အံ့အားသင့်သွားသောလင်းဖန်!
Vol. 4 Ch. 59
အရောင်းစင်တာဆောက်လိုက်ပြီ!
လင်းဖန်ကလည်း ကျောက်မိုချင်း၏လက်ဆွဲသေတ္တာကိုမြင်၍ စူးစမ်းလိုက်သည်_ ''ရှောင်လင်... ဘာဖြစ်လာတာလဲ?''
ချင်လင်ကပြုံး၍ ရှင်းပြလိုက်သည်_ ''အမေ... မိုချင်းကပြောင်းလာတာ... အမေမသိအောင်လုပ်ထားတာရှိသေးတယ်... တကယ်တော့ မိုချင်းနဲ့ကျွန်တော်က လက်ထပ်စာချုပ်လက်မှတ်ထိုးပြီးသွားပြီ''
''မင်းတို့ကလက်ထပ်စာချုပ်ချုပ်ပြီးသွားပြီလား?'' လင်းဖန်ကထိုသတင်းကြောင့် လုံးဝအံ့အားသင့်သွားသည်။ ထို့နောက်သူမကစိတ်ပူသွားပြီး သူ့သားကိုဆူလိုက်၏_ ''ရှောင်လင်... မင်းဘယ်လိုလုပ်လိုက်တာလဲ? မိုချင်းမိဘတွေသိသွားရင် ဘယ်လောက်တောင်စိတ်ဒုက္ခရောက်သွားမလဲ မင်းမတွေးမိဘူးလား?''
''အမေ... မိုချင်းမိဘတွေကသိပြီးသွားပါပြီ'' ချင်လင်ကချက်ချင်းရှင်းပြလိုက်သည်။
ကျောက်မိုချင်းကလည်း_ ''ကျွန်မအမေက ဒီကိုပြောင်းခိုင်းလိုက်တာပါ... ကျွန်မအဖေနဲ့အမေက ဒီကိုနှစ်ရက်အတွင်းလာလည်မယ်လို့တောင်ပြောသေးတယ်!''
သူမမိခင်က သူမကိုနှင်ထုတ်လိုက်သည်ဟုတော့မပြောပေ။ နောက်ပြီး သူ့ယောက္ခမကိုလည်း စိတ်မပူစေချင်။
''တကယ်လား?'' လင်းဖန်ကမယုံကြည်နိုင်။
''ဟုတ်!'' ကျောက်မိုချင်းက ခေါင်းညိမ့်အတည်ပြုလိုက်သည်။
လင်းဖန်ကကြည်ကြည်နူးနူးအံ့သြဝမ်းသာသွား၏။ ထိုခဏအတွင်း သူမရင်ထဲပျော်ရွှင်မှုကို မည်သို့ဖော်ပြရမည်တောင်မသိချေ။ ထို့နောက်သူမကရှေ့တိုးပြီး လက်ဆွဲသေတ္တာကိုဆွဲယူလိုက်သည်_ ''လူလေး... ဘာစောင့်နေတာလဲ? မိုချင်းကိုမြန်မြန်ထိုင်ခိုင်းလိုက်လေ... ငါသူ့လက်ဆွဲသေတ္တာကိုအခန်းထဲထည့်ပေးလိုက်ဦးမယ်''
ထို့နောက်လင်းဖန်က အပြုံးနှင့်သိမ်းဆည်းလိုက်၏။ အကြွေးလည်းကျေပြီ။ ကျောက်မိုချင်းကလည်း အမှန်တကယ်သူ့ချွေးမဖြစ်လာခဲ့ပြီ။ ကောင်းခြင်းမင်္ဂလာပင်။
ချင်လင်လည်း စိတ်ကြည်လင်နေသည်။ သူနှင့်ကျောက်မိုချင်း တိတ်တဆိတ်လက်ထပ်စာချုပ်ချုပ်ထားခြင်းမှာ သူ့စိတ်ထဲတွင်အဖုအထစ်ဖြစ်နေခဲ့၏။ ယခုလျှို့ဝှက်ချက်ပေါ်သွားပြီဖြစ်၍ ပိုပြီးစိတ်သက်သာရာရသွားသည်။
ကျောက်မိုချင်းကိုကူစီစဉ်ပေးပြီးနောက် ချင်လင်ကသူမကိုခေါ်၍ တိုလီမုတ်စထွက်ဝယ်မည်အပြုတွင် လင်းဖန်ကတားလိုက်၏_ ''ငါလည်းအမျိုးသမီးတစ်ကိုယ်ရေတစ်ကာယဝယ်ဖို့ရှိသေးတယ်... မင်းလိုယောက်ျားလေးက ဘာလိုက်လုပ်မှာလဲ? ငါမိုချင်းကိုအဖော်လိုက်ပေးလိုက်မယ်''

''ရှင်စံအိမ်ကိုသွားတော့လေ... အမေနဲ့ကျွန်မသွားလိုက်မယ်'' ကျောက်မိုချင်းကပြုံး၍ဆိုလိုက်သည်။ သူမကလည်း သူမယောက္ခမနှင့်အတူ စျေးဝယ်ထွက်ချင်သည်လေ။ ဘာပဲဖြစ်ဖြစ်ပြောင်းလာပြီဆိုတော့ သူတို့ဆက်ဆံရေးကို စပြုစုပျိုးထောင်ရတော့မည်။
အမျိုးသမီးတွေရင်းနှီးလာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အတူတူစျေးဝယ်ထွက်ခြင်းပင်။
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး စိတ်ပူပန်ခြင်းမရှိ။ သူ့မိခင်က ကျောက်မိုချင်းကိုအလွန်ဂရုစိုက်သည်ဖြစ်၍ သူမသင့်တော်သလို ကြည့်စီစဉ်ပေလိမ့်မည်။
စံအိမ်သို့ပြန်ရောက်သောအခါ ချင်လင်ကသတင်းကောင်းထပ်ရလိုက်ပြန်သည်။
ဝတ်စုံပြည့်နှင့်ဒဏ်ခံဦးထုပ်ဆောင်းထားသောလူတစ်ဦးက_ ''သူဌေးချင်... ခင်ဗျားရဲ့အရောင်းစင်တာလုံးဝပြီးသွားပါပြီ... စစ်ဆေးကြည့်ပါဦး''
အရင်သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆောက်စဉ်က စာချုပ်ကုမ္ပဏီကို အရောင်းစင်တာပါဆောက်ခိုင်းခဲ့သည်။ အစပိုင်းတွင်သူ့အစီအစဉ်မှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အပေါ် ခရီးသည်များစိတ်ဝင်စားမှုနှင့် ဂိမ်းထဲတွင်ပစ္စည်းများရောင်းချရမှုအပေါ်မူတည်နေလေသည်။ (အခန်း ၂၈)
ထိုဝတ်စုံနှင့်လူမှာ စာချုပ်ကုမ္ပဏီမှကြီးကြပ်သူဖြစ်လေသည်။ မျိုးရိုးနာမည်မှာ 'လင်း'ဖြစ်သည်။
အရောင်းစင်တာမှာ ဧည့်ကြိုခန်းမနှင့်မလှမ်းမကမ်းတွင်ရှိ၏။ လှမ်းကြည့်လိုက်လျှင်မြင်နိုင်သည်။ ယခင်ကတည်ဆောက်နေဆဲဖြစ်သော်လည်း စံအိမ်စဖွင့်သည်နှင့် ဝိုင်းဝန်းလုပ်လိုက်ကြ၏။
အရောင်းစင်တာမှာ ရှေးဟောင်းသစ်အိမ်ပုံစံသက်သက်ပင်။ သစ်သားချည်းပဲရယ်တော့လည်းမဟုတ်။ အဓိကနေရာနှင့်ထောက်တိုင်နေရာများတွင် သစ်သားကိုသုံးရန်မဖြစ်နိုင်ချေ။ မည်သည့်အန္တရာယ်လုံခြုံမှုမှမရှိနိုင်။
''မန်နေဂျာလင်း... သွားကြည့်ရအောင်!'' ချင်လင်ကပြုံး၍ ထိုလူနောက်လိုက်ပြီး အရောင်းစင်တာဆီသွားလိုက်သည်။
အရောင်းစင်တာ၏အပေါ်ယံအသွင်အပြင်မှာ ရှေးဟောင်းပုံစံပင်။ အထဲတွင်ရောင်းချသည့်နေရာနှင့်ခွာ၍ အရောင်းစားပွဲများကိုအထူးတပ်ဆင်ထားပြီး စင်များ၏တည်နေရာနှင့်ဒီဇိုင်းပုံစံမှာ တချို့အဆင့်မြင့်ရှုခင်းသာနေရာများအတိုင်းဆင်ထားခြင်းဖြစ်သည်။
အရွယ်အစားမှာ အတော်အသင့်ရှိသောစူပါမားကတ်တစ်ခုစာတည်ဆောက်ထား၏။ စတုရန်းမီတာ ၈၀၀ ပတ်လည်ရှိပြီး နှစ်ထပ်အဆောက်အဦးဖြစ်သည်။
ဒုတိယထပ်မှာပိုကျဉ်းပြီး အလယ်တွင်ရှင်းလင်းနေ၏။ ဒုတိယထပ်တွင် အဝိုင်းပတ်တစ်နေရာသာရှိသည်။
ထိုအဆောက်အဦးဆောက်ပြီးနောက် ယခင်ပေးချေမှုအပြင် ယွမ်နှစ်သိန်းကျော်ကျန်သေး၏။
ချင်လင်က အရောင်းစင်တာကိုလှည့်ပတ်ကြည့်လိုက်သည်။ အပေါ်ယံအပြင်အဆင်နှင့်ပင် သူမျှော်လင့်ထားသည့်ပုံအတိုင်းထွက်လာ၏။
သူကအဆောက်အဦးအကြောင်းသိပ်မသိ၍ အပေါ်ယံမျှသာကြည့်နိုင်လေသည်။ သို့သော် ထိုစာချုပ်ကုမ္ပဏီမှာနာမည်ကောင်းရှိပြီးဖြစ်၍ ဤအရောင်းစင်တာအတွက်နာမည်ပျက်ခံမည်မဟုတ်ပေ။ အရည်အသွေးပိုင်းနှင့်ပတ်သက်၍စိတ်ပူစရာမလို။

ထို့နောက်သူက အရောင်းပိုင်းနေရာကိုကြည့်လိုက်သည်။ ၄င်းမှာအဓိကနေရာဖြစ်၍ အထူးတည်ဆောက်ထား၏။ အရောင်းစားပွဲတိုင်းတွင် ထောင်ထားသောမီတာဝက်ကတ်ဖြတ်စက်ရှိသည်။ သူကအထူးပြုလုပ်ခိုင်းထားခြင်းဖြစ်၏။
ဤနည်းဖြင့် နောင်တွင်ဂိမ်းထုတ်ကုန်များကို ထိုအရောင်းစားပွဲပေါ်တင်လိုက်သည့်အခါ သူလည်းမိတ်ဆက်ကတ်လုပ်နိုင်မည်ဖြစ်ပြီး ခရီးသည်များသိရှိစေရန် ကတ်ထဲထည့်ပေးနိုင်ပေမည်။
ဥပမာ အရည်အသွေး ၁ ရုံးပတီထည့်လိုက်သည်နှင့် ၄င်း၏အကျိုးအာနိသင်များကိုမိတ်ဆက်ပြီးသားဖြစ်မည်။ အရည်အသွေးကို +၁ ရှိသည်ဟူ၍တော့ဖော်ပြ၍မဖြစ်။ အချိန်ကျလာလျှင် အထူးစိုက်ပျိုးထားသောရုံးပတီသီးမှာ ပို၍အာနိသင်ရှိလာပေမည်။
သို့ဖြင့်ခရီးသည်များအား အဘယ်ကြောင့်ဤပစ္စည်းက တခြားဟာတွေထက်စျေးကြီးရသလဲဆိုတာ အသိပေးပြီးသားဖြစ်မည်။
အရောင်းစင်တာအကျယ်အဝန်းအရ ဂိမ်းထဲမှထုတ်လာသောပစ္စည်းများဖြည့်ရန် မဖြစ်နိုင်ပါချေ။ လင်ဖန်းနှင့်ဝမ်ဝေပို့သော သီးနှံနှင့်ပင်လယ်စာများထပ်ပေါင်းလိုက်လျှင် ဘာမှလုပ်မရတော့ပေ။
ယခုစီရင်စုက ထောက်ပံ့ငွေပေးတော့မည်။ ခွင့်ပြုမိန့်ကျ၍ စာချုပ်လက်မှတ်ထိုးပြီးလျှင် ရွက်လွှင့်အစီအစဉ်နှင့်နေရာထိုင်ခင်းအစီအစဉ်များထပ်ထည့်နိုင်တော့မည်။ အရင်ဆုံးအခြားအရာများလက်ကားပေးရန်ပြင်ဆင်ရမည်ဖြစ်ပြီး အထူးသဖြင့် ဒုတိယထပ်မှာအဆာပြေစာရောင်းချရာဖြစ်နေသောကြောင့်ပင်။ သို့မဟုတ်ပါက ယခုအမယ်နည်းပုံနှင့် စိတ်ကျေနပ်ရမည်မဟုတ်။
စီရင်စုထောက်ပံ့ငွေကိုအသုံးချနိုင်ပြီဆိုလျှင် ရွက်လွင့်အစီအစဉ်မှာ တစ်လအတွင်းလုပ်ဆောင်နိုင်ပေမည်။
အရောင်းစင်တာက ခြုံငုံကြည့်လျှင်မဆိုးပေ။ သစ်သားချည်းဖွဲ့စည်းထားပုံကြောင့် အဆိပ်အတောက်ပစ္စည်းများကိုပြန်လည်ပြင်ဆင်ချိန်လျော့ကျစေသည်။ အချိန်တစ်ခုအထိတော့ အသုံးပြု၍ရနိုင်ပေမည်။
ပြဿနာမရှိနိုင်သည်ကိုအတည်ပြုပြီးမှ ချင်လင်ကချန်တပေကိုခေါ်ကာ လူအင်အားနှင့်အရောင်းစင်တာကိုသန့်ရှင်းခိုင်းလိုက်သည်။ သူကတစ်ဖက်လူနှင့်လက်ခံစာချုပ်လက်မှတ်ထိုးလိုက်ပြီး စာချုပ်ကုမ္ပဏီအကောင့်ထဲသို့ငွေလွှဲပေးလိုက်၏။
အချိန်ကုန်လွန်သွားပြီး ညနေပိုင်းရောက်လာသည်။
မာလဲ့ဝမ်လည်း အိမ်ကိုပျော်ပျော်ရွှင်ရွှင်ပြန်ရောက်လာ၏။ သူကကုမ္ပဏီကိုအရင်ပြန်ပြီး ထိုအထူးဖရဲသီးများကိုပို့ပြီးမှ ဒရိုင်ဘာကိုအိမ်သို့မောင်းခိုင်းလိုက်သည်။
ဒရိုင်ဘာက ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၃၀ နှင့် ထူးရှယ်ပန်းပွင့်စိမ်း၊ ကန်စွန်းဥ၊ ရုံးပတီသီးတို့ကိုပိုက်ကာ သူ့နောက်လိုက်လာသည်။ သူကချန်ရှန်းဖေဆီမှ ရှန်းရွှေလက်ဆောင်ဆန် ၁၀ ကတ်တီရလိုက်ခြင်းဖြစ်၏။
သူအိမ်ထဲဝင်လိုက်သည်နှင့်တစ်ယောက်ယောက်ရှိနေသည်ကိုသတိပြုမိလိုက်သည်။ သူ့ဇနီးချူရှင်းက ကလေးပွေ့ထားသောငယ်ရွယ်လှပသည့်အမျိုးသမီးတစ်ဦးကိုဧည့်ခံနေ၏။ ထိုအမျိုးသမီးမှာ သူ့ဇနီး၏အချစ်ဆုံးသူငယ်ချင်းလင်းလျိုပင်။ သူမယောက်ျားမှာသာမန်အလုပ်လုပ်သူဖြစ်သော်လည်း သူ့အစ်ကိုနှင့်ဖခင်ဖြစ်သူမှာ မြို့ထဲတွင်အရေးပါအရာရောက်သူဖြစ်သောကြောင့် အလွန်မျက်နှာသာပေးရလေသည်။
သူနှင့်သူ့ဇနီးကိုပင် လင်းလျိုကခေါ်လာခြင်းဖြစ်၏။
''ယောက်ျား ပြန်လာပြီလား!'' ချူရှင်းကမတ်တပ်ရပ်၍ အပြုံးနှင့်ကြိုဆိုလိုက်သည်_ ''လင်းလျိုကလေးမွေးပြီးတော့ သူ့ယောက္ခမကပြောတယ်... နို့ထွက်နည်းလို့တဲ့... တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်မကဒီနေ့ လီဖေးရဲ့ရွှေနှင့်ကျောက်ဇိမ်ခံပစ္စည်းများကနေ ရှန်းရွှေလက်ဆောင်ဆန် ၅ ကတ်တီဝယ်ခဲ့တာလေ... သူစိတ်ဓာတ်ကျနေတယ်ဆိုလို့ အိမ်ကိုဖိတ်လိုက်တာ... အစ်မဝူချက်နေပြီ... ရှင်ပြန်လာတာနဲ့အတော်ပဲ''
ရှန်းရွှေလက်ဆောင်ဆန်ဟုကြားသည်နှင့် မာလဲ့ဝမ်ကစိတ်လှုပ်ရှားသွားပြီး_ ''တိုက်ဆိုင်လိုက်တာ... ကိုယ်လည်းရှန်းရွှေလက်ဆောင်ဆန်ရခဲ့တယ်''
သို့ဖြင့်သူက ဒရိုင်ဘာအား ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၃၀ ကိုသယ်လာခိုင်းလိုက်သည်။
မာလဲ့ဝမ်က အိတ်ကိုဂုဏ်ယူစွာနှင့်ဖွင့်လိုက်ပြီး_ ''အချစ်ရေ... နောက်ဆို လီဖေးဆိုင်က ဆန်တွေရေတွေမဝယ်နဲ့တော့... အဲဒီကောင်ကတို့ကို ပိုက်ဆံရှိတဲ့အချဉ်မှတ်နေတာ''
ချူရှင်းက ဒရိုင်ဘာမလာသောရှန်းရွှေလက်ဆောင်ဆန်အိတ်ကိုမြင်ပြီး အံ့အားသင့်သွားသည်_ ''ယောက်ျား... ဒါရှန်းရွှေလက်ဆောင်ဆန်တွေလို့ပြောနေတာမဟုတ်ပါဘူးနော်? ရှင်အလိမ်ခံရတာလား? ရှန်းရွှေလက်ဆောင်ဆန်က ဂေါ်ဖီထုပ်မှမဟုတ်တာ... ကျွန်မရဲ့ဆန် ၅ ကတ်တီကိုတောင်လုချင်တဲ့သူတွေရှိသေးတယ်... လီဖေးကရှင့်နာမည်ပြောလိုက်မှ တစ်ဖက်လူကလက်လျှော့သွားတာ''