မိုယွင်ကခေါင်းယမ်း၍ ဘာမှထပ်မပြောတော့ချေ။
အနည်းဆုံးတော့ ချင်လင်၏သဘောထားကမဆိုးသဖြင့် သူ့ညီမခံစားရမည်မဟုတ်ပေ။ ဒါကြောင့်လည်းသူဌေးက သူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့တာဖြစ်မည်။
လျိုဟွာသာဆိုလျှင် ငါးရောင်းလိုက်ရင်တောင်မှ သူ့အကျင့်စရိုက်ကြောင့် သူဌေးအရောင်းအဝယ်ပြီးသည်နှင့် ဂရုစိုက်တော့မည်မဟုတ်။
တစ်ဖက်တွင်ရှန်ရှန်တို့အုပ်စုမှာ လီကျားဝမ်နှင့်သူ့ယောက်ျားထွက်သွားသည်နှင့် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်သို့ဝင်ရန် ပြင်ဆင်နေကြသည်။ လျိုဟွာကရုတ်တရက်ထ၍_ ''ရှန်ရှန်... ငါစီရင်စုထဲမှာလုပ်စရာရှိသေးတယ်... မင်းသူတို့နဲ့အရင် ပန်းပင်လယ်ကြည့်နှင့်နော်''
သူကပန်းပင်လယ်ကြည့်ရန် လုံးဝအာရုံမရှိတော့ပေ။ ငါးအကြောင်းသိသည်နှင့် သူ့စိတ်ထဲတွင်ငါးဖမ်းဖို့သာတွေးနေတော့သည်။ သူကတစ်ခုခုပြောပြီး ထွက်လာခဲ့လိုက်၏။
ရှန်ရှန်လည်း မျက်မှောင်ပိုကုတ်သွားသည်။
သူမမှာရှင်းပြရခက်ခက်နှင့် အခင်ဆုံးသူငယ်ချင်းနှစ်ဦး၏တတိယဘီးဖြစ်သွားပြီလား?
''ရှန်ရှန်... နင့်ကောင်လေးက စိတ်ချရမယ့်ပုံမပေါ်ဘူး...''
''ရှန်ရှန်... သူဘာလို့ဒီလိုလုပ်ရတာလဲ?''

ထိုစကားများကြောင့် ရှန်ရှန်ကပိုနေရခက်သွားလေသည်။ ဒီတစ်ကြိမ်လျိုဟွာလုပ်လိုက်ပုံက သူမကိုအလွန်စိတ်ပျက်သွားစေ၏။
သို့သော်လျိုဟွာမှာမူ စံအိမ်အပြင်ဘက်ထွက်လာပြီး မမေ့မလျော့ဖုန်းခေါ်လိုက်သည်_ ''ဟောင်ဇီ... ရှောင်လုံကိုငါ့ဆိုင်ခေါ်လိုက်... မင်းတို့ကိုချမ်းသာမယ့်အကြောင်းပြောပြမယ်...
ချမ်းသာမယ့်အကြောင်းကဘာလဲသိလား? ချင်းလင်စံအိမ်ရဲ့သူဌေးကိုသိတယ်ဟုတ်... ဟုတ်တယ်... အခုပဲသူက သူ့စံအိမ်ကိုလာလည်ဖို့ဖိတ်လိုက်တာ... ငါသူချမ်းသာလာတဲ့အကြောင်းကြားခဲ့တယ်... ဒီကရေလှောင်တမံနဲ့ဆက်နေတဲ့ပတ်ဝန်းကျင်မှာ ငါးတစ်မျိုးရှိတယ်...''
လျိုဟွာကပြောရင်းပြောရင်းနှင့် စိတ်လှုပ်ရှားလာသည်။ ငါးတစ်ကောင်က ယွမ် ၆၅၀၀၀၀ တန်တယ်တဲ့။
…
ကျောက်မိုယွင်၏ကားက ရုံချန်းစီရင်စုထဲလျင်လျင်မြန်မြန်ရောက်လာပြီး အရှေ့ပိုင်းမြို့တော်မှမင်းယွမ်ခရိုင်တွင်ရပ်လိုက်သည်။
ကျောက်မိုချင်း၏အိမ်အပြင်ရောက်သောအခါ ချင်လင်လည်း စိတ်မထိန်းနိုင်တော့ဘဲ နည်းနည်းစိတ်လှုပ်ရှားလာ၏။
ကျောက်မိုချင်းက သူ့စိတ်အခြေအနေကိုသတိပြုမိပြီး သူ့လက်ကိုအရင်ဆုပ်ကိုင်လိုက်သည်။
ကျောက်မိုယွင်က တံခါးဖွင့်လိုက်၏။ သူတို့အုပ်စုခန်းမထဲရောက်သောအခါ ဟန့်တားသည့်အငွေ့အသက်တစ်ခုခုကိုခံစားလိုက်ရသည်။ ချန်ရှောက်က စကားတစ်လုံးမှမဆိုဘဲဆိုဖာပေါ်တွင်ထိုင်နေ၏။ သူမမျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အချိန်မရွေးပေါက်ကွဲတော့မည့်မီးတောင်တစ်ခုအလားပင်။ ဆိုဖာဘေးတွင် ထုပ်ပိုးထားသောလက်ဆွဲသေတ္တာနှစ်လုံးလည်းရှိနေသည်။
ဒါဟာမုန်တိုင်းမလာခင်လေငြိမ်နေခြင်းမှန်း မည်သူမဆိုသိနိုင်ပေ၏။
ကျောက်မိုယွင်နှင့်လီကျားဝမ်လည်း စကားနည်းနည်းမှမပြောရဲ။ သူတို့ကရိုရိုကျိုးကျိုးနှင့် တစ်ဖက်တွင်ဝင်ထိုင်လိုက်ပြီး ကျောက်မိုချင်းအား ''ကိုယ့်ဘာသာကိုယ်ရှင်း'' ဟူသောအကြည့်နှင့်ကြည့်လိုက်ကြသည်။
ဤသည်ကိုကျောက်မိုချင်းမြင်လျှင် စိတ်လှုပ်ရှားစွာနှင့်ရှေ့တိုးသွားပြီး ချန်ရှောက်၏ဘေးတွင်ဝင်ထိုင်လိုက်၏။ သူမကတုန်တုန်ယင်ယင်နှင့်မေးလိုက်သည်_ ''အမေ... ဘာလို့လက်ဆွဲသေတ္တာတွေထုပ်ထားတာလဲ?''
''အဲဒါနင့်အထုပ်တွေ'' ချန်ရှောက်ကအေးစက်စက်နှင့်ပြောလိုက်၏။ ကြည့်ရတာ သူမဒေါသကိုမြိုချနေပုံရသည်။
စိတ်မဆိုးဘဲနေမလား?
အစကဒီနေ့အိမ်ထောင်စုစာရင်းသက်တမ်းတိုးဖို့ သွားခဲ့တာ။ လီကျားဝမ်မိသားစုထဲဝင်လာပြီးကတည်းက အိမ်ထောင်စုစာရင်းကိုထုတ်မကြည့်မိပေ။ သူ့ချွေးမကလေးရတော့မှ အိမ်ထောင်စုစာရင်းကိုသက်တမ်းတိုးမည်ဟု စဉ်းစားခဲ့သည်။
သူမက ရဲစခန်းမှာလုပ်နေသောသူငယ်ချင်းဖြစ်သူနှင့်ဆုံရန် ပျော်ပျော်ရွှင်ရွှင်ချိန်းလိုက်၏။ မထင်မှတ်ဘဲ အိမ်ထောင်စုစာရင်းသက်တမ်းတိုးတော့မှ သူ့သမီးကလက်ထပ်ထားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
သူမကတစ်ခုခုမှားနေတာဟုထင်ခဲ့၏။ စစ်ဆေးကြည့်လိုက်တော့ သူ့သမီးရဲ့ယောက်ျားက အမှန်တကယ်ချင်လင်ဖြစ်နေမှန်းသိလိုက်ရသည်။
သူ့သမီးက အမှန်တကယ်အိမ်ထောင်စုစာရင်းယူပြီး ချင်လင်နှင့်တိတ်တိတ်လေးလက်ထပ်လိုက်သည်ကို ဘယ်လိုလုပ်ပြီးသူမသိလိုက်ရတာတဲ့လဲ?
''အမေ... ဘာဖြစ်လို့လဲ?'' ကျောက်မိုချင်းကမေးလိုက်သည်။
ချန်ရှောက်ကလက်ထပ်စာချုပ်ကို ဒေါသတကြီးနှင့်စားပွဲပေါ်ပစ်တင်ကာ_ ''နင်ကဘာဖြစ်လို့လဲလို့မေးနေသေးတာလား? နင်ငါ့ကိုမျက်စိထဲတောင်ထည့်ရဲ့လား?''
လက်ထပ်စာချုပ်ကိုမြင်သောအခါ ချင်လင်နှင့်ကျောက်မိုချင်းက ဘာဖြစ်နေပြီမှန်းသိလိုက်၏။
လီကျားဝမ်က လက်ထပ်စာချုပ်ကို ဇဝေဇဝါနှင့်ကောက်ယူပြီးကြည့်လိုက်သည်။ ထို့နောက်သူမက မယုံနိုင်စွာနှင့်_ ''မိုချင်း... နင်နဲ့ချင်လင်က တကယ်လက်ထပ်ပြီးပြီပဲ... ကြာတောင်ကြာသွားပြီ''
ကျောက်မိုယွင်က စာချုပ်ပေါ်မှနေ့စွဲကို မယုံနိုင်ဘဲကြည့်လိုက်လေသည်။

သူ့ညီမက သူ့မိခင်ကိုလုံးဝဂရုမစိုက်ပါပေ။ လုံးဝအလုပ်ကောင်းလုပ်ခဲ့သည်။
သူကတော့သတ္တိမရှိ!
ကျောက်မိုချင်းက အလျင်စလိုနှင့်_ ''အမေ... ကျွန်မပြောတာနားထောင်ပါဦး...''
''မပြောနဲ့တော့...'' ချန်ရှောက်က ကျောက်မိုချင်းကိုဒေါသတကြီးတားမြစ်လိုက်သည်။ ထို့နောက်သူမက ချင်လင်ကိုကြည့်ကာ_ ''ချင်လင်... သူ့ကိုပြန်ခေါ်သွားတော့... လက်ထပ်စာချုပ်ကချုပ်ပြီးသွားပြီ... သူ့အမေအိမ်မှာတစ်သက်လုံးနေစရာအကြောင်းမရှိတော့ဘူး''
''အန်တီ ကျွန်တော်တောင်းပန်ပါတယ်... ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်မှားတယ်ဆိုတာသိပါတယ်'' ချင်လင်ကအပြစ်ရှိသလိုခံစားရပြီး ရိုးရိုးသားသားတောင်းပန်လိုက်သည်။ သူကကတိလည်းပေးလိုက်၏_ ''ကျွန်တော် မိုချင်းကို သေချာပေါက်ကောင်းကောင်းထားပါ့မယ်လို့ကတိပေးပါတယ်... သူ့ကိုဝမ်းနည်းရအောင် ပူဆွေးရအောင်လုံးဝမလုပ်ပါဘူး''
''အမေ!'' ကျောက်မိုချင်းက ဒီတစ်ကြိမ်တော့ သူ့မိခင်အတော်စိတ်ဆိုးသွားပြီမှန်းသိလိုက်သည်။
''သွားကြတော့!'' ချန်ရှောက်က ကျောက်မိုချင်းကို လုံးဝမျက်နှာသာမပေးပါချေ။ ကျောက်မိုချင်းလက်ထဲသို့လက်ထပ်စာချုပ်ထည့်ပြီးနောက် ကျောက်မိုချင်းတုံ့ပြန်သည်ကိုမစောင့်ဘဲ ဘဏ်ကတ်ထုတ်ကာ ကျောက်မိုချင်းလက်ထဲထည့်လိုက်သည်_ ''ဒီမှာ ယွမ်သုံးသိန်း... အဲဒါယူပြီး ချင်လင်နဲ့အိမ်ဝယ်လိုက်... မဟုတ်ရင်သူများတွေက နင့်အဖေနဲ့ငါ့ကို သမီးအပေါ်ရက်စက်တယ်ဆိုပြီးပြောကြလိမ့်မယ်''
''အမေ!'' ကျောက်မိုချင်းမှာ ထိုရုတ်တရက်လုပ်ရပ်ကြောင့်ကြောင်သွားသော်လည်း သူမရင်ထဲမှအပူနှင့်အပြစ်ရှိသလိုခံစားရခြင်းကို မထိန်းချုပ်နိုင်ပါချေ။
ဤသည်ကိုချင်လင်မြင်လျှင် အရိုးသားဆုံးရည်ရွယ်ချက်နှင့် အာမခံပေးရန်သာတတ်နိုင်တော့သည်_ ''အန်တီ... ကျွန်တော်အိမ်ဝယ်ဖို့ အန်တီပိုက်ဆံမပေးပါနဲ့... ကျွန်တော် စတုရန်းမီတာ ၁၂၀ ထက်ကျယ်တဲ့အိမ်တစ်လုံးဝယ်ပြီး မိုချင်းနာမည်တပ်ထားမယ်လို့ကတိပေးပါတယ်''
ကျောက်မိုချင်းက ဘဏ်ကတ်ကိုချန်ရှောက်ဆီအမြန်ပြန်ပေးလိုက်၏_ ''အမေ... အခုချင်လင်ကတတ်နိုင်နေပါပြီ... သူမကြာခင်အိမ်တစ်လုံးဝယ်ပါလိမ့်မယ်... ကျွန်မတို့အရင်ကမှားခဲ့ပါတယ်... နောက်ထပ်မလုပ်ရဲတော့ပါဘူး''
သူတို့နှစ်ဦးအလေးအနက်ထားသည်ကိုမြင်လျှင် ချန်ရှောက်၏ဒေါသမှာ နည်းနည်းလွင့်ပါးသွားသည်။ ထို့နောက်သူမကမျက်မှောင်ကြုတ်ပြီး ချင်လင်ကိုကြည့်လိုက်ကာ_ ''ချင်လင်... မင်းကလူကောင်းဆိုတာငါသိပါတယ်... ဒါပေမဲ့အခုချိန်က ခေါင်းမာနေရမယ့်အချိန်မဟုတ်ဘူး... ဒီလိုလုပ်ခဲ့မှတော့ ဒီပိုက်ဆံယူဖို့ရှက်ရင်ရှက်နေလိမ့်မယ်... နောင်ကိုမိုချင်းအိမ်မှာနေမယ်ဆိုရင် ပိုတောင်ရှက်စရာကောင်းဦးမယ်... မင်းဒါကိုလက်ခံရမယ်''
သူ့မိခင်၏ဒေါသနည်းနည်းပြေသွားသည်ကိုမြင်တော့မှ ကျောက်မိုယွင်က_ ''အမေ... ချင်လင်ကအခုတကယ်အိမ်ဝယ်နိုင်ပါတယ်... အမေစိတ်မပူပါနဲ့''
လီကျားဝမ်ကသံယောင်လိုက်ကာ_ ''အမှန်ပဲ... အမေလည်းချင်းလင်စံအိမ်ကိုသိတယ်မလား? အဲဒီနာမည်ကအရမ်းထူးဆန်းတယ်လို့မထင်ဘူးလား? မိုချင်းနဲ့ချင်လင်ရဲ့နာမည်ကိုထုတ်ပြီး ကြည့်လိုက်ပါဦး''
''???'' ချန်ရှောက်ကမျက်မှောင်ကြုတ်၍ သူ့သားနှင့်ချွေးမကိုကြည့်လိုက်သည်_ ''မင်းတို့ဆိုလိုတာက?''
သူမက ချင်းလင်စံအိမ်အကြောင်းသိထားသည်။ သူ့ချွေးမက ခဏခဏပြောဖူးပြီး Wechat တွင်လည်းမကြာမကြာတွေ့ရ၏။ လူတိုင်းက စံအိမ်ပိုင်ရှင်မှာ သေချာပေါက်ချမ်းသာသောသူဟုဆိုကြသည်။ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ယွမ်သန်းချီမကုန်ဘဲမဖြစ်နိုင်ပေ။
ကျောက်မိုယွင်ကရှင်းပြလိုက်သည်_ ''အမေ... ချင်းလင်စံအိမ်ကို ချင်လင်ပိုင်တာ...အခုစီးပွားရေးကလည်း အရမ်းကောင်းတယ်... ကျွန်တော်တို့အခုပဲအဲဒီကပြန်လာတာ''
''...'' ချန်ရှောက်ကလုံးဝအံ့အားသင့်သွားပြီး ချင်လင်ကိုမယုံနိုင်ဟန်နှင့်ကြည့်လိုက်သည်။
ချင်လင်က အဲဒီလူချမ်းသာတဲ့လား?
ချင်လင်ရဲ့အခြေအနေကို သူမမသိတာလည်းမဟုတ်။ တခဏတော့ သူမဘာမှမပြောနိုင်ဖြစ်သွားသည်။
တကယ်တော့သူမ ချင်လင်ကိုမမုန်းပေ။ မိဘတစ်ဦးအနေနှင့်သာ သူ့သမီးကိုကောင်းကောင်းနေစေလိုခြင်းဖြစ်လေသည်။
သူ့သမီးနှင့်ချင်လင်တို့တိတ်တဆိတ်လက်ထပ်ထားသည်ကိုသိသိချင်း ဒေါသထွက်သွားသော်လည်း သူ့သမီးစိတ်ဆုံးဖြတ်ထားသည်ကိုလည်းသိ၏။ သူမလက်ခံလိုက်ရုံသာတတ်နိုင်သည်။ သူ့သမီးကိုတဖန်ပြန်၍လည်း လက်မထပ်စေချင်ပေ။
သို့သော်အခုသူမသဘောက ချင်လင်ကတကယ်ပဲ အရမ်းကတိတည်တဲ့သူပေလား?
သူမကတစ်ခဏမျှ သူ့သမီးနှင့်ချင်လင်လက်ချင်းဆုပ်ထားသည်ကိုကြည့်လိုက်သည်။ သူမဆက်ပြီး ဒေါသမထွက်နိုင်တော့ပေ။ သို့သော်အခုပဲမုန်တိုင်းဖန်တီးထားပြီဖြစ်ပြီး ဘယ်လိုဆက်လုပ်ရမည်ကိုမသိတော့။
''အမေ... ကျွန်မတို့မှားပါတယ်!'' ကျောက်မိုချင်းကထပ်တောင်းပန်လိုက်ပြီး ချင်လင်ကိုပင်လက်တို့လိုက်သည်။
ဤသည်ကိုချင်လင်မြင်လျှင် သူကစိတ်ရင်းမှန်နှင့် အသံနှိမ့်ချ၍တောင်းပန်လိုက်၏_ ''အန်တီ... ကျွန်တော်တို့တကယ်မှားသွားပါတယ်... ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ''
ချန်ရှောက်က အမှားကိုဝန်ချတောင်းပန်နေသော သူတို့နှစ်ဦးကိုကြည့်ရင်း ဒေါသထွက်ချင်ယောင်ဆောင်ကာ_ ''ဟွန့်... ငါခွင့်လွှတ်တာလိုချင်ရင် ဒါကိုတိတ်တဆိတ်လုပ်မှာမဟုတ်ဘူး... လက်ထပ်စာချုပ်လည်းချုပ်ပြီးကြပြီပဲ... အခုအိမ်ပြန်ကြတော့... ချင်လင် အခုသူ့ကိုခေါ်သွားလိုက်တော့''