← Chapters

သင်ခန်းစာပေးခြင်း

Vol. 48 Ch. 666

သင်ခန်းစာပေးခြင်း

Vol. 48 Ch. 666

ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်က မုလောင်ကို ကြောက်လန့်စွာ ကြည့်လိုက်မိသည်။ သာမန်ဟုထင်ရသော လူပုအဘိုးအိုတစ်ယောက်က ဤမျှကြောက်စရာကောင်းနေမည်ဟု သူတို့က ထင်မထားခဲ့ပေ။ တစ်ဖက်လူက အနည်းဆုံး စစ်ဧကရာဇ်အဆင့်တစ်ဆယ်ဖြစ်မှသာ သူတို့ကို အရှိန်အဝါသက်သက်ဖြင့် လွင့်ထွက်သွားစေနိုင်ပေလိမ့်မည်။

"ဘာတွေဖြစ်နေတာလဲ။ ယဲ့ချန်က ဘယ်လိုလုပ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ သိကျွမ်းနေရတာလဲ။ ဒီလူကရော ဘာကြောင့် ယဲ့ချန်ကို လေးစားပြနေရတာလဲ"

သူတို့က လမ်းတလျှောက်လုံး ငရဲကျသည့်ပမာ ရုန်းကန်လာရသောကြောင့် ယဲ့ချန်ကို မြင်သောအခါ အခြေအနေကို အကဲမခတ်နိုင်ဘဲ ခုန်ဝင်တိုက်ခိုက်မိခြင်းဖြစ်ကာ လူပုများက ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားပေ။ ယဲ့ချန်က ထိုငတုံးနှစ်ယောက်ကြောင့် ပြောစရာစကားများ ဆွံ့အသွားခဲ့သည်။ သူတို့က ခရမ်းရောင်သစ်တောအတွင်း ဆူးပင်များကြောင့် နှိပ်စက်ခံခဲ့ရပြီး ဤနေရာသို့ ရောက်သောအခါတွင်လည်း မုလောင်၏လက်ချက်ဖြင့် မြေပြင်တွင် လဲကျသွားခဲ့ရသည်။

"အစ်ကိုကြီး ဒီလူနှစ်ယောက်က ဘယ်သူတွေလဲဆိုတာနဲ့ ဘယ်လိုစီရင်ရမလဲလို့ ခေါင်းဆောင်မုက မေးနေတယ်"

မုလောင်က ယဲ့ချန်၏ပခုံးထက်ရှိ ရှောင်ချီကို စကားအနည်းငယ် ပြောလိုက်သည်။

"သူတို့ကလည်း ကောင်းကင်မူလကြယ်ရဲ့ စစ်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေပါ။ ကျုပ်တို့ကြားထဲမှာ ရန်ငြှိုးနည်းနည်းရှိလို့ လမ်းတလျှောက်လုံး လိုက်လာတာ ဖြစ်လိမ့်မယ်"

ယဲ့ချန်၏စကားကို ရှောင်ချီက ဘာသာပြန်ပေးလိုက်သောအခါ သစ်တောစောင့်မျိုးနွယ်ဝင်များက ဒေါသထွက်ကုန်သည်။ ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများက ဘုံရန်သူကို တိုက်ခိုက်ရန် စည်းလုံးနေရမည့်အချိန်တွင် ဤလူနှစ်ယောက်က ကိုယ်ရေးကိုယ်တာရန်ငြှိုးကြောင့် ယဲ့ချန်ကို သတ်ချင်နေသည်။ ဤအချက်က သူတို့၏အမြင်တွင် အောက်တန်းကျလွန်းနေသည်။ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်သည် ယဲ့ချန်နှင့် မုလောင် စကားပြောနေသည်ကို မြင်သောအခါ အကြောင်းအရာကို မကြားရသော်လည်း ခံစားချက်များ ဆိုးဝါးလာခဲ့သည်။ သူတို့က မုလောင်ကို မယှဥ်နိုင်သည့်အပြင် ခရမ်းရောင်သစ်တောအတွင်း ပြန်လည်ထွက်ပြေးရန်လည်း သတ္တိမရှိပေ။ ဆေးလုံးများအားလုံးကို အသုံးပြုပြီးဖြစ်သောကြောင့် သစ်တောအတွင်းမှ ဆူးချွန်များနှင့် ထပ်မံရင်ဆိုင်ရလျှင် လွတ်လမ်းမရှာနိုင်သည့်အပြင် သေနိုင်ချေရှိသည်။

"ဒီနှစ်ယောက်က ကျုပ်ရဲ့ရန်သူတွေဆိုပေမယ့် ကောင်းကင်မူလကြယ်ရဲ့ စစ်ဧကရာဇ်တွေဖြစ်နေတဲ့အတွက် သတ်လိုက်ဖို့ မသင့်တော်ဘူး။ ဒါကြောင့် သူတို့ကို အမြင်မကျဥ်းအောင် သင်ကြားပေးဖို့ ခေါင်းဆောင်မုကို အကူအညီတောင်းပါတယ်။ ဒါမှသာ သူတို့က ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့အတွက် နားလည်သဘောပေါက်နိုင်မှာ ဖြစ်တယ်"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ဆုံးဖြတ်ပေးလိုက်သောအခါ မုလောင်က အလွန်လေးစားသွားရသည်။

"ခေါင်းဆောင်မုက ပြောတယ်။ သူတို့က အစ်ကိုကြီးကိုသတ်ဖို့ တစ်ချိန်လုံး ကြံစည်နေပေမယ့် ခွင့်လွှတ်ပေးဖို့အတွက် ချီးကျူးပါတယ်တဲ့။ တကယ်လို့ ကောင်းကင်မူလကြယ်နဲ့ ကျိယွမ်ကြယ်က ကျင့်ကြံသူတိုင်းသာ အစ်ကိုကြီးလို စိတ်ထားမျိုးရှိမယ်ဆိုရင် အနာဂတ်က သာယာလှပနေလိမ့်မယ်"

ရှောင်ချီသည်လည်း မုလောင်၏စကားကို ဘာသာပြန်ပေးနေရင်း ယဲ့ချန်ကို လေးစားစွာ စိုက်ကြည့်နေခဲ့သည်။ ထို့ကြောင့် သူက နေရထိုင်ရခက်သွားပြီး အကြောင်းအရင်းမှာ ဧကရာဇ်နှစ်ယောက်က လမ်းတလျှောက် ပြဿနာများစွာ ကြုံတွေ့ခဲ့ရသော်လည်း သူက ဆံပင်တစ်ချောင်းပင် မထိခိုက်ခဲ့သောကြောင့်ဖြစ်သည်။

"ကျုပ်တို့ရဲ့အသက်ကို ရှင်းဟွမ်က ပေးထားတာဖြစ်လို့ မိခင်နဲ့တူတဲ့ ရှင်းဟွမ်ကို ကာကွယ်ပေးရမယ်။ ကောင်းကင်မူလကြယ်နဲ့ ကျိယွမ်ကြယ်ကြားမှာ ခရီးက ဝေးကွာပေမယ့် ဆွေမျိုးရင်းချာတွေလို သဘောထားပါတယ်။ ကျုပ်တို့က အချင်းချင်းကူညီထောက်ပံ့ပြီး ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်ရမှာက အဓိကတာဝန်ပါပဲ"

ယဲ့ချန်၏စကားကြောင့် မုလောင်၏ အထင်ကြီးစိတ်များ ပိုမိုတိုးပွားလာခဲ့ကာ သူ့ကို လုံးဝလေးစားသွားပြီဖြစ်သည်။ သူက ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုကို စိတ်ပျက်စွာ စိုက်ကြည့်၍ ခေါင်းယမ်းလိုက်သည်။ ယဲ့ချန်၏ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်နှင့်ယှဥ်လျှင် ထိုနှစ်ယောက်က စစ်ဧကရာဇ်များဖြစ်လင့်ကစား အောက်တန်းကျလွန်းသော စရိုက်ကို ပိုင်ဆိုင်ထားသည်။

"ခေါင်းဆောင်မုက ဒီနှစ်ယောက်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်ပါမယ်တဲ့။ သူတို့က အစ်ကိုကြီးကို နောက်တစ်ခါ အန္တရာယ်မပြုစေရပါဘူး"

ရှောင်ချီက မုလောင်၏စကားကို ပျော်ရွှင်စွာ ဘာသာပြန်ပေးလိုက်သောအခါ ယဲ့ချန်၏စိတ်ထဲတွင် ရန်သူနှစ်ယောက်အတွက် စာနာစိတ်များ ဖြစ်ပေါ်လာသည်။ သစ်တောစောင့်မျိုးနွယ်၏ သင်ကြားပေးခြင်းခံရပြီးနောက် ဤနှစ်ယောက်မှာ ရန်ငြှိုးများကို မေ့ပစ်ပြီး စိတ်သစ်လူသစ်ဖြစ်လာပါစေဟု စိတ်ထဲမှ ဆုတောင်းပေးလိုက်သည်။ သူတို့၏စကားကို မကြားနိုင်သော်လည်း ယဲ့ချန်၏အကြည့်ကြောင့် ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုမှာ အကြောင်းအရင်းမသိရဘဲ တုန်ယင်သွားကြသည်။ မုလောင်၏လက်အောက်ခံ အဆင့်တစ်ဆယ် စစ်ဧကရာဇ်နှစ်ယောက်က ရှေ့တက်လာပြီး သူတို့ကို ကြက်ပေါက်ကလေးများသဖွယ် ဂုတ်မှ ဆွဲမလိုက်သည်။ သူတို့က လူပုလေးများသာဖြစ်သော်လည်း အလွန်အမင်းသန်မာနေကြသည်။

"ငါတို့ကို လွှတ်ပေးစမ်း။ ငါတို့ဆရာက ကောင်းကင်မူကြယ်ရဲ့ နတ်ဧကရာဇ်ပဲ။ ငါတို့ကိုထိရဲရင် မင်းတို့ရဲ့ခွေးအသက်ကို ဖက်နဲ့ ထုပ်ထားရလိမ့်မယ်"

ဧကရာဇ်ယုက ကျိယွမ်ကြယ်သို့ ရောက်ရှိနေသည်ကို မေ့လျော့ကာ နောက်ခံအားကိုးဖြင့် ခြိမ်းခြောက်ရင်း ရုန်းကန်လိုက်သည်။ ထိုအချိန်တွင် မုလောင်က သူ၏လမ်းလျှောက်တုတ်ဖြင့် တင်ပါးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် နာကျင်စွာ အော်ဟစ်နေရသည်။ ကောင်းကင်မူလကြယ်၏ စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော ဧကရာဇ်ယုက မောက်မာသူဖြစ်၍ တင်ပါးကို တုတ်ဖြင့် အရိုက်ခံနေရခြင်းကို သည်းမခံနိုင်ပေ။

"မင်းတို့အားလုံးကို သတ်ပစ်မယ်"

ဧကရာဇ်ယု၏မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် ကောင်းကင်ချီများ ထုတ်ဖော်လိုက်သည်။

"ဘန်း"

သို့သော် မုလောင်က လမ်းလျှောက်တုတ်ဖြင့် မည်သည့်နေရာသို့ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ ဧကရာဇ်ယု၏အနောက်တံခါးက ပွင့်ထွက်သွားကာ သွေးများ ဗြန်းခနဲ စီးထွက်လာခဲ့သည်။ ဤအဖြစ်ကို မြင်သောအခါ ဧကရာဇ်ချင်မှာ တုန်ယင်သွားပြီး တင်ပါးကို ကျုံ့ထားလိုက်မိကာ တစ်ချက်ကလေးပင် မရုန်းကန်ရဲတော့ပေ။ သစ်တောစောင့်မျိုးနွယ်၏ စစ်ဧကရာဇ်များရှေ့မှောက်တွင် သူတို့က ကလေးငယ်များသဖွယ် ရိုက်နှက်ဆုံးမခံနေရသည်။ သူတို့က ယဲ့ချန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သော်လည်း မုလောင်၏ သတိပေးလိုသော အကြည့်ကြောင့် ကျောရိုးအတွင်းမှ ကြောက်စိတ်များ စိမ့်တက်လာကာ မော်ပင်မကြည့်ရဲတော့ပေ။

ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုကို မုလောင်က သင်ခန်းစာပေးပုံကြောင့် ယဲ့ချန်မှာ သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်မိသည်။ လက်ရှိတွင် သူက ရန်သူများအတွက် ပထမဆုံးအကြိမ် သနားမိသွားခဲ့သည်။

"ခေါင်းဆောင်မု ကျုပ်က ကျင့်ကြံဖို့အတွက် မြင့်မြတ်ရေကန်ကို ပြန်ပါတော့မယ်"

သူက လက်နှစ်ဖက်​ဆုပ်၍ မုလောင်ကို နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ မုလောင်က ပြန်လည်ဦးညွှတ်၍ နှုတ်ဆက်ကာ မြင့်မြတ်ရေကန်အနားအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ယဲ့ချန်နှင့် ရှောင်ချီက ရေကန်ထံ ပြန်ရောက်လာသောအခါ တိမ်နီမြွေနှင့် မြင်းပျံက ရေကန်အတွင်း ရှိနေပြီး ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်အောက်၌ ရောင်ယွမ်က ကျင့်ကြံနေသည်။

"ယဲ့ချန် ဟိုနှစ်ယောက် ဘယ်လိုဖြစ်သွားပြီလဲ"

ယဲ့ချန်ရောက်ရှိလာကြောင်း အာရုံခံမိသောအခါ ရောင်ယွမ်က မျက်လုံးများဖွင့်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။

"လောလောဆယ်တော့ သူတို့ကို သစ်တောစောင့်မျိုးနွယ်က ရက်ရက်ရောရော ဧည့်ခံနေကြတယ်။ သူတို့က ခရမ်းရောင်သစ်တောထဲမှာ တော်တော်လေး ဒုက္ခခံလာရတယ်မလား"

ယဲ့ချန်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။

"တကယ်လား"

ရောင်ယွမ်က သူ့ကို မယုံသင်္ကါဖြင့် စိုက်ကြည့်လာသည်။

"ဒါပေါ့၊ မစိုးရိမ်ပါနဲ့။ သူတို့ကို ခေါင်းဆောင်မုက ကောင်းကောင်းဧည့်ခံနေပါတယ်"

ယဲ့ချန်က ရယ်မော၍ ခေါင်းညိတ်ပြလိုက်သည်။ သစ်တောစောင့်မျိုးနွယ်၏ ဧည့်ဝတ်ကျေပွန်မှုက ထိုနှစ်ယောက်၏ဘဝတွင် တစ်သက်မမေ့နိုင်စရာ ဖြစ်ပေလိမ့်မည်။

"စကားမစပ် သူတို့ မင်းအတွက် အသက်ကိုရင်းပြီး ကျိယွမ်ကြယ်အထိ လိုက်လာကြတယ်။ ဒါကိုတောင် ဘာဖြစ်လို့ သူတို့နဲ့ မတွေ့ချင်ရတာလဲ"

ယဲ့ချန်က စပ်စုလိုက်သည်။ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်က ရောင်ယွမ်အတွက် ဤမျှစွန့်စားလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။

"ဘယ်ကလာ အသက်နဲ့ရင်းရရမှာလဲ။ သူတို့မှာ အသက်ကယ်ဝှက်ဖဲတွေရှိလို့ ကျိယွမ်ကြယ်ကို လိုက်လာရဲတာပါ။ ပြီးတော့ နတ်ဧကရာဇ်လင်းဖန်လိုမျိုး အာဏာကို တပ်မက်ကြတယ်။ ငါ့ကိုလက်ထပ်နိုင်တဲ့သူက တာအိုအိမ်တော်သခင်ရာထူးရမယ်လို့ လင်းဖန်က မက်လုံးပေးထားတယ်လေ"

ရောင်ယွမ်က နှာခေါင်းတစ်ချက်ရှုံ့၍ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

"ငါ နားလည်ပြီ။ ဒါပေမယ့် မိန်းမလှတစ်ယောက်ကို လက်ထပ်ပြီး တာအိုအိမ်တော်သခင် ဖြစ်လာမယ်ဆိုတာက တော်တော်ကို ဆွဲဆောင်အားကြီးမားတယ် ဟား ဟား"

ယဲ့ချန်က တစ်ချက်ရယ်လိုက်သည်။

"နင်ကရော ဒါမျိုး လုပ်ချင်နေတာလား"

ရောင်ယွမ်က အံတစ်ချက်ကြိတ်၍ မျက်နှာက ပြုံးထားသော်လည်း လေသံက အလွန်အမင်းအေးစက်နေသည်။

"မဟုတ်ပါဘူး။ ငါ့မှာ မိန်းမလေးယောက်တောင် ရှိနေပြီ။ ငါက နင့်ကို လက်ထပ်ချင်ရင်တောင် ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။ အခုရှိနေတဲ့ လေးယောက်ကိုတောင် မနည်းထိန်းရဦးမယ်။ မဟုတ်ရင်တော့ ငါလည်း သူတို့လိုမျိုး ယှဥ်ပြိုင်ချင်ပါသေးတယ်"

သူမ၏စကားကြောင့် ယဲ့ချန်မှာ ထိတ်လန့်သွားပြီး ခေါင်းကုတ်ကာ ငြင်းချက်ထုတ်လိုက်ရသည်။

"ဟွန့်"

ရောင်ယွမ်၏ရင်ထဲ၌ ခံစားချက်အချို့ ရှုပ်ထွေးသွားသော်လည်း နှုတ်ခမ်းဆူ၍ ယဲ့ချန်ကို လျစ်လျူရှုကာ မျက်လုံးများမှိတ်​ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားလိုက်သည်။ ရောင်ယွမ်၏အပြုအမူကြောင့် ယဲ့ချန်ကလည်း ထပ်မံနှောင့်ယှက်မနေတော့ဘဲ တင်ပျဥ်ခွေထိုင်ချ၍ စတင်ကျင့်ကြံလိုက်သည်။

ရက်အနည်းငယ်က လျှပ်တပြက်အတွင်း ကုန်ဆုံးသွားပြီး ကြယ်ချီများနှင့် အချိန်လေဟာနယ်ချီများ၏ ကျေးဇူးကြောင့် သူ၏ကျင့်ကြံနှုန်းက မြန်ဆန်နေခဲ့သည်။ ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးက လည်ပတ်နေပြီး ကြယ်ရံ၁၈လုံးမှာလည်း သက်ဆိုင်ရာလမ်းကြောင်းများအတိုင်း လှည့်ပတ်နေကြသည်။ စွမ်းအင်များကို စုပ်ယူပြီးနောက် ကြယ်ရံများထက်တွင်လည်း ဝိညာဥ်များ စတင်မွေးဖွားလာကြသည်။ ၎င်းတို့က မူလတွင် အသိစိတ်မရှိဘဲ လှည့်ပတ်စူးစမ်းနေကြသော်လည်း စွမ်းအင်များကို စုပ်ယူပြီးနောက် ယဲ့ချန်နှင့် ဆက်သွယ်နိုင်လာကာ စတင်မြူးထူးလာကြလေသည်။

All Chapters