← Chapters

လူသိမခံဝံ့သောအတူနေထိုင်ခြင်း? မင်းကချက်ချင်း လှလှပပလေသံပြောင်းသွားတယ်!

Vol. 4 Ch. 58

လူသိမခံဝံ့သောအတူနေထိုင်ခြင်း? မင်းကချက်ချင်း လှလှပပလေသံပြောင်းသွားတယ်!

Vol. 4 Ch. 58

ထိုအချိန်တွင်လီကျားဝမ်က ကိစ္စကိုအချောသတ်ရန်ထွက်လိုက်ပြီး_ ''မိုချင်း... အရင်ဆုံးနင်နဲ့ချင်လင်အရင်ပြန်လိုက်ပါလားဟင်? ငါအမေ့ကိုကူပြီးနားချပေးပါ့မယ်''

''အမေ!'' ကျောက်မိုချင်းက ချန်ရှောက်ကိုကြည့်လိုက်သည်။

''မသွားသေးဘူးလား?'' ချန်ရှောက်က ထပ်မာန်လိုက်၏။

သူမက သူတို့နှစ်ဦးကိုခွင့်လွှတ်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် သူ့သမီးနှင့်သားမက်ပဲလေ။ ရန်သူတွေမဖြစ်ချင်ပါပေ။

သို့သော်သူတို့တိတ်တဆိတ်လက်ထပ်ထားပုံက သူမကိုဒေါသထွက်စေပြန်သည်။

သူမအနှစ် ၂၀ ကျော်ချစ်လာခဲ့ရတဲ့သမီးလေးက သူများအပိုင်ဖြစ်သွားမှန်းတောင် မသိလိုက်ရပေ။

သူမမှာအမေရှိသေးကြောင်းတော့ ပြရပေမည်။ ချင်လင်သိစေရန်လည်းဖြစ်၏။ ဒီနေ့သူ့သမီးကိုမောင်းထုတ်ခဲ့သူက သူမဖြစ်ပြီး သူ့သမီးကသူ့အတွက်ဘယ်လောက်စွန့်လွှတ်ထားရကြောင်း သူ့ကိုသိစေရမည်။

ကျောက်မိုချင်းလည်းလက်လျှော့လိုက်သည်။

သူမမိခင်ကလျှာစောင်းထက်သော်လည်း စိတ်နူးညံ့သည်ကိုသူမသိလေသည်။ အခုသူမနှင့်အပြိုင်ခေါင်းမမာနိုင်ပေ။ ဘာပဲဖြစ်ဖြစ် နှစ်ရက်လောက်ကြာလျှင်အဆင်ပြေသွားလိမ့်မည်။ ကျောက်မိုချင်းက လက်ဆွဲသေတ္တာနှစ်လုံးကိုအသာအယာဆွဲယူပြီး ချင်လင်ကိုကြည့်လိုက်သည်။

ဤသည်ကိုချင်လင်မြင်လျှင် သူကရှေ့တိုးပြီးကူညီပေးလိုက်၏။

''ဒါကိုယူသွား!'' ချန်ရှောက်ကမတ်တပ်ရပ်လိုက်ပြီး ဘဏ်ကတ်ကိုကျောက်မိုချင်းလက်ထဲထည့်လိုက်သည်_ ''ဒီခန်းဝင်ပစ္စည်းက နင့်ဟာလို့ပြောနေတယ်လေ... နင်သုံးချင်သလိုသုံး''

ချင်လင်ကအောင်မြင်ချမ်းသာနေပြီး သူ့သမီးဒုက္ခရောက်မှာမဟုတ်ဘူးဆိုရင်တောင် မိန်းမသားတစ်ယောက်အနေနဲ့ကိုယ်ပိုင်ပိုက်ဆံရှိတာက ပိုယုံကြည်ချက်ရှိတယ်၊ပိုစိတ်သက်သာမှုရှိတယ်ဆိုတာကို သူမကသိထားလေသည်။

''အမေ!'' ကျောက်မိုချင်းကကတ်ကိုယူလိုက်ပြီး စိတ်မထိန်းနိုင်ဘဲ ချန်ရှောက်ကိုဖက်လိုက်၏။

''သွားတော့'' ချန်ရှောက်ကအလွန်တိုးညင်းသောအသံဖြင့် ကျောက်မိုချင်းနားနား ကပ်ပြောလိုက်သည်။

''ချင်လင်... ငါ့ကားကိုမောင်းသွား'' ကျောက်မိုယွင်က BMW ကားသော့ကိုချင်လင်ထံပစ်ပေးလိုက်ပြီး ညွှန်ကြားလိုက်၏_ ''နောင်ကိုငါ့ညီမ မခံစားရစေနဲ့''

''အစ်ကို... ကျွန်တော်သူ့ကိုစောင့်ရှောက်ချင်လှပါပြီ!'' ချင်လင်ကချက်ချင်းကတိပေးလိုက်သည်။

သူကကျောက်မိုချင်းကိုခေါ်လာခဲ့လိုက်သည်။ ကားထဲဝင်ပြီးနောက် ခဏတော့ကြောင်နေသေး၏။ သို့သော်ကျောက်မိုချင်းကိုမြင်လျှင် အပြစ်ရှိသလိုခံစားလိုက်ရသည်။ နောင်တွင်သူမကိုဒုက္ခရောက်စေ၍မဖြစ်ဟုလည်းသိလိုက်၏။

သူမမိဘတွေကိုတောင်းပန်သည့်အနေနှင့် နောင်တွင်တဖြည်းဖြည်းပြန်ပေးဆပ်သွားရန်သာရှိသည်။

''မိုချင်း... မင်းကိုဒုက္ခရောက်စေမိတဲ့အတွက် တောင်းပန်ပါတယ်'' ချင်လင်ကတောင်းတောင်းပန်ပန်ပြောလိုက်သည်။



ကျောက်မိုချင်းကပြုံး၍ ချင်လင်၏လက်မောင်းကိုတွဲလိုက်၏_ ''ယောက်ျား... ကျွန်မတို့လက်ထပ်စာချုပ်ကို ကျွန်မအကောင့်မှာတင်ချင်တာ!''

''မင်းအမေက စိတ်ဆိုးတုန်းရှိသေးတယ်... သူစိတ်အနှောင့်အယှက်ဖြစ်မှာမစိုးရိမ်ဘူးလား?'' ချင်လင်ကစိတ်ပူစွာနှင့်_ ''ပြီးတော့... မင်းအဖေရဲ့သဘောထားကိုလည်း မသိရသေးဘူး''

ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''ကျွန်မအမေက လျှာစောင်းထက်ပေမဲ့စိတ်ကနုတယ်... အခုဆိုတို့ကိုခွင့်လွှတ်ပြီးလောက်ပြီ... ပြီးတော့အိမ်မှာ အမေကအဓိကပဲ... အဖေကအမေ့စကားနားထောင်တယ်''

ချင်လင်ကချက်ချင်းပင်_ ''နောက်ဆိုမင်းလည်း တို့မိသားစုထဲမှာ အဓိကဖြစ်လာမှာ''

''တကယ်လား?'' ကျောက်မိုချင်းက ဝမ်းသာစွာမေးလိုက်၏။

''အင်း!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။

ကျောက်မိုချင်းကချက်ချင်းပင် ခေါင်းဆောင်ပုံစံလုပ်လိုက်ပြီး_ ''ကောင်းပြီ... အခုကျွန်မကိုအိမ်လိုက်ပို့... လက်ထပ်စာချုပ်ကိုထုတ်ပေး... ကျွန်မဓာတ်ပုံရိုက်ပြီး Wechat မှာတင်မယ်''

အမျိုးသမီးတစ်ဦးအနေနှင့် လက်ထပ်စာချုပ်မှာ သူမဘဝတွင်အကြီးမားဆုံးကိစ္စတစ်ရပ်ပင်။ ဘယ်သူက သူတို့အခိုက်အတန့်တွေမှာမကြွားဘဲ၊ သူငယ်ချင်းတွေဆုတောင်းပေးကြတာမခံဘဲ နေနိုင်မှာတဲ့လဲ?

သူမအရင်ကမလုပ်ရဲသော်လည်း အခုတော့ပွင့်ပွင့်လင်းလင်းလုပ်လို့ရပြီ။

''ဒါဆို အိမ်သွားကြတာပေါ့'' ချင်လင်ကပြုံး၍ ကားစက်နှိုးလိုက်သည်။

ကျောက်မိုချင်းကိုအိမ်ခေါ်လာတော့ သူ့မိခင်လည်း သေချာပေါက်ဝမ်းသာနေမည်မဟုတ်ပါလား?

နောက်ပြီး သူနှင့်ကျောက်မိုချင်းက အခုပေါ်ပေါ်တင်တင်နေလို့ရပြီ။ လူသိမခံဝံ့တဲ့ကိစ္စတွေကြောင့် တိတ်တဆိတ်ဟိုတယ်သွားပြီးအခန်းငှားရန်မလိုတော့ချေ။

…

အပေါ်ထပ်တွင်_

''အမေ တကယ်တော့... ချင်လင်ကတော်တော်တော်တဲ့သူပါ... အခုဆိုသူလည်းအောင်မြင်လာပြီ... မိုချင်းဒုက္ခရောက်မှာကိုပူစရာလည်းမလိုတော့ဘူး'' ချင်လင်နှင့်သူ့ညီမထွက်သွားသည်နှင့် ကျောက်မိုယွင်က ကူပြီးဖျောင်းဖျလိုက်၏_ ''ပြီးတော့မိုချင်းက ချင်လင်နဲ့တိတ်တိတ်လေးလက်ထပ်ထားတယ်ဆိုတာ ချင်လင်ကိုသူယုံကြည်တယ်ဆိုတဲ့သဘောပဲလေ... ဒီလိုဆိုမှတော့ ကျွန်တော်တို့ကလည်းဆုမွန်ကောင်းတောင်းပေးရမှာပေါ့''

ချန်ရှောက်ကထိုစကားကြားလျှင် သူ့သားကိုမျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး ဟင်းခနဲအသံပြု၍ငေါ့လိုက်သည်။

တစ်ဖက်တွင်လီကျားဝမ်ကလည်း ပါးပါးနပ်နပ်ပင်။ သူကကျောက်မိုယွင်ကိုဆိတ်ပြီး သတိပေးလိုက်၏_ ''အဲဒါကြောင့်ရှင့်ကို EQ မရှိပါဘူးလို့ပြောတာ... ရှင်ကအပြင်မှာပဲအလုပ်လုပ်တတ်တာ... ရှင့်မှာသာ EQ ရှိတယ်ဆိုရင် အမေက မိုချင်းနဲ့ချင်လင်ကိုခွင့်လွှတ်ထားပြီဆိုတာမသိဘူးလား? အမေကချင်လင်ကို တမင်သက်သက်မိုချင်းကိုခေါ်သွားခိုင်းတာမလား? သူ့ကိုရှင်ဖျောင်းဖျပေးစရာမလိုပါဘူး''

ချန်ရှောက်ကထိုစကားကြားလျှင် သူ့ချွေးမကိုကျေနပ်သည့်ပုံနှင့်ကြည့်လိုက်လေသည်။

ဤအိမ်က သူ့သမီးဂွမ်းကပ်လေးတော့ ပါသွားလေပြီ။ သူ့သား သူများဆီကခိုးလာတဲ့ဂွမ်းကပ်လေးရှိနေသေး၍သာ တော်တော့၏။

''အိုး.. အမေက မျက်နှာဆယ်ဖို့ထပ်လုပ်လိုက်တာပဲ!'' ကျောက်မိုယွင်က ရုတ်တရက်သဘောပေါက်သွားသည်။

''...'' ချန်ရှောက်မျက်နှာမှာ ထိန်းမထားနိုင်ဘဲမဲသွားပြန်၏။ သူမကတုံ့ဆိုင်းခြင်းမရှိ သူ့သားကိုမျက်လုံးထောင့်ကပ်ထပ်ကြည့်လိုက်သည်။

ခဏအကြာ_

တံခါးပွင့်လာသည်။



ကျောက်ရှန်ဟုန်ကအထဲဝင်လာပြီး မိသားစုအခြေအနေနည်းနည်းထူးဆန်းနေသည်ကို တွေ့လိုက်ရသည်_ ''ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်အလောတကြီးပြန်ခေါ်လိုက်ရတာလဲ? ငါကျောင်းအစည်းအဝေးပြီးတာနဲ့ တန်းပြန်လာတာ''

သူက ရုံချန်းအထက်တန်းကျောင်းစီနီယာဥက္ကဌ ကျောက်မိုချင်း၏ဖခင်ပင်။

''ဘာဖြစ်ရမှာလဲ?'' ချန်ရှောက်ကဒေါသထွက်ထွက်နှင့်_ ''ရှင့်သမီးက သူများနှင့်တိတ်တိတ်လေးလက်ထပ်ပြီး ပါသွားလေရဲ့''

''ချင်လင်လား? ဒီကလေးကမဆိုးပါဘူး... မင်းသမီးက စိတ်ဆုံးဖြတ်ထားမှတော့ လူငယ်တွေအတွက်သိပ်ပူမနေပါနဲ့... သူတို့ဘဝနဲ့သူတို့ရှိပါတယ်ကွာ'' ကျောက်ရှန်ဟုန်က ချက်ချင်းသူ့ဇနီးဘေးဝင်ထိုင်ပြီး နှစ်သိမ့်လိုက်သည်_ ''အရင်တုန်းက မင်းမိသားစုကလည်း မင်းချစ်သူကိုငြင်းခဲ့မှာပဲ... အထက်တန်းကျောင်းတုန်းက မင်းငါ့ကိုတိတ်တိတ်လေး ရည်းစားစာရေးပေးခဲ့တယ်မလား?''

ကျောက်မိုယွင်နှင့်လီကျားဝမ်က နယ်မြေအသစ်ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ချန်ရှောက်ကိုအံ့သြပုံနှင့်ကြည့်လိုက်ကြသည်။

ဤသည်ကြောင့် ချန်ရှောက်ဒေါသထွက်သွား၏။ သူမက သူ့ယောက်ျားကိုစိုက်ကြည့်လိုက်ပြီး_ ''ကျောက်ရှန်ဟုန်... ကျွန်မကိုရှင်းရှင်းပြောစမ်းပါ... ဘယ်သူကဘယ်သူ့ကိုလိုက်ခဲ့တာလဲ?''

ကျောက်ရှန်ဟုန်က အလေးအနက်ဖြေလိုက်သည်_ ''မင်းငါ့ကိုအသိပေးခဲ့တဲ့အဲဒီစာလေးကြောင့်ပဲမလား? ဒါပေမဲ့ မင်းရဲ့စာလေးကြောင့် ဒီလိုတစ်သက်လုံးပျော်ရွှင်ရတာ ငါကျေနပ်တယ်... မင်းလိုဇနီးကောင်းကိုရလိုက်တယ်လေ''

ထိုစကားလုံးများက ကျောက်မိုယွင်နှင့်လီကျားဝမ်တို့ရင်ထဲတန်းရောက်သွား၏။

ကျောက်မိုယွင်က သူ့ဖခင်ကို သူ့ကျောင်းသားများရှေ့တွင်စည်းကမ်းတင်းကြပ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ရည်းစားထားသောကျောင်းသားများကိုလည်း ပညာပေးနိုင်မှန်းမသိခဲ့ပေ။ သူကတကယ်အတွေ့အကြုံရှိသောချစ်တတ်သူတစ်ဦးပင်။ သူ့မိခင်ဒေါသထွက်နေပုံကိုမြင်သည်နှင့် သူ့စိတ်ကနူးညံ့သွား၏။

လီကျားဝမ်က ကျောက်မိုယွင်၏ခါးကိုဆွဲဆိတ်လိုက်ပြီး မျက်စောင်းထိုးကာ_ ''ရှင်ဘာလို့မသင်ထားတာလဲ?''

''အချစ်ရယ်... မင်းနဲ့ဆို ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုယ်ပျော်ရွှင်မှာပါ'' ကျောက်မိုယွင်ကချက်ချင်းပင် လီကျားဝမ်အားအလေးအနက်ဖြေလိုက်သည်။ သို့သော် ကျောက်ရှန်ဟုန်နှင့်ချန်ရှောက်တို့၏ချောင်းဆိုးသံနှစ်ခုက သူ့ကိုဟန့်လိုက်လေသည်။

ကျောက်ရှန်ဟုန်က သူ့ဇနီးကိုချော့နိုင်ပြီမှန်းသိသည်နှင့်_ ''မိန်းမ... ငါနှစ်ရက်လောက်ဆိုအားပြီ... ကျောင်းကနေခွင့်ယူပြီး ချင်လင်တို့အိမ်ကိုယ်တိုင်သွားရအောင်... ဒီလိုဖြစ်သွားပြီပဲ... မိသားစုနှစ်ခုအသွားအလာရှိသေးတယ်''

''အင်း!'' ချန်ရှောက်ကခေါင်းညိမ့်လိုက်သည်။

ကျောက်မိုယွင်နှင့်လီကျားဝမ်က ထိုမြင်ကွင်းကိုမြင်လျှင် သက်ပြင်းချလိုက်ကြ၏။ မဟုတ်လျှင်သူတို့နှစ်ဦးမှာ သေချာပေါက်ပဲလှော်ကြားဆားညပ်ဖြစ်ပေလိမ့်မည်။

လီကျားဝမ်က သူမဖုန်းကိုပင်ထုတ်၍ ကျောက်မိုချင်းအား ထိုသတင်းကောင်းကိုတိတ်တဆိတ်ပို့လိုက်လေသည်။

…

ချင်လင်က နယ်ဘက်မောင်းလာခဲ့ပြီး ကားရပ်လိုက်သည်။ သူကားထဲမှထွက်လိုက်သည်နှင့် ကျောက်မိုချင်းကပျော်ရွှင်မြူးတူးစွာ သူ့လက်မောင်းတွေထဲတိုးဝင်ပြီး လီကျားဝမ်ပို့လိုက်သောစာကိုပြလာသည်_ ''ကျွန်မပြောသားပဲ... အမေကခွင့်လွှတ်လိုက်ပါပြီဆို''

''အဖေနဲ့အမေက ကျွန်မတို့အိမ်လာမယ်တဲ့... ကျွန်မတို့ကောင်းကောင်းပြင်ဆင်ထားရမယ်'' ချင်လင်က စာကိုမြင်လျှင်ပြုံးလိုက်သည်။ သူကမည်သို့ဧည့်ခံရမည်ကိုအစီအစဉ်ဆွဲထားပြီးဖြစ်၏။

အရည်အသွေး ၂ သီးနှံနှင့်ဟင်းသီးဟင်းရွက်များမပြတ်စေရ။ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်သဘာဝငါးလည်းမပါမဖြစ်ပင်။

''ရှင်ကရှင့်အသံကိုချက်ချင်းလှလှပပပြောင်းလိုက်တာပဲနော်'' ကျောက်မိုချင်းကထေ့လိုက်သည်။

ချင်လင်က ကျောက်မိုချင်း၏လက်ဆွဲသေတ္တာကိုကားထဲမှထုတ်ကူလိုက်ပြီး အပေါ်ထပ်တက်လိုက်၏။

သူတံခါးဖွင့်လိုက်သည်နှင့် ဝမ်ချိုင်ကအသံပေးပြီးရှေ့တိုးလာသည်။ ချင်လင်တို့ကိုမြင်လျှင် ချင်လင်ရှေ့တွင်နှစ်ချက်ခုန်လိုက်ပြီးမှ ကျောက်မိုချင်းဆီပြေးသွားလိုက်၏။ ကျောက်မိုချင်းကသူ့ကိုသဘောကျ၍ ဒူးတုပ်ထိုင်ကာသူ့ခေါင်းကိုပွတ်သပ်လိုက်သည်။

''မိုချင်း... ရောက်လာပြီလား'' လင်းဖန်ကမီးဖိုချောင်သန့်ရှင်းရေးလုပ်နေရင်း ကျောက်မိုချင်းကိုမြင်လျှင် ပြုံးရွှင်လျက်ထွက်လာသည်။

''အမေ!'' ကျောက်မိုချင်းက လင်းဖန်ကိုမြင်သည်နှင့် ချက်ချင်းချိုသာစွာခေါ်လိုက်၏။

ထိုသို့နာမ်စားသုံးလိုက်ခြင်းက လင်းဖန်ကိုမှင်တက်သွားစေ၏။ သူမကတစ်ခဏအတွင်း ပြန်မပြောနိုင်။

ချင်လင်က ကျောက်မိုချင်းကိုကြည့်လိုက်သည်။ ဒီအမျိုးသမီးကသူ့ကိုတောင် ချက်ချင်းလေသံပြောင်းတယ်လို့ပြောခဲ့သေးတာလေ။



All Chapters