ကျိယွမ်ကြယ်၏ လျှို့ဝှက်ချက်တစ်ခု
Vol. 48 Ch. 663
"ကျိယွမ်ကြယ်မှာ ကောင်းကင်မူလကြယ်နဲ့ ဆက်သွယ်နေတဲ့ နောက်ထပ်လမ်းကြောင်းတစ်ခု ရှိတယ်။ တည်နေရာကို ရှင်းဟွမ်က သိထားပေမယ့် ကျွန်ပိုးကောင်တွေလက်ထဲကို ကျရောက်နေတယ်။ သူမက ငါတို့ရဲ့ကျင့်ကြံဆင့်ကို တိုးတက်အောင် လုပ်ပေးနိုင်တယ်။ ပြီးတော့ ငါတို့က လမ်းကြောင်းကို ပြန်လည်ရယူပြီး ကောင်းကင်မူလကြယ်ကို ပြန်စေချင်နေတယ်။ သူမအတွက် နတ်အစေခံတွေဆီကနေ အကူအညီတောင်းစေချင်တယ်"
ရောင်ယွမ်က ရှင်းဟွမ်၏စကားကို ဘာသာပြန်ပြလိုက်၏။
"နောက်ထပ်လမ်းကြောင်းတစ်ခု ရှိတာလား"
ယဲ့ချန်က သိချင်စိတ် ဖြစ်ပေါ်လာသည်။ အကယ်၍ ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်ကို အသွားအပြန်လုပ်နိုင်လျှင် ကောင်းကျိုးရှိပေလိမ့်မည်။ သူတို့ကသာ ၎င်းကို ကျွန်ပိုးကောင်များထံမှ ပြန်လည်ရယူနိုင်လျှင် ကောင်းကင်မူလကြယ်သို့ သတင်းပို့နိုင်ရုံသာမက ပိတ်မိနေကြသော စစ်ဧကရာဇ်များလည်း ဘေးကင်းကင်း ပြန်နိုင်ပေလိမ့်မည်။ ထို့အပြင် ကောင်းကင်မူလကြယ်၏ နတ်အစေခံများကလည်း ကျိယွမ်ကြယ်သို့ကူညီရန် စိတ်အေးစွာဖြင့် စစ်ကူလာနိုင်ပေလိမ့်မည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျိယွမ်ကြယ်ဟာ ဒီနဂါးငွေ့တန်းကြယ်အဖွဲ့အစည်းအတွက် သယ်ယူပို့ဆောင်ရေး ကြယ်တစ်လုံးဖြစ်ခဲ့ပြီး ရှင်းဟွမ်တွေ ပိုင်ဆိုင်ထားတဲ့ ကြယ်ဆယ်လုံးကျော်နဲ့ ဆက်သွယ်ထားတယ်။ ဒါပေမယ့် လမ်းကြောင်းအများစုက ဖျက်ဆီးခံထားရပြီး ကြယ်သခင်တွေက ဒါကို ဖုံးကွယ်ထားလိုက်ချိန်မှာ ကျိယွမ်ကြယ်ရဲ့ လမ်းကြောင်းတွေက နောက်ထပ်အလုပ်မလုပ်တော့ဘူး"
ရောင်ယွမ်က ရှင်းဟွမ်၏စကားကို ဘာသာပြန်ပေးနေရင်း မျက်လုံးများ ပြူးကျယ်လာ၏။ ကျိယွမ်ကြယ်၏ လျှို့ဝှက်ချက်တစ်ခုကို သူမနှင့် ယဲ့ချန်က သိလိုက်ရသောကြောင့် ကြယ်သခင်၁၂ပါး ဤကြယ်ပေါ်တွင် စုဝေးနိုင်ခဲ့သော အကြောင်းအရင်းကို နားလည်လိုက်၏။ သူတို့အတွက် ပဟေဠိဖြစ်စရာက ကျိယွမ်ကြယ်ကို စကြဝဠာအတွင်းမှ ဖုံးကွယ်ထားခဲ့သော အကြောင်းအရင်းဖြစ်နေသည်။ ၎င်းက ပို့ဆောင်ရေးဌာနတစ်ခုဖြစ်လျှင် ပတ်ဝန်းကျင်ရှိ ကြယ်များက အချင်းချင်းဆက်သွယ်၍ အတူတကွပူးပေါင်းပြီး ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်လျှင် ရှင်သန်နိုင်မည့် အခွင့်အရေးများ ပိုတိုးလာနိုင်သည် မဟုတ်ပါလော။
"ရှင်းဟွမ်က ငါတို့ရဲ့ပေါင်းစပ်နှုန်းက သုညဖြစ်နေလို့ ကြယ်ဝိညာဥ်ရဲ့ထိန်းချုပ်မှုကို ခံစရာမလိုတဲ့အတွက် ရှင်းဟွမ်မျိုးနွယ်နဲ့ အဆင့်တူဖြစ်တယ်လို့ ပြောတယ်။ သူမက ငါတို့ကို အမိန့်ပေးနေတာမဟုတ်ဘဲ အကူအညီတောင်းတာဖြစ်တယ်။ သူမက အခြားကြယ်တွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ငါတို့ကို အားကိုးချင်နေတယ်"
မြင်းပျံ၏မျက်လုံးများက ယဲ့ချန်နှင့် ရောင်ယွမ်ထံ အချိန်တိုင်းကျရောက်နေပြီး ရောင်ယွမ်၏စကားသံ ထွက်ပေါ်လာသည်။
"ကျုပ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိရင် သေချာပေါက်ကူညီပါမယ်"
နှစ်ဦးနှစ်ဖက်အကျိုးရှိသော ကိစ္စဖြစ်နေသဖြင့် ယဲ့ချန်က ခေါင်းညိတ်သဘောတူလိုက်၏။ ကြယ်နှစ်လုံးကြားမှ လမ်းကြောင်းကို ရှာဖွေနိုင်လျှင် သူ၏ကိုယ်ပွားသည်လည်း ကောင်းကင်မူလကြယ်သို့ အသက်ရှင်လျက် ပြန်နိုင်ပေလိမ့်မည်။
တဖိတ်ဖိတ်တောက်ပနေသော ခရမ်းရောင်ရေကန်နံဘေးတွင် ယဲ့ချန်နှင့် ရောင်ယွမ်သည် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်အောက်၌ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။ မြင်းပျံက ပတ်ဝန်းကျင်၌ လှည့်ပတ်ပျံသန်းနေပြီး ကြယ်ချီများကို ဘက်ပေါင်းစုံမှ စုစည်းပေးလိုက်သည်။ ကြယ်ချီများက စကြဝဠာအတွင်းရှိ ကောင်းကင်ချီများထက် ပို၍အစွမ်းထက်ပြီး ရှင်းဟွမ်များမှာ ၎င်းတို့ကို ထိန်းချုပ်ကာ ကျင့်ကြံသူတစ်ယောက်၏ ပါရမီနှင့် ကျင့်ကြံဆင့်ကို ပြောင်းလဲပေးနိုင်သည်။ လူသားရုပ်ခန္ဓာက ခွက်အလွတ်တစ်လုံးနှင့် ဆင်တူပြီး ကြယ်ချီများသည် ခွက်၏သိုလှောင်နိုင်စွမ်းအား ချဲ့ထွင်ပေးနိုင်သည်။ ကြယ်ချီများက ယဲ့ချန်နှင့် ရောင်ယွမ်၏နံဘေးတွင် တိမ်များကဲ့သို့ စုဝေးနေသည့်အပြင် အချိန်လေဟာနယ်ချီများလည်း ထွက်ပေါ်လာသည်။ ၎င်းတို့က ကြယ်နှစ်လုံးကြားတွင် ပွတ်တိုက်ဆွဲငင်ရာမှ ထွက်ပေါ်လာသော ဆန်းကျယ်သည့် စွမ်းအင်တစ်မျိုး ဖြစ်သည်။ ကြယ်သခင်အဆင့်သို့ရောက်လျှင် ထိုစွမ်းအင်ကို အစစ်အမှန် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သာမန်ကျင့်ကြံသူတစ်ယောက်အတွက် အနည်းငယ်မျှကိုသာ နားလည်နိုင်လျှင် ကျင့်ကြံခြင်း၌ ကြီးစွာတိုးတက်လာနိုင်သည်။
ယဲ့ချန်နှင့် ရောင်ယွမ်က ကြယ်ချီများကြား နစ်မြုပ်နေပြီး ကျင့်ကြံရာ၌ လျှပ်စီးများ၏အမြန်နှုန်းကဲ့သို့ တိုးတက်နေသည်။ ကြယ်ချီများနှင့် အချိန်လေဟာနယ်ချီများကို စုပ်ယူလိုက်သောအခါ ယဲ့ချန်၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံး၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ဝိညာဥ်များက အလွန်အသက်ဝင်လာကာ သူနှင့် ဆက်သွယ်မှုက ပို၍သန်မာလာသည်။ ထိုဝိညာဥ်များနှင့် သူက ပို၍ရင်းနှီးလာသည်ဟု ခံစားနေရပြီး ၎င်းတို့၏ပျော်ရွှင်မှုကိုပင် အာရုံခံနိုင်ခဲ့သည်။ ထို့နောက် ကြယ်များကြားတွင် ဝဲများ ရုတ်တရက်ဖြစ်ပေါ်လာကာ ကြယ်ချီနှင့် အချိန်လေဟာနယ်ချီများကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ၎င်းတို့၏ပတ်လည်တွင် အလွန်သေးငယ်သော အရံကြယ်လေးများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ကြယ်တစ်လုံးချင်းစီ၌ အရံကြယ်နှစ်လုံး ဖြစ်တည်လာပြီး ဒန်တန်အတွင်းတွင် ဆန်းကျယ်သော စွမ်းအားတစ်ရပ် ဖြစ်ပေါ်လာသည်။
ကြယ်ကိုးလုံးတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသောအခါ ယဲ့ချန်၏ဒန်တန်အတွင်း သိုလှောင်နိုင်သော ချီပမာဏက ဆယ်ဆအထိ တိုးတက်လာသည်။ ဒန်တန်အတွင်း ချီများ လစ်လပ်သွားသည်နှင့်တပြိုင်နက် ဓားပျံက တုန်ခါလာ၍ ကောင်းကင်ချီများကို ဆက်တိုက်ထုတ်လုပ်ပေးခဲ့သည်။ သူက တာအိုနတ်အဆင့်လေးအထိ တဟုန်ထိုး မြင့်တက်သွားကာ ကျန်တစ်ဖက်တွင် ရောင်ယွမ်၏ကျင့်ကြံဆင့်ကလည်း အလျင်အမြန် တိုးတက်နေသည်။ ကြယ်တစ်လုံးပေါ်တွင် ရှင်းဟွမ်က နတ်ဘုရားပမာဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ခွန်အားကို အလွယ်တကူ ပြောင်းလဲပေးနိုင်သည်။ သူက ပတ်ဝန်းကျင်ရှိ ကြယ်ချီပမာဏမှာ အတိတ်တွင် အသုံးပြုခဲ့ဖူးသော ကြယ်အမြုတေထံမှ ပမာဏထက် အဆပေါင်းရာချီပိုများကြောင်း ခံစားနေရသည်။ ထို့အပြင် ဤနေရာရှိ ကြယ်ချီများက သန်မာသော အသက်စွမ်းအားတစ်ခု ပါဝင်နေပြီး ကြယ်သေများထံမှ ရရှိလာသော ကြယ်အမြုတေ၏စွမ်းအားထက် များစွာသာလွန်ပေသည်။
ယဲ့ချန်၏ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးက လျင်မြန်စွာ လည်ပတ်လာ၍ ကြယ်ချီများကို စုပ်ယူလိုက်သောအခါ မြင်းပျံ၏မျက်လုံးများ၌ အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာ၏။ ယဲ့ချန်၏စုပ်ယူနှုန်းက အလွန်မြန်ဆန်သောကြောင့် သူမက ကြယ်ချီများကို ထပ်မံစုစည်းပေးရုံမှလွဲကာ ရွေးချယ်စရာ မရှိပေ။ အချိန်တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် သူက တာအိုနတ်အဆင့်ခြောက်အထိ ရောက်ရှိလာကာ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်၌ မျက်လုံးမှိတ်၍ ကျင့်ကြံနေသော ရောင်ယွမ်၏ ပြစ်မျိုးမှဲ့မထင်မျက်နှာလေးကို ပထမဆုံး မြင်လိုက်ရသည်။ ယဲ့ချန်၏အကြည့်ကို ခံစားမိသောအခါ ရောင်ယွမ်၏မျက်လုံးများ ဖြတ်ခနဲ ပွင့်လာ၍ အကြည့်ချင်းဆုံသွားသော ခဏတွင် ရှက်သွေးဖြာသွားခဲ့သည်။
"နင် ဘယ်အဆင့်ကို ရောက်ပြီလဲ"
ယဲ့ချန်က ရောင်ယွမ်ကို စိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
"တာအိုနတ်အဆင့်ကိုး၊ အဆင့်တစ်ဆယ်ကိုရောက်ဖို့ သိပ်မလိုတော့ဘူး"
ရောင်ယွမ်က ဤနေရာသို့ ယဲ့ချန်ထက် တစ်နှစ်စော၍ ရောက်ရှိနေသောကြောင့် ကျင့်ကြံခြင်း၌ ပို၍အကျိုးအမြတ် ဖြစ်ထွန်းခဲ့သည်။ ယဲ့ချန်သည်လည်း သူ၏ရလဒ်နှင့် ပတ်သက်၍ ကျေနပ်နေခဲ့သည်။ သူနှင့် ရောင်ယွမ်ကြားတွင် စမှတ်ချင်း ကွာခြားသောကြောင့် အချိန်လုံလုံလောက်လောက်သာရလျှင် အမီလိုက်နိုင်မည်ဟု ယုံကြည်ထားသည်။
"ဟင် နင်က တာအိုနတ်အဆင့်ခြောက်အထိ ရောက်သွားတာလား"
ရောင်ယွမ်က ယဲ့ချန်၏ကျင့်ကြံဆင့်ကို အာရုံခံကြည့်ပြီး တအံ့တသြ ရေရွတ်လိုက်သည်။ သူမနှင့် ယဲ့ချန်က သုညပိုင်ရှင်များဖြစ်သောကြောင့် ကျင့်ကြံနှုန်းတွင် အခြားပါရမီရှင်များအောက် နှေးကွေးသွားသော်လည်း ယဲ့ချန်မှာ ချွင်းချက်တစ်ခု ဖြစ်နေခဲ့သည်။ သူမနှင့် ပထမဆုံး တွေ့ဆုံချိန်၌ ယဲ့ချန်က ချီပင်လယ်အဆင့် ကျင့်ကြံသူသာဖြစ်သော်လည်း တစ်နှစ်အတွင်း တာအိုနတ်အဆင့်ခြောက်အထိ ရောက်ရှိနိုင်ခဲ့သည်။ ဤကျင့်ကြံနှုန်းက သြချရလောက်အောင် မြန်ဆန်နေသည်။ သူမက ကျိယွမ်ကြယ်၏ ရှင်းဟွမ်အကူအညီဖြင့် ကျင့်ကြံခဲ့သော်လည်း ယဲ့ချန်လောက် မြန်ဆန်ခြင်း မရှိပေ။
"သူက ဘယ်လိုလုပ် ဒီလောက်မြန်နေရတာလဲ"
ရောင်ယွမ်၏ရင်ထဲတွင် လျှို့ဝှက်ချက်များလွန်းသော ယဲ့ချန်အကြောင်း သိချင်စိတ်များ ဖြစ်ပေါ်လာသည်။
"ရှင်းဟွမ်က ဘယ်ရောက်သွားပြီလဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ မြင်းပျံ၏အရိပ်အယောင်ကိုပင် မမြင်ရသောကြောင့် စပ်စုလိုက်သည်။ ရောင်ယွမ်သည်လည်း ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားသောကြောင့် ရှင်းဟွမ်ကို ဂရုမပြုမိပေ။ ထိုအချိန်တွင် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်၏ သစ်ကိုင်းတစ်ခု လှုပ်ခတ်သွားကာ လက်ဝါးအရွယ်ရှိ မျောက်လေးတစ်ကောင်က သစ်ရွက်များအကြားမှ ထွက်ပေါ်လာ၍ သူမ၏ပခုံးပေါ်သို့ ခုန်ချလိုက်သည်။
"မမ ခေါင်းဆောင်မုက သစ်တောစောင့်မျိုးနွယ်ရဲ့ခန်းမကို လာရောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
မျောက်ကလေး၏အသံက ကြည်လင်စွာ ထွက်ပေါ်လာသည်။ ၎င်းက ကြည်လင်သော မျက်လုံးဝိုင်းကြီးများဖြင့် စပ်စုနေပြီး ယဲ့ချန်ပင် ချစ်စရာကောင်းသည်ဟု စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။ မျောက်ကလေး၏ပုံစံကြောင့် သူက ရှောင်ရိနှင့် ဝမ်အာကို ရုတ်တရက် သတိရမိလိုက်သည်။
"ခေါင်းဆောင်မုက ဘာကြောင့်လဲဆိုတာ ပြောလိုက်သေးလား"
ရောင်ယွမ်က ၎င်း၏ခေါင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်၍ မေးလိုက်ခြင်းဖြစ်သည်။
"မသိဘူး"
မျောက်ကလေးက ခေါင်းကို လက်ဖြင့်ကုတ်၍ ရောင်ယွမ်၏ပခုံးပေါ်တွင် ခုန်ပေါက်ဆော့ကစားနေသည်။ ထို့နောက် ယဲ့ချန်နှင့် ရောင်ယွမ်သည် မုလောင်ဖိတ်ခေါ်လိုက်သော နေရာသို့ အတူတကွ ထွက်ခွာလာကြသည်။ အစည်းအဝေးခန်းမက ခရမ်းရောင်သစ်တောအတွင်း တည်ရှိပြီး သစ်သားဖြင့်သာ တည်ဆောက်ထားသော အိမ်ကြီးတစ်လုံးဖြစ်သည်။ ၎င်းက ရိုးရှင်း၍ သာမန်ဆန်သော်လည်း တစ်မျိုးတဖုံ ခမ်းနားလှပနေသည်။ ခန်းမအတွင်း ရောက်နေပြီဖြစ်သော စစ်ဧကရာဇ်သုံးယောက်က ယဲ့ချန်နှင့် ရောင်ယွမ်ကို မြင်သောအခါ အလွန်ရိုကျိုးစွာဖြင့် ကြိုဆိုလိုက်သည်။ ယဲ့ချန်က သူတို့၏ဘာသာစကားကို နားမလည်သော်လည်း အပြုအမူများအရ သူ့ကို အလွန်ရိုသေနေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ထိုသုံးယောက်က နတ်အစေခံအဆင့်တစ်အောက် မနိမ့်သော စစ်ဧကရာဇ်အဆင့်တစ်ဆယ် ကျင့်ကြံသူများ ဖြစ်နေသောကြောင့် သူက နေရထိုင်ရခက်နေသော်လည်း ရောင်ယွမ်က အသားကျနေဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ သူမက ရှင်းဟွမ်နှင့် ဆက်သွယ်နိုင်သည့်အပြင် ရင်းနှီးသောကြောင့် သစ်တောစောင့်မျိုးနွယ်ဝင်များအတွက် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့သည်။
"သူက ဘာပြောနေတာလဲ"
မုလောင်က ယဲ့ချန်နှင့် ရောင်ယွမ်ကို နေရာပေး၍ စကားများစွာပြောနေသော်လည်း ယဲ့ချန်က တစ်လုံးတစ်ပါဒမျှ နားမလည်ချေ။
"ခေါင်းဆောင်မုပြောတာက သူတို့နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တဲ့ ကျိယွမ်ကြယ်အတွက် အလွန်အန္တရာယ်ရှိနေပြီတဲ့။ ဒါကြောင့် ငါတို့က ကျိယွမ်ကြယ်ကို ကယ်တင်ပေးဖို့အတွက် စစ်ကူတွေ ခေါ်ပေးမယ်ဆိုရင် သစ်တောစောင့်မျိုးနွယ်ရဲ့ မိတ်ဆွေ ဖြစ်လာလိမ့်မယ်တဲ့"
ရောင်ယွမ်က ဘာသာပြန်ပေးလိုက်သည်။ သူမ၏စကားကြောင့် မဟာမိတ်များ လိုအပ်နေသော ယဲ့ချန်၏မျက်လုံးများ တောက်ပလာခဲ့သည်။ သစ်တောစောင့်မျိုးနွယ်၌ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ကျင့်ကြံထားသော စစ်ဧကရာဇ်သုံးယောက် ပိုင်ဆိုင်ထားသဖြင့် အဆင့်တစ်နတ်အစေခံများအောက် မနိမ့်ကျပေ။ အကယ်၍ သူသာ ဤမျိုးနွယ်နှင့် မဟာမိတ်ဖြစ်လျှင် ကောင်းကျိုးများစွာ ရပေလိမ့်မည်။