← Chapters

သစ်တောစောင့်မျိုးနွယ်၏ ဘဏ္ဍာတိုက်

Vol. 48 Ch. 664

သစ်တောစောင့်မျိုးနွယ်၏ ဘဏ္ဍာတိုက်

Vol. 48 Ch. 664

"နင် ဘယ်လိုထင်လဲ"

ရောင်ယွမ်က ယဲ့ချန်၏အတွေးများကို ရိပ်စားမိဟန်ဖြင့် တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။

"ကျိယွမ်ကြယ်က ကြယ်တွေကြားမှာ သွားလာရေးဌာနတစ်ခု ဖြစ်နေတယ်ဆိုတော့ ကာကွယ်ရမှာပဲ။ ဒီကြယ်သာ ပျက်စီးသွားရင် ကောင်းကင်မူလကြယ်က အခြားကြယ်တွေနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်တော့ဘူး"

သူက ဖြေလိုက်၏။

"ဟမ့် နင့်အတွေးတွေကို ငါမသိဘူး ထင်နေလား"

ရောင်ယွမ်က စိတ်ထဲမှ ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။

"ခေါင်းဆောင်မုက ရှင်းဟွမ်ကို ခွင့်တောင်းပြီး ငါတို့နှစ်ယောက်အတွက် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးနှစ်လုံး လက်ဆောင်ပေးဖို့ ပြင်ထားတယ်။ ငါတို့ပြန်သွားရင်လည်း တိမ်ပုလဲကို ယူဆောင်သွားနိုင်တယ်။ ဒါပေမယ့် တာအိုနတ်အဆင့် တစ်ဆယ်အထိရောက်အောင် ကျင့်ကြံရလိမ့်မယ်"

ထိုအချိန်၌ မုလောင်၏စကားသံ ထွက်ပေါ်လာသဖြင့် သူမက ဘာသာပြန်ပေးလိုက်သည်။

"ငါက နတ်သစ်သီးကို မလိုချင်ဘူး။ နင်လိုချင်ရင် ယူလိုက်ပါ"

ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်သည်။ သူမက တစ်ချက်လှမ်းကြည့်၍ မုလောင်ကို ပြန်ပြောပြလိုက်သည်။ မုလောင်တို့သုံးယောက်က ယဲ့ချန်ငြင်းပယ်မည်ဟု ထင်မထားသောကြောင့် အကျပ်ရိုက်သွားကြသည်။

"နတ်သစ်သီးက ကျိယွမ်ကြယ်ပေါ်မှာ အဖိုးအတန်ဆုံးရတနာဖြစ်ပြီး အသက်သွင်းလိုက်ရင် အဆင့်တစ်မျိုးနွယ်တွေရဲ့ ရုပ်ခန္ဓာနဲ့ဆင်တူတဲ့ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ရလိမ့်မယ်။ နင်က မယူချင်တာ သေချာလား"

ရောင်ယွမ်က စိတ်ရှုပ်နေသော်လည်း ယဲ့ချန်၌ နတ်သစ်သီးပေါင်းသုံးရာကျော်ရှိကြောင်း မသိထားသောကြောင့် ဖြစ်သည်။ ယဲ့ချန်က ထပ်မံငြင်းဆန်လိုက်သောကြောင့် မုလောင်က မျက်မှောင်ကြုတ်၍ အတွေးနက်သွားသည်။ သူက ရိုးသားမှုကိုပြသရန် အဖိုးအတန်ဆုံးရတနာကို အသုံးချ၍ အသက်နှင့်ရင်းထားရသော ယဲ့ချန်နှင့် ရောင်ယွမ်ကို လက်ဆောင်ပေးလိုခဲ့သည်။ ထို့အပြင် ကောင်းကင်မူလကြယ်မှ နတ်အစေခံများကို စစ်ကူတောင်းရန်အတွက် အကူအညီလိုအပ်နေသည်။ ရောင်ယွမ်က လက်ဆောင်ကို လက်ခံခဲ့သော်လည်း ယဲ့ချန်က ငြင်းဆန်နေသဖြင့် သူက အခက်တွေ့သွားရသည်။ အကယ်၍ ယဲ့ချန်သာ လက်ခံလျှင် သစ်တောစောင့်မျိုးနွယ်က လျှို့ဝှက်ကျင့်စဥ်များအသုံးပြု၍ ၎င်းကို အသက်သွင်းပေးနိုင်သည်။ သို့သော်လည်း တစ်ဖက်လူက ငြင်းဆန်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အကယ်၍ ယဲ့ချန်က အဖိုးတန်နတ်သစ်သီးကို မလိုချင်လျှင် မည်သည့်ရတနာကို ပေးရမည်နည်းဟု စဥ်းစားနေခြင်းဖြစ်သည်။

"ကျိယွမ်ကြယ်ကို ကူညီပေးရမှာက ကျုပ်ရဲ့တာဝန်မို့လို့ အစွမ်းကုန်ကြိုးစားပေးမှာပါ။ ကျုပ်က သစ်တောစောင့်မျိုးနွယ်ကို မိတ်ဆွေအဖြစ် သတ်မှတ်ထားတဲ့အတွက် လက်ဆောင်တွေ မလိုအပ်ပါဘူး။ မစိုးရိမ်ပါနဲ့ ခေါင်းဆောင်မု၊ ကျုပ်က အကောင်းဆုံးကြိုးစားပြီး နတ်အစေခံတွေဆီမှာ စစ်ကူတောင်းပေးပါမယ်"

ယဲ့ချန်က သူ့ထံတွင် နတ်သစ်သီးများစွာရှိနေသောကြောင့် လက်ခံမလိုသည့်အပြင် သစ်တောစောင့်မျိုးနွယ်မှ သူ့အပေါ် အကြွေးတင်သွားစေရန် ကြံစည်လိုက်သည်။ နတ်အစေခံများနှင့် ပတ်သက်၍ သူက ယုံကြည်ချက်မရှိသော်လည်း ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို ရောင်ယွမ်က ဆက်သွယ်နိုင်ပြီး သူမသာ တောင်းဆိုပေးလျှင် နတ်အစေခံများက ငြင်းပယ်မည်မဟုတ်ပေ။ သူက ရောင်ယွမ်ကိုယ်စား နာမည်ကောင်းဝင်ယူလိုက်ခြင်းဖြစ်သည်။ သူမသည်လည်း ဤအချက်ကို တွေးမိသောကြောင့် ယဲ့ချန်ကို မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်သည်။ ယဲ့ချန်က နတ်အစေခံတစ်ယောက်နှင့်ပင် မတွေ့ဖူးသော်လည်း သစ်တောစောင့်မျိုးနွယ်ရှေ့မှောက်၌ ရင်းနှီးသယောင် ဟန်ဆောင်နေခဲ့သည်။ သို့သော်လည်း မိတ်ဆွေများဖြစ်သောကြောင့် သူမက ယဲ့ချန်၏ရည်ရွယ်ချက်ကို ထုတ်မပြောခဲ့ဘဲ စိတ်ထဲမှသာ ကျိန်ဆဲလိုက်သည်။

"ခေါင်းဆောင်မုက နင့်ကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။ ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံတွေဆီကနေ အကူအညီမရရင်လည်း ငါတို့က သစ်တောစောင့်မျိုးနွယ်ရဲ့ မိတ်ဆွေတွေ ဖြစ်ပြီ"

ရောင်ယွမ်သည် တစ်ဖက်လူ၏စိတ်ကို လွှမ်းမိုးနိုင်အောင် ပြောဆိုတတ်သော ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို ငြင်းဆန်လိုက်သောကြောင့် သေချာပေါက် နောင်တရလိမ့်မည်ဟု တွေးနေခဲ့သည်။

"သူက ပြောတယ်။ နင်က နတ်သစ်သီးကို မလိုချင်ဘူးဆိုမှတော့ သစ်တောစောင့်မျိုးနွယ်မှာ အခြားရတနာတွေ ရှိတယ်။ ဒါတွေက နတ်သစ်သီးနဲ့ မယှဥ်နိုင်ပေမယ့် သူက နင့်ကို လက်ခံစေချင်တယ်"

ရောင်ယွမ်၏စကားကြောင့် ယဲ့ချန်က စဥ်းစားခန်းဝင်လိုက်သည်။ သူက နတ်သစ်သီးကို မလိုချင်ရသော အကြောင်းအရင်းမှာ အရေအတွက်များစွာ ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့်ပင်။ သို့သော် သစ်တောစောင့်မျိုးနွယ်၏ ရတနာများကိုမူ စိတ်ဝင်စားနေခဲ့သည်။ ၎င်းတို့က နတ်သစ်သီးအောက် နိမ့်ကျမည်ဖြစ်သော်လည်း လက်ဗလာနှင့် ပြန်သွားရသည်ထက်စာလျှင် ပို၍သင့်တော်မည့်အပြင် ထိုမျိုးနွယ်၏ ရတနာများကလည်း နိမ့်ကျနေမည် မဟုတ်ပေ။

"ခေါင်းဆောင်မုက နင့်ကို မျိုးနွယ်ဘဏ္ဍာတိုက်ဆီ ခေါ်ဆောင်သွားပြီး ကြိုက်နှစ်သက်ရာ ရတနာတစ်ခုကို ရွေးချယ်ခွင့်ပေးလိမ့်မယ်"

"ဒီလိုဆိုရင်တော့ အားနာနာနဲ့ လက်ခံလိုက်ပါမယ်"

ရောင်ယွမ်၏စကားအဆုံးတွင် ယဲ့ချန်က ခဏတာတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်၏။ သူမ၏အမြင်တွင် ယဲ့ချန်က ငတုံးတစ်​ယောက်ဖြစ်ပြီး မည်သည့်ရတနာမှ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို မယှဥ်နိုင်ပေ။ နတ်သစ်သီးအတွက် ကြယ်သခင်အဆင့် ကျင့်ကြံသူများပင် တိုက်ခိုက်ကြမည်ဖြစ်ပြီး အတိတ်၌ နတ်သစ်ပင်ကို ကာကွယ်ရန်အတွက် နတ်အစေခံများနှင့် စစ်ဧကရာဇ်များစွာ အသက်စွန့်ခဲ့ကြရသည်။

"ယဲ့ချန် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးက ဘယ်လိုရတနာမျိုးလဲဆိုတာကို သိရဲ့လား"

သူမက ယဲ့ချန်ကို လေသံတိုးတိုးနှင့် သတိပေးလိုက်၏။

"ငါ သိတာပေါ့"

"ဒါဆိုရင် ဘာကြောင့် မလိုချင်ရတာလဲ"

"နင်က ငါ့အတွက် စိုးရိမ်ပေးနေတာလား။ နင်ပြောတော့ကျ အနာဂတ်မှာ ငါတို့ထဲက တစ်ယောက်သေရမယ်ဆို၊ ငါ့ကို နတ်သစ်သီးပေးချင်တာ သေချာရဲ့လား"

ယဲ့ချန်က တစ်ချက်ပြုံး၍ စနောက်လိုက်ခြင်းဖြစ်သည်။

"ကောင်းကင်မူလကြယ်အတွက် နတ်သစ်သီးတစ်လုံးဆုံးရှုံးမှာကို ငါက စိုးရိမ်တာပါ။ နင်က ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအကြောင်း ဘာမှမသိပါဘူး"

ရောင်ယွမ်က မျက်စောင်းတစ်ချက်ထိုး၍ မကျေမနပ် ရေရွတ်လိုက်၏။

"ငါ့အတွက် နတ်သစ်သီးက မလိုအပ်ဘူးလေ"

ယဲ့ချန်က ပခုံးတွန့်ပြလိုက်သည်။ သူ၏အမူအရာကြောင့် ရောင်ယွမ်က စိတ်ပျက်သွားပုံပေါ်သည်။ သူမက စေတနာဖြင့် သတိပေးခဲ့သော်လည်း တစ်ဖက်လူက လက်မခံသဖြင့် နောက်ထပ်မတိုက်တွန်းတော့ပေ။ ထို့နောက် သူတို့ကို စစ်ဧကရာဇ်သုံးယောက်က အထပ်သုံးထပ်ရှိပြီး ကာကွယ်ရေးအစီအရင်များနှင့် တင်းကျပ်စွာ ကန့်သတ်ထားသော သစ်သားအိမ်တစ်လုံးထံ ခေါ်ဆောင်သွားကြသည်။ အတွင်း၌ လက်နက်မျိုးစုံနှင့် ချပ်ဝတ်များကို နံရံများပေါ်၌ ချိတ်ဆွဲထားပြီး အနည်းဆုံး တာအိုအဆင့်ငါး ဖြစ်ကြသည်။ ဘဏ္ဍာတိုက်၏ပထမထပ်တွင် ရတနာပေါင်းသောင်းချီရှိနေသောကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ သစ်တောစောင့်မျိုးနွယ်သည် ကျိယွမ်ကြယ်ကို နှစ်ပေါင်းများစွာ ကာကွယ်လာသောကြောင့် ရတနာများ အလွန်ကြွယ်ဝသော်လည်း သူက လှည့်ပတ်စစ်ဆေးပြီးနောက် စိတ်မဝင်စားတော့ဟန်ပြလာသည်။ ထို့ကြောင့် စစ်ဧကရာဇ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သစ်တောစောင့်မျိုးနွယ်က တွန့်တိုခြင်းမရှိသော်လည်း ပထမထပ်၌ပင် ရတနာများက အလွန်အဖိုးတန်နေပြီဖြစ်ကာ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် လိုချင်စိတ်များ ထိန်းမရအောင်ဖြစ်သွားနိုင်သော်လည်း ယဲ့ချန်က မလိုချင်သည့်သဘော ပြနေခဲ့သည်။

သူက ကောင်းကင်မူလကြယ်မှ နတ်အစေခံများထံ စစ်ကူတောင်းပေးမည်ဟု ကတိပေးခဲ့သောကြောင့် ကျိယွမ်ကြယ်၏အနာဂတ်က သူ့အပေါ်တွင် မူတည်နေသည်ဟု မုလောင်က ထင်မှတ်နေခဲ့သည်။ ထို့ကြောင့် သူက ယဲ့ချန်နှင့် ရောင်ယွမ်ကို ဘဏ္ဍာတိုက်၏ဒုတိယထပ်ထံ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာရှိ လက်နက်များက အနိမ့်ဆုံး တာအိုအဆင့်ခုနစ်ဖြစ်ကာ ပထမထပ်ရှိ အရေအတွက်အောက် နည်းပါးသော်လည်း ထောင်ချီနေခဲ့သည်။ အားလုံးကို ကျိယွမ်ကြယ်ခေတ်ကောင်းစဥ်အခါက မဟာပန်းပဲဆရာသခင်များ သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံသူအရေအတွက်တွင် ကောင်းကင်မူလကြယ်ကို ကျိယွမ်ကြယ်က မယှဥ်နိုင်သော်လည်း ပန်းပဲပညာ၌ အပြတ်အသတ်သာလွန်သည်။ အကယ်၍ ဤလက်နက်များအတွင်းမှ ကျပန်းတစ်ခုကိုသာ ကောင်းကင်မူလကြယ်သို့ ယူဆောင်သွားလျှင် အဖိုးမဖြတ်နိုင်အောင် စျေးကြီးပေလိမ့်သည်။ ယဲ့ချန်က အဆင့်ရှစ်တာအိုလက်နက်တစ်ခုဖြစ်သော ဓားရှည်တစ်လက်ကို စစ်ဆေးနေသဖြင့် မုလောင်က ကျေနပ်သွားခဲ့သည်။

သို့သော်လည်း ယဲ့ချန်က တစ်ချက်သာကြည့်၍ ခေါင်းယမ်းပြီး ဓားရှည်ကို ပြန်ချထားလိုက်သောကြောင့် မုလောင်တို့သုံးယောက် အံ့သြသွားကြရသည်။ ဒုတိယထပ်ရှိရတနာများပင် သူ့စိတ်တိုင်းကျမဖြစ်နေသောကြောင့် မုလောင်၏အပြုံးက အေးခဲသွားခဲ့သည်။ သို့သော်လည်း သူတို့က အချင်းချင်းတိုင်ပင်ပြီးနောက် တတိယထပ်သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ တတိယထပ်တွင် ရတနာအရေအတွက် ရာချီသာရှိသော်လည်း အနိမ့်ဆုံး တာအိုအဆင့်ကိုးလက်နက်များ ဖြစ်ကြသည်။

ရောင်ယွမ်သည် ရတနာများအကြား လိုက်လံစစ်ဆေးနေသော ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဤနေရာရှိ လက်နက်များက အဖိုးတန်လွန်းသောကြောင့် ကောင်းကင်မူလကြယ်၌ဆိုလျှင် နတ်အစေခံများကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့က ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို မယှဥ်နိုင်သော်လည်း အဖိုးတန်နေဆဲပင်ဖြစ်သည်။ ကြမ်းပြင်တွင် သေတ္တာများရှိနေပြီး အဖုံးဖွင့်ထားသဖြင့် တလက်လက်တောက်ပနေသည့် ကျောက်မျက်ရတနာများလည်း ထွက်ပေါ်နေသည်။ ၎င်းတို့ကို ကြုံရာကျပန်းနေရာချထားသဖြင့် အဖိုးမတန်ဟု ထင်မှတ်ရသော်လည်း အမှန်တကယ်၌ အဖိုးမဖြတ်နိုင်ပေ။ ကျိယွမ်ကြယ်ထွန်းကားခဲ့စဥ် ပန်းပဲဆရာမျိုးနွယ်ပေါင်း ရာချီရှိခဲ့သဖြင့် လက်နက်များ အလွန်တရာပေါများခဲ့သည်။ ကာကွယ်သူမျိုးနွယ်ဖြစ်သော သစ်တောစောင့်မျိုးနွယ်၌ ပန်းပဲဆရာများစွာ ပိုင်ဆိုင်ခဲ့သောကြောင့် အဖိုးတန်ရတနာများစွာ ရှိနေခြင်းဖြစ်သည်။ လက်နက်အများစုက စစ်ပွဲအတွင်း ပျက်စီးသွားကြပြီး ဤဘဏ္ဍာတိုက်တစ်ခုကိုသာ အသည်းအသန် ကာကွယ်ခဲ့ကြသဖြင့် ကျန်ရစ်ခဲ့သည်။

အကယ်၍ ယဲ့ချန်သာ စိတ်ကြိုက်မတွေ့လျှင် တာအိုလက်နက်အချို့ အတင်းအကျပ်လက်ဆောင်ပေးရန် မုလောင်နှင့် အပေါင်းအပါနှစ်ယောက်က တိုင်ပင်ထားကြသည်။

"ကျုပ်က လိုချင်တဲ့ရတနာကို ယူခွင့် ရှိလား"

ယဲ့ချန်က ရတနာများကို လိုက်လံကြည့်ရှုနေရင်း မုလောင်ကို မေးလိုက်သောအခါ ရောင်ယွမ်က ဘာသာပြန်ပေးလိုက်၏။

"သူတို့က နင်လိုချင်တာကို ယူနိုင်ပါတယ်တဲ့။ ဘယ်အရာကိုဖြစ်ဖြစ် နင့်စိတ်ကြိုက် ရွေးချယ်နိုင်တယ်"

မုလောင်က ခေါင်းညိတ်ပြလိုက်ပြီး တစ်စုံတစ်ခုပြောလိုက်သောအခါ ရောင်ယွမ်၏စကားသံ ထွက်ပေါ်လာသည်။ တတိယထပ်၌ ရတနာများစွာရှိနေသော်လည်း သူမက စိတ်မဝင်စားပေ။ ကောင်းကင်မူလကြယ်၏ ပန်းပဲပညာအဆင့်အတန်းက ကျိယွမ်ကြယ်အောက် များစွာနိမ့်ကျသော်လည်း သူမက ရှင်းဟွမ်နှင့် ဆက်သွယ်နိုင်သဖြင့် သာမန်လက်နက်များကို မလိုအပ်ပေ။ သူမ၏စိတ်ကိုဆွဲဆောင်နိုင်သည်မှာ ကြယ်ဝိညာဥ် မဟာတာအိုလက်နက်များသာ ဖြစ်သည်။

"ဒါဆိုရင် ကျုပ် တစ်ခု ယူလိုက်ပါမယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သစ်တောစောင့်မျိုးနွယ် ဘဏ္ဍာတိုက်၏ တတိယထပ်တွင် ရတနာများစွာရှိနေသောကြောင့် မည်သည့်အရာက ပို၍အဖိုးတန်ကြောင်း ခွဲခြားရန် ခက်ခဲသည်။ သို့သော်လည်း သူက ဘဏ္ဍာတိုက်အတွင်း လှည့်ပတ်စစ်ဆေးနေစဥ် စိတ်အတွင်းမှ ဓားပျံက တုံ့ပြန်လာသောကြောင့် ရွေးချယ်ရန် ထိုက်တန်သော ရတနာများရှိကြောင်း သိလိုက်ရလေသည်။

All Chapters