← Chapters

ငရဲကိုးထပ်ကပ်ဘေး

Vol. 13 Ch. 180

ငရဲကိုးထပ်ကပ်ဘေး

Vol. 13 Ch. 180

အခန်း (၁၈၀) ငရဲကိုးထပ်ကပ်ဘေး

ထိုကြောက်မက်ဖွယ်ရောင်ဝါက ‌နေရာတစ်ခုလုံးအား လွှမ်းခြုံထားလေရာ ဤနေရာရှိလူတိုင်းအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်သည်သာပင်။

အထူးသဖြင့် ရန်ကျောက်ကဲကို ရှုံးနိမ့်ပြီး သိက္ခာကျခဲ့ရသော ရှဲ့ကျစ်ယီ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သည့် ခံစားချက်များစွာ တောက်လောင်နေသည်။

ရှဲ့ကျစ်ယီက ကောင်းကင်မိုးကြိုးခန်းမမှ တပည့်တစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်မည်ကို အစောဆုံး သတင်းရထားသူ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲကို ရှုံးနိမ့်ပြီးနောက် သူ၏စိတ်အခြေအနေက တည်ငြိမ်ခြင်းမရှိတော့ရာ ထူးခြားသည့်ရောင်ဝါ၏လွှမ်းမိုးမှုကိုခံရသည်နှင့် ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများဖြစ်ပေါ်လာက စိတ်အခြေအနေ ကသောင်းကနင်း ဖြစ်လာတော့သည်။

ရောင်ဝါ၏လွှမ်းခြုံခြင်းကိုခံလိုက်ရသည်နှင့် ရှဲ့ကျစ်ယီ၏ နှလုံးသားထဲ၌ ထူးဆန်းသောပုံရိပ်များ ထွက်ပေါ်လာပြီး သူ့ကိုယ်သူ ထိန်းမနိုင်သိမ်းမရဖြစ်ကာ စိတ်ဖောက်ပြန်လာတော့သည်။

ထိပ်တန်းအဆင့်အရည်အချင်းရှိသူတစ်ယောက်ဖြစ်လာရန် များစွာကြိုးစားအားထုတ်ခဲ့ရသော ကောင်းကင်မိုးကြိုးခန်းမမှ တပည့်တစ်ယောက်အနေဖြင့် ရှဲ့ကျစ်ယီက ပင်ကိုယ်မာနကြီးသလို ပါရမီရှင်တစ်ယောက်လည်းဖြစ်သည်။ သူက စိတ်ထဲတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည်နှင့် တစ်စုံတစ်ခုမှားယွင်းနေပြီဟု ခံစားလိုက်ရပြီး ချက်ချင်းပင် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့ပေသိ မည်သို့ပင်ကြိုးစားပါစေ အတွေးများကို ဖိနှိပ်မရဘဲ ဆိုးရွားသည့်ခံစားချက်များက သူ့နှလုံးသားတစ်ခုလုံးသို့ ပျံ့နှံ့လာသည်။

အထူးသဖြင့် သူ့မျက်စိရှေ့တွင် ရန်ကျောက်ကဲကို တွေ့မြင်နေရလေ ထိုအတွေးများကို ထိန်းချုပ်မရလေ ဖြစ်ရသည်။

ရှဲ့ကျစ်ယီကဲ့သို့ အလားတူအခြေအနေမျိုး ခံစားနေရသူမှာ ဒေါသထွက်ပြီး စိတ်မတည်မငြိမ် ဖြစ်နေသည့် ချန်လင်း ဖြစ်သည်။ သူမ၏အစိမ်းရောင်တစ္ဆေဝံပုလွေကြီးကို သတ်ဖြတ်ပစ်လိုက်သည့် ဧရာမပန်ဒါကြီး “ပန်ပန်” ကို ကြည့်ရင်း သူမ မျက်လုံးများက ထူးခြားစွာပင် သွေးနီရောင်လွှမ်းလာသည်။ သူမက အပြင်ပိုင်းကြယ်တာရာချီအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို အရေးမစိုက်တော့ဘဲ ခံစားချက်အလျောက် ပန်ပန်ကိုသာ သတ်ပစ်ချင်နေသည်။

သူမ၏မူမမှန်မှုကို သတိထားမိသည့် ရဲ့ကျုန်းကျိုးက သူမ၏အကြည့်များကို သဘောမကျ ဖြစ်သွားသည်။ အမှန်တော့ ရန်ကျောက်ကဲနှင့် ပန်ပန်က သူ၏ ရေနက်မှော်နဂါးအတွက် လက်စားချေရန် ကူညီပေးခဲ့ကြသူများ မဟုတ်ပါလား။

အခြားသောတပည့်များသည်လည်း အလားတူ ပြဿနာများကို အတိုင်းအတာတစ်ခုအထိ တွေ့ကြုံခံစားခဲ့ကြရသည်။ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင် စုန့်ချောင်သည်ပင် ထန်ယုံဟောင်ကို နောက်တစ်ကြိမ်တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာပြီး အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ပင်မတိုက်ရိုက်တပည့်များအားလုံးသည် ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းသူများ ဖြစ်ကြသလို စိတ်ဓာတ်ခိုင်မာသူများလည်း ဖြစ်ကြသည်။

ကြည်လင်လျှို့ဝှက်ကျွန်းနှင့် ကြည်လင်လျှို့ဝှက်ရေကန်တစ်ခုလုံးတွင် လှိုင်းနက်ဂေဟာမှ အခြားသောတပည့်များလည်းရှိကြလေရာ ထိုရောင်ဝါ၏လွှမ်းမိုးခြင်းကို လူတိုင်း သိသိသာသာ ခံစားကြရသည်။

သူတို့နှလုံးသားထဲတွင် နစ်မြုပ်နေပြီး ကိုယ်တိုင်ပင်သတိမပြုမိကြသည့် ယုတ်မာကောက်ကျစ်သော အတွေးများစွာသည် ယခု သူတို့စိတ်ထဲတွင် ထွက်ပေါ်လာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အမုန်းတရားနှင့်ဒေါသတရားများ ပိုမိုပြင်းထန်လာပြီး စိတ်ဖိစီးမှုများ ပြင်းထန်လာကာ ခံစားချက်များ အစွန်းရောက်လာသည်။

ယခင်က ပန်ပန်ကို ဖမ်းဆီးရန် မြားဖြင့်ပစ်ခတ်ခဲ့ပြီး လျိုရှန်းဖုန်းလက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့သော လူရွယ်သိုင်းသမားမှာ ကြည်လင်လျှို့ဝှက်ရေကန်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာများက သက်သာပျောက်ကင်းခြင်း မရှိ‌သေးပေ။ ယခု သူ၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ သွေးနီရောင်သမ်းလျှက် ရုန်းကန်ထလာသည်။

သူက လျိုရှန်းဖုန်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ရန်ကျောက်ကဲက လျိုရှန်းဖုန်းကို အနိုင်ယူခဲ့သည်။ သို့သော် ရှန်းရှီဝမ်က အချိန်မီကယ်တင်ခဲ့သည့်အတွက် လျိုရှန်းဖုန်း အသက်မသေခဲ့ပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမလုပ်နိုင်သည့်တိုင် လူရွယ်သိုင်းသမားက အဆုံးမဲ့တောင်တန်းကို အလွန်မုန်းတီးနေခဲ့သည်။

သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့်ဆိုလျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သည့် အဆုံးမဲ့တောင်တန်းကို လှုပ်ခါရန် မည်သည့်နည်းနှင့်မှ မတတ်နိုင်ပေ။

အင်အားကြီးမားလှသည့် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ဂိုဏ်းကို လက်စားချေရနဆိုသည်မှာ တွေးပင်မတွေးဝံ့သည့်ကိစ္စ ဖြစ်သည်။

ထိုအချက်ကိုအခြေခံပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားသည့် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်း၏ တည်ရှိမှုကို တဖြည်းဖြည်း မကျေမနပ် ဖြစ်လာသည်။

အမှန်တော့ လှိုင်းနက်ဂေဟာမှ စနစ်တကျ ဆေးကုသပေးသည့်အတွက် သူ့ဒဏ်ရာများ အတော်လေးသက်သာလာပြီ ဖြစ်သည်။

သို့တိုင် ယခုအချိန်မှာတော့ အဆုံးမဲ့တောင်တန်းကို မုန်းတီးသည့် အမုန်းတရားများဖြင့် ပြည့်နက်နေသော လူရွယ်သည် အဆုံးမဲ့တောင်တန်းကိုသာမက ၊ လှိုင်းနက်ဂေဟာနှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်း (၄)ဂိုဏ်းကိုပါ အမုန်းကြီးမုန်းကာ နာကျည်းလျှက် ရှိတော့သည်။

အဆိုးမြင်စိတ်နှင့် အမုန်းတရားများ အားကောင်းလာသည့်အခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ တဖြည်းဖြည်း ဆင်ခြင်တုံတရား ကင်းမဲ့သွားသည်။

ထိုလူရွယ်သိုင်းသမားမှာ ကြည်လင်လျှို့ဝှက်ရေကန်အောက်မှထွက်ပေါ်လာသည့် ထူးဆန်းသည့်ရောင်ဝါလွှမ်းမိုးခံရသူများထဲမှ တစ်ယောက်မျှသာ ဖြစ်သည်။

မိုးပျံကျွန်းပေါ်တွင်တော့ ရန်ကျောက်ကဲက သူ၏စိတ်ခံစားချက်များကို ငြိမ်သက်သွားစေရန် ဖိနှိပ်ထိန်းချုပ်နေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ဒဏ်ရာရရှိထားခြင်းမရှိပါက စိတ်အခြေအနေ တည်ငြိမ်အောင်ထိန်းချုပ်ရန် မခက်လှပေ။

“မီးတာက်မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ပစ္စည်းက လူတစ်ယောက်ရဲ့ခံစားချက်တွေကို လွှမ်းမိုးနိုင်ပြီး စိတ်ကိုရူးသွပ်သွားစေတယ်”

“ငရဲကိုးထပ်က နတ်ဆိုးတွေမှာတော့ လှည့်ကွက်တွေ အများကြီး ရှိတယ် ၊ အထူးသဖြင့် သူတို့က လူတွေရဲ့ စိတ်နှလုံးထဲက တပ်မက်မှုဆန္ဒတွေနဲ့ အကြောက်တရားတွေကို ဖော်ထုတ်ပေးပြီး အဲဒါကို ကာကွယ်ဖို့ အရမ်းခက်တယ်”

ရန်ကျောက်ကဲ ခေါင်းခါယမ်းမိစဉ် သူ့ဘေးနားတွင် အံတင်းတင်းကြိတ်ထားသည့် အားဟူက စကားဆိုလာသည်။

“သခင်လေး... အကြီးအကဲ’ဖန်ကျွင်း’ နဲ့ တခြားသူတွေ မလှုပ်ရှားသေးဘူးလား မသိဘူး”

“မကြာခင် လှုပ်ရှားမယ်ထင်တယ်”

“မကြာခင် လှုပ်ရှားကြမယ်ထင်တယ်”

ရန်ကျောက်ကဲက အဝေးသို့ စူးစိုက်ကြည့်ရင်း ပြန်ဖြေသည်။

သူက ကြည်လင်လျှို့ဝှက်ရေကန် အနီးပတ်ဝန်းကျင်မှ သိုင်းသမားများကို ဂရုတစိုက်ဖြင့် ကြည့်နေသည်။

ထိုသိုင်းသမားအများစုမှာ မတမူညီသောနေရာမှ ရောက်လာကြသူများဖြစ်ပြီး သူတို့အစွမ်းအစက သိုင်းဆရာသခင်တစ်ယောက်ထက် နိမ့်ကျခြင်းမရှိပေ။ အချို့ဆိုလျှင် အထွတ်ထိပ်အဆင့်သိုင်းကျင့်ကြံသူများဖြစ်ကြပြီး အကြီးအကဲ’ချန်’ ၊ ရှန်းရှီဝမ်တို့ထက် သိုင်းစွမ်းနိမ့်ကျခြင်း မရှိပေ။

ထိုသူများအားလုံးမှာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။  သူတို့၏ဆိုးညစ်သောအကြံအစည်များကို ပြီးမြောက်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့ ကြည်လင်လျှို့ဝှက်ရေကန်တွင် လာရောက်စုရုံးနေကြခြင်း ဖြစ်သည်။

သို့သော် ကြိုတင်သတင်းရရှိထားပြီးဖြစ်သော လှိုင်းနက်ဂေဟာနှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ဂိုဏ်းက ယင်းကိစ္စအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

လှိုင်းနက်ဂေဟာမှာ ထိပ်တန်းသိုင်းကျင့်ကြံသူအများအပြားသည် ကြည်လင်လျှို့ဝှက်ရေကန်အနီးပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ကင်းပုန်းဝပ်နေခဲ့ကြသည်။ ရေကန်အနီးတွင် ချောက်နကဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများ စုစည်းရောက်ရှိလာသည်နှင့် ကင်းပုန်းဝပ်နေကြသူများက နေရာအနှံ့မှ ချက်ချင်းထွက်ပေါ်လာကြသည်။

လှိုင်းနက်ဂေဟာက သူ့အစီအစဉ်နှင့်အတူ သူလျှိုများကို တိုက်ခိုက်ရန်ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ဝါဒတောင်နှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းများမှ အကြီးအကဲများက လှိုင်းနက်ဂေဟာကို လေးစားသောအားဖြင့် ရေကန်နယ်မြေအတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။

သို့သော် များစွာသောထိပ်တန်းသိုင်းကျင့်ကြံသူများ ပူးပေါင်းပြီး မြေကမ္ဘာနယ်မြေသို့ ဝင်ရောက်ကာ ငရဲကိုးထပ်မှနတ်ဆိုးများဝင်ရောက်လာမည့် ဖြစ်နိုင်ခြေများအားလုံးကို ဖြတ်တောက်ခဲ့ကြသည်။

ထို့ပြင် ကြည်လင်လျှို့ဝှက်ကျွန်းတွင် ရှိနေသည့် ဖန်ကျွင်းနှင့် အခြားသူများကလည်း လှုပ်ရှားမှု ပြုလိုက်ကြသည်။

အချိန်အတန်ကြာ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များအတိုင်း ဖန်ကျွင်းနှင့်အခြားသူများက တာဝန်ခွဲဝေယူကာ ရှင်းလင်းစွာ လုပ်ဆောင်ကြသည်။

လှိုင်းနက်ဂေဟာမှ ထိပ်တန်းကျင့်ကြံသူများက ရေကန်ပတ်ဝန်းကျင်တွင်ရောက်ရှိနေသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများကို တိုက်ခိုက်နေကြချိန်တွင် အကြီးအကဲအချို့က ရေကန်ထဲမှ ထူးဆန်းသည့် သွေးနီရောင်နဂါးကို ရင်ဆိုင်ရန် သွားကြသည်။ အချို့သော အကြီးအကဲများကတော့ ထိပ်သီးသိုင်းဂိုဏ်းကြီးများအတွင်း လျှို့ဝှက်ရောက်ရှိနေသည့် သူလျှိုများကို ဖမ်းဆီးရန်သွားရောက်ကြချိန် အချို့ကတော့ ကြည်လင်လျှို့ဝှက်ရေကန်အောက်မှ ကြီးမားသည့်အစီအရင်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြသည်။

အရာအားလုံးက အစီအစဉ်အတိုင်း စနစ်တကျပင် လည်ပတ်သွားသည်။

ကြည်လင်လျှို့ဝှက်ရေကန်အထက် ကောင်းကင်ယံတွင် ဖုံးအုပ်နေသော အနက်ရောင်တိမ်တိုက်များသည် ယခင်ကကဲ့သို့ပင် သာမန်တိမ်တိုက်များအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ အမှောင်ထုက တဖြည်းဖြည်းမှိန်ဖျော့သွားသည့်အခါ ထူးဆန်းကြမ်းတမ်းသောအနီရောင်လျှပ်စီးကောင်းများသည်လည်း ပျောက်ကွယ်သွားသည်။

မှင်ရောင်ကဲ့သို့ နက်မှောင်နေသည့် ကန်ရေပြင်က ယခင်ကအတိုင်း ပြန်လည်ကြည်လင်လာသည်။

ထိုအချိန်...

ကြည်လင်လျှို့ဝှက်ကျွန်းပေါ်တွင် အကြီးအကဲ (၂)ယောက် မျက်နှာချင်းဆိုင်ရှိနေကြသည်။

အစိမ်းရောင်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ် အကြီးအကဲက အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်ဖြင့် သူ့ရှေ့မှ လူကိုကြည့်လိုက်သည်။

“အစ်ကို’ဖုန်း’ ၊ ဘာလို့များ မင်းကိုယ်မင်း ငရဲကိုးထပ်အတွက် ပေးအပ်လိုက်ရတာလဲဗျာ”

အစိမ်းရောင်ဝတ်လူရှေ့တွင် ရှိနေသူက အတော်လေးအိုမင်းဟန်ရှိသည့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။ အတိအကျဆိုရသော ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို ဦးစီးဦးဆောင်ပြုကာ တာဝန်ယူကျင်းပပေးသည့် လှိုင်းနက်ဂေဟာမှ အကြီးအကဲဖြစ်သလို ကြည်လင်လျှို့ဝှက်ရေကန်၏ အစီအရင်ကို ထိန်းချုပ်သည့် အကြီးအကဲလည်း ဖြစ်သည်။

အကြီးအကဲ’ဖုန်း’ဆိုသူက အစိမ်းရောင်ဝတ်လူကို မုန်းတီးစွာဖြင့် ကြည့်လိုက်ရင်း...

“ငါတို့သွားမယ့်လမ်းက မတူဘူး ၊ ဒါကြောင့် အတူတူယှဉ်တွဲနေထိုင်လို့ မရဘူး ၊ ငါတို့ကြားမှာ ဘာစကားမှ ပြောစရာမရှိဘူး”

အစိမ်းရောင်ဝတ်လူက သက်ပြင်းချလိုက်ရင်း...

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲ”

အစိမ်းရောင်ဝတ်လူ၏ ကျင့်ကြံခြင်းအဆင့်မှ အကြီးအကဲ’ဖုန်း’ ထက်မြင့်မားသည်။ ယခု ထိုသူက ကြည်လင်လျှို့ဝှက်ရေကန်၏ ကြီးမားသည့်အစီအရင်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။

အကြီးအကဲ’ဖုန်း’ အနေဖြင့် အစိမ်းရောင်ဝတ်လူကို အနိုင်ယူရန်အသာထား လွတ်မြောက်အောင်ထွက်ပြေးရန်ပင် ခက်ခက်ခဲခဲ ကြိုးစားရမည် ဖြစ်သည်။

ထိုခဏတွင် အစိမ်းရောင်ဝတ်လူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး...

“မင်း ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ ၊ တကယ်ဆိုရင် မင်းရှိသင့်တဲ့နေရာက...”

“မင်း...”

အကြီးအကဲ’ဖုန်း’ စကားဆက်မပြောနိုင်ဖြစ်သွားပြီး ခဏရပ်နားလိုက်သည်။

“မင်းလည်းတကယ်တော့ ငါတို့လိုမျိုး...”

***

သူတို့မျက်စိရှေ့မှ အန္တရယ်ကပ်ဆိုးကြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲနှင့် အခြားသူများ စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်ကြသည်။

သို့သော် သူတို့အားလုံး အပြည့်အဝ စိတ်အေးလက်အေး မဖြစ်ခင်မှာပင် သူတို့မျက်စိရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

ရေကန်အောက်မှ ကြီးမားသည့်အစီအရင်ကြီးက ရုတ်ချည်း အနက်ရောင်အလင်းတန်းများ တောက်ပလာပြီး သွေးနီရောင်လျှပ်စီးများလင်းလက်လာကာ ကောင်းကင်တစ်ခုလုံး တစ်ဖန်ပြန်လည် မှောင်မိုက်သွားသည်။

လူအများ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာ ရောင်ဝါသည်လည်း ပြန်လည်ထွက်ပေါ်လာ၏။

“ဟင်...”

ရန်ကျောက်ကဲမျက်လုံးများ ပြူးကျယ်သွားပြီး လက်ခနဲ တောက်ပသွားသည်။

ခဏအကြာတွင် သူတို့ခြေထောက်အောက်မှ မိုးပျံကျွန်းက ရုတ်တရက် တုန်လှုပ်သွားသည်။

အစီအရင်နှင့် ချိတ်ဆက်ဖွဲ့စည်းထားသော မိုးပျံကျွန်းသည် ရုတ်တရက် အက်ကွဲကာ စတင်ပြိုကျလာသည်။

မိုးပျံကျွန်းအောက်တွင် ကြီးမားသည့် စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် အခြားသူများကို အောက်သို့ပြုတ်ကျအောင် ဆွဲချသွားလေတော့၏။

All Chapters