ရွှေပြာ
Vol. 48 Ch. 667
ယဲ့ချန်၏ပတ်လည်၌ ကြယ်ချီများနှင့် အချိန်လေဟာနယ်ချီများသည် ပိုးအိမ်ကြီးသဖွယ် စုစည်းနေပြီး သူက အဆုံးမဲ့တွင်းနက်ပမာ စုပ်ယူနေသောကြောင့် ဒန်တန်ကျယ်ပြန့်လာကာ ကျင့်ကြံဆင့်လည်း အဆက်မပြတ်တိုးတက်လာပြီး တာအိုနတ်အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားခဲ့သည်။ မြင်းပျံအသွင်ပြောင်းထားသော ကျိယွမ်ကြယ်၏ ရှင်းဟွမ်က မူမမှန်မှုကို ခံစားလိုက်ရသဖြင့် သူ့ကို စောင့်ကြည့်နေခဲ့သည်။ အချိန်တိုအတွင်း သူက ချီပင်လယ်အဆင့်မှ တာအိုနတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရုံသာမက သူမကိုပင် ထိတ်လန့်အံ့သြစေသော အရှိန်အဝါမျိုး ထုတ်ဖော်နေသည်။ ၎င်းက သူမနှင့် အလွန်ရင်းနှီးနေသကဲ့သို့ ခံစားနေရသည့်အပြင် တစ်ချိန်တည်းမှာပင် ဖိအားကိုလည်း ခံစားလိုက်ရသည်။ သူမက ကျိယွမ်ကြယ်ပေါ်တွင် ယဲ့ချန်၏ကံတရားကို ထိန်းချုပ်နိုင်သော်လည်း သူ၏ကိုယ်တွင်း၌ ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အရာများရှိကြောင်း အာရုံခံမိခဲ့သည်။ ယဲ့ချန် အစွမ်းထက်လာခြင်းက ကျိယွမ်ကြယ်အတွက် ကောင်းခြင်းလား၊ ဆိုးခြင်းလားဟု သူမက သိချင်နေမိသည်။
အမှန်တကယ်၌ ရှင်းဟွမ်မျိုးနွယ်က သာမန်လူများ ထင်မထားလောက်အောင် အလွန်ရှုပ်ထွေးပြီး သူမက စွန့်ပစ်ခံကြယ်တစ်လုံး၏ ဝိညာဥ်သာဖြစ်သည်။ သူမ၏စိတ်အတွင်း စကြဝဠာတစ်နေရာမှ ထာဝရရှေးဟောင်းရှင်းဟွမ်ခန်းမကို အမှတ်ရလိုက်သောကြောင့် မျက်လုံးများ ရှုပ်ထွေးသွားသည်။ ယဲ့ချန်က မြင့်မြတ်ရေကန်သို့ ရောက်ရှိလာသည်မှာ ခုနစ်ရက်ကြာမြင့်ပြီဖြစ်ပြီး တာအိုနတ်အဆင့်သို့ အတားအဆီးမရှိ တက်ရောက်နိုင်ခဲ့သကဲ့သို့၊ ရောင်ယွမ်မှာလည်း စစ်ဧကရာဇ်အဆင့်နှစ်သို့ ရောက်ရှိလာသည်။ သူမက သူတို့ကို ကြယ်ချီများ ထောက်ပံ့ပေးခဲ့သောကြောင့် ကျင့်ကြံနှုန်းက အလွန်မြန်ဆန်နေပြီး တစ်ရက်ကျင့်ကြံခြင်းက အခြားကျင့်ကြံသူများ တစ်နှစ်ကျင့်ကြံနှင့် တူညီသော အကျိုးရှိသည်။
ယဲ့ချန် အဆင့်တက်သွားပြီးနောက် မြင်းပျံက ကျေနပ်စွာ ပြုံးလိုက်သည်။ သူက တာအိုနတ်အဆင့်တစ်ဆယ်သာဖြစ်သော်လည်း သာမန်အဆင့်နှစ် စစ်ဧကရာဇ်တစ်ယောက်အောက် အားမနည်းသောကြောင့် တည်နေရာပြောင်းရွှေ့ခြင်း လမ်းကြောင်းအတွင်းရှိ အချိန်လေဟာနယ်စီးကြောင်းများ၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိပေလိမ့်မည်။ ယဲ့ချန်နှင့် ရောင်ယွမ်တွင် ကောင်းကင်မူလကြယ်ရှင်းဟွမ်၏ အရှိန်အဝါအချို့ ငြိတွယ်နေသည်ကို သူမက ခံစားခဲ့ရသည်။ သူမသာ သူတို့ကို ကောင်းကင်မူလကြယ်သို့ ပြန်ပို့ပြီး ထိုရှင်းဟွမ်ထံ အကူအညီတောင်း၍ နတ်အစေခံများ စစ်ကူပို့ပေးစေရန် မျှော်လင့်ချက်ရှိသည်။ ကျိယွမ်ကြယ်ပျက်စီးသွားလျှင် ကောင်းကင်မူလကြယ်အတွက်လည်း ကောင်းကျိုးမရှိပေ။ လမ်းကြောင်းတွင် ပြဿနာတစ်စုံတစ်ခုမရှိလျှင် ကြယ်နှစ်ခုလုံး၏ အစွမ်းထက်ကျင့်ကြံသူများက အပြန်အလှန်သွားလာ၍ အချင်းချင်း ကူညီပေးနိုင်ပေလိမ့်မည်။
ရောင်ယွမ်က ကျင့်ကြံရာမှ နိုးထလာသောအခါ တန်းလင်တုတ်ကို စစ်ဆေးနေသော ယဲ့ချန်အား မြင်လိုက်ရသည်။
"နင်က အဆင့်တစ်ဆယ် တာအိုလက်နက်အကောင်းတွေကို ပစ်ပယ်ပြီး ဒီတုတ်ကို ရွေးချယ်လာမိခဲ့တဲ့အတွက် နောင်တရနေပြီလား"
သူမက တန်းလင်တုတ်ကို တစ်ချက်စိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
"ဘယ်သူသိမှာလဲ။ ဒီတုတ်ကျိုးထဲမှာ ရတနာတစ်ခုခု ရှိနေနိုင်တာပဲလေ"
ယဲ့ချန်သည် သူ၏စိတ်အတွင်းမှ ဓားပျံက အမှားလုပ်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက ရတနာတစ်ခုဆိုရင် တာအိုအဆင့်တစ်ဆယ် လက်နက်ရဲ့ ထက်ခြမ်းပိုင်းတာကို ခံရမှာ မဟုတ်ဘူး"
ရောင်ယွမ်သည် ယဲ့ချန်က တန်းလင်တုတ်မှာ ရတနာဖြစ်သည်ဟု ယုံကြည်နေရသော အကြောင်းအရင်းကို နားမလည်ပေ။ ယဲ့ချန်ကမူ တိတ်ဆိတ်စွာဖြင့် ကောင်းကင်ဓားပျံတစ်ချောင်း ဖန်တီးလိုက်သည်။ သူမက ယဲ့ချန်၏ရည်ရွယ်ချက်ကို နားမလည်သော်လည်း ဓားပျံထံမှ အကြွင်းမဲ့စွမ်းအားတစ်ရပ်ကို အာရုံခံမိလိုက်သဖြင့် ကြောက်လန့်သွားခဲ့သည်။
"နင် ဘာလုပ်မလို့လဲ"
သူမက တွန့်ဆုတ်နေသော်လည်း စပ်စုလိုက်ပြန်သည်။ သို့သော် ယဲ့ချန်က စကားပြန်မပြောဘဲ တန်းလင်တုတ်ကို ဓားပျံဖြင့် မွှန်းလိုက်သည်။ ၎င်းက တာအိုအဆင့်ကိုး လက်နက်တစ်ခုဖြစ်သည့်အပြင် ကုန်ကြမ်းကောင်းများကို အသုံးပြုထားသောကြောင့် ပျက်စီးနေသည့်တိုင်အောင် အလွန်မာကျောသည်။ သို့သော်လည်း ၎င်းက ဓားပျံနှင့်အတွေ့၌ တို့ဟူးပမာ လှီးဖြတ်ခံနေရသဖြင့် သူမက အံ့သြသွားရသည်။ ကောင်းကင်ဓားပျံက ပုံရိပ်ယောင်တစ်ခုဟု ထင်မှတ်ရသော်လည်း တာအိုအဆင့်ကိုးလက်နက်တစ်ခုကို အလွယ်တကူ ပိုင်းဖြတ်နိုင်နေသည်။ မြင်းပျံသည်လည်း ယဲ့ချန်ဖွဲ့စည်းလိုက်သော ဓားပျံကြောင့် အံ့သြနေခဲ့သည်။ ၎င်းက လက်နက်တစ်ခု၏ သရုပ်ထင်ခြင်းဖြစ်ကြောင်း ပြောနိုင်သော်လည်း တန်းလင်တုတ်ကို ရွှံ့ပမာ လှီးဖြတ်နိုင်သောကြောင့် မူလလက်နက်ဆိုလျှင် အလွန်အမင်း အစွမ်းထက်ပေလိမ့်မည်။ ကြယ်ဝိညာဥ် မဟာတာအိုလက်နက်တစ်ခုပင် ၎င်း၏ထက်ရှမှုကို ခုခံနိုင်မည်မဟုတ်ပေ။ တိမ်နီမြွေသည်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်အောက်မှ မြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ ၎င်းက သက်တမ်းနှစ်ထောင်သောင်းချီနေပြီဖြစ်သော်လည်း အတွေးများက ရိုးရှင်းလွန်းသဖြင့် သိချင်စိတ်ရှိရုံသာဖြစ်သည်။
ယဲ့ချန်က တန်းလင်တုတ်ကို ဖြည်းဖြည်းချင်း ဂရုတစိုက်လှီးဖြတ်နေပြီး အပေါ်ယံအလွှာကို ခွာချလိုက်သောအခါ အပြာရောင်သတ္တုတစ်ခု စတင်ထွက်ပေါ်လာသည်။
"ရွှေပြာသတ္တုလား"
တန်းလင်တုတ်မှ ထွက်ပေါ်လာသော အပြာရောင်ကြောင့် ရောင်ယွမ်၏မျက်ဝန်းလေးများက ဝိုင်းစက်သွားခဲ့သည်။
"ရွှေပြာက ဘယ်လိုသတ္တုမျိုးလဲ"
ယဲ့ချန်က ၎င်းအကြောင်း မကြားဖူးသဖြင့် ပြန်မေးလိုက်၏။ ၎င်းကသာ အထူးသတ္တုတစ်မျိုးမဟုတ်လျှင် ရောင်ယွမ်က ဤမျှအံ့သြတကြီးဖြစ်နေမည် မဟုတ်ပေ။
"ရွှေပြာက ငါတို့ကြယ်အဖွဲ့အစည်းမှာ မရှိဘူး။ ဒါကို အဆုံးမဲ့ကြယ်ပင်လယ်ဆိုတဲ့ နယ်မြေတစ်မျိုးမှာသာ တွေ့နိုင်တယ်။ အဲ့ဒီနယ်မြေမှာ ကောင်းကင်နတ်ဆိုးတွေလိုမျိုး အစွမ်းထက်တဲ့ အဆင့်နှစ်မျိုးနွယ်တွေ နေထိုင်ကြတယ်။ ရွှေပြာသေးသေးလေးတစ်စကတောင် အဖိုးတန်လွန်းပြီး တာအိုအဆင့် လက်နက်ထောင်ချီရဲ့တန်ဖိုးက မယှဥ်နိုင်ဘူး။ ရွှေပြာက အလွန်ခုခံနိုင်စွမ်းကောင်းမွန်လို့ ချပ်ဝတ်လုပ်ပြီး ဝတ်ဆင်ထားမယ်ဆိုရင် ကြယ်သခင်တစ်ယောက်ကိုတောင် ကြောက်စရာ မလိုတော့ဘူး"
ရောင်ယွမ်က ယဲ့ချန်ကို သူမသိသမျှ အိတ်သွန်ဖာမှောက် ပြောပြလိုက်သည်။ သူမ၏စကားကြောင့် ယဲ့ချန်က ပျော်ရွှင်သွားပြီး ရွှေပြာကို တန်းလင်တုတ်အတွင်းမှ ခွဲထုတ်လိုက်သောအခါ လက်တစ်ဝါးအရွယ်အစားခန့် ထွက်ပေါ်လာသည်။
"ဒီလောက်လေးနဲ့တော့ ချပ်ဝတ်တစ်ခု လုပ်လို့ရမယ် မထင်ဘူး"
ယဲ့ချန်က ရွှေပြာကို လက်ထဲတွင် ဆကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
"ဒါက ချပ်ဝတ်လုပ်ဖို့ မလုံလောက်ရင်တောင် အရမ်းအဖိုးတန်နေပြီ"
ရောင်ယွမ်သည် ယဲ့ချန်က ရတနာကို အမှန်တကယ်ရှာတွေ့ခဲ့မည်ဟု မျှော်လင့်မထားပေ။ ရွှေပြာတစ်စက ကျိယွမ်ကြယ်ပေါ်သို့ ရောက်ရှိနေသော်လည်း မြင်းပျံက မသိထားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ပုံမှန်ဆိုလျှင် ကျိယွမ်ကြယ်ရှိ အရာအားလုံးက သူမ၏မျက်လုံးများအောက်မှ မလွတ်မြောက်နိုင်ပေ။ သို့သော်လည်း ရွှေပြာကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က အထူးနည်းလမ်းများဖြ င့်ဖုံးကွယ်ထားခဲ့ပုံပေါ်သည်။ ထို့အပြင် ရွှေပြာအတွင်း၌ ရတနာတစ်ခုခုကို ဖုံးကွယ်ထားနိုင်ကြောင်း သူမက ခံစားရနေသည်။
ယဲ့ချန်သည် လက်တစ်ဝါးစာ ရွှေပြာတုံးပေါ်မှ သတ္တုစအချို့ကို ခွာချလိုက်သောအခါ နေရာ၌ အစီအရင်ရုန်းများ ရှုပ်ထွေးစွာရှိနေကြောင်း မြင်လိုက်ရသည်။ အပြာရောင်ရင့်ရင့် ထွက်ပေါ်လာကာ ဆန်းကျယ်သော အရှိန်အဝါတစ်ခုလည်း ပြန့်ထွက်လာသည်။
"ဒါက ကာကွယ်ရေးအစီအရင်တစ်ခု ထွင်းထားတာပဲ။ ရွှေပြာထဲမှာ တစ်ခုခု ရှိနေနိုင်တယ်။ ဒါကြောင့် အစီအရင်နဲ့ ကာကွယ်ထားတာ ဖြစ်ရမယ်။ ဒါပေမယ့် ရုန်းတွေက အစွမ်းထက်လွန်းပြီး ကြယ်သခင်တစ်ယောက်ရဲ့လက်ချက် ဖြစ်နိုင်တယ်။ ရွှေပြာကို အရည်ဖျော်ပစ်ဖို့ဆိုရင်လည်း အထူးပန်းပဲနည်းပညာ၃၈မျိုးကို အသုံးချဖို့လိုမယ်။ ဒီအစီအရင်နဲ့ပါ ပေါင်းလိုက်ရင် ရှင်းဟွမ်တောင် ဒါကိုဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး"
ရောင်ယွမ်က ရွှေပြာကို လေးနက်စွာစစ်ဆေး၍ မှတ်ချက်ပြုလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ယဲ့ချန်က ကောင်းကင်ဓားပျံဖြင့် ၎င်းကို စတင်လှီးဖြတ်နေပြီဖြစ်သည်။
အစီအရင်က တဘန်းဘန်းမြည်ကာ ပျက်စီးသွားပြီး ရွှေပြာထက်တွင် ဓားရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဒီရွှေပြာက နည်းနည်းတော့ မာတယ်"
သူက ရောင်ယွမ်၏စကားကို ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ သို့သော် ရောင်ယွမ်၏အမြင်၌ ၎င်းက မာခြင်းမဟုတ်ဘဲ ဖျက်ဆီးမရအောင် မာလွန်းနေခြင်းဖြစ်သည်။ အဆင့်တစ်ဆယ် တာအိုလက်နက်တစ်ခုပင် ခြစ်ရာထင်အောင် စွမ်းဆောင်နိုင်မည် မဟုတ်သော်လည်း ယဲ့ချန်၏ဓားပျံက အလွယ်တကူ ပိုင်းဖြတ်နိုင်နေသည်။ ၎င်းက ရွှေပြာကို လှီးဖြတ်နိုင်သည်ဆိုလျှင် နတ်အစေခံများနှင့် ကြယ်သခင်များ၏ ရုပ်ခန္ဓာကိုပင် ထိုးဖောက်နိုင်စွမ်းရှိပေလိမ့်မည်။ သူမသာမက မြင်းပျံကလည်း ထိတ်လန့်သွားပြီး လက်နက်တစ်ခု၏ပုံရိပ်သက်သက်က အစီအရင်ဖြင့်ကာကွယ်ထားသော ရွှေပြာကို ထိုးဖောက်နိုင်နေသည်။ သူမက ယဲ့ချန်၏ ကောင်းကင်ဓားပျံအပေါ် အထင်သေးခဲ့မိခြင်းဖြစ်သည်။
"ဒီဓားပျံကို သူ ဘယ်ကနေ ရထားတာလဲ။ ဒီစကြဝဠာမှာ အင်မော်တယ်အစစ်အမှန်တွေကသာ ဒီလိုလက်နက်မျိုး ပိုင်ဆိုင်နိုင်တယ်"
ကျိယွမ်ကြယ်၏ ရှင်းဟွမ်က ယဲ့ချန်ကို တအံ့တသြစိုက်ကြည့်နေမိပြီး သူမ၏ကံတရားကို ပြောင်းလဲရန်အတွက် လမ်းစတစ်ခု ရှာတွေ့လိုက်သည်။
ကောင်းကင်ဓားပျံအောက်တွင် တန်းလင်တုတ်က တို့ဟူးနှင့်တူညီသည်ဆိုလျှင် ရွှေပြာက ဥခွံလောက်သာ မာကျောခြင်းဖြစ်သည်။ မကြာမီပင် ၎င်းက ဖွင့်ထုတ်ခံလိုက်ရပြီး အလယ်တည့်တည့်တွင် လက်သည်းခွံအရွယ်အရာတစ်ခုကို ယဲ့ချန်က တွေ့လိုက်ရသည်။ ၎င်းက ရှုံ့တွနေသော ဥတစ်လုံးနှင့်ဆင်တူပြီး အပေါ်ယံမျက်နှာပြင်၌ အပြစ်အနာဆာ လုံးဝမရှိပေ။ အတွင်း၌ အသက်ရှိနေသော ဖားလောင်းသဏ္ဍာန်လေးတစ်ခုက လွတ်လွတ်လပ်လပ် ကူးခတ်နေသည်။ ရောင်ယွမ်သည်လည်း ၎င်းက မည်သို့သော ရတနာမျိုးဖြစ်ကြောင်း မသိပေ။
သို့သော် ရှင်းဟွမ်၏ မျက်နှာထက်တွင် အံ့သြမှုများဖုံးဖိမရအောင် ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က ရွှေပြာကို ကာကွယ်ရန်အတွက် များစွာအားထုတ်ထားခြင်းက မထူးဆန်းတော့ပေ။ ၎င်းကို ကျိယွမ်ကြယ်တွင် ချန်ထားရစ်ခဲ့သူမှာ ဖြတ်သွားဖြတ်လာ အာကာသခရီးသည်တစ်ယောက် ဖြစ်နိုင်သည်။ အကယ်၍ စကြဝဠာအတွင်းမှ ကျင့်ကြံသူများသာ ၎င်းအကြောင်းသိသွားလျှင် ကျိယွမ်ကြယ်တစ်ခုလုံး ဖျက်ဆီးခံရရန် အချိန်သိပ်ကြာနေမည် မဟုတ်ပေ။