ကျိယွမ်ကြယ်၏ရှင်းဟွမ်
Vol. 48 Ch. 662
ယဲ့ချန်က ရေကန်ပတ်ဝန်းကျင်သို့ ဆက်လက်ချဥ်းကပ်လာသောအခါ ကြည်လင်ချိုမြသော ရယ်သံလွင်လွင်လေးတစ်ခုကို ကြားလိုက်ရသည်။ ၎င်းအသံရှင်က သူနှင့်ရင်းနှီးသော ရောင်ယွမ်ဖြစ်နေနိုင်သဖြင့် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမသည်လည်း ကျိယွမ်ကြယ်သို့ မသေမပျောက် ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း တွေးမိလိုက်သဖြင့် သူက အသံကြားရာသို့ ပျံသန်းလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ကျော်ဖြတ်၍ ရေကန်ဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်သောအခါ ရှေ့တည့်တည့်မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးပြူးသွားခဲ့သည်။ ခရမ်းရောင်ရေကန်နံဘေးတွင် သစ်ပင်ပန်းမန်များ ထူထပ်စွာပေါက်ရောက်နေကာ ပန်းချီကားတစ်ချပ်ပမာ လှပနေသည်။ ရေကန်စပ်တွင် ခရမ်းရောင်မြင်းပျံတစ်ကောင်က ရေသောက်နေသော်လည်း ရုပ်ခန္ဓာအစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူနေသည်။ ၎င်း၏ဘေးတွင် အဖြူရောင်ပိုးထည်အပါးတစ်ခုကိုသာ လွှမ်းခြုံထားသော ရောင်ယွမ်က နတ်မိမယ်တစ်ပါးပမာ ရှိနေပြီး မြင်းပျံ၏ကျောပြင်ကို ပွတ်သပ်ပေးနေသည်။
သူမ၏ခန္ဓာထက်တွင် ထိုပိုးထည်စမှလွဲ၍ မည်သည့်အဝတ်အစားမှမရှိသည့်အပြင် ရေစိုနေသော အနက်ရောင်ဆံပင်များကို ကျောပြင်၌ ဖြန့်ချထားသည်။ သူမက ရေချိုးထားပုံပေါ်ပြီး နို့နှစ်ရောင်အသားအရေကြောင့် လုံးဝန်းသော တင်ပါးအစုံနှင့် လှပသော ကျောပြင်လေးက ဆွဲဆောင်အားပြင်းနေသည်။ သူမက တစ်ခုခုကို စိတ်မလုံသဖြင့် လှည့်ကြည့်လိုက်သောအခါ ယဲ့ချန်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
"အား နှာဘူးကောင်"
သူမက စက္ကန့်အနည်းငယ် မင်သက်သွားပြီးနောက် အလန့်တကြားအော်ဟစ်ကာ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖုံးကိုင်လိုက်သည်။ သို့သော်လည်း ၎င်း၏အရွယ်အစားအရ လက်ဖြင့်ဖုံးအုပ်ထားသည့်တိုင် လျှံထွက်နေသဖြင့် ဝတ်လစ်စလစ်ခန္ဓာကိုယ်လေးက အတိုင်းသား ထွက်ပေါ်နေသည်။ ယဲ့ချန်က ချက်ချင်းမျက်နှာလွှဲလိုက်သော်လည်း ရောင်ယွမ်၏အလှအပများက သူ၏စိတ်အတွင်း စွဲထင်သွားပြီဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က ထန်တိုက်လင်၊ နင်အာနှင့် ပိုလင်းတို့အောက် မနိမ့်ကျပေ။ ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မည်သည့်ယောက်ျားမဆို မေ့ပစ်နိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သူ၏လည်ချောင်း၌ အေးစက်စက် အထိအတွေ့တစ်ခုဖြစ်ပေါ်လာကာ အဝတ်အစားအပြည့်အစုံဝတ်ထားသော ရောင်ယွမ်က ဓားတစ်လက်ဖြင့် ထောက်ထားခြင်းဖြစ်သည်။ အေးစက်စက် မျက်ဝန်းလေးများတွင် ဒေါသစိတ်များ ထင်ဟပ်နေသဖြင့် သူမက တကယ်လုပ်မည့်သူဖြစ်ကြောင်း နားလည်လိုက်၏။
"နင်က ဒီကို ဘယ်လိုရောက်လာတာလဲ"
ရောင်ယွမ်၏စကားသံတွင် ဒေါသသံအချို့ စွက်နေသည်။ ဤနေရာက သစ်တောစောင့်များ၏ ကန့်သတ်နယ်မြေဖြစ်ပြီး တင်းကျပ်စွာ အစောင့်ချထားသဖြင့် အပြင်လူများဝင်ရောက်နိုင်ရန် မလွယ်ချေ။ နတ်အစေခံအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ချိုးဖျက်ဝင်ရောက်လာရန် ခက်ခဲလွန်းသောကြောင့် သူမက ရေကန်အတွင်း စိတ်ရှိတိုင်း ရေချိုးသန့်စင်နေခြင်းဖြစ်သည်။ သို့သော်လည်း ယဲ့ချန်က ရုတ်တရက်ရောက်ရှိလာသဖြင့် သူမ၏ခန္ဓာကိုယ်အား မိမွေးတိုင်းဖမွေးတိုင်း မြင်တွေ့သွားနိုင်ချေရှိသည်။
"အစိမ်းရောင်အသားအရေရှိတဲ့ အဘိုးကြီးတစ်ယောက်က ငါ့ကို ခေါ်လာခဲ့တယ်။ ဒီနေရာကိုရောက်တော့ နင့်အသံကို ကြားလိုက်လို့ ရှေ့တက်လာခဲ့တာပဲ။ နင်က ရေချိုးနေမယ်လို့တော့ မထင်ထားဘူး"
ယဲ့ချန်က ရှင်းပြလိုက်သည်။
"နင် ဘာတွေမြင်လိုက်တာလဲ"
ရောင်ယွမ်က သူ့ကို တစ်ချက်စိုက်ကြည့်၍ ခပ်တင်းတင်းမေးလိုက်၏။
"ဘာမှမမြင်ပါဘူး"
သူ၏စိတ်အတွင်း ထိုပုံရိပ်က စွဲထင်သွားသော်လည်း ယဲ့ချန်က လိမ်လည်လိုက်သည်။ လက်ရှိတွင် ရောင်ယွမ်နှင့် အလွန်နီးကပ်နေသဖြင့် မွှေးပျံ့သော ကိုယ်သင်းနံ့လေးက သူ၏နှာခေါင်းဝကို လာရောက်ကျီစယ်နေသည်။
"နင်လိမ်နေတာမလား။ နင် အကုန်မြင်လိုက်တာ ငါ သိတယ်"
သူမက ဒေါသတကြီးအော်ဟစ်၍ ဓားသွားကို သူ၏လည်ပင်းအတွင်း အနည်းငယ် ဖိသွင်းလိုက်သည်။
"ဒါဆိုရင်လည်း ဓားကြီးချထားလိုက်လို့ မရဘူးလား။ ငါက တမင်သက်သက်ရည်ရွယ်ပြီး ချောင်းကြည့်ခဲ့တာ မဟုတ်ပါဘူး"
ယဲ့ချန်က ခါးသက်သက်ရယ်မော၍ ဓားသွားကို လက်ဖြင့်ဖိညှပ်ကာ အနည်းငယ်တွန်းလိုက်သည်။ ရောင်ယွမ်က အံကြိတ်၍ စိုက်ကြည့်နေသော်လည်း အချိန်တစ်ခုကြာသောအခါ ဓားကို အင်တင်တင်ဖြင့် ဖယ်ပေးလိုက်သည်။
"နင်က တမင်ချောင်းကြည့်တာမဟုတ်လို့ ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ် ။နင် နောက်ထပ်တစ်ယောက်ကို သွားပြောရရဲရင် အသေသတ်ပစ်မယ်မှတ်"
ရောင်ယွမ်က အေးစက်စက် သတိပေးလိုက်သော်လည်း သူမ၏စိတ်အတွင်း၌ ခံစားချက်အချို့ ဖြစ်ပေါ်လာသည်။ ယဲ့ချန်က သူမ၏ကိုယ်လုံးတီးခန္ဓာကို ပထမဆုံးမြင်ဖူးသော ယောကျ်ားဖြစ်သည်။ သူမက သစ်ပင်မှ အသက်ဝင်လာခြင်းဖြစ်သော်လည်း လူသားတစ်ယောက်၏ ခံစားချက်မျိုး ပိုင်ဆိုင်ထားသဖြင့် အလွန်ရှက်ရွံ့နေသည်။ သူမက ဓားကို ပြန်သိမ်းလိုက်သောအခါတွင်မှ ယဲ့ချန်က သက်ပြင်းချလိုက်မိသည်။ သူမ၏ဓားက ရိုးရှင်းသည်မဟုတ်ဘဲ အလွန်အစွမ်းထက်နေပြီး လည်ပင်းပေါ်တင်ထားရုံဖြင့် သေခြင်းတရားအငွေ့အသက်များကို ခံစားခဲ့ရ၏။
"ငါ တကယ်ချောင်းကြည့်ဖို့ မရည်ရွယ်ပါဘူး။ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ငါက နင့်အတွက် လုပ်ပေးစေချင်တာရှိရင် အကောင်းဆုံးလုပ်ပေးပါမယ်"
ယဲ့ချန်က ရောက်ယွမ်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။ တစ်ဖက်လူက မိန်းကလေးတစ်ယောက်ဖြစ်နေသောကြောင့် သူက တောင်းပန်ရန် လိုအပ်သည်။
"ဟွန့် နင်က ဘယ်လိုရောက်လာတာလဲ"
သူမက စိတ်တိုနေသော အမူအရာနှင့် မေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က တမင်ချောင်းကြည့်ခြင်း မဟုတ်သောကြောင့် သူမက ခွင့်လွှတ်ပေးလိုက်ရသည်။
"ငါ နင့်ကို ပြောပြီးသားလေ။ အဘိုးကြီးတစ်ယောက်ကခေါ်လို့ ရောက်လာတာပါဆို။ နင့်အသံကြားလို့ ငါ ထွက်ကြည့်လိုက်တော့ အဲ့လိုဖြစ်သွားတာပဲ"
ယဲ့ချန်က ပခုံးတွန့်ပြလိုက်သည်။ သူမက စိတ်တိုနေသဖြင့် သူ၏စကားကို ရှင်းရှင်းလင်းလင်း ကြားခဲ့ပုံမပေါ်ချေ။
"နင်က ထပ်ပြောရဲသေးတယ်ပေါ့"
ရောင်ယွမ်က အေးစက်စက်စိုက်ကြည့်လာခဲ့ပြီး ထိုအဖြစ်အပျက်ကို တွေးမိလိုက်သဖြင့် ပါးနှစ်ဖက်၌ ရှက်သွေးဖြာနေသည်။
"နင်ပြောတဲ့သူက သစ်တောစောင့်မျိုးနွယ်ရဲ့ ခေါင်းဆောင် မုလောင် ဖြစ်ရမယ်"
သူမက ရှက်လွန်းသဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။
"သစ်တောစောင့်မျိုးနွယ်"
"ဟုတ်တယ်။ သူတို့က ကျိယွမ်ကြယ်ရဲ့ ကာကွယ်သူတွေဖြစ်ပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို သုံးပုံတစ်ပုံအထိ ကျင့်ကြံထားနိုင်တဲ့ စစ်ဧကရာဇ်သုံးယောက် ပိုင်ဆိုင်ထားတယ်။ သူတို့က အဆင့်တစ်ဆယ် စစ်ဧကရာဇ်ဆိုပေမယ့် သာမန်နတ်အစေခံတွေအောက် အားမနည်းဘူး။ သူတို့က ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်ကို နှစ်ပေါင်းသောင်းချီကြာအောင် စောင့်ရှောက်ခဲ့တယ်"
"ရှင်းဟွမ်က ဒီနေရာမှာ ရှိတာလား။ ဘယ်နေရာမှာလဲ"
ယဲ့ချန်က ဝမ်းမြောက်ဝမ်းသာဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ ရောင်ယွမ်က မြင်းပျံကို လက်ညှိုးထိုးပြလိုက်သည်။
"ရှင်းဟွမ်က မြင်းတစ်ကောင်လား"
ယဲ့ချန်က မင်သက်သွားသည်။ ရှင်းဟွမ်တစ်ကောင်၏ပုံစံ မည်သို့ဖြစ်နေမည်ကို သူက မရေမတွက်နိုင်အောင် စဥ်းစားဖူးသော်လည်း မြင်းတစ်ကောင်ဖြစ်နေမည်ဟု မျှော်လင့်မထားပေ။ သူ၏စကားကို ကြားသောအခါ ရှင်းဟွမ်က မကျေမနပ်ဖြင့် စိုက်ကြည့်လာပြီး ရှေ့ခွာများကို မြေပြင်သို့ ဆောင့်ချလိုက်၏။
"ရှင်းဟွမ်က မြင်း မဟုတ်ပါဘူး။ သူတို့က ရုပ်သဏ္ဍာန် အတိအကျမရှိတဲ့အတွက် ကြိုက်တဲ့ပုံစံပြောင်းလဲနိုင်ပြီး လူအသွင်ပါ ယူနိုင်တယ်။ ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်က မြင်းပျံတစ်ကောင်အဖြစ် အသွင်ပြောင်းထားလို့ ဒီအတိုင်းမြင်နေရတာပဲ"
ရောင်ယွမ်က ရှင်းပြလိုက်ခြင်းဖြစ်သည်။
"ငါ နားလည်ပြီ"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။ သူသည် ဤမြင်းပျံမှာ ရုပ်ခန္ဓာအစစ်အမှန်မဟုတ်ကြောင်း ခံစားနေရသည်က မထူးဆန်းတော့ပေ။
"ရှင်းဟွမ်က ငါ့ကို ဘာကြောင့် ဒီနေရာခေါ်လာရတာလဲ"
ယဲ့ချန်က၏စကားအဆုံးတွင် သူ၏လက်ချောင်းထိပ်မှ တိမ်ပုလဲက ထွက်ပေါ်လာပြီး မြွေနီကြီးမှာ မြင်ကွင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရေကန်အတွင်း သက်ဆင်းလိုက်ပြီး မြင်းပျံရှေ့မှောက်တွင် ခေါင်းကိုညွှတ်၍ အရိုအသေပေးလိုက်သည်။ နတ်အစေခံအဆင့်ဖြစ်သော သားရဲကြီးက ရှင်းဟွမ်ရှေ့မှောက်တွင် ရိုကျိုးစွာရှိနေသဖြင့် မည်မျှလေးစားကြောင်း သိနိုင်သည်။
"ဒီမြွေကြီးက တိမ်နီမြွေလို့ ခေါ်တယ်။ သူကလည်း ကျိယွမ်ကြယ်ရဲ့ ကာကွယ်သူတစ်ယောက်ဖြစ်ပြီး တိမ်ပုလဲကို ထိန်းသိမ်းဖို့ တာဝန်ယူထားရတယ်"
ရောင်ယွမ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယဲ့ချန်ကို မြွေနီကြီးအကြောင်း ရှင်းပြလာသည်။ သူမက ကျိယွမ်ကြယ်ဝိညာဥ်နှင့် ဆက်သွယ်နိုင်ပုံပေါ်သည်။ သူမ၏စကားကြောင့် သူက တိမ်ပုလဲနှင့် မြွေကြီး ဆက်နွယ်ပုံကို သိလိုက်ရသော်လည်း ရွှမ်လင်းက ၎င်းကို ဆိုးယုတ်သော သတ္တဝါတစ်ကောင်အဖြစ် ရည်ညွှန်းပြောဆိုခဲ့သော အကြောင်းအရင်းကို နားမလည်ဖြစ်နေခဲ့သည်။
"တိမ်ပုလဲကိုရှာဖွေပြီး တိမ်နီမြွေနဲ့အတူ နင် ဒီကိုရောက်လာအောင် စီစဥ်ခဲ့တာက ရှင်းဟွမ်ပဲ"
"ဒါဆိုရင် သူတို့ကို ဘာကြောင့် တိမ်နန်းတော်ထဲမှာ ချိတ်ပိတ်ထားရတာလဲ"
ယဲ့ချန်သည် သူ၏စိတ်အတွင်းရှိ သံသယများစွာကို ဖြေဖျောက်ရန်အတွက် အခွင့်အရေးရှိပြီဖြစ်သောကြောင့် မေးခွန်းများမေးရန် တုံ့ဆိုင်းမနေခဲ့ပေ။
"ရှင်းဟွမ်က အစွမ်းအားလုံးကို ထုတ်ဖော်နိုင်ဖို့အတွက် တိမ်ပုလဲကို လိုအပ်တယ်။ ဒါကြောင့် ကြယ်သခင်၁၂ယောက်က ဒီရတနာကို သန့်စင်ဖို့အတွက် ချော်ရည်တွေထဲမှာ နှစ်ပေါင်းများစွာထားခဲ့ရပြီး တိမ်နီမြွေကို အစောင့်ချထားခဲ့တယ်။ တိမ်နန်းတော်ကိုလည်း သူတို့က တည်ေဆာက်ခဲ့ပြီး မသမာသူတွေလက်ထဲကနေ ကာကွယ်ဖို့အတွက် ကောင်းကင်ပိုက်ကွန်ကို မဟာတာအိုလက်နက်အဖြစ် သတင်းလွှင့်ခဲ့တယ်။ တိမ်ပုလဲကို ယူဆောင်လာပေးတဲ့အတွက်ရော ကျိယွမ်ကြယ်အတွက် ကိစ္စတစ်ခု ဆောင်ရွက်ပေးခဲ့တဲ့အတွက်ရော သူမက နင့်ကို ကျေးဇူးတင်ပါတယ်တဲ့"
ရောင်ယွမ်က ရှင်းဟွမ်၏စကားများကို ယဲ့ချန်ထံ တစ်ဆင့်ခံပြန်ပြောပေးနေခဲ့သည်။
"ရှင်းဟွမ်က စီနီယာရွှမ်လင်းကို လှည့်စားဖို့ ကောင်းကင်ပိုက်ကွန်ကို အသုံးချခဲ့တယ်။ သူနဲ့ပတ်သက်လို့ တစ်ခုခု မှားယွင်းနေတာလား"
ယဲ့ချန်က ရေရွတ်လိုက်ခြင်းဖြစ်သည်။
"ကြယ်ဝိညာဥ်က သူမလည်း မသိဘူးလို့ ပြောတယ်"
ရောင်ယွမ်က ခေါင်းယမ်းပြလိုက်၏။
"ရှင်းဟွမ်တောင် မသိဘူးလား"
ယဲ့ချန်က စိတ်ရှုပ်စွာ ပြန်ပေးလိုက်သည်။ ကြယ်ဝိညာဥ်က ကြယ်ပေါ်ရှိ ဖြစ်ပျက်သမျှ အရာအားလုံးကို သိနိုင်သည်ဟု သူက နားလည်ထားခဲ့သည်။
"ရှင်းဟွမ်ကလည်း ရွှမ်လင်းအကြောင်း ဘာမှမတွက်ချက်နိုင်လို့ စိုးရိမ်နေခဲ့တယ်။ သူက အတိတ်မှာ ကျိယွမ်ကြယ်ရဲ့ ကာကွယ်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အချိန်တစ်ခုကြာ ပျောက်ကွယ်သွားတယ်။ သူပြန်ရောက်လာတဲ့အချိန်မှာ ရှင်းဟွမ်က သူနဲ့ပတ်သက်သမျှကို ဘာမှမတွက်ချက်နိုင်တော့ဘူး။ သူပျောက်ကွယ်သွားတဲ့ အချိန်မှာ ဖြစ်ပျက်ခဲ့သမျှကိုလည်း မသိနိုင်ခဲ့ဘူး"
ရောင်ယွမ်၏စကားကြောင့် သူက အကြောင်းအရင်းကို နားလည်လိုက်သည်။ ကျိယွမ်ကြယ်ပေါ်ရှိ အရာရာတိုင်းကို ရှင်းဟွမ်က သိထားသော်လည်း ရွှမ်လင်းနှင့်ပတ်သက်၍ မည်သည့်ကိုမှ မသိရသောကြောင့် စိုးရိမ်နေခြင်းပင်။
"ကြယ်သခင်တွေကရော ကျိယွမ်ကြယ်ကို ဘာကြောင့် စကြဝဠာထဲက ဖုံးကွယ်ထားရတာလဲ"
သူက မြင်းပျံကို တစ်ချက်လှမ်းကြည့်၍ အသိချင်ဆုံးမေးခွန်းကို မေးမြန်းလိုက်သည်။ ရောင်ယွမ်နှင့် မြင်းပျံက အကြည့်ချင်းဆုံသွားပြီးနောက် သူမက ခေါင်းယမ်းပြလိုက်သည်။
"ရှင်းဟွမ်ကလည်း မသိဘူးလို့ ပြောတယ်"
သို့သော် ဤစကားကို ယဲ့ချန်က မယုံပေ။ သူမက ဤမျှအရေးကြီးသော ကိစ္စကို သိထားခြင်းဖြစ်သော်လည်း မပြောလိုခြင်းဖြစ်ပေလိမ့်မည်။ ဤနေရာ၌ လျှို့ဝှက်ချက်များစွာ ပုန်းကွယ်တည်ရှိနေသည်။
"ရှင်းဟွမ်က ပြောတယ်။ လောလောဆယ်မှာ ကျိယွမ်ကြယ်က အလွန်အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေပြီ။ ကြယ်ရဲ့အနီးမှာ နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးနှစ်ကောင်ရှိနေပြီး နောက်ထပ်သုံးကောင်က စကြဝဠာအတွင်းကနေ ဦးတည်လာနေကြတယ်။ သူမက ငါတို့အနေနဲ့ ဒီရန်သူတွေကို တိုက်ခိုက်ဖို့ ကူညီပေးရမယ်လို့ တောင်းဆိုနေတယ်"
ရောင်ယွမ်က လေးလေးနက်နက် ပြောလိုက်ခြင်းဖြစ်သည်။
"ငါတို့ရဲ့ခွန်အားက ကောင်းကင်နတ်ဆိုးကို မယှဥ်နိုင်ဘူး။ ဘယ်လိုလုပ်ကူညီနိုင်မှာလဲ"
ယဲ့ချန်က ကူကယ်ရာမဲ့စွာ ဖြေလိုက်သည်။ သူ၏လက်ရှိခွန်အားဖြင့် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို တိုက်ခိုက်လျှင် ကိုယ့်ကိုကိုယ်သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။